ကြယ်စင်ကချေသည်
Vol. 76 Ch. 1060
ပင်လယ်ကြမ်းပြင်တွင် ကြောက်မက်ဖွယ် ပေါက်ကွဲမှုကြီး ဖြစ်သွားရသည်။
ကီလိုမီတာ ငါးဆယ်အတွင်းရှိ အရာများအားလုံး စုတ်ပြတ်သတ်ကုန်လေသည်။
စွမ်းအင်လှိုင်းဂယက်များမှာ အချိန်အတော်ကြာမှသာ ဖြည်းညင်းစွာ ပျောက်ကွယ်သွားသည်။
ပေါက်ကွဲမှုအလယ်တွင် ချောက်နက်ကြီးတစ်ခု ဖြစ်နေ၏။
“အဟွတ်.... အဟွတ်..... အရမ်းကြောက်စရာကောင်းတယ်။ ခြင်ကိုသေနတ်နဲ့ ပစ်နေသလိုပဲ။”
ချောက်နက်ထဲတွင် အုတ်ခဲနက်တစ်ခုကို တွေ့နိုင်သည်။
အန်လင်း၏ အဝတ်အစားများမှာလည်း ရစရာ မရှိအောင် ဆုတ်ပြဲနေသည်။
သူသည် ဖရိုဖရဲ အုတ်ခဲနက်အားထုတ်ကာ လန်ရှောင်နီရှေ့ နေရာယူခဲ့သောကြောင့် သူမနှင့် အုတ်ခဲနက်ကြား ညပ်နေရသည်။
သို့သော် အမှန်တကယ် ပိပြားနေသူမှာ လန်ရှောင်နီပင်။
သူမ၏ ခန္ဓာကိုယ်သည် နူးညံ့လွန်းသောကြောင့် အန်လင်းမှာ သက်တောင့်သက်သာ ရှိနေပါသော်လည်း လန်ရှောင်နီမှာ သေတော့မလို ဖြစ်နေလေပြီ။
“လန်ရှောင်နီ မင်းအဆင်ပြေရဲ့လား။”
အန်လင်းမှာ သတိလစ်နေသော လန်ရှောင်နီကြောင့် စိုးရိမ်သွားရသည်။
လန်ရှောင်နီမှာ တဖြည်းဖြည်း သတိရလာပြီးနောက် အတော်ငိုချင်နေပါသော်လည်း မနည်းစိတ်ထိန်းလိုက်ရသည်။
“ငါ..... ငါအဆင်ပြေပါတယ်။”
သူမ မတ်တပ်ရပ်ကာ စစ်သင်္ဘောအား ကြည့်လိုက်သည်။
“ဆရာကြီးအန်လင်း အမြှောက်တွေက အလုပ်လုပ်တယ်ထင်တယ်။ ငါတို့ဘယ်လိုလုပ်မလဲ။”
အန်လင်း လေးလေးနက်နက် ပြောလာသည်။
“ထွက်ပြေးနေလည်း ပြီးမသွားဘူးလေ။ အမြှောက်တွေကိုရှောင်ပြီး ပစ်နေတဲ့ကောင်ကို သတ်မှရမယ်။”
လန်ရှောင်နီ အံ့အားသင့်သွားသည်။
“အဲ့လူက သင်္ဘောပေါ်မှာဆိုတာ သေချာလို့လား။”
အန်လင်း တုံ့ပြန်လာသည်။
“အဲ့ဒါကို ပြောချင်တာ မဟုတ်ဘူး။ အဓိကက အခု နောက်ပြန်ဆုတ်လို့ မရတော့ဘူး။”
၎င်းတို့မှာ စစ်သင်္ဘောနား ချည်းကပ်လာခဲ့ပြန်သည်။
ယခင်တစ်ခါအတိုင်း မဖြစ်စေရန်အတွက် အမြှောက်တည့်တည့် နေရာများအား ရှောင်ခဲ့ကြလေသည်။
ပုံမှန်အားဖြင့် အင်အားအကြီးဆုံးသူသည် သင်္ဘောဦးတွင်နေကာ အခြေအနေများအား ကိုင်တွယ်နေလိမ့်မည်။ ထို့ကြောင့်ပင် အန်လင်းသည် အံ့ဖွယ်အာရုံ ဖြန့်ကျက်ကာ သင်္ဘောဦးထံ ဦးတည်လာခဲ့သည်။
သင်္ဘောကြီးသည် အရောင်စုံသော အပင်များကြောင့် ကျောက်မျက်ရတနာနှင့် ဆင်တူပါသော်လည်း မည်သည့်သားရဲမှ အနားမကပ်ရဲကြပေ။
ထိုကဲ့သို့သော အခြေအနေမှာ အန်လင်းအား ကသိကအောက် ဖြစ်စေသည်။
“ဟမ်..... အဲ့မှာ သက်ရှိ ရှိတဲ့ပုံပဲ။”
အန်လင်း အမူအရာ ပြောင်းလဲသွားသည်။
“ဝိဥာဥ်ငါးကလန်ကပါလား။”
လန်ရှောင်နီသည်လည်း သွေးမျိုးဆက် ဆက်နွယ်မှုအား ခံစားမိလိုက်သည်။
သင်္ဘောကုန်းပတ်ပေါ်၌....
ကြမ်းပြင်အား ထူးခြားသော ရွှေသစ်သားဖြင့် ဆောက်လုပ်ထားပြီး စစ်ပွဲများကြောင့် ဖြစ်ခဲ့ဟန်ရှိသော အက်ကြောင်းအချို့လည်း ရှိနေသည်။
သင်္ဘောကုန်းပတ်အနှံ့ အရှိန်အဝါကောင်းသော အရိုးစုများ ပြန့်ကြဲနေပြီး ၎င်းတို့အသက်ရှိစဥ်က အတော်ပင် အင်အားကြီးခဲ့ပုံ ရသည်။
အရိုးစုများသည် အစူးများ၊ ကွဲပြားသော ပုံသဏ္ဍာန်များ ရှိနေသောကြောင့် အန်လင်းအနေဖြင့် စိမ်းသက်နေသလို ခံစားမိသည်။
သင်္ဘောစက်ခန်း အပြင်ဘက်တွင် ရေသူမတစ်ကောင် မတ်တပ်ရပ်နေသည်။
နက်မှောင်သော ဆံကေသာ၊ ပန်းရောင်အမြှီးနှင့် ထိုရေသူမသည် အလွန်ပင် ကျက်သရေရှိ၏။
သူမသည် လန်ရှောင်နီထက်ပင် ပိုမိုရဲတင်းကာ ရင်ဘတ်နေရာတွင် ကမာခွံနှစ်ခုသာ ကာထားသည်။
အန်လင်းမှာ ပွင့်လင်းလွန်းသော သူမကြောင့် အကြည့်မခွာနိုင် ဖြစ်နေမိသည်။
လန်ရှောင်နီမှာ ထိုသည်ကို သတိထားမိကာ မျက်စောင်းထိုးလိုက်သည်။
ငါက ပိုလှတာ အသိသာကြီးကို အဲ့အဝတ်မပါတဲ့ ရေသူမကို ငမ်းကြောတက်နေစရာလား.....
ရေသူမသည်လည်း အန်လင်းအား သတိပြုမိကာ ရင်ဘတ်အား ကာလိုက်ပြီးနောက် သတ်ဖြတ်ခြင်း စိတ်ဆန္ဒများ ထကြွလာသည်။
“ငါ့သခင် သတ်ချင်နေတာ နင်တို့လား။”
ရေသူမမှ အေးစက်ခက်ထန်စွာ မေးလိုက်သည်။
လန်ရှောင်နီမှာ တိုက်ခိုက်ရန် အသင့်ဖြစ်နေသည်။
အန်လင်း ခေါင်းခါပြလိုက်သည်။
“မဟုတ်ပါဘူး။”
ရေသူမ ကြောင်အမ်းအမ်း ဖြစ်သွားသည်။
လန်ရှောင်နီ : “......”
အခြေအနေမှာ တင်းမာနေပြီပင်။
ရေသူမသည် အန်လင်း တုံ့ပြန်ပုံကြောင့် ဒေါသထွက်သွားရသည်။
“ငါက ဝိဥာဥ်ငါးကလန် ကြယ်စင်မီးလျှံ စစ်သင်္ဘောရဲ့ ကိုးယောက်မြောက် မာလိန်မှူး ကြယ်စင်ကချေသည်ပဲ။”
လန်ရှောင်နီ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
“ဒါက ကြယ်စင်မီးလျှံ စစ်သင်္ဘောလား။”
အန်လင်း နားမလည်နိုင်ပေ။
“ကြယ်စင်မီးလျှံ စစ်သင်္ဘောက ဘာကြီးလဲ။”
“ဝိဥာဥ်ငါးကလန်ရဲ့ အဓိက ဗျူဟာလက်နက်ထဲက တစ်ခုလေ။ ကြယ်စင်အဆီအနှစ် ကျောက်တုံးတွေနဲ့ တည်ဆောက်ထားတာ။ တာအိုပေါင်းစည်းခြင်း အဆင့်တွေကိုတောင် ဖျက်စီးပစ်နိုင်တယ်တဲ့။ ရှေးဟောင်းကောင်းကင်နတ်ဘီလူးနဲ့ စစ်ပွဲမှာ ရုတ်တရက်ကြီး ပျောက်သွားခဲ့တာပေါ့။ လက်စသတ်တော့ ဒီရောက်နေတာကိုး.....”
လန်ရှောင်နီ ချွေးပျံလာသည်။
“ဆရာကြီးအန်လင်း ကြာ်စင်မီးလျှံ စစ်သင်္ဘောမှာ လက်နက်တွေ အများကြီး ရှိတယ်နော်။ နင်သတိထားမှဖြစ်မယ်။”
“ကြယ်စင်ကချေသည်ကိုရော စိတ်မပူဘူးလား။”
အန်လင်း မေးမြန်းလိုက်သည်။
“ကြယ်စင်ကချေသည်က စွမ်းအင်အကြွင်းအကျန် သက်သက်ပဲလေ။ အသက်ရှင်တုန်းက ဟင်းလင်းပြင်သို့အပြန် အဆင့်ဆိုတော့ အခုစွမ်းအင်ဘယ်လောက် ရှိမှာလဲ။ ဆရာကြီးအန်လင်းက ထျန်းချန်ကျီနဲ့ ရှီးဟိုင်ဇယ်ကိုတောင် မကြောက်ဘူးမလား။”
လန်ရှောင်နီ စကားဆိုလိုက်သည်။
အန်လင်း နှုတ်ခမ်းမဲ့လိုက်ပါသော်လည်း ထိုသည်မှာ ကျိုးကြောင်းဆီလျော်မှု ရှိသည်။
လက်အောက်ငယ်သားလေးက ဆရာကြီးကို တော်တော်ယုံတာပဲ.....
ကြယ်စင်ကချေသည် မထီမဲ့မြင် ပြုံးလိုက်သည်။
“ကြည့်ရတာ ငါ့ကိုအထင်သေးနေတဲ့ပုံပဲ။ အဟက်..... အဲ့အတွက် နင်တို့အသက်နဲ့ ပြန်ပေးဆပ်လိုက်ပေါ့။”
အန်လင်းမှာ လန်ရှောင်နီအား လက်ခါပြလိုက်သည်။
“သွား..... ဘေးကနေ ငါ့ကိုအားပေးနေ...”
လန်ရှောင်နီသည် တိုက်ပွဲအတွင်း ဝင်မတိုက်နိုင်ကြောင်း သူမဘာသာ သိရှိနေသောကြောင့် ဘေးသို့ဖယ်ပေးလိုက်သည်။
ထိုအချိန်တွင် ကြောက်မက်ဖွယ် စွမ်းအင်များ ကောင်းကင်ထက် ထိုးတက်သွားသည်။
ကြယ်စင်ကချေသည်မှာ ဘယ်ဘက်လက်ထဲရှိ ယပ်တောင်အား ဝေ့ယမ်းလိုက်သည်။
“လေညှင်းနိုးထ....”
မုန်တိုင်းတစ်ခုမှာ အန်လင်းထံ ရောက်ရှိလာသည်။
ကြယ်စင်ကချေသည်သည် ဟင်းလင်းပြင်သို့အပြန် အလယ်အလတ် အဆင့်ခန့်ရှိကြောင်း အန်လင်း ခန့်မှန်းမိလိုက်သည်။
“ကြယ်စင်ကြွေဆင်း.....”
ကြယ်စင်ကချေသည်မှာ ညာဘက်လက်ထဲရှိ ယပ်တောင်အား လှုပ်ခါလိုက်ပြန်သည်။
ပင်လယ်ကြမ်းပြင်မှ အလင်းရောင်များ မှေးမှိန်သွားလေသည်။
အန်လင်းမှာ အန္တရာယ် အငွေ့အသက်အား ခံစားလိုက်မိချိန်မှာပင် ရေလှိုင်းများသည် ဥမှင်များသဖွယ် ဖြစ်ပေါ်လာကာ သူ၏လှုပ်ရှားမှုအား ကန့်သတ်လိုက်သည်။
သူမသည် အန်လင်းအား လှည့်ဖြားကာ တိုက်ခိုက်လိုက်ခြင်းပင်။
ထိုသည်မှာ သူမ၏ ဒုတိယတိုက်ကွက်အတွက် ပြင်ဆင်နေခြင်းလည်း ဖြစ်သည်။
အန်လင်း ရုန်းကန်နေစဥ်မှာပင် အံ့ဖွယ်တာအို အစွမ်းများ ပါဝင်နေသော ကြယ်စင်များမှာ မိုးစက်မိုးပေါက်များအလား ကျဆင်းလာတော့သည်။
အန်လင်း ထိတ်လန့်သွားရသည်။
ကြယ်စင်ကချေသည်က ဟင်းလင်းပြင်သို့အပြန် အဆင့်မလား..... ဘာလို့ အံ့ဖွယ်တာအိုကို သုံးနိုင်နေတာလဲ.....
သူဘာမှမတတ်နိုင်ခင်မှာပင် ကြယ်စင်များကြား နစ်မြုပ်သွားရတော့သည်။