တိုက်ပွဲနှင့်လွတ်မြောက်မှု
Vol. 76 Ch. 1058
အန်လင်း ကြောင်တောင်တောင် ဖြစ်သွားရသည်။
ဒီလိပ်ရုပ်ထုကလည်း စကားပြောနိုင်တာပဲလား......
သူဘာမှမပြောရသေးခင်မှာပင် လိပ်ကြီးထံမှ စကားသံ ထွက်ပေါ်လာသည်။
“ငါနဲ့ ရှီးဟိုင်ဇယ်ရဲ့ အုတ်ဂူကနေ ကြိုဆိုပါတယ်။”
အန်လင်း : “ ....”
“ခုနကပဲ ဒေါသထွက်နေတာ မဟုတ်ဘူးလား။ အခုကြတော့ ကြိုနေပြန်ပါလား။”
လန်ရှောင်နီသည်ပင် နားမလည်နိုင်တော့ပေ။
အန်လင်းသည်လည်း ထို့အတူသာ ဖြစ်သည်။
ဒီလိပ်က စိတ်နှစ်ခွ ဖြစ်နေတာလား....
ထျန်းချန်ကျီသည် ၎င်းတို့ချိုးဖောက်ဝင်ရောက်လာသည်ကို သတိထားမိပုံ မရပေ။
ငါတို့ရောက်ပြီးမှ နိုးထလာတာများလား....
“လျှောက်တွေးမနေနဲ့။ ထုံးတမ်းစဥ်လာအတိုင်း ကြိုလိုက်တာပဲရှိတာ။ နင်တို့ဝင်လာတာကို ပျော်မနေဘူး။”
ထျန်းချန်ကျီ စကားဆိုလာသည်။
အန်လင်း : “......”
လန်ရှောင်နီ : “..... “
အဲ့လောက်ထိ တဲ့တိုးဆန်စရာလိုလို့လား......
အန်လင်းမှာ ချက်ချင်းတောင်းပန်လိုက်သည်။
“တောင်းပန်ပါတယ် စီနီယာ ထျန်းချန်ကျီ ကျွန်တော်တို့က မျိုးနွယ်စု လျှို့ဝှက်ချက်အတွက် လာခဲ့တာပါ။ မျိုးနွယ်စုတွေရဲ့ အနာဂတ်အတွက်ပါ။”
ထျန်းချန်ကျီ၏ အမူအရာ ပြေလျော့သွားသည်။
“မျိုးနွယ်စု လျှို့ဝှက်ချက်ကို ရွေးလိုက်တာ ဝမ်းသာပါတယ်။ မင်းတို့တွေက အမျှော်အမြင်ကြီး....”
ဝုန်း......
အပြင်ဘက်မှ ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာသည်။
ဂမ်ဒမ်နှစ်ကောင်မှာ မီးစမီးပွားနှင့်အတူ လွင့်ထွက်လာရသည်။
ထို့နောက် ချောမောခန့်ညားသော ရေသူထီး ရုပ်ထုတစ်ခု ဝင်ရောက်လာတော့သည်။
“ချန်လေး အရူးလုပ်တာမခံနဲ့။ ဒင်းတို့က ရတနာတွေ အကုန်ယူပြီးပြီ။ အခုက ဒီအခန်းထဲ ဖောက်ဝင်လာတာ။”
ထျန်းချန်ကျီ : “......”
အန်လင်း : “......”
ထျန်းချန်ကျီ သတိမထားမိခြင်းကြောင့် ဝမ်းသာနေခဲ့ပါသော်လည်း ရှီးဟိုင်ဇယ်မှာ ဖော်ထုတ်လိုက်လေပြီ။
ထျန်းချန်ကျီ အံ့အားသင့်သွားသည်။
“မင်းတို့က တံခါးဖျက်ဝင်လာတာလား။”
အန်လင်းမှာ မိစ္ဆာရှင်းဓားအား တိတ်တဆိတ် ထုတ်လိုက်သည်။
“စီနီယာ ကျွန်တော်တို့က မျိုးနွယ်စုတွေရဲ့ အနာဂတ်အတွက် ဖောက်ဝင်လာရတာပါ။ ကျေးဇူးပြုပြီး မျိုးနွယ်စု လျှို့ဝှက်ချက်ကိုပေးပါ။”
“အရင်ဆုံး ငါ့လည်မြိုက ဓားကိုပြန်သိမ်းလိုက်ပါလား။
ထျန်းချန်ကျီ အေးစက်စွာ ပြောလာသည်။
လန်ရှောင်နီ : “.....”
အန်လင်း ပြုံးလိုက်ပါသော်လည်း ဓားမှာအနည်းငယ်ပင် ရွေ့မသွားပေ။
သူသည် လုံခြုံရေးအား ဦးစားပေးရမည်ပင်။
“ချန်လေးကို လွှတ်လိုက်စမ်း။”
ရှီးဟိုင်ဇယ်၏ မျက်ဝန်းများမှာ သွေးနီရောင်အဖြစ် ပြောင်းလဲသွားသည်။
ထျန်းချန်ကျီ စကားဆိုလာသည်။
“နင်တို့က စည်းကမ်းဖောက်ခဲ့တာဆိုတော့ မျိုးနွယ်စု လျှို့ဝှက်ချက်ကို သိရမှာ မဟုတ်ဘူး။ ထွက်သွားကြတော့။”
အန်လင်း မျက်မှောင်ကျုံ့လိုက်သည်။
“ဆရာကြီးအန်လင်း ထျန်းချန်ကျီ ကျောခွံပေါ်မှာ ဝိဥာဥ်ငါးကလန်ရဲ့ ရှေးဟောင်းစာတွေ... “
လန်ရှောင်နီ ရုတ်တရတ် ပြောလာသည်။
“သေစမ်း...”
ထျန်းချန်ကျီ အမူအရာ ပြောင်းလဲသွားသည်။
အန်လင်းမှာ မှတ်တမ်းတင် သလင်းကျောက်အား လျင်မြန်စွာ ထုတ်ယူလိုက်သည်။
ခန်းမတစ်ခုလုံးအား ချက်ချင်းမှတ်တမ်းတင်လိုက်လေသည်။
“မျိုးနွယ်စု လျှို့ဝှက်ချက်ကို ခိုးရဲတယ်ပေါ့။ နင်တို့ကို သတ်ပစ်မယ်။”
ထျန်းချန်ကျီ ဒေါသထွက်သွားလေပြီ။
အန်လင်းသည် မှတ်တမ်းတင် သလင်းကျောက်အားသိမ်းကာ လိပ်ရုပ်ထုကို ကြည့်လိုက်သည်။
“မြင်စေချင်လွန်းလို့ ကိုယ်ပေါ်မှာတောင် ထွင်းထားပြီး သိတော့လည်း စိတ်တိုတယ်တဲ့လား။”
“မင်းဘာသိလို့လဲ။ အန္တရာယ် အများဆုံး နေရာက အလုံခြုံဆုံးပဲကွ။”
ရှီးဟိုင်ဇယ် ဝင်ပြောလိုက်သည်။
အန်လင်း တုံ့ပြန်လာသည်။
“ဒီနေရာက အန္တရာယ်များပေမယ့် လုံခြုံရေးကတော့ မပြောတတ်ဘူး။”
ထျန်းချန်ကျီ၏ စကားသံမှာ အေးစက်ခက်ထန်နေသည်။
“စည်းကမ်းဖောက်တဲ့ဟာတွေကို သတ်လိုက်ရင် လုံခြုံသွားမှာပဲ။”
“ကြည့်ရတာ သော့ထပ်လုပ်ရမယ်ထင်တယ်။ နင်တို့က ကြမ္မာဆောင်သူတွေ မဟုတ်ဘူး။ တသက်လုံး ဒီမှာနေဖို့ တွေးထားလိုက်။”
အန်လင်းနှင့် လန်ရှောင်နီမှာ အသက်ရှူမြန်သွားရသည်။
အုတ်ဂူတစ်ခုသာ ဖြစ်ပါသော်လည်း စွမ်းအင်အကြွင်းအကျန်မှာ များပြားလွန်းနေသည်။
ထျန်းချန်ကျီ၏ ခန္ဓာကိုယ်မှာ ကျောက်အသွင် ပြောင်းလဲလာသည်။
အန်လင်းမှာ အန္တရာယ် အငွေ့အသက်အား ရရှိလိုက်သောကြောင့် ဓားဖြင့်ခုတ်ချလိုက်သည်။
ဝှစ်.....
ထက်ရှလွန်းသော ဓားအရှိန်အဝါကြောင့် ခန်းမတစ်ခုလုံး တုန်ခါသွားရသည်။
သို့သော် လိပ်ရုပ်ထုတွင် ခြစ်ရာတစ်ခုမျှ မထင်ရစ်ပေ။
ထျန်းချန်ကျီ ပါးစပ်ထဲမှ အံ့ဖွယ်အလင်းများ ထွက်ပေါ်လာကာ အန်လင်းထံ ဦးတည်လာသည်။
အန်လင်း၏ စစ်နတ်ဘုရားခန္ဓာသည်ပင် စုတ်ပြတ်သတ်ကာ အဝေးသို့ လွင့်ထွက်သွားရသည်။
“ဆရာကြီးအန်လင်း....”
လန်ရှောင်နီမှာ တစ်ကီလိုမီတာကျော်မျှရှိသော လှိုင်းလုံးများ ပြုလုပ်ကာ လိပ်ရုပ်ထုအား တိုက်ခိုက်လိုက်သည်။
သူမသည် အန်လင်းအတွက် အချိန်ဆွဲပေးနေခြင်းပင်။
သို့သော် ထျန်းချန်ကျီ၏ အကြည့်တစ်ချက်ဖြင့်ပင် ထိုလှိုင်းလုံးများမှာ ရေစက်ကလေးများ ဖြစ်သွားရသည်။
ပြင်းထန်လှသော ဖိအားကြောင့် လန်ရှောင်နီသည်လည်း သွေးပွက်ပွက်အန်သွားရ၏။
“ငါတို့လက်ထဲက လွတ်မယ်ထင်နေလား။”
ရှီးဟိုင်ဇယ်မှာလည်း ရှေ့သို့တက်လာသည်။
ဝုန်း.....
ခန်းမတစ်ခုလုံး ရုတ်ချည်းအမှောင်ကျသွားသည်။
လန်ရှောင်နီသည်လည်း လက်တစ်စုံ၏ ပွေ့ချီခြင်းအား ခံလိုက်ရသည်။
ဖြစ်ပျက်နေသည်များကို နားလည်လိုက်သောကြောင့် သူမသည် အော်ချင်စိတ်အား ချုပ်တည်းထားလိုက်သည်။ အန်လင်းမှာ ဂမ်ဒမ်သုံးနှင့် ယောင်ကျီးကိုလည်း သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းလိုက်ပြီပင်။
ထိုသည်မှာ အံ့ဖွယ်အာရုံ အပါအဝင် အာရုံများအားလုံးကို အမှောင်ထုနှင့် လွှမ်းမိုးပစ်နိုင်သော အရိပ်ကျား ကျင့်စဥ်ဖြစ်ပြီး အန်လင်းသည် တိုက်ခိုက်ရန်အစား ထွက်ပြေးလွတ်မြောက်ရန် အသုံးပြုခဲ့သည်။
ဝုန်း......
ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
“သောက်ကျိုးနည်း ဘာကြီးလဲဟ။”
အန်လင်း ခေါင်းနာသွားရသည်။
လန်ရှောင်နီသည်လည်း မျက်ရည်အဝဲသား ဖြစ်သွားလေသည်။
၎င်းတို့ရှေ့တွင် အပြာရောင် အကာအရံတစ်ခု ရှိနေသည်။
“ဟင်းဟင်း… နင်တို့က ထွက်ပြေးချင်တာလား။”
ထျန်းချန်ကျီ စကားဆိုလာသည်။
“ငါလည်း စွမ်းအင်တွေ မဖြုန်းချင်တော့ဘူး။ နင်တို့ကို တစ်ခါတည်း အသုဘချပေးလိုက်တော့မယ်။”
“ကောင်းကင်ဘုံလိပ် ပင်လယ်ကြမ်းပြင်ငရဲ..... အခက်ခဲဆုံး ငရဲဘုံ..... အသက်ဝင်စမ်း....”
ကြောက်မက်ဖွယ် လေဟာနယ်စွမ်းအင်မှာ အန်လင်းတို့အား လွှမ်းခြုံသွားတော့သည်။