အထက်ကောင်းကင်ဘုံကို တိုက်ခိုက်ခြင်း
Vol. 31 Ch. 421
နဂါးထိန်းဧကရာဇ်က သူတို့ကို မာန်ဟုန်မြစ်တစ်လျှောက် သယ်ဆောင်သွားပြီး လျှို့ဝှက်ရေတံခါးကို ခုန်ကျော်၍ မဟာမြို့ပျက်ထဲ ဝင်ရောက်သွား၏။ သူက နယ်စပ်နဂါးမြို့နားအထိ ကူးခတ်သွားပြီး သူ၏အနောက်ရှိ ရေထဲမှ ရေနဂါးတစ်ကောင် ထွက်လာသည်။
“ငါ မာန်ဟုန်မြစ်ကနေ ထွက်လို့မရဘူး။ မြေအောက်ဘုံအရှင်သခင် ပဋိညာဉ်က ငါ့ကို ချုပ်ထားတာဆိုတော့ မာန်ဟုန်မြစ်ကနေ ထွက်လိုက်ရင် သေရလိမ့်မယ်။ ကြယ်ပင်လယ်ကို ငါ လိုက်မပို့ပေးနိုင်ဘူး” နဂါးထိန်းဧကရာဇ်က မာန်ဟုန်မြစ်ထဲ ငုပ်လျှိုးသွားသည်။ “ဒါပေမဲ့ လိုက်ပို့ပေးနိုင်တဲ့ နဂါးတစ်ကောင်တော့ ငါ့မှာ ရှိတယ်”
စောစောက ခုန်ထွက်လာသည့် နဂါးက မြစ်ရေပြင်ကဲ့သို့ ပြာလဲ့နေပြီး ကောင်းကင်ရေနဂါးမင်းမှတစ်ပါး အခြားမဟုတ်ပေ။ ကောင်းကင်ရေနဂါးမင်းသည် သိုင်းစွမ်းရည်မြင့်မားသည်သာမက နဂါးထိန်းဧကရာဇ်အောက် မနိမ့်ကျပေ။ သူ ချင်မူတို့ကို သယ်ဆောင်၍ မဟာမြို့ပျက်ထဲ လိုက်ပို့လျှင် အမှောင်ထုကို ကြောက်စရာလိုမည်မဟုတ်။
ချင်မူ စစ်ယွင်ရှန်းနှင့် ယန်ကျင့်ကျင့်ကို ကောင်းကင်ရေနဂါးမင်း၏ ကျောပေါ် ခေါ်လိုက်သည်။ ဟူလင်းအာက သူ့ပခုံးပေါ် တက်လာသည်။ ရေနဂါးအုပ်က မာဟာ မာဟာ ဟု အော်ကာ ကောင်းကင်ရေနဂါးမင်း၏ ကျောပေါ်တက်ပြီး လုံးထွေးပူးကပ်နေကြ၏။
နဂါးချီလင်လည်း အလွန်ရိုသေနေသော ဟန်ပန်ဖြင့် ခုန်တက်လိုက်သည်။
ကောင်းကင်ရေနဂါးမင်းက ကောင်းကင်ယံကို ပျံတက်ကာ ကြယ်ပင်လယ်ဆီသို့ တန်းတန်းမတ်မတ် ထွက်သွား၏။
ချင်မူ နောက်လှည့်ကြည့်လိုက်သော်လည်း နတ်သက်ကြွေတောင်ကြောပေါ်ရှိ လူများကို မမြင်ရတော့ပေ။ ကြယ်ဆယ့်ရှစ်စင်းကတော့ အလွန်လျင်မြန်စွာ သွားနေသည်။
ရုတ်တရက် တစ်စုံတစ်ယောက်က အချက်ပြမီးထွန်းလိုက်သကဲ့သို့ နတ်သက်ကြွေတောင်ကြောတစ်လျှောက် မီးလုံးများလင်းထိန်လာသည်။ မီးလုံးများက တစ်ခုနှင့်တစ်ခု ဆက်သွားပြီး မဟာမြို့ပျက်၏ ချောက်ချားဖွယ် ညအမှောင်ကို တန်ဆာဆင်ထားသည့်ပမာ အလွန်လှပသော မြင်ကွင်းတစ်ခုကို ဖန်တီးနေတော့သည်။
ကောင်းကင်ရေနဂါးမင်းက သူတို့ကို ကြယ်ပင်လယ်ချောက်နက်ထဲ သယ်ဆောင်သွား၍ နတ်သက်ကြွေတောင်ကြောကို မမြင်ရတော့ပေ။
“ဘာလို့ ဂိုဏ်းချုပ် ရောက်မလာသေးတာလဲ” နဂါးချီလင်က စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။ “ရောက်သင့်နေပြီမဟုတ်လား”
စစ်ယွင်ရှန်း ပါးစပ်ဟလိုက်သော်လည်း မည်သည်ကိုမှ မပြောနိုင်ပေ။ ချင်မူက ပြောလိုက်၏။ “မဟာမြို့ပျက်ရဲ့ ညက သိပ်အန္တရာယ်များတယ်လေ။ အဲဒါကြောင့် နည်းနည်းနောက်ကျနေတာနေမှာပါ။ နေရေတွင်းကို အရင်သွားကြရအောင်”
နဂါးချီလင်က ခေါင်းညိတ်ကာ မေးလိုက်သည်။ “ကောင်းကင်နတ်မယ်က ဘာလို့ သူ မလာတော့ဘူးလို့ ပြောတာလဲ”
“မှောင်နေမှတော့ မလာနိုင်ဘူးပေါ့။ ဖက်တီးနဂါး မမေးတော့နဲ့”
နတ်သက်ကြွေတောင်ကြော၏ တောင်ထိပ်များအပေါ်တွင်
ရွှေအ ကျောပိုးထားသည့် မီးဖိုကြီးက တဟုန်းဟုန်း တောက်နေသည်။ မျက်ကန်း၏ မျက်လုံးများက ကြယ်နှစ်စင်းပမာ တောက်ပနေ၏။ သားသတ်သမား၏ အဝတ်အစားများက လေတွင် တဖတ်ဖတ် လှုပ်ခတ်နေပြီး သူ့လက်နှစ်ဖက်က ဝက်ခုတ်ဓားမနှစ်လက်ကို တင်းတင်းဆုပ်ကိုင်ထားသည်။ ရွာလူကြီးက ချီစွမ်းအင်ဖြင့် ခြေလက်များ ဖွဲ့တည်ကာ ကောင်းကင်ယံတွင် ပျံဝဲနေသည်။
အကုန်လုံး တောင်ထိပ်အသီးသီးအပေါ်၌ ရပ်နေကြသည်။
ထော့ကျိုးနှင့် အဘိုးကြီးမာက အတူတူ ရပ်နေသည်။ အဘွားစစ်၊ နားကန်းနှင့် ဆေးဆရာကလည်း တောင်ထိပ်တစ်ခုတည်းတွင် ဖြစ်သည်။ တာအိုသခင်၊ တထာဂတ၊ ရသေ့ကြီးချင်းယို၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနှင့် ယွီကျောက်ချင်းတို့က တောင်ထိပ်တစ်ခုစီ နေရာယူထား၏။
ထုရှင်းဖုန်း၊ ရွှမ့်ရှန်းဝူ၊ ဘုရင်မရီ၊ ဘုရင်ခွန်နှင့် မိစ္ဆာနတ်မင်းငါးပါးလည်း သူတို့ဘာသာ ရပ်နေကြသည်။
အားလုံး၏ မူလဝိညာဉ်များက ရုပ်သွင်ဖွဲ့တည်ထားကြပြီး အစစ်ပမာ အသက်ဝင်နေကြသည်။ မူလဝိညာဉ်များက နတ်ဘုရားများ၊ မိစ္ဆာများအသွင်ဖြင့် သူတို့အနောက်၌ ရပ်ကာ တိုက်ပွဲကို တိတ်ဆိတ်စွာ စောင့်နေကြသည်။
အမှောင်ထုက ကောင်းကင်ကို အုပ်စိုးထားသော်ငြား ကြယ်ဆယ့်ရှစ်စင်းသည် အရှိန်တင်၍ လာနေကြ၏။
ရွာလူကြီး၏ အရှိန်အဝါက တရှိန်ထိုး ပေါက်ကွဲထွက်လာပြီး ဓားရောင်တစ်ချက်က တောင်ထိပ်ဆီမှ ကောင်းကင်ယံသို့ ဖြာတက်သွားကာ ကြယ်များကို ပိတ်ဆို့လိုက်သည်။
“အရှေ့ပင်လယ် လှိုင်းလုံးတစ်ထောင်ပေါ်မှ နေမင်း”
သားသတ်သမား ဓားမနှစ်လက်ကို လှုပ်ခါလိုက်သည့်အခါ ဓားမရောင်များက နေလုံးကြီးပမာ တောက်ပသွားသည်။ ထိုအခိုက်အတန့်တွင် အသံလှိုင်းများ ပေါ်ထွက်လာပြီး ပင်လယ်လှိုင်းလုံးကြီးများအသွင် ဖွဲ့တည်ကာ အရှိန်အဟုန်ပြင်းပြင်း လိမ့်ထွက်သွား၏။ နေလုံးကြီးမှ ဓားမရောင်များက လှိုင်းလုံးတစ်ထောင်အပေါ် ဖြာကျလာပြီး မှောင်မိုက်နေသော ကောင်းကင်ယံတွင် လင်းထိန်တောက်ပသွားသည်။
“ဓားမသိုင်းမှာ နံပါတ်တစ် ဆိုတဲ့အတိုင်း၊ ကောင်းကင်ဓားမနာမည်နဲ လိုက်ဖက်ပါပေတယ်”
အဘိုးကြီးမာ၏ ခန္ဓာကိုယ်က ကြီးမားလာပြီး မျက်ခုံးနှစ်ဖက်ကြားနေရာတွင် ဒေါင်လိုက်မျက်လုံးတစ်လုံး ပွင့်လာသည်။ နဂါးစိမ်းတစ်ကောင်က သူ၏ခန္ဓာကိုယ်ကို ရစ်ခွေလျက်ရှိပြီး သူ့ခေါင်းအနောက်၌ ဧရာမနေလုံးကြီးတစ်လုံး ဖွဲ့တည်လာသည်။ “ခွားဖူ နေမင်းလိုက် သိုင်းကွက်”
“အ ဘာ”
ရွှေအက သစ်သားသေတ္တာကို ချ၍ အဘိုးကြီးမာဆီသို့ လက်မထောင်ပြလိုက်သည်။ သစ်သားသေတ္တာ ပွင့်လာပြီး ငွေရောက်စက်လုံးများ တဝီဝီ ပျံထွက်လာကာ အသွင်အမျိုးမျိုး အဆက်မပြတ် ပြောင်းလဲသွား၏။ ဆေးဆရာ၏ ဆေးခြင်းထဲမှ အဆိပ်ကောင်များ ထွက်လာပြီး အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားကြသည်။ ရုတ်တရက် ပင့်ကူကြီးများလည်း ခုန်ထွက်လာပြီး တောင်များအကြား ပင့်ကူအိမ်ယှက်နေကြသည်။ သူတို့က မမောပန်းသည့်အလား ရွေ့လျားနေကြ၏။
အဘွားစစ်၏ အနောက်၌ မဟာကြယ်ခြုံလွှမ်းလက်ဝါးသိုင်းမှ ကြယ်တာရာပုံရိပ်များ ဖွဲ့တည်လာပြီး သေးငယ်သထက် သေးငယ်လာကာ သူမလက်ဝါးပေါ်သို့ ဆင်းသက်လာကြသည်။
အခြားတစ်ဖက်တွင် ထော့ကျိုးမှာတော့ စိုးရိမ်ထိတ်လန့်စွာဖြင့် တောင်ကြည့်မြောက်ကြည့် ကြည့်ကာ အချိန်မရွေး ထွက်ပြေးတော့မည့်အလား ထင်ရသည်။
“မြေအောက်မီးလျှံ လောင်ကျွမ်းလိုက်စမ်း”
ထုရှင်းဖုန်းက တဟားဟား အော်ရယ်လိုက်ပြီး သူ့ခြေထောက်အောက်ရှိ နတ်သက်ကြွေတောင်ထိပ်က မီးတောင်ပမာ ပွင့်ထွက်လာသည်။ သူ့တူဖြင့် မီးတောင်ကို ထုရိုက်သည့်အခါ မီးတောင်က မြင့်မားကြီးထွားလာ၏။
ဘုရင်ခွန် ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။ “သုံးလက်မသံချောင်းက သူရဲကောင်းစိတ်ဓာတ်တွေ ပြည့်နေတုန်းပါလား။ ငါ့ရဲ့ ‘ကြယ်ကောင်းကင်ကို ဖြိုခွဲသော ရေပြင်’ ကို ကြည့်လိုက်စမ်း”
သူ့အနောက်မှ ဧရာမရေလှိုင်းကြီးတစ်လုံး ကောင်းကင်ယံသို့ မြောက်တက်လာပြီး ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြားက ပင်လယ်တစ်စင်းပမာ ထောင်မတ်နေသည်။
“ဘုရင်ခွန်၊ ခင်ဗျားခွန်အားကို ငှားပါရစေ” ရွှမ့်ရှန်းဝူက ကျယ်လောင်စွာ ရယ်မောလျက် ပုံစံအစစ်အမှန်ကို ပြသလိုက်သည်။ သူက ပင်လယ်ထဲ ခုန်ဝင်ပြီး လိပ်ခွံသင်္ဘောကြီးအသွင်ဖြင့် ကုန်းမြေအပေါ် ထောင့်မတ်ကျနေသော ပင်လယ်ပြင်တစ်လျှောက် ရွက်လွှင့်သွား၏။
ဘုရင်ရီလည်း လက်နှစ်ဖက်ကို ဖြန့်ကားကာ လှုပ်ခါလိုက်သည်။ သူမလက်မောင်းမှ ငှက်မွှေးများ ပေါက်လာပြီး တောင်ပံအဖြစ် ဖွဲ့တည်သွားသည်။ ငှက်မွှေးများက တစ်ခုနှင့်တစ်ခု ထိခတ်သည့်အခါ ဓားသွားများ အချင်းချင်း ထိခတ်နေသကဲ့သို့ တချွင်ချွင် မြည်နေသည်။
မိစ္ဆာနတ်မင်းငါးဦးလည်း လက်နက်ကိုယ်စီ ထုတ်လိုက်ကြသည်။ မိုးမခနတ်မင်းက ကြာပွတ်တစ်ချောင်းကို ကိုင်ထားပြီး အဖြူနတ်မင်းက ချည်လုံးတစ်လုံး ကိုင်ထားသည်။ မြေခွေးနတ်မင်းက ဖီဖာကို ပိုက်ထားကာ ကြွက်နတ်မင်းနှင့် အဝါနတ်မင်းက မီးခိုရောင်အိတ်နှင့် အဝါရောင်အိတ်ကို ကိုယ်စီကိုင်ထားကြသည်။
“သူတို့ ရောက်လာကြပြီ” သားသတ်သမားက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “အားနဲ့ အတင်းထိုးဖောက်ဖို့ ပြင်နေကြတယ်။ စိတ်ပိုင်းဖြတ်ထားကြ၊ ငါတို့ သူတို့ကို ဘယ်လိုပဲဖြစ်ဖြစ် ရအောင် တားရမယ်။ နတ်သက်ကြွေတောင်ကြောကို ကျော်ခွင့်ပေးလို့ မဖြစ်ဘူး”
ကြယ်အလင်းတန်းများက နီးသထက် နီးလာကာ မျဉ်းဖြောင့်များပမာ ဖြစ်လာကြသည်။ ကြယ်မြားဆယ့်ရှစ်စင်းက ဘုရင်ခွန် ဖွဲ့တည်ထားသော ပင်လယ်ကြီးကို ချိန်ရွယ်ကာ တစ်ချက်တည်း ထိုးဖောက်ရန် ပြင်နေကြ၏။
ချွင် ချွင် ချွင်
သားသတ်သမားက ပထမဆုံးကြယ်ကို တားလိုက်သည်။ ဒုတိယကြယ်က တန်းတန်းမတ်မတ် ဝင်လာပြီး ‘အရှေ့ပင်လယ် လှိုင်းလုံးတစ်ထောင်ပေါ်မှ နေမင်း’ကို ဖြိုခွင်းလိုက်၍ သားသတ်သမား အင့်ခနဲ ညည်းလိုက်ရသည်။ သူ ပင်လယ်အတွင်းထဲအထိ တွန်းထုတ်ခံလိုက်ရပြီး ဘုရင်ခွန်၏စွမ်းအားဖြင့် တိုက်ကွက်အင်အားကို ချေဖျက်လိုက်ရ၏။
ဒုတိယကြယ် ပင်လယ်ထဲ တိုးဝင်လိုက်သည့်အချိန်မှာပဲ လျှောက်ပြေးနေသော ပင့်ကူများ၏ဖင်မှ ပင့်ကူမျှင်များ ထွက်လာကာ ဒုတိယကြယ်အား ချည်နှောင်လိုက်သည်။ ကြယ်က ပင့်ကူမျှင်တန်းလန်းဖြင့် ပင်လယ်ထဲ ဝင်သွားသော်လည်း ပင့်ကူများက ပြန်ဆွဲလိုက်၍ ရှေ့ဆက်မသွားနိုင်တော့ပေ။
တတိယနှင့် စတုတ္ထကြယ်တို့က အရှိန်အဟုန်ဖြင့် ဝင်လာပြီး ပင်လယ်ကြီးကို တိုးဝင်သွားသည်။ ထိုအချိန်တွင် ပင်လယ်ရေပြင်က နှစ်ခြမ်းကွဲသွားကာ အနောက်ရှိ သွေးပင်လယ်တစ်စင်းကို ပြသလိုက်၏။
ခိုင်ဧကရာဇ်ဓားတွင် သွေးပင်လယ်ဖြာသည်
ကြယ်နှစ်စင်းအတွက် အရှိန်လျှော့ရန် နောက်ကျသွားချေပြီ။ သူတို့မှာ စိတ်အားတင်းပြီး လာနေသော တိုက်ကွက်ကို ဖြိုခွင်းရန်သာ ကြိုးစားနိုင်တော့သည်။
ဘုန်း ဘုန်း
အလွန်အားကောင်းပြင်းထန်သည့် ရိုက်ခတ်သံကြီးနှစ်သံ မြည်ဟည်းလာပြီး နတ်ဘုရားနှစ်ပါးမှာ ခွေးလိုဝက်လို အော်ရင်း စုတ်ပြတ်နေသောခန္ဓာကိုယ်များဖြင့် သွေးပင်လယ်ထဲမှ ထွက်လာကြသည်။
သို့ရာတွင် သူတို့သည် မယှဉ်နိုင်လောက်အောင် သန်မာအားကောင်း၏။ အရှိန်ကျသွားသော်လည်း နတ်ဘုရားများ ဖြစ်နေသေးသည်မဟုတ်လော။ ထို့ကြောင့် နှစ်ယောက်အတူ ပေါင်းကာ ရွာလူကြီး၏ ဓားကွက်ကို ဖြိုခွင်းနိုင်ခဲ့သည်။
သို့သော် သူတို့ကို စောင့်ကြိုနေသည်မှာ သွေးပင်လယ်တစ်စင်း နောက်တစ်စင်း ဖြစ်နေသည်။
ခိုင်ဧကရာဇ်ဓားတွင် သွေးပင်လယ်ဖြာသည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ဓားကို လှုပ်ခါလိုက်ပြီး သူ ထုတ်ဖော်လိုက်သည်မှာလည်း ‘ခိုင်ဧကရာဇ်ဓားတွင် သွေးပင်လယ်ဖြာသည်’ ဓားကွက်ပင် ဖြစ်၏။ ရွာလူကြီး အသုံးပြုခဲ့သော ဓားကွက် ဖြစ်သော်လည်း သဘောတရားနှင့် ဓားချက်များက မတူညီပေ။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ဤဓားကွက်ကို နားကန်း၏ ပန်းချီမှတစ်ဆင့် လေ့လာသင်ယူခဲ့ခြင်းဖြစ်သည်။ သူ့ဓားကွက်များအတွက် မှီငြိမ်းတုပခဲ့ခြင်းဟု ဆိုနိုင်သည်။
နတ်ဘုရားနှစ်ပါး ထိတ်လန့်သွားသော်လည်း ပြေးစရာလမ်းမရှိ၍ သွေးပင်လယ်တစ်စင်းပမာ ဖွဲ့တည်နေသော ဓားရောင်များထဲသာ တိုးဝင်လိုက်ရသည်။
ရွှပ် ရွှပ် ရွှပ် ရွှပ်
နတ်ဘုရားသွေးများ စီးကျလာပြီး နတ်ဘုရားအရိုးများ လိမ့်ထွက်လာ၏။
ကြယ်နောက်တစ်စင်းက တရှိန်ထိုး ပြေးဝင်လာကာ ဓားပန်းချီကို ဝင်တိုက်လိုက်သည်။ ဓားပန်းချီ ပြိုကွဲသွားသဖြင့် ဧကရာဇ်အတိုင်ပင်ခံ သွေးအန်လိုက်ရသည်။ တခြားကြယ်များ နတ်သက်ကြွေတောင်ကြောအား ကျော်ဖြတ်နိုင်တော့မည်ကို မြင်လျှင် ကြွက်နတ်မင်းက မီးခိုးရောင်အိတ်ကို ဖွင့်ကာ ခါလိုက်သည်။ အိတ်က ပြန့်ကားလာပြီး ဂူကြီးအသွင် ပြောင်းကာ ကြယ်များကို အတွင်းထဲ စုပ်ယူလိုက်၏။
ကြွက်နတ်မင်း အိတ်ကို ကပျာကယာ ပိတ်ပြီး အထဲရှိ နတ်ဘုရားများအား အသေသတ်ရန် ပြင်လိုက်စဉ်မှာလဲ အိတ်သည် ဖောင်းခနဲ ပေါက်ကွဲသွားရာ ကြွက်နတ်မင်း လွင့်ထွက်သွားသည်။ မိုးမနတ်မင်းက လက်ကို ကမန်းကတန်း လှုပ်ခါလိုက်သည်။ သူမ၏လက်ကား အရိုးမရှိသည့်အလား ရှည်ထွက်သွားပြီး ကြွက်နတ်မင်းအား စွေ့ခနဲ ပွေ့သယ်လိုက်သည်။
သူမ သူ့ကို ဖမ်းမိလိုက်ည့်အချိန်မှာပဲ ကြွက်နတ်မင်း၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ရာ နတ်ဘုရားစွမ်းအားလှိုင်းများ လာနေသည်ကို ခံစားလိုက်ရ၏။ သူမမျက်နှာ ရှုံ့မဲ့သွားပြီး သူမလက်မှာ မုန့်ကြိုးလိမ်ပမာ တွန့်လိမ်သွားသည်။
မိုးမခနတ်မင်း လွင့်ထွက်သွား၏။ အဖြူနတ်မင်းက အခြေအနေမကောင်းသည်ကို မြင်လျှင် ရုတ်ခြည်း ပျံသန်းလာသည်။ သူ့ချည်လုံးမှ အပ်များက မိုးမခနတ်မင်းနှင့် ကြွက်နတ်မင်းကို ထိုးစိုက်ကာ ကြောက်မက်ဖွယ်ရာ နတ်ဘုရားစွမ်းအားကို သူတို့၏ခန္ဓာကိုယ်ထဲမှ ထုတ်ပေးလိုက်သည်။ ထိုအခါမှ နှစ်ယောက်သား အသက်ချမ်းသာရာရသွားသည်။
ဗွမ်း ဗွမ်း ဗွမ်း
ပင်လယ်ပြင်ထက်တွင် ဧရာမလှိုင်းလုံးများ ထကြွနေပြီး ခံညားထည်ဝါသော ပုဂ္ဂိုလ်များက လှိုင်းများအပေါ်၌ ရပ်နေကြသည်။ ကြယ်ဧကရာဇ်ချောင်၊ ပန်းဧကရီနှင့် ကြယ်ဧကရာဇ်ယန်တို့က တြိဂံပုံစံအနေအထားဖြင့် လှိုင်းလုံးများကို စီးလျက် အရှေ့မှ ဦးဆောင်နေပြီး ကျန်နတ်ဘုရားဆယ့်သုံးပါးက အနောက်မှ ပျံသန်းလိုက်ပါလာကြ၏။
နတ်ဘုရားဆယ့်ခြောက်ပါးက ဘုရင်ခွန်ကို ဖိနှိပ်ထားကြရာ ဘုရင်ခွန်၏လက်များ တဆတ်ဆတ် တုန်ရီလာပြီး ပင်လယ်အား ပင့်မြှောက်မထားနိုင်တော့ပေ။ သူ အော်ဟစ်ညည်းတွားနေရပြီး သူ့လက်မောင်းနှစ်ဖက်လုံး ဂျွတ်ခနဲ ကျိုးကြေသွားသည်။
တောင်ထိပ်များ ပင်လယ်ရေပြင်ထက်တွင် ပေါ်လာပြီး တောင်ထိပ်အသီးသီးအပေါ်၌ ရပ်နေကြသူများကို ဖော်ပြလိုက်၏။ ပင်လယ်တစ်စင်းက သူတို့၏ပတ်ပတ်လည်တွင် တအုန်းအုန်း ထကြွနေသည်။
ပင်လယ်သည် သိပ်မနက်၊ အလွန်ဆုံး ကိုက်သုံးရာကျော်သာ ရှိသည်။ ရွှမ့်ရှန်းဝူက လိပ်ခွံသင်္ဘောအသွင်ဖြင့် ရေအောက်၌ ခုတ်မောင်းနေသည်။ မြွေပျံကြီးနှင့် လိပ်နက်ကြီး၏ မျက်လုံးများက ရေပြင်ထက်ရှိ နတ်ဘုရားများကို ကြည့်ကာ အလစ်ဝင်တိုက်နိုင်မည့် အခွင့်အရေးအား စောင့်နေသည်။
ရွာလူကြီးက ကြယ်ဧကရာဇ်ချောင်၊ ပန်းဧကရီနှင့် ကြယ်ဧကရာဇ်ယန်တို့ကို ကြည့်လိုက်သည်။ “ကြယ်ဧကရာဇ်၊ ဒီရတနာတွေကို ဖွင့်လိုက်ရင် ဘာဖြစ်လာမှာလဲ မင်း သိပါတယ်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာက အပြစ်မဲ့တဲ့လူတွေကို မဖြစ်မနေ ရှင်းပစ်မှ ရမှာလား”
ကြယ်ဧကရာဇ်ချောင်က မှင်သေသေ ပြောသည်။ “အပြစ်တင်ချင်ရင် ကောင်းကင်နဲ့ မြေကြီးရဲ့ အတိုင်းအတာကို မသိတဲ့ မင်းတို့ကိုယ်မင်းတို့ အပြစ်တင်။ အထက်ကောင်းကင်ဘုံနဲ့ အပေါ်ကသူတွေ ဒေါသထွက်အောင် ရန်စခဲ့တာ မင်းတို့ပဲ။ ငါတို့ကို အပြစ်လာမတင်နဲ့။ လူသားဧကရာဇ်၊ ငါတို့က တာဝန်အတိုင်း လုပ်ဆောင်နေရုံသက်သက်ပဲ”
“ညှိနှိုင်းလို့ မရဘူးပေါ့”
ကြယ်ဧကရာဇ်ချောင် ခေါင်းယမ်းလိုက်သည်။ “ငါ အခုရှိနေတဲ့ လူတိုင်းကို မုန်းပေမယ့် သာမန်ပြည်သူတွေကိုတော့ မမုန်းဘူး။ ငါလည်း အခုလို မလုပ်ချင်ပေမယ့် ဧကရာဇ်ယန်ဖုန်း ကျောက်စိမ်းဧကရာဇ်ကို အမြှောက်နဲ့ ပစ်ချလိုက်ကတည်းက ညှိနှိုင်းစရာ မလိုတော့တာပဲ။ ဥပဒေနဲ့ လမ်းစဉ်တောင် ပြောင်းလဲသွားလို့....”
ရွှမ့်ရှန်းဝူက အချိန်ကို အသုံးချကာ ကြယ်ဧကရာဇ်ချောင်၏ အောက်သို့ ရောက်လာသည်။ မြွေပျံကြီး ပင်လယ်ထဲမှ လျှပ်တပြက် ခုန်ထွက်ကာ ရန်သူကို ရစ်ပတ်တုပ်နှောင်လိုက်သည်။ ထို့နောက် လိပ်နက်၏ သိုင်းကွက်က တစ်ဆက်တည်း လိုက်ပါလာပြီး ကြယ်ဧကရာဇ်ချောင်အား တစ်ချက်တည်း အသေသတ်ရန် ရည်ရွယ်နေသည်။
“... မျှော်လင့်ချက်ရော၊ ဆွေးနွေးစရာရော မရှိတော့ဘူး”
ကြယ်ဧကရာဇ်ချောင်က မြွေပျံကြီးကို ရစ်ပတ်ခွင့်ပေးလိုက်၍ လိပ်နက်က တိုက်ခိုက်လိုက်သည်။ သူ ထွက်လာသည့်အချိန်တွင် ပန်းဧကရီနှင့် ကြယ်ဧကရာဇ်ယန်က ပန်းတစ်ပွင့်နှင့် ပုလွေတစ်လက်ဖြင့် သူ့နားထင်တစ်ဖက်တစ်ချက်စီမှ ထိုးဖောက်ကာ သူ့ဦးနှောက်ကို ထိုးမွှေလိုက်သည်။
မြွေပျံကြီးက ခပ်စူးစူး တွန်လိုက်ပြီး လိပ်နက်ကို ကယ်ချင်သော်လည်း ကြယ်ဧကရာဇ်ချောင်၏ နတ်ဓားက မြွေကြီးကို အတုံးတုံးအတစ်တစ် ခုတ်ပိုင်းပစ်လိုက်သည်။ “ဒီမျိုးဆက်ရဲ့ သာမန်ပြည်သူအားလုံးကို ရှင်းပစ်မှပဲ အထက်ကသူတွေ စိတ်အေးလက်အေး နေရလိမ့်မယ်”
“ရွှမ့်ရှန်းဝူ” ဘုရင်ခွန်က အော်ဟစ်လိုက်ပြီး သူ့လက်ထဲရှိ ရွှေရောင်လှံက တောက်ပသောအလင်းတန်းများ ဖြန့်ကျက်ကာ ကြယ်ဧကရာဇ်ချောင်ဆီသို့ ထိုးစိုက်လိုက်သည်။ ထုရှင်းဖုန်းက အံတင်းတင်းကြိတ်၍ တူကြီးကို လွှဲပြီး ကြယ်ဧကရာဇ်ချောင်အနောက်ရှိ နတ်ဘုရားများအား တိုက်ခိုက်လိုက်၏။
သူတို့ လှုပ်ရှားလိုက်သည့်အတွက် ရွှေအ၊ မျက်ကန်း၊ မိစ္ဆာနတ်မင်းငါးဦးနှင့် ဘုရင်မရီလည်း လှုပ်ရှားရုံအပြင် မရှိတော့ပေ။ နတ်သက်ကြွေတောင်ကြောမှာ တမုဟုတ်ချင်း တဝုန်းဝုန်း တုန်ခါလာပြီး အားလုံး၏ ကောင်းကင်နတ်သိုင်းများကြောင့် များစွာနိမ့်ကျသွား၏။
ထိုအချိန်တွင် ကြယ်ပင်လယ်ထဲတွင် လင်းထိန်လာပြီး သံကြိုးများ တဂျောင်းဂျောင်း မြည်နေသည်။ နေလုံးကြီးတစ်လုံးက ကြယ်ပင်လယ်ချောက်နက်ထဲမှ ဖြည်းဖြည်းချင်း မြောက်တက်လာပြီး ပတ်ဝန်းကျင်ရှိ အမှောင်ထုကို တွန်းထုတ်ပစ်လိုက်သည်။