← Chapters

အဖြေမဲ့သောပဟေဠိများ

Vol. 76 Ch. 1066

အဖြေမဲ့သောပဟေဠိများ

Vol. 76 Ch. 1066

(ဒါပေမယ့် ငါကဘာလို့ ကျန်ခဲ့တာလဲ။)

(သတိမထားမိလို့လား။)

ကြယ်စင်ကချေသည် ကြောင်တောင်တောင် ဖြစ်နေမိသည်။

သို့သော် သူမ၏ အသက်စွမ်းအင်လည်း ဖြည်းညင်းစွာ ကုန်ဆုံးလာနေသည်ကို သိလိုက်ရသည်။

ကြယ်စင်ကချေသည်မှာ ထိတ်လန့်တုန်လှုပ်သွားရသည်။ သူမသည် အသက်မရှင်သင့်သူကဲ့သို့ အသက်စွမ်းအင်များ ကျဆင်းလာနေသည်။

နတ်ဘုရား၏ စကားတစ်ခွန်းမှာ ကြောက်မက်ဖွယ် ကောင်းလွန်းပေသည်။

မည်သို့ပင်ဆိုစေကာမူ ရဲဘော်ရဲဘက်များအားလုံးလည်း ပျောက်ကွယ်သွားပြီ ဖြစ်သောကြောင့် ကြယ်စင်ကချေသည်မှာ လျင်မြန်စွာပင် စိတ်တည်ငြိမ်လာသည်။

သူမသည် ပျောက်ကွယ်လာခြင်း မဟုတ်ပဲ အခြားနည်းလမ်းဖြင့် သေဆုံးနေခြင်းပင်။

စစ်သင်္ဘောပေါ်မှ စစ်သည်တော်များနှင့် ကွာခြားချက်မှာ သူမသည် အံ့ဖွယ်တာအိုအား အသုံးပြုနိုင်သည်။

အဲ့ဒါကြောင့်များလား......

ကြယ်စင်ကချေသည်မှာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

သူမသည် ထိုနတ်ဘုရားအား တိုက်ခိုက်နိုင်စွမ်း မရှိပေ။

တစ်ခုတည်းသော မျှော်လင့်ချက်မှာ သူမ၏ အရှိန်အဝါအား ဖုံးကွယ်ကာ ကြယ်စင်မီးလျှံ စစ်သင်္ဘောအား အနောက်ပင်လယ်သို့ ပြန်လည်ရွှေ့ပြောင်းရန်သာ ဖြစ်သည်။

တာအိုပေါင်းစည်းခြင်း အဆင့်များကိုပင် ရင်ဆိုင်ခဲ့ဖူးသော ကြယ်စင်ကချေသည်မှာ ယခုအချိန်တွင် အင်အားမဲ့သော ပုရွက်ဆိတ်တစ်ကောင်လိုသာ ဖြစ်နေသည်။

“ဒီစစ်သင်္ဘောလည်း ကျသွားပါစေတော့။”

ထိုစကားသံအား ကြယ်စင်ကချေသည်၏ အသိစိတ်ထဲမှ တိုက်ရိုက်ကြားလိုက်ရသည်။

သူမ တုံ့ပြန်ချိန် မရသေးခင်မှာပင် ကောင်းကင်ပေါ်မှ ကျဆင်းလာသော ဓားပြာကြီးကြောင့် စစ်သင်္ဘောမှာ နှစ်ပိုင်းပြတ်မတတ် ဖြစ်သွားရလေသည်။

ပင်လယ်ပြင် တစ်ခုလုံးလည်း သိမ့်သိမ့်တုန်သွားရသည်။

စစ်သင်္ဘောမှာ ပင်လယ်ကြမ်းပြင်သို့ ထိုးကျသွားသည်။

ကြယ်စင်ကချေသည် ရူးမတက် ဖြစ်နေလေပြီ။

ဒါဘယ်လို အစွမ်းမျိုးလဲ.....

သူကဘာကြီးလဲ.....

ဝုန်း.....

ကြယ်စင်မီးလျှံ စစ်သင်္ဘောမှာ သဲများထဲ နစ်ဝင်သွားပါသော်လည်း ကြယ်စင်ကချေသည်မှာ ဘာမှမတတ်နိုင်ပေ။

အပြာရောင် ပုံရိပ်မှာ ဖြည်းညင်းစွာ ပျောက်ကွယ်သွားသည်။

သူသည် စကားနှစ်ခွန်းသာ ဆိုခဲ့သည်။

ကြယ်စင်ကချေသည်လည်း သေရမည့် အချိန်အား ထိုင်စောင့်နေရန်သာ ရှိတော့ကြောင်း နားလည်သွားသည်။

သူမ၏ အသက်စွမ်းအင် လျော့ပါးလာသလို အံ့ဖွယ်တာအိုသည်လည်း အားနည်းလာသည်။

သူမအတွက် အချိန်တစ်ရက်ပင် မကျန်လောက်တော့ပေ။

သူမအနေဖြင့် ယခုကဲ့သို့ ကြုံတွေ့ရလိမ့်မည်ဟု စိတ်ပင်မကူးခဲ့ဖူးပေ။

ထားလိုက်ပါတော့....... ရသလောက်တော့ မှတ်တမ်းတင်ရမှာပဲ.....

နောင်တစ်ချိန်ကြရင် ဝိဥာဥ်ငါးကလန် တစ်ယောက်ယောက် တွေ့သွားပြီး ဖြစ်ပျက်ခဲ့သမျှ သဘောပေါက်သွားမှာပါ.....

ကြယ်စင်ကချေသည်သည် သူမ၏ စွမ်းအင်အကြွင်းအကျန်အား ဟုန်မန်နတ်သစ်သားထဲ ထည့်ထားလိုက်သည်။

လုပ်စရာရှိသည်များ ပြီးဆုံးသွားပြီးနောက် ဘဝအကြောင်း ပြန်လည်တွေးတောကာ သေရမည့် အချိန်အား စောင့်နေခဲ့သည်။

သူမ၏ မှတ်တမ်းမှာ အဆုံးသတ်ခဲ့လေပြီ။

အန်လင်းနှင့် လန်ရှောင်နီ တိတ်ဆိတ်သွားရသည်။

“ဆရာကြီးအန်လင်း ကြယ်စင်ကချေသည်ကို ဘာကသတ်သွားတာလဲ။”

လန်ရှောင်နီ စကားဆိုလာသည်။

“အရှင်မ နွီဝါးတို့၊ ပန်ကုတို့လို ဖန်ဆင်းရှင် နတ်ဘုရား အဆင့်ဖြစ်မှာပေါ့။”

အန်လင်း မျက်မှောင်ကျုံ့လိုက်သည်။

လန်ရှောင်နီ ခေါင်းခါပြလိုက်သည်။

“မဖြစ်နိုင်ဘူး။ အရှင်မ နွီဝါးကို ငါမြင်ဖူးတယ်။ တာအိုပေါင်းစည်းခြင်း အဆင့်ထက် မြင့်တဲ့သူတွေတောင် စကားလေး တစ်ခွန်း၊ နှစ်ခွန်းလောက်နဲ့ စစ်သင်္ဘောပေါ်က ကံကြမ္မာတွေကို အဆုံးအဖြတ် ပေးနိုင်မှာ မဟုတ်ဘူး။ အဲ့နတ်ဘုရားလိုလို ပုံရိပ်ကြီးက အနည်းဆုံး ဆရာကြီးအန်လင်းလို သောက်ကြမ်းကြီးဖြစ်မယ်။”

အန်လင်း မျက်နှာပျက်သွားသည်။

“တော်ပါတော့ဟ။ ငါတော့ အပြစ်ပေးခံရတော့မှာပဲ။”

“ပြီးတော့ ဘာလို့ငါနဲ့ပဲ လိုက်နှိုင်းနေတာလဲ။”

လန်ရှောင်နီ လျှာထုတ်ပြကာ ပြုံးလိုက်သည်။

“ဆရာကြီးအန်လင်းနဲ့ အခုဇာတ်လမ်းနဲ့ ပိုဆက်စပ်မိသွားတာပေါ့။”

“ကြောင်တောင်တောင်တွေ မလုပ်ပါနဲ့ဟ။”

အန်လင်း ဟန့်လိုက်ရသည်။

ထို့နောက် အနည်းငယ်တွေးကာ သက်ပြင်းချလိုက်သည်။

“သိတာတွေ များလာလေ၊ လုံခြုံမှု နည်းလာလေပဲ။ ကြယ်စင်ကချေသည်ကိုတောင် အဲ့လိုနည်းနဲ့ စမုံတုန်းနိုင်တဲ့သူက ရှိသေးတာလား။”

“အဲ့နတ်ဘုရားနဲ့တွေ့ပြီး သူက ငါရုပ်ချောလွန်းလို့ ပျောက်ကွယ်သွားစမ်းလို့ ပြောလာရင် တကယ်ပြဿနာပဲ။”

လန်ရှောင်နီ : “.....”

စိတ်ပူတာက ကိစ္စမရှိပေမယ့် ဒီလိုပူစရာ လိုလို့လား....

လန်ရှောင်နီသည် အန်လင်း၏ ရုပ်ရည်အကြောင်း ထုတ်ပြောရန် တွေးနေစဥ်မှာပင် အန်လင်း ထိတ်လန့်သွားသည်။

“သေစမ်း....”

လန်ရှောင်နီ အူကြောင်ကြောင် ဖြစ်သွားသည်။

“ဘာဖြစ်လို့လဲ။”

“ကြယ်စင်မီးလျှံ စစ်သင်္ဘောက တခြားကမ္ဘာက ပင်လယ်ကြမ်းပြင်မှာ နစ်နေခဲ့တာဆို...... အခု ငါတို့ရောက်နေတာလည်း ထူးထူးဆန်းဆန်း ပင်လယ်ကြမ်းပြင်မှာပဲလေ။ ဒီနေရာက....”

အန်လင်း ရေရွတ်လိုက်သည်။

“ဒါက....”

လန်ရှောင်နီ မျက်လုံးပြူးသွားရသည်။

၎င်းတို့နှစ်ဦးလုံး ကြောက်ရွံ့နေမိလေပြီ။

ကြယ်စင်မီးလျှံ စစ်သင်္ဘောသည် ရှေးဟောင်းကောင်းကင်နတ်ဘီလူး၏ ဋ္ဌာနေဖြစ်သော နတ်ဘုရား ရှိရာနေရာတွင် နစ်မြုပ်ခဲ့သည်။

အန်လင်းသည် နတ်ဘုရားအား ဟာသလုပ်နေခဲ့ပါသော်လည်း ယခုတွင်မူ အမှန်တကယ် တွေ့နိုင်ခြေ များနေပြီပင်။

“ငါတို့သေပြီလား။”

လန်ရှောင်နီ တုန်ယင်နေမိသည်။

အန်လင်း အသက်ပြင်းပြင်းရှူကာ စိတ်အားတည်ငြိမ်စေလိုက်သည်။

“မလန့်ပါနဲ့ဦး။ သေသေချာချာတွေးရင် အဖြေမထွက်သေးတဲ့ ပဟေဠိတွေ ရှိနေတယ်။ ဒီနေရာက မှတ်တမ်းထဲကနေရာ ဟုတ်ချင်မှ ဟုတ်မှာပါ။”

“တွေးကြည့်လေ။ ထျန်းချန်ကျီက ငါတို့ကို ငရဲပို့လိုက်တာမလား။ ကောင်းကင်ဘုံလိပ်မျိုးနွယ်စုနဲ့ ဆိုင်တာဖြစ်မယ်။”

“ပြီးတော့ အဲ့ကမ္ဘာကသာ စမ်းသပ်ခန်း ဖြစ်နေတယ်ဆိုရင် နတ်ဆရာခေါင်းဆောင်တွေ သိမ်းလိုက်နိုင်လို့ပဲဖြစ်မယ်။ အဲ့နတ်ဘုရားလည်း ရှိတော့မှာ မဟုတ်ဘူး။”

အန်လင်းမှာ သူ့စကားသူ ယုံစပြုလာသည်။

လန်ရှောင်နီ စကားဆိုလိုက်သည်။

“အဲ့ဒါဆို ရှီးဟိုင်ဇယ်တို့က ကြယ်စင်ကချေသည် မှတ်တမ်းကို မတွေ့သေးတာဆိုရင်ရော....”

အန်လင်း တိတ်ဆိတ်သွားသည်။

ကြယ်စင်ကချေသည်သည် လွပ်လတ်သော သက်ရှိတစ်ဦး မဟုတ်ပေ။

သစ်သားပန်းပုသည်လည်း သူမ၏ စွမ်းအင်အကြွင်းအကျန် ပျောက်သွားမှသာ ပေါ်လာခြင်း ဖြစ်သောကြောင့် ရှီးဟိုင်ဇယ်တို့ မသိထားလောက်ပေ။

သစ်သားပန်းပုအား မသိပါက ကြယ်စင်ကချေသည် အခန်းသော့သည်လည်း ၎င်းတို့ထံတွင် ရှိမနေနိုင်ပေ။

ရှီးဟိုင်ဇယ်တို့သည် ဤကမ္ဘာအကြောင်း မသိခြင်းမှာ ဖြစ်နိုင်ခြေ များလွန်းသည်။

“နေပါဦး။ ကြယ်စင်မီးလျှံ စစ်သင်္ဘော ကျသွားတဲ့ နေရာဆိုတော့ နတ်ဆရာခေါင်းဆောင်တွေက ပေါ့သေးသေးတော့ သဘောမထားလောက်ပါဘူး။”

အန်လင်း မှတ်ချက်ပြုလိုက်သည်။

လန်ရှောင်နီ စကားဆိုလာသည်။

“ငါမှတ်မိပြီ။ နတ်သက်ကြွေ ပင်လယ်ကြမ်းပြင် ခေါင်းတလားက ရှေးဟောင်းကောင်းကင်နတ်ဘီလူး ပေါ်လာတဲ့ နေရာတည့်တည့်မှာပဲ။ တိုက်ဆိုင်တာ မဖြစ်နိုင်ဘူး။”

“ငါတို့က တခြားကမ္ဘာ ရောက်လာတာဖြစ်မယ်။”

အန်လင်း မျက်မှောင်ကျုံ့လိုက်သည်။

“ရှေးဟောင်းကောင်းကင်နတ်ဘီလူးရဲ့ ဋ္ဌာနေကနေ လမ်းပွင့်ဖို့က မဖြစ်နိုင်ဘူးဆို ထျန်းချန်ကျီက ဘာလို့လုပ်နိုင်ရတာလဲ။”

“ဒီကမ္ဘာက တစ်ယောက်ယောက်က ကူညီပေးနေလို့ ဖြစ်မှာပေါ့။”

လန်ရှောင်နီ ချွေးပျံလာသည်။

ပတ်ဝန်းကျင်မှာ တိတ်ဆိတ်သွားရသည်။

နတ်ဆရာခေါင်းဆောင်များသည် အခြားကမ္ဘာအား လွယ်လွယ်ကူကူ လမ်းဖွင့်နိုင်နေသည်။

အန်လင်းနှင့် လန်ရှောင်နီမှာ အတွေးများနေရလေပြီ။

နတ်ဆရာခေါင်းဆောင်တွေနဲ့ နတ်ဘုရားကြားမှာ သဘောတူညီချက် တစ်ခုခု ရှိနေတာလား.....

All Chapters