← Chapters

အပိုင်း (၃၇၂) – ပြန်ရိုက်ရန် ပြင်ဆင်ခြင်း

Vol. 004 Ch. 372

အပိုင်း (၃၇၂) – ပြန်ရိုက်ရန် ပြင်ဆင်ခြင်း

Vol. 004 Ch. 372

ရှီမာယူယူ အံ့သြသွားသည်။ ပညာရှိစံအိမ်တော်က သခင်ကြီးက သူ့ကို ခေါ်ဖို့ ကိုယ်တိုင်လာတယ် ဟုတ်လား။

အံ့ဖွယ်နတ်ဆိုးတောင်ကြားနှင့် ပညာရှိစံအိမ်တော်၏ ဆက်ဆံရေးမှာ သိပ်မအဆင်မပြေဘူးဆိုပါက ဘာလို့ ပညာရှိစံအိမ်တော်က သခင်ကြီးက ဘာလို့ ဝူလင်းယူကို သူ့ဘက်ကိုခေါ်တာလဲ။ သူသည် ပညာရှိ စံအိမ်တော်က မြင့်မြတ်သော သားတော်အဖြစ်ထားကာ တခြားအိမ်တော်၏ သခင်များထက်ပင် ရာထူးမြင့် သည်။ အထူးသဖြင့် သူသည် ဝူလင်းယူအား ကိုယ်တိုင်လာခေါ်ခြင်းကြောင့် သူသည်ထိုသခင်ကြီးအတွက် မည်မျှ အရေးကြီးကြောင်းကို ပြနေသည်။

ဘာကြောင့်လဲတော့ မသိပေ၊ သူမ လွတ်သွားသည့်အရာ ရှိသည်ဟု ခံစားရသည်။ သို့သော် သူမ အဖြေ မရသဖြင့် ထိုအကြောင်းကို သူမ စိတ်ထဲတွင်သာ သိမ်းထားလိုက်သည်။

“လကွေးမျိုးနွယ်ကလူတွေက အားလုံး အားပြီးကြပြီဆိုတော့ ဆက်သွားရအောင်” ရှီမာယူယူ ပြောလိုက် သည်။

“ငါတို့ တစ်နေရာတည်း သွားကြမှာလား” ဖက်တီးကျူ မေးလိုက်သည်။ ရှီမာယူယူသည် ကျောက်စိမ်း ထုတ်ကာ ကြည့်လိုက်သည်။ အနီစက်ရွေ့လျားနေသည်ကို မြင်သည်နှင့် ပြောလိုက်သည် “အစ်ကိုကြီးနဲ့ တခြား သူတွေကို အရင်သွားတွေ့ကြမယ်၊ သူတို့ကို တွေ့ပြီးမှ ဆုံးဖြတ်ကြတာပေါ့”

“သူတို့ထွက်လာပြီလာ” ရှီမာယူလီ မေးလိုက်သည်။ သူတို့ လှုပ်ရှားမှုအား စစ်ဆေးရန် ကျောက်စိမ်းတုံး ကို ထုတ်ကြည့်ချိန်စဉ်က ရှီမာယူလင်းတို့ဘက်မှ လှုပ်ရှားမှုမရှိသဖြင့် သူတို့ တစ်နေရာတွင် ပိတ်မိနေပြီဟု ထင်ထားခဲ့သည်။

“ဟုတ်တယ် သူတို့ လှုပ်ရှားနေကြပြီ” ရှီမာယူယူ ခေါင်းညိတ်သည်။ “လာခဲ့ သူတို့နဲ့ သွားတွေ့မယ်” သူတို့ အဖွဲ့သည် ဦးတည်ရာပြောင်းကာ ရှီမာယူလင်းနှင့် တခြားသောသူများ ရှိရာသို့ ပျံသွားလေသည်။ တစ်ဖက်တွင် လူတစ်စုသည် နေ့ရောညပါ အလောတကြီး သွားလေသည်။ ရက်အနည်းငယ်အကြာတွင် ရှီမာယူလင်း ကျောက်စိမ်းတုံးအား ထုတ်ကြည့်ရာ ရှီမာယူယူ နီးကပ်လာသည်ကို မြင်လိုက်ရသည်။

“ယူယူနဲ့ တခြားသူတွေ ငါတို့ရှိတဲ့ ဘက်ကိုလာနေတယ်” ရှီမာယူယန် ပြောလိုက်သည်။

“အဲဒါဆိုရင် ငါတို့ မကြာခင်တွေ့ရတော့မှာပေါ့” ရှီမာယူရှင်း ပြောလေသည် “လအတော်ကြာသွားပြီ ရှီမာယူယူနဲ့ တခြားသူတွေ ဘယ်လိုတွေ ပြောင်းသွားမလဲ သိချင်လိုက်တာ”

“ငါ့ ထိုးထွင်းမှုအရ အဲကောင်ကတော့ အဆင့်တွေ ကျော်သွားလောက်တယ်” ရှီမာယူယန် ပြောလိုက် သည်။

“တွေ့ရင် သိရမှာပေါ့” ရှီမာယူလင်းသည် ခန့်မှန်းရန် မကြိုးစားတော့ပဲ ရှီမာယူယူသည် ကြိုးစားသည်နှင့် ရတတ်သောကြောင့် သူမတွင် အနာဂတ်ကောင်းကောင်း ရှိသည်ကို ခံစားမိသည်။

ရက်အနည်းငယ်ကြာပြီးနောက်တွင် သူတို့နှစ်ဖွဲ့တွေ့ဆုံရာ အံဖွယ်နတ်ဆိုးတောင်ကြားမှ လူများနှင့် လကွေးမျိုးနွယ်ဝင်များသည် ရှီမာယူလင်းနှင့် ကျန်သာသူများကို တွေ့သောအခါ ရှီမာယူယူသည် သူတို့အားတွေ့ရန် ဘာလို့ အဝေးကြီးလာသည်ကိုသိချင်နေသည်။ သူတို့သည် ရှီမာယူယူခေါ်လာသော ဘက် သို့လိုက်လာရာ လူတစ်စုနှင့် တွေ့မည်ဟု မသိပဲ တိမ်တိုက်ဂူမှ လူများနှင့်တွေ့မည်ဟု ထင်ထားကြသည်။ သူတို့ အစီအစဉ်နှင့် ဆက်ဆံရေးကို သိမှပင် နားလည်သွားကြသည်။

“ညီလေး ၅”

“ယူယူ”

“အစ်ကိုကြီး”

သူတို့နှစ်ဖွဲ့တွေ့သောအခါ ပြောစရာများ ပြောမကုန်ပေ။ ရှီမာယူယူသည် အံ့ဖွယ်နတ်ဆိုးတောင်ကြား နှင့် လကွေးမျိုးနွယ်ဘက်မှ ထွက်သွားကာ ထိုအဖွဲ့နှင့် တွေ့ဆုံလေသည်။

“မင်း စံတင်ဝိညာဉ် အဖြစ်အဆင့်တက်သွားပြီပေါ့” ရှီမာယူလင်းသည် ရှီမာယူယူအား ကြည့်ကာ  ပြောလေသည်။

“မင်းလည်း အဆင့် ၄သူတော်စင်အဆင့် ဖြစ်သွားပြီပဲ” ရှီမာယူယူ ပြောလိုက်သည်။

“ဘာ မင်းက စံတင်ဝိညာဉ်ဖြစ်သွားပြီပဲ၊ မင်းက အရင်က အဆင့်၅ သူတော်စင်အဆင့် ဝိညာဉ်မလား” ရှီမာယူရှင်းသည် အံ့သြစွာ အော်လိုက်သဖြင့် သူ့နားမှလူများ၏ အာရုံသည် သူ့ဆီသို့ရောက်သွားကြလေသည်။

အံ့ဖွယ်နတ်ဆိုးတောင်ကြားသည် ထိုအကြောင်းကို သိပြီးဖြစ်၍ ဒုတိယအကြိမ်သိသောအခါ မအံ့သြတော့ပေ။ သို့သော် လကွေးမျိုးနွယ်လူများသည် တုန်လှုပ်ကာ တချို့အဖွဲ့ဝင်များသည် အံ့ဖွယ် နတ်ဆိုးတောင်ကြားမှ လူများကို အတည်ပြုမေးလေသည်။ သူတို့အဖြေရသောအခါ မိန်းမလှလေးများနှင့် အမျိုးသားများသည် အံ့သြကြသည်။ သူတို့အံ့သြမှုမှာ ထိုနေရာတွင် အဆုံးမသတ်ပေ… ၁၀လအတွင် းအဆင့် နှစ်ဆင့် သုံးဆင့်တက်သည်ဟု ရှီမာယူလင်းနှင့် တခြား သူများနှင့် ပြောသောစကားများ ကြားသောအခါ အံ့သြ ကြပြန်သည်။ ထိုကဲ့သို့ အရည်အချင်းရှိသူသည် ထိုနေရာတွင် ရှာရန် ခက်ခဲသည်ကို သူတို့အဖွဲ့သည် ထိုကဲ့သို့ အရည်အချင်း ထုတ်ပြနိုင်သည်။

“တကယ်ပဲ ငါတို့ သခင်လေးက သာမာန်တော့မဟုတ်ဘူး” ရှန်ရောင်သည် တစ်ခုခု စိတ်လှုပ်ရှား လာကာ ပြုံးလိုက်သည်။ တခြားသူများလည်း သဘောတူသည့်အနေနှင့် ခေါင်းညိတ်လိုက်သည်။

ရှီမာယူယူသည် သူတို့တုန့်ပြန်မှုကို ဂရုမစိုက်ပဲ သူတို့လမ်းခွဲသည့်အချိန်မှစ၍ ဖြစ်ပျက်ခဲ့သမျှကို ရှီမာယူလင်းအား မေးလိုက်သည်။ သူမသည် နှင်းဝံပုလွေ လေ့ကျင့်ရေးမြေပြင်တွင် ကျင့်ကြံခဲ့ရခြင်းနှင့် အခု လက်ရှိဖြစ်ပျက်နေသမျှကို ပြောပြလေသည်။

“မင်းတို့အားလုံး အဲလူတွေနဲ့ မတွေ့လို့တော်သေးတယ် မဟုတ်ရင် မြေခွေးအိုကြီးက ငါ့ကို ပြောလို့ ပြီးမှာ မဟုတ်တော့ဘူး” သူမ ပြောလိုက်သည်။

“ငါတို့ သူတို့နဲ့မတွေ့ပေမယ့် အဖွဲ့နှစ်ဖွဲ့ကြားက တိုက်ပွဲကြီးကို ကြုံလိုက်ရတယ်၊ အဲဒါ မင်းပြောတဲ့ တိုက်ပွဲပဲဖြစ်ရမယ်” ရှီမာယူယန် ပြောလိုက်သည်။ ထိုအချိန်က သူတို့သည် ဆက်သွားလျှင် အန္တရာယ်ရှိမည်ဟု ခံစားလိုက်ရသောကြောင့်  ပြန်လှည့်ကာ အဝေးသို့ သွားလေသည်။

ရှီမာယူယူသည် တစ်ဖက်အဖွဲ့၏ ထူးခြားသော အချက်များကို မေးပြီး ယွန်ရိနှင့် တခြားသူများကိုပါ မေး ခိုင်းလိုက်သည်။ အမှန်တကယ်ကိုပင် သူတို့တွေ့ခဲ့သော လူများသည် တိမ်တိုက်ဂူမှ လူများဖြစ်ကာ သူတို့တွင် လူအနည်းစုသာ ဖြစ်လေသည်။

“တိမ်တိုက်ဂူက ငါတို့ကို လိုက်နေတာတင်မကဘူး တခြားအဖွဲ့တွေကိုပါ အမြစ်ဖြတ်မလို့ ကြိုးစားနေ တာထင်တယ်” ရှောင်ရာ၏ စိတ်များလေးလံလာသည် “သူတို့အဲလောက် ယုံကြည်ချက်ရှိနေတာကို ကြည့်ရတာ သူတို့မှာ မြင့်မြတ်တဲ့သားတော်ရှိရင်ရှိ မဟုတ်ရင် သူတို့မှီခိုလို့ရမယ့် သူရှိနေတယ်ထင်တယ်”

“အဲနေရာ တစ်ယောက်ယောက်များဖြစ်နေမလား” ရှန်ရောင် ခန့်မှန်းလိုက်သည်။

“ငါတို့လည်း မသေချာဘူး၊ သူတို့က သဘောတူညီချက်မရှိပဲ ဒီကကိစ္စတွေကို ဝင်မပါတတ်ဘူး၊ ဒါပေမဲ့ အဲလိုဆိုရင်တောင် ငါတို့မသိနိုင်ဘူး” ရှောင်ရာ ပြောလိုက်သည်။

“အဲဒီကဟုတ်လား၊ ကမ္ဘာဦးနယ်မြေက တခြားတိုင်းပြည်ကြီးကလား” ရှီမာယူယူမေးလိုက်သည်။

“မဟုတ်ဘူး” ရှန်ရောင် ပြောလိုက်သည် “အဲဒီနေရာကလို့ ပြောရင် တိုင်းပြည်ထဲက တခြား နယ်မြေတစ်ခုပဲ၊ ငါတို့အကုန်လုံးက တိုင်းပြည်တစ်ခုထဲကပဲ”

“သြော်” ရှီမာယူယူ ပြောလိုက်သည် “အဲဒီက နယ်နိမိတ်တွေပိုင်းခြားထားပြီး စွမ်းအားတွေလည်း ကွဲသွားတာလား”

“ဟုတ်တယ်၊ ငါတို့နေတဲ့ ဒေသမှာဆိုရင် အပြင်ပိုင်းနယ်နိမိတ်၊ အလယ်ပိုင်း နယ်နမိတ်နဲ့ အတွင်းပိုင်း နယ်နိမိတ်ဆိုပြီးရှိတယ်၊ အပြင်ပိုင်း နယ်နိမိတ်က သာမာန်လူတွေရှိတယ်၊ ငါတို့အလယ်ပိုင်း နယ်နိမိတ်နဲ့ ငါတို့ ပြောတဲ့ ‘အဲနေရာ’  ဆိုတာက အတွင်းပိုင်း နယ်နိမိတ်ကို ရည်ညွှန်းတာ” ရှောင်ရာ ရှင်းပြလေသည်။

ရှီမာယူယူသည် သူမ ပြောသည်ကို နားလည်သွားသည်။ သူတို့လက်ရှိနေရာတွင် တခြားသော နယ်မြေ အပိုင်းအခြားများ ရှိသေးသည်။ ဒီကမ္ဘာသည် မည်မျှ ကြီးသည်ကို မေးချင်သော်လည်း သူမသည်တခြားသူများ ကို တုံးအသည်ဟု ပြောထားသဖြင့် ပါးစပ်ပိတ်နေလိုက်ရသည်။

“ငါတို့ ထွက်သွားဖို့ ၂လပဲလိုတော့တယ်၊ ငါတို့ ဒီ၂လအတွင်းကို ငါတို့ကို နှောင့်ယှက်တဲ့သူတွေ ကို နောင်တရအောင် အမိအရပြန်လုပ်ပေးရမယ်” ရှီမာယူယူ ပြောလိုက်သည်။ ထို့နောက်တွင် သူမသည် ရှန်ရောင်နှင့် တခြားသူများအား ကြည့်ကာ ပြောလိုက်သည် “မင်းတို့က အဲလူတွေကို ခြေရာခံဖို့ နည်းလမ်း ရှိတယ်မလား၊ သူတို့စွမ်းအားတွေကို ခြေရာမခံနိုင်ရင် အဓိကလူကို ကူရှာပေးပါ”

“ကောင်းပြီ” ရှန်ရောင် ခေါင်းညိတ်ကာ သူ့မျက်လုံးများသည် စိတ်လှုပ်ရှားမှုကြောင့် တောက်ပ နေလေ သည်။ သူတို့သည် နောက်ဆုံးတော့ ပြန်ပြီး တိုက်နိုင်တော့မည်။

နောက်တစ်လတွင် ပညာရှိစံအိမ်တော်နှင့် တိမ်တိုက်ဂူမှ လူများသည် အံ့ဖွယ်နတ်ဆိုး တောင်ကြား၏ ပျက်ဆီးခြင်းကို ခံရကာ ရှုံးနိမ့်သွားသည့် အကြောင်း ပျံ့နှံ့သွားလေသည်။ ထိုအဖြစ်အပျက်သည် ပညာရှိ စံအိမ်တော်နှင့် တိမ်တိုက်ဂူတို့အတွက် သွေးဆူသွားစေသည်။

နောက်တစ်နေ့တွင် အဖွဲ့များ၏ ကိုယ်စားလှယ်များသည် အပြင်တွင်စောင့်နေကြသော အစောင့်များကို ကြည့်ကာ အရေးတကြီးမေးလေသည် “မြင့်မြတ်သော သားတော် ဆွန်းရီထွက်လာပြီလား”

“မထွက်လာသေးဘူး” အစောင့် ပြန်ဖြေလိုက်သည် “မင်း ဒီလအတွင်းကို ထွက်လာတာ သုံးခါရှိပြီ၊ မပင်ပန်းဘူးလား မြင့်မြတ်သော သားတော်ထွက်လာရင် အကြောင်းကြားပေးပါမယ်၊ မင်းတို့ အခုတော့ သွားလိုက်ကြပါဦး”

All Chapters