စည်းကမ်းဆိုတာဖောက်ဖို့ပဲ
Vol. 76 Ch. 1057
အန်လင်းသည် ရှီးဟိုင်ဇယ်အား ကြည့်ပင်မကြည့်ပဲ လန်ရှောင်နီကိုခေါ်ကာ လာရာလမ်းအတိုင်း လှည့်ပြန်သွားသည်။
ရှီးဟိုင်ဇယ်မှ တောင်းပန်လာသောကြောင့် စိတ်လည်းကျေနပ်သွားလေပြီ။
ရှီးဟိုင်ဇယ်သည် အန်လင်းအား သတ်ပစ်ချင်နေပါသော်လည်း အသိစိတ် ရှိနေသေးသည်။
မည်သို့ပင်ဆိုစေကာမူ ရှီးဟိုင်ဇယ်၏ အကာအရံအား ကြည့်ရုံမျှဖြင့် ရုပ်ထုတွင် စွမ်းအင်များစွာ ကျန်နေသေးကြောင်း သိသာလှသည်။
အန်လင်းသည်လည်း ထိုကဲ့သို့ ရုပ်ထုအား ရူးရူးသွပ်သွပ် တိုက်ခိုက်စရာ မရှိပေ။
၎င်းတို့သည် လမ်းဆုံလမ်းခွ နေရာသို့ ပြန်လည်ရောက်ရှိလာသည်။
တံခါးနှစ်ချပ်နှင့် သော့တစ်လက်.....
အန်လင်းသည် ရတနာများအား ရွေးချယ်ခဲ့သောကြောင့် မျိုးနွယ်စု လျှို့ဝှက်ချက်မှာ သမုဒ္ဒရာအောက်ခြေတွင် မြှုပ်နှံခံရတော့မည် ဖြစ်သည်။
လန်ရှောင်နီသည် ပိတ်နေသော ထိုတံခါးအားကြည့်ကာ ဝမ်းနည်းသွားပြီးနောက် လသာဆောင်သို့ ဆက်လျှောက်လာခဲ့သည်။
“ခဏနေဦး။”
အန်လင်း ရုတ်တရတ် ပြောလာသည်။
လန်ရှောင်နီ ကြောင်တောင်တောင် ဖြစ်သွားရသည်။
“ဘာဖြစ်လို့လဲ။”
အန်လင်းမှာ တံခါးအား ညွှန်ပြလိုက်သည်။
“လက်အောက်ငယ်သားလေး..... အဲ့မှာ မျိုးနွယ်စု လျှို့ဝှက်ချက် ရှိနေတာလေ။ မင်းမသွားချင်ဘူးလား။”
လန်ရှောင်နီ အံ့အားသင့်ကာ ခေါင်းညိတ်ပြလိုက်သည်။
“သွားချင်တာပေါ့။ ဒါပေမယ့် ငါတို့မှာ သော့မရှိတော့ဘူးလေ။ ဘယ်လိုလုပ်မှာလဲ။”
“သော့ဘာလို့ လိုရမှာလဲ။ တစ်ခုရွေးဆိုတာနဲ့ ရွေးရမှာလား။”
အန်လင်းမှာ မိစ္ဆာရှင်းဓားအား ထုတ်လိုက်သည်။
“လုံလောက်တဲ့ အင်အားသာရှိရင် ဘယ်စည်းကမ်းမဆို ချိုးဖောက်လို့ရတယ်။”
လန်ရှောင်နီ မျက်မှောင်ကျုံ့လိုက်သည်။
“နင်.... နင်... “
“ဟုတ်တယ်။ ကလေးတွေပဲ ရွေးချယ်မှာ။”
“ရတနာရော၊ လျှို့ဝှက်ချက်ရော နှစ်ခုလုံး ငါသိချင်တယ်။”
အနက်ရောင် ဓားပုံရိပ်၏ ပြင်းထန်လှသော ဖိအားကြောင့် လသာဆောင် တစ်ခုလုံးပင် တုန်ခါသွားရသည်။
လန်ရှောင်နီမှာ မိမိုက်နေသော အန်လင်းကိုကြည့်ကာ စိတ်လှုပ်ရှားလာသည်။
တံခါးတွင် ရှိနေသော အပြာရောင် အကာအရံမှာ အန်လင်း၏ ဓားချက်အား ခုခံထားလေသည်။
“ဆရာကြီးအန်လင်း အဲ့ဒါ နတ်ဆရာခေါင်းဆောင်တွေ ချထားခဲ့တဲ့ ကာကွယ်ရေးမန္တာန်ပဲ။ အလုပ်မဖြစ်လောက်ဘူး။”
လန်ရှောင်နီ စိတ်ပျက်သွားရသည်။
“မင်းရဲ့ဆရာကြီးဆိုတော့လည်း ငါကပဲ သင်ပေးရမှာပေါ့။”
အန်လင်း၏ နောက်ဘက်တွင် ဝတ်ရုံနက်တစ်ခု ထွက်ပေါ်လာကာ ဟင်းလင်းပြင်သို့အပြန် အဆင့်မျှထိ အရှိန်အဝါ ထိုးတက်သွားသည်။
“အကောင်းဆုံး မကြိုးစားရသေးခင် မဖြစ်နိုင်ဘူးလို့ မပြောလိုက်နဲ့။”
အဆုံးမဲ့ည ဓားချက်နှင့်အတူ ကောင်းကင်နှင့်မြေပြင်မှာ မည်းမှောင်သွားလေသည်။
တိတ်ဆိတ်လွန်းသော ဓားချက်မှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှပြီး အက်ကွဲသံသဲ့သဲ့အား ကြားလိုက်ရသည်။
ခရက်.....
ဝုန်း......
အကာအရံ ပျက်စီးကာ တံခါးချပ်လည်း ပေါက်ကွဲသွားသည်။
စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် လူသားတစ်ဦးသည် ၎င်းတို့၏ ကာကွယ်ရေးမန္တာန်အား ဖျက်စီးပစ်နိုင်လိမ့်မည်ဟု နတ်ဆရာခေါင်းဆောင်တို့ ထင်မှတ်မထားလောက်ပေ။
လန်ရှောင်နီမှာ အန်လင်းအားကြည့်ကာ ငေးကြောင်နေမိသည်။
တံခါးနှစ်ချပ်တွင် သော့တစ်လက်ရှိကာ တစ်ခုကိုသာ ရွေးချယ်နိုင်ပေလိမ့်မည်။ သို့သော် အန်လင်းသည် အကြမ်းတမ်းဆုံးနည်းဖြင့် ထိုအချက်အား ရိုက်ချိုးပြသွားသည်။ နှစ်လမ်းအနက် တစ်လမ်းသာ ရွေးနိုင်ပါသော်လည်း ထိုစည်းကမ်းအား မဖြစ်မနေ လိုက်နာသင့်သည်လော။
လုံလောက်သော အင်အားသာ ရှိပါက နှစ်လမ်းလုံးကို ရယူနိုင်မည် ဖြစ်သည်။
အန်လင်းသည် ပင်ကိုယ်စိတ်အရပင် စည်းမျဥ်းစည်းကမ်းများအား မနှစ်သက်သူဟု ဆိုနိုင်သည်။
လန်ရှောင်နီမှာ အန်လင်းအား လေးစားအားကျစွာ ငေးမိနေစဥ်မှာပင် ပေါက်ကွဲသံ တစ်ခုအား ကြားလိုက်ရသည်။
“ဘာလုပ်နေတာလဲ။ ပြေးတော့လေ။”
အန်လင်းသည် လန်ရှောင်နီအားဆွဲကာ လျှို့ဝှက်ချက် အခန်းထဲ ဝင်သွားသည်။
လန်ရှောင်နီ အသိစိတ်ဝင်ကာ ကြောက်ရွံ့မိသွားရသည်။
“စီနီယာ ရှီးဟိုင်ဇယ် လိုက်လာတာလား။”
အန်လင်း ရယ်မောလိုက်သည်။
“ရှီးဟိုင်ဇယ် ရုပ်ထုကြီးက ဘယ်ဆန့်မှာလဲ။ ဒါပေမယ့် တခြားနည်းလမ်းတွေ သွားနိုင်လောက်တယ်လေ။”
လန်ရှောင်နီ ခေါင်းညိတ်ပြလိုက်သည်။ စည်းကမ်းအား ချိုးဖောက်နေရသည်ဟူသော အသိစိတ်ကြောင့် စိတ်လှုပ်ရှားကာ အသက်ရှူများပင် မြန်လာရသည်။
၎င်းတို့မှာ လျင်မြန်စွာ ထွက်ပြေးနေပါသော်လည်း အသံများ ရပ်တန့်မသွားပေ။
“သူကဒီမှာပဲ။”
လန်ရှောင်နီ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
အန်လင်းမှာ ရှီးဟိုင်ဇယ်၏ အရှိန်အဝါအား ခံစားမိလိုက်သောကြောင့် မျက်နှာပျက်သွားရသည်။
ရှီးဟိုင်ဇယ်မှာ သူ၏လုပ်ရပ်များအား ပေါက်ကွဲနေပုံပင်။
အန်လင်းမှာ ထိုသည်ကို နားမလည်နိုင်ပေ။ နောင်လာနောင်သားများအတွက် ရတနာနှင့် လျှို့ဝှက်ချက်များ ထားရစ်ခဲ့ပါသော်လည်း အကုန်ပေးလိုက်ရန် စေတနာ ရှိပုံမရပေ။
“ရုပ်ထုက ကျုံ့နိုင်တယ်ပေါ့လေ။ သောက်ကျိုးနည်း ရုပ်ထုအတုပဲ ဖြစ်မယ်။”
အန်လင်း စကားဆိုလိုက်သည်။
“အဲ့ဒါက အရေးကြီးလို့လား။ တာအိုပေါင်းစည်းခြင်း အဆင့်ရဲ့ စွမ်းအင်အကြွင်းအကျန်ဆိုတော့ ထူးခြားမှာပဲလေ။”
လန်ရှောင်နီ ကူကယ်ရာမဲ့စွာ ပြောလာသည်။
“အခုဘယ်လိုလုပ်ကြမလဲ။”
“စိတ်မပူပါနဲ့။”
အန်လင်း ယုံကြည်ချက်ရှိစွာ တုံ့ပြန်လာသည်။
“ဂမ်ဒမ်သုံးနဲ့ ယောင်ကျီး အဲ့ဒေါင်းဇားကို တားထားကြ...”
ဂမ်ဒမ်သုံးနှင့် ယောင်ကျီးမှာ ချက်ချင်းပင် ရှီးဟိုင်ဇယ်အား တိုက်ခိုက်လိုက်ကြသည်။
ထိုအချိန်တွင် အန်လင်းနှင့် လန်ရှောင်နီမှာ အရှေ့သို့ ဆက်သွားလိုက်လေသည်။
ရတနာခန်းမကဲ့သို့ပင် ကျယ်ဝန်းသော ခန်းမတစ်ခုထံ ရောက်လာပြီး ရုပ်ထုကြီးတစ်ခုအား တွေ့လိုက်ရသည်။
ထိုသည်မှာ နူးနူးညံ့ညံ့ မျက်ဝန်းများ ပိုင်ဆိုင်ထားသော လိပ်မတစ်ကောင်၏ ရုပ်ထုပင်။
“နတ်ဆရာခေါင်းဆောင် ထျန်းချန်ကျီက လိပ်တစ်ကောင်မှန်း သိပြီးသားပေမယ့် ရှီးဟိုင်ဇယ် အရမ်းချစ်မိသွားတာကို အခုထိ မယုံနိုင်သေးဘူး။ မင်းတို့ ဝိဥာဥ်ငါးကလန်ရဲ့ အလှအပစံနှုန်းက လူသားတွေနဲ့ ဆင်တယ်မဟုတ်ဘူးလား။”
အန်လင်း စကားဆိုလိုက်သည်။
ရှီးဟိုင်ဇယ်သည် ထျန်းချန်ကျီအား နှစ်ရာနှင့်ချီတိုင်အောင် ချစ်ရေးဆိုခဲ့သည်။
“သူတို့ရဲ့ အချစ်က စစ်မှန်တယ်လေ။”
လန်ရှောင်နီ လေးနက်စွာ တုံ့ပြန်လာသည်။
ထိုအချိန်တွင် ရုပ်ထုထံမှ စကားသံ ထွက်ပေါ်လာသည်။
“လူမသားလေး.... ငါ့ရှေ့မှာတင် ငါနဲ့ရှီးဟိုင်ဇယ် ဆက်ဆံရေးကို ဝေဖန်နေစရာလား။”
အန်လင်း : “.....”