← Chapters

အမှောင်ထုထဲတွင် တိုးဝင်ပျောက်ကွယ်သွားသော အသံများ

Vol. 31 Ch. 420

အမှောင်ထုထဲတွင် တိုးဝင်ပျောက်ကွယ်သွားသော အသံများ

Vol. 31 Ch. 420

မဟာမြို့ပျက်၏ အမှောင်ထုတွင် တိတ်ဆိတ်ခြင်းနှင့် စည်ကားခြင်း ဒွန်တွဲနေသည်။ တိတ်ဆိတ်ခြင်းက အစွမ်းအစမရှိ၍ ရွာများ၊ ကျောင်းပျက်များတွင် ပုန်းအောင်းနေရသူများအတွက် ကိုယ်စားပြုပြီး အစွမ်းအစရှိသူများအဖို့မူ၊ မဟာမြို့ပျက်၏ အမှောင်ထုက အလွန်စည်ကားပေသည်။

အမှောင်ထုထဲ လျှောက်သွားလျှင် ထူးဆန်းသောမြင်ကွင်းများကို မြင်တွေ့ရပြီး သဘာလွန်အဖြစ်အပျက်များကိုလည်း ကြုံတွေ့ရလိမ့်မည်။ ကံကောင်းပါက လျှို့ဝှက်ဆန်းပြားသည့် ကမ္ဘာလောကများသို့ပင် ဝင်ရောက်သွားနိုင်၏။ အသက်ရှင်လျက် ပြန်ရောက်လာမည်လား ဆိုသည်ကတော့ တစ်ကဏ္ဍဖြစ်ချေသည်။

မဟာမြို့ပျက်၏ ညသည် အလွန်လှပနေ၏။ နှင်းမုန်တိုင်းက ယခုလေးတင်မှ ရပ်သွားသည့်အတွက် ဆီးနှင်းများက သစ်ကိုင်းများအပေါ် ခိုတွဲနေကြသည်။ ကောင်းကင်အလင်းတန်းများ နှင်းစက်များအပေါ် ဖြာကျသွားသည့်အခါ ပတ်ဝန်းကျင်သည် ငွေပဝါကို ခြုံလွှားထားသကဲ့သို့ တောက်ပလာသည်။

ရုတ်တရက် ကောင်းကင်က လင်းထိန်တောက်ပလာ၍ မဟာမြို့ပျက်ထဲရှိ သတ္တဝါများ ခေါင်းမော့ကြည့်လိုက်ကြသည်။ တောက်ပသောအလင်းတန်းများက ပိတ်ပိန်းနက်မှောင်နေသည့် အမှောင်ထုကို ထိုးခွဲလာ၏။

သို့သော် သဘာဝအလျောက် လင်းထိန်လာခြင်းမဟုတ်ပေ။ အလင်းတန်းတို့သည် ကြီးကျယ်ခမ်းနားသည့် ‌ကောင်းကင်နတ်သိုင်းများ၏ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသည့် မီးအလင်းတန်းများ ဖြစ်သည်။

သို့ရာတွင် အမှောင်ထုက အလင်းတန်းများ ထိုးခွဲလိုက်တိုင်း ကွဲသွားသောနေရာကို လျင်မြန်စွာ ပြန်လွှမ်းခြုံသွားသည်။

အလင်းတန်းများက ပြောင်းလဲနေပြီး ထူးဆန်းလာ၏။ ကြယ်များ တစ်ခုဆီ တစ်ခု ပြေးဝင်၍ တိုက်ခိုက်နေသည်ကို မဟာမြို့ပျက်ထဲရှိ သတ္တဝါများ မြင်လိုက်ကြရသည်။

ကောင်းကင်ယံရှိ ကြယ်များ ရွေ့လျားနေပုံမှာ အလွန်ထူးခြားသည်။ ကြယ်ဆယ့်ရှစ်စင်းက အရှေ့တွင် ဖြစ်ပြီး ကြယ်နှစ်စင်းက သူတို့အ‌နောက်တွင် ဖြစ်သည်။ အရှေ့ရှိ ကြယ်များ အရှေ့အရပ်သို့ တရှိန်ထိုးသွားနေသည်ကို ကြယ်နှစ်စင်းက နောက်မှလိုက်ကာ နှောင့်ယှက်နေ၏။

ကြယ်ဆယ့်ရှစ်စင်း ရပ်ပြီး နောက်မှလိုက်လာသော နှစ်စင်းကို ဝိုင်းတိုက်ရန် ပြင်သည့်အခါ ထိုကြယ်နှစ်စင်းက အနောက်အရပ်ဆီသို့ ထွက်ပြေးသည်။ ကြယ်ဆယ့်ရှစ်စင်း လိုက်မဖမ်းလျှင် ကြယ်နှစ်စင်းက သူတို့ကို အမှီလိုက်ကာ နှောင့်ယှက်ပြန်သည်။ လိုက်ဖမ်းပြန်လျှင် ကြယ်နှစ်စင်းက အသည်းအသန် ထွက်ပြေးတတ်သည်။

ဤသို့ဖြင့် ရပ်လိုက်၊ လိုက်ဖမ်းလိုက် ဖြစ်နေရာ ကြယ်ဆယ့်ရှစ်စင်းမှာ ရှေ့မရောက်တော့ပေ။

မီးပုံဘေးတွင် စည်းကမ်းထိန်းအကြီးအကဲက ထိုမြင်ကွင်းကို ကြည့်ကာ မျှော်လင့်ချက်အနည်းငယ် ပေါက်ဖွားလာ၏။ ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်နှင့် တာအိုရသေ့လင်းကျင့်၏ ရည်ရွယ်ချက်က အထက်ကောင်းကင်ဘုံ၏ နတ်ဘုရားများကို အချိန်ဆွဲရန် ဖြစ်သည်။ ထိပ်တိုက်ရင်ဆိုင်ရန် မဟုတ်ပေ။ သူတို့ ဤအတိုင်း အချိန်ဆက်ဆွဲနိုင်လျှင် အသက်ရှင်နိုင်မည့် မျှော်လင့်ချက် ရှိသေးသည်။

ရုတ်တရက် ကောင်းကင်ယံရှိ ကြယ်များ မှိန်ကျကာ ပျောက်ကွယ်သွားသည်။

စည်းကမ်းထိန်းအကြီးအကဲ ရင်လေးသွားသည်။ အထက်ကောင်းကင်ဘုံ၏ နတ်ဘုရားများက သူတို့၏အရိပ်အယောင်ကို ဖုံးကွယ်ကာ ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်နှင့် တာအိုရသေ့လင်းကျင့် လာရှာမည်ကို စောင့်နေကြသည်။ သူတို့နှစ်ယောက် ရှေ့တက်လိုက်သည်နှင့် တမုဟုတ်ချင်း အဝိုင်းခံလိုက်ရလိမ့်မည်။

“မသွားနဲ့...”

စည်းကမ်းထိန်းအကြီးအကဲ စိုးရိမ်လာပြီး သူ့နှလုံးသားကို ဆုပ်လိုက်သကဲ့သို့ အင်္ကျီစကို ဆုပ်လိုက်မိ၏။ ကောင်းကင်ထက်တွင် ‌ရွေ့လျားနေသော ကြယ်နှစ်စင်းကို သူ ရင်တမမဖြင့် ကြည့်နေမိသည်။

“မသွားနဲ့ အနားကပ်မသွားနဲ့ ပြေးတော့ မြန်မြန်...”

ကြယ်နှစ်စင်း ရွေ့လျားနေပုံကို ကြည့်ရသည်မှာ တွန့်ဆုတ်နေကြဟန်တူသည်။ ရုတ်တရက် သူတို့လည်း မှေးမှိန်သွားသည်။ မမြင်ရတော့ပေ။

အားလုံး သူတို့၏အရိပ်အယောင်များကို ဖုံးကွယ်လိုက်သည်နှင့် မိုးကောင်းကင်မှာ မည်းမှောင်သွားပြန်၏။

စည်းကမ်းထိန်းအကြီးအကဲ၏ မျက်လုံးထောင့်စွန်းများ တွန့်နေပြီး သူ ရင်တဒိန်းဒိန်း ခုန်နေသည်။ ရင်ခုန်သံတစ်ချက်တိုင်းက မိုးခြိမ်းသံအလား ကျယ်လောင်နေ၏။

အကုန်လုံး အရိပ်အယောင်များကို ဖုံးကွယ်ကာ တစ်ယောက်ကိုတစ်ယောက် အမှောင်ထုထဲတွင် စောင့်နေကြသည်။ ဤအခြေအနေက အန္တရာယ်အများဆုံး ဖြစ်ပေသည်။ ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်နှင့် တာအိုရသေ့လင်းကျင့်အတွက် ရွေးချယ်စရာက ရန်သူများထက် နည်းပါးသည်။ အထက်ကောင်းကင်ဘုံ၏ နတ်ဘုရားများအနေဖြင့် ‌စောင့်လျှင်စောင့်၊ မစောင့်လျှင် ထွက်သွားလိုက်ရုံသာ ဖြစ်သည်။ ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်နှင့် တာအိုရသေ့လင်းကျင့်အတွက်မူ ရန်သူ ထွက်မသွားနိုင်အောင် အချိန်ဆွဲရန် လိုအပ်သဖြင့် ကြာကြာစောင့်နေ၍ မဖြစ်ပေ။

နောက်ဆုံးတော့ ကြယ်တစ်စင်း လင်းလာသည်။

နောက်တခဏတွင် ကောင်းကင်တစ်ခုလုံး မီးဟုန်းဟုန်းတောက်သွားပြီး ထူးဆန်းသော ကောင်းကင်နတ်သိုင်းမျိုးစုံက ထိုကြယ်အပေါ် စုပြုံကျရောက်သွား၏။ နဂါးများ၊ ဖုန့်ဟွမ်ငှက်များ၊ နာရီများ၊ အဆောက်အဦများ၊ ဒယ်အိုးများ၊ စေတီများ အစရှိသဖြင့် ကောင်းကင်နတ်သိုင်းမျိုးစုံ ဖွဲ့တည်နေသည်။

ထိုကောင်းကင်နတ်သိုင်းများ၏ စွမ်းအားက တရှိန်ထိုး ပေါက်ကွဲထွက်လာ၍ မည်းမှောင်နေသော ကောင်းကင်မှာ ‌ရောင်စုံလင်းလက်ကာ အမှောင်ထုကို တွန်းထုတ်လိုက်၏။ ခက်ထန်ကြမ်းကြုတ်နေသော မျက်နှာအမူအရာများဖြင့် နတ်ဘုရားဆယ့်ရှစ်ပါး ပျံဝဲနေသည်ကို ဝိုးတိုးဝါးတား မြင်လိုက်ရသည်။ သူတို့၏ခြေလက်များက အလွန်တရာ မာကြောတောင့်တင်း၏။ ကောင်းကင်နတ်သိုင်းအလင်းတန်းများ သူတို့ခန္ဓာကိုယ်ပေါ် ကျရောက်လာသည့်အခါ သင်္ကေတအမှတ်အသားအ‌ရောင်မျိုးစုံ တဖျပ်ဖျပ် လင်းလက်သွားသည်။

အဝိုင်းခံထားရသူမှာ တာအိုရသေ့လင်းကျင့် ဖြစ်သည်။ ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်က သူနှင့်အတူ မဟုတ်ပေ။

“တာအိုရသေ့လင်းကျင့်က ငါးစာပဲ”

စည်းကမ်းထိန်းအကြီးအကဲ ရင်ထဲတွင် ပြင်းပြင်းထန်ထန် လှုပ်ခါသွား၏။ ငါးစာဖြစ်သည့်အတွက် တာအိုရသေ့လင်းကျင့် မုချ သေလိမ့်မည်။ နတ်ဘုရားဆယ့်ရှစ်ယောက်၏ သိုင်းကွက်များကြားတွင် မည်သူမှ အသက်မရှင်နိုင်ပေ။

တာအိုရသေ့လင်းကျင့်က သူ့ကိုယ်သူ ငါးစာအဖြစ် စတေးကာ အထက်ကောင်းကင်ဘုံ၏ နတ်ဘုရားဆယ့်ရှစ်ယောက်ကို မျှားထုတ်နေသည်။

ထိုအခါ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်အတွက် အလစ်ဝင်တိုက်ရန် အခွင့်အရေးရမည်။

တာအိုရသေ့လင်းကျင့်၏ သိုင်းစွမ်းရည်က အတိုင်းထက်အလွန် မြင့်မား၏။ တစ်လောကလုံးတွင် နံပါတ်တစ် အစွမ်းထက်ဆုံးဖြစ်ရန် ရွာလူကြီးကိုပင် စိန်ခေါ်တိုက်ခိုက်ဝံ့ခဲ့သော လူတစ်ယောက်လည်း ဖြစ်သည်။ သို့သော် ရွာလူကြီးကို သူ ရှုံးနိမ့်သွားခဲ့ပြီး လက်ချောင်းတစ်ချောင်း အဖြတ်ခံခဲ့ရသည်။

သို့တိုင်အောင် အလစ်တိုက်ကွက်တစ်ကွက်ကို သူ ထိထိရောက်ရောက် မထုတ်လွှတ်နိုင်ပေ။

ကောင်းကင်နတ်ဆိုးဂိုဏ်း၏ နေရာရွှေ့ပြောင်းအဝတ်အစားများနှင့် နေရာရွှေ့ပြောင်းအလံက ထိုကဲ့သို့တိုက်ကွက်မျိုးအတွက် အသင့်တော်ဆုံးဖြစ်သည်။ အထက်‌ကောင်းကင်ဘုံ၏ နတ်ဘုရားဆယ့်ရှစ်ယောက်ကို တစ်ယောက်‌ယောက် မျှားထုတ်ပေးနိုင်လျှင် ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်အနေဖြင့် အလွယ်တကူ ဝင်တိုက်နိုင်သည်။ နတ်ဘုရားများ ဒဏ်ရာအပြင်းအထန် ရစေရန် ထိုအခွင့်အရေးတစ်ခုသာ ရှိ၏။

“လင်းကျင့် သိုင်းရှစ်ကွက်” ကောင်းကင်ယံမှ မာန်အပြည့်ပါသော အော်သံ ထွက်လာပြီး လူတိုင်း၏ ရင်အစုံကို လှုပ်ခတ်သွားစေ၏။

တာအိုရသေ့လင်းကျင့်၏ နောက်ဆုံးအကြိမ် မြင်ကွင်းကို စည်းကမ်းထိန်းအကြီးအကဲ မော့ကြည့်လိုက်မိသည်။ လင်းကျင့်သိုင်းရှစ်ကွက်က ရွာလူကြီး၏ ဓားပန်းချီအောက် မလျော့သော်လည်း နတ်ဘုရားဆယ့်ရှစ်ယောက်၏ သိုင်းကွက်များကို အဘယ်သို့ပြု၍ ခုခံနိုင်မည်နည်း။

တာအိုရသေ့လင်းကျင့်သည် သူ ဂုဏ်ယူအရဆုံးသော ပြိုင်ဘက်ကင်းသိုင်းကွက်ကို ထုတ်လွှတ်လိုက်ခြင်းသာ ဖြစ်၏။ ပန်းချီဆရာတစ်ယောက် မှင်စက်ခါလိုက်သကဲ့သို့၊ စာပေပညာရှင်တစ်ယောက် စာတစ်ပုဒ်ဖွဲ့ဆိုလိုက်သကဲ့သို့ ဤကမ္ဘာပေါ်တွင် သူ၏အမှတ်အသား၊ သူ၏အရိပ်ကို ချန်ခဲ့ချင်ခြင်းသာ ဖြစ်သည်။

ထိုအခိုက်အတန့်တွင် အလံကြီးတစ်လံ လွှားခနဲ ပွင့်လာပြီး နတ်ဘုရားများ၏ အနောက်၌ ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ် ပေါ်လာကာ အသေသတ်သိုင်းကွက်များ ထုတ်ဖော်လိုက်သည်။

အလံက သူ့ကို လွှမ်းခြုံလိုက်ကာ သူ၏ခန္ဓာကိုယ်သည် နတ်ဘုရားအားလုံး၏ ဘေးတွင် ပေါ်လာကာ အကုန်လုံးကို တစ်ပြိုင်တည်း တိုက်ခိုက်လိုက်သည်။ လျှပ်တပြက်အတွင်း နတ်ဘုရားဆယ်ယောက်ကျော် ဒဏ်ရာရသွား၏။

မိုးထစ်ချုန်းသံများ ခြိမ်းခြိမ်းညံသွားသည်။ ကောင်းကင်နတ်သိုင်းများမှ ပေါက်ကွဲသံများ ဖြာထွက်လာသည့်အချိန်မှာပင် ‌သိုင်းကွက်အသစ်များ ထုတ်လွှတ်ခံလိုက်ရသည်။

ကောင်းကင်နတ်သိုင်းများမှ တုန်ခါလှိုင်းများကြောင့် လေထုသည် နွေးလိုက်၊ အေးလိုက် ဖြစ်နေ၏။ လေမုန်တိုင်းများ တဝေါဝေါ သောင်းကျန်းနေပြီး ဆီးနှင်းများ အရည်ပျော်ကုန်သည်။

ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်၏ အလံ စုတ်ပြဲသွား၏။ ကောင်းကင်နတ်သိုင်းများ၏ ကြောက်မက်ဖွယ်ရာ တုန်ခါလှိုင်းများအကြားတွင် ပျက်စီးသွားသော်လည်း သူ့တွင် နေရာရွှေ့ပြောင်းဝတ်ရုံ ရှိသေး၏။

စည်းကမ်းထိန်းအကြီးအကဲ မော့ကြည့်လိုက်သည့်အခါ သွေးစက်များ ရွာကျလာသည်ကို မြင်တွေ့လိုက်ရသည်။ သွေးမိုးက ခပ်ဖွဲဖွဲ ရွာနေရာမှ သည်းသထက် သည်းလာသည်။

ကောင်းကင်ယံတွင် ရွေ့လျားနေသော ကြယ်အစင်းနှစ်ဆယ်အနက် တစ်စင်းမှာ မှိန်ကျသွားပြီး ယိမ်းယိုင်နေသည်။ ရုတ်တရက် ကြယ်သည် အုန်းခနဲ မြည်ဟည်းကာ ကောင်းကင်ယံမှ ပြုတ်ကျလာ၏။

တာအိုရသေ့လင်းကျင့် ကြွေလွင့်သွားချေပြီ။

စည်းကမ်းထိန်းအကြီးအကဲ၏ မျက်နှာ ညှိုးငယ်သွားသည်။ ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်တစ်ယောက်သာ ကျန်တော့သည့်အပြင် တစ်ယောက်တည်း ဆက်လက်တိုက်ခိုက်နေသည်။ သူ့အနေဖြင့် မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာရှိ ဖန်ဆင်းပညာခုနစ်ခန်းကို ကျွမ်းကျင်ပိုင်နိုင်လျှင်ပင် တိုက်ပွဲ၏ ရလဒ်ကို ပြောင်းလဲနိုင်မည်မဟုတ်ပေ။

စည်းကမ်းထိန်းအကြီးအကဲ ကောင်းကင်ယံသို့ မော့မကြည့်တော့ပေ။ မီးပုံ၏ မီးတောက်များကို ငေးကြည့်နေမိပြီး ထင်းများသာ ထပ်ထည့်နေမိသည်။

မီးတောက်များ အားကောင်းလာပြီး မီးပြင်းအားလည်း ပူလောင်လာသော်လည်း သူ မည်သည်ကိုမျှ မခံစားရပေ။

“ဒီနှစ်ဆောင်းက ဘာလို့ ဒီလောက် အေးတာပါလိမ့်....”

အအေးဓာတ်ကြောင့် သူ ခိုက်ခိုက်တုန်နေ၍ ထင်းထပ်ထည့်လိုက်သည်။ “မီးပုံကလည်း ကွာ ဘာဖြစ်နေတာတုန်း။ မီးအား ဘယ်လောက်ပြင်းပြင်း အေးနေတုန်းပဲ။ ထင်းတွေလည်း ဒီလောက်အများကြီး ထည့်ထားတာကို ဘာလို့မပူရတာလဲ...”

ကောင်းကင်ယံရှိ ကြယ်တစ်စင်း မှိန်ကျသွားပြီး လင်းခနဲ တောက်ပလာသည်။ အလင်းရောင်သည် အလွန်ခံ့ညားတင့်တယ်ပြီး ကောင်းကင်တစ်ခုလုံးကို လင်းထိန်သွားစေ၏။

“ဖန်ဆင်းပညာသဘောတရား၊ အမှောင်နဲ့အလင်းက အရာရာကို စိုးမိုးတယ်”

မာန်ဟုန်ပြင်းသည့် အော်ဟစ်သံက အမှောင်ထုကို စုတ်ဖြဲပစ်လိုက်သည်။

ဒေါင်

ကောင်းကင်ထက်မှ သာယာနာပျော်ဖွယ် ခေါင်းလောင်းသံ လွင့်ပျံ့လာပြီး အရပ်လေးမျက်နှာသို့ ပဲ့တင်ထပ်သွားသည်။ မကြာမီ အသံပျောက်ကွယ်သွားသည့်အခါ ဖန်ဆင်းပညာသဘောတရားလည်း မတည်ရှိတော့‌ပေ။

အလင်းရောင်များ တဖြည်းဖြည်း မှိန်ကျသွား၍ အမှောင်ထုက တစတစ ပြန်လည်အုပ်စိုးလာသည်။

ကြယ်တစ်စင်း ကြွေကျလာ၏။

စည်းကမ်းထိန်းအကြီးအကဲက ခေါင်းငိုက်စိုက်ကျလျက် မည်သည်ကိုမှ မပြောပေ။

နေထွက်လာလျှင် အဘိုးကြီးနှစ်ယောက်၏ အလောင်းကို သူ သွားရှာရလိမ့်မည်။

ကောင်းကင်ထက်တွင် ကြယ်ဆယ့်ရှစ်စင်းက တခဏ ရပ်ပြီး အရှေ့အရပ်သို့ ဆက်လက်ဦးတည်သွားသည်။

မဟာမြို့ပျက်၏ နတ်သက်ကြွေတောင်ကြောသည် ဓားတစ်လက်ပမာ ချွန်ထက်နေပြီး တောင်ထိပ်များ၌ နှင်းဖုံးနေ၏။ ရေနဂါးအုပ်က နတ်သက်ကြွေတောကြောဆီသို့ ကရောသောပါး လာနေကြသည်။

ချင်မူ့ဘေးတွင် စစ်ယွင်ရှန်းက စိတ်နှလုံးစစ်ဆေးကြေးမုံဖြင့် လူငယ်ဂိုဏ်းချုပ်ကို ဆက်သွယ်ရန် ကြိုးစားနေသည်။ တခဏကြာသော် သူမ ငိုင်ကျသွား၏။ “ဂိုဏ်းချုပ်က မလာ‌တော့ဘူးလို့ ပြောတယ်။ သူ့ကို လွမ်းစရာ မလိုပါဘူးတဲ့”

ချင်မူ မှင်သက်သွားပြီး အဘွားစစ်က တစ်ဖက်သို့ လှည့်ကာ မျက်ရည်ခိုးသုတ်လိုက်သည်။

“အဲဒီလူငယ်အဘိုးကြီးက ငါတို့ထက် အရင်ထွက်သွားတာကိုး” ရွာလူကြီး သက်ပြင်းမောကို ယိုင်ယိုင်ယွဲ့ယွဲ့ မှုတ်ထုတ်လိုက်မိသည်။ “အရင်လို စိတ်မရှည်တတ်တုန်းပဲ”

နတ်သက်ကြွေတောင်ကြားနှင့် သူတို့နီးသထက် နီးလာကြသည်။ သူတို့၏မျက်လုံးများက အမှောင်ထုလွှမ်းခြုံနေသော မဟာမြို့ပျက်ဆီသို့ ရောက်သွားကြသည်။

မဟာမြို့ပျက်၏ ကောင်းကင်ယံတွင် သူတို့ဆီ လာနေသော ကြယ်များကို မြင်တွေ့လိုက်ရ၏။

“မူအာ တောင်ပေါ်မှာ ရပ်လိုက်” ရွာလူကြီးက ရုတ်တရက် ရပ်ခိုင်းလိုက်သည်။

ချင်မူလည်း ရေနဂါးများကို အရှိန်လျှော့ကာ တောင်ထိပ်များကို ကုပ်တွယ်ကာ ဆင်းသက်စေလိုက်၏။  သူတို့၏ သန်မာအားကောင်းသော ခန္ဓာကိုယ်များကြောင့် ဆန်းကြယ်ပုလဲဒူးလေးများ ကျိုးကြေသွားကြသည်။

နှင်းက အဖြူ၊ တောင်က အမည်း၊ နဂါးများက အဖြူ၊ အမည်း၊ အနီ၊ အပြာ အစရှိသဖြင့် အရောင်စုံနေသည်။ သူတို့၏ခန္ဓာကိုယ်များက နဂါးမျိုးနွယ်သင်္ကေတအမှတ်အသားများဖြင့် တောက်ပနေသည်။

“ဒီမှာ တိုက်ပွဲစမယ်” ရွာလူကြီးက ဘေးဘီဝဲယာကို ကြည့်ကာ မေးလိုက်သည်။ “ဒီနေရာကို ဘယ်လို သဘောရလဲ”

ဘုရင်ခွန်က ပတ်ဝန်းကျင်ကို အကဲခတ်ကာ ပြောလိုက်သည်။ “သိပ်ကောင်းတယ်။ နည်းနည်းအေးတာ တစ်ခုပဲ”

ထုရှင်းဖုန်းက နဂါးတစ်‌ကောင်၏ ကျောပေါ်မှ ခုန်ဆင်း၍ အဝတ်အစားများကို တင်းတင်းစေ့လိုက်၏။ သူက ပွစိပွစိပြောနေသည်။ “ဒီသောက်နေရာက အေးတုန်းပဲ။ ငါတို့ မြေအောက်နေရာက သိပ်နွေးပြီး နေလို့ထိုင်လို့ကောင်းတယ်။ လူသားဧကရာဇ်ချင်၊ မင်း ငါတို့မြေခရီးသွားတွေရဲ့ မြေအောက်ကမ္ဘာကို သွားရင် မင့်အမြင်တွေ သေချာပေါက် ပွင့်သွားလိမ့်မယ်

“မြေအောက်ကမ္ဘာတစ်ခုလုံးက ကျောက်စိမ်းဖန်သားတွေနဲ့ ပြည့်နေတာ။ မျက်နှာကြက်တွေကနေဆိုရင် သလင်းကျောက်ကြီးတွေ တွဲလျားနေတာသိလား။ ရတနာတွေနဲ့ တန်ဆာဆင်ထားသလိုပဲ။ ချော်ရည်က မီးရောင်တွေ သလင်းကျောက်တွေမှာ သွားဟပ်လိုက်လို့ကတော့ လှချက်ဆိုတာလေ ဘယ်လိုပြောရမှန်းတောင် မသိဘူး။ ချော်ရည်တွေထဲမှာ ပေါက်တဲ့အပင်တွေလည်း ရှိတယ်။ အဲ့အပင်တွေက သိပ်စားကောင်းတာ။ ဝိုင်လေးလို လည်ချောင်းထဲမှ ပူဆင်းသွားပြီး လျှာမှာ စွဲ..”

“မပြောနဲ့တော့” ရွှမ့်ရှန်းဝူ၏ ပခုံးပေါ်ရှိ မြွေပျံက တံတွေးမြိုချလိုက်သည်။ “မင်းပြောတာ ကြားရုံနဲ့တင် ငါ ဗိုက်ဆာလာပြီ”

ထုရှင်းဖုန်းက နီးကပ်လာနေသော ကြယ်များကို မော့ကြည့်ပြီး တူကြီးကို ဆုပ်ကိုင်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ငါ အဲဒီအရသာကို နောက်တစ်ကြိမ် ခံစားနိုင်ပါ့ဦးမလားမသိဘူး။ ငါတို့မြေအောက်ကမ္ဘာမှာ မီးလျှံသစ်သီးဆိုတာ ရှိသေးတယ်။ ချော်ရည်မီးဓာတ်က‌နေ မွေးလာတဲ့ သစ်သီး။ အရသာက...”

ရွာလူကြီး ချင်မူ့ကို ကြည့်ကာ ပြောလိုက်သည်။ “မူအာ၊ မင့်နဂါးတွေနဲ့ မိန်းမတွေကို တောင်အောက်ခေါ်သွားတော့၊ မင်း ဒီမှာ ရှိစရာမလိုတော့ဘူး။ မနက်ဖြန် အလောင်းလာကောက်ဖို့ မမေ့နဲ့”

ချင်မူ ခေါင်းညိတ်၍ နဂါးများကို ခေါ်လိုက်သည်။ ထို့နောက် စစ်ယွင်ရှန်း၊ ဟူလင်းအာနှင့် ယန်ကျင့်ကျင့်တို့ကို တောင်အောက်ခေါ်သွားလိုက်သည်။ ကောင်းကင်ထက်တွင် ကြယ်များ တဖြည်းဖြည်း အနားရောက်လာချေပြီ။

“သူတို့တွေ ထာဝရငြိမ်းချမ်းရေးအင်ပါယာအတွက် တိုက်ခိုက်နေတာကို ငါတို့က ဒီတိုင်း ရပ်ကြည့်ကြရမှာလား” စစ်ယွင်ရှန်းက ထွက်မသွားချင်ပေ။ “ငါတို့ လုပ်နိုင်တာ ဘာရှိလဲ။ တကယ်ပဲ ဘာမှမရှိဘူးလား”

“ငါတို့ မဟာမြို့ပျက်ကို သွားလို့ရတယ်” ချင်မူ့အကြည့်များ လှုပ်ခတ်သွားသည်။ “နေသင်္ဘောနဲ့ လသင်္ဘောကို သွားလို့ရတယ်။ ဒါပေမဲ့ ဒီအမှောင်ထုက ငါတို့ လမ်းကို ပိတ်နေတယ် နေဦး... ငါတို့မှာ ကိုယ်ရံတော်ရှိတာပဲ။ နဂါးထိန်းဧကရာဇ် ဘယ်မှာလဲ”

“နဂါးထိန်းဧကရာဇ် ဒီမှာပါ”

နတ်သက်ကြွေတောင်ကြော၏ အောက်ရှိ မြစ်ရေများ လှုပ်ခတ်လာပြီး နဂါးကြီးတစ်ကောင်က အမှောင်ထုကို ထိုးခွဲလျက် ထွက်လာသည်။ သူက ရစ်ခွေလိုက်ပြီး ခေါင်းငုံ့လိုက်၏။ “မိန့်တော်မူပါ သခင်ကြီး”

All Chapters