← Chapters

မှော်ဝိညာဉ်သစ်သီး

Vol. 67 Ch. 921

မှော်ဝိညာဉ်သစ်သီး

Vol. 67 Ch. 921

ဝမ်ပေါင်လဲ့မှာ စကားမဆုံးနိုင်ခင်မှာပင် အခြားသူများနည်းတူ မျက်လုံးများ ပြူးသွားရ၏။ ထို့နောက် သူသည် မတ်တတ်ပင် ကောင်းကောင်းမရပ်နိုင်တော့သဖြင့် သူ၏ ဘေးတွင် ရှိနေသည့် ပလ္လင်အား လှမ်းကိုင်ထားလိုက်ရသည်။ သူ၏ အသက်ရှူသံများမှာလည်း မတည်မငြိမ် ဖြစ်လာပြီဖြစ်သလို သူ၏ အမြင်အာရုံများမှာလည်း မှုန်ဝါးဝါးဖြစ်နေ၏။ ထို့အပြင် သူသည် တစ်ခေါင်းလုံး မူးဝေသွားသလို ခံစားနေရသေးသည်။

" အဆိပ်ရှိတာလားဟ "

ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင်ကျိတ်၍ ငိုကြွေးမြည်တမ်းနေရတော့သည်။ သူသည် တစ်ကိုယ်လုံး တုန်ရီသွားပြီး သူ ခံစားနေရသည့် ဝေဒနာများအားလုံးမှာ သူ၏ဝိညာဉ်ပေါ်သို့ စုပြုံကျရောက်လာ၏။ ထိုအချိန်တွင် သူ၏ ဝိညာဉ်ထဲ၌ အခြားမည်သူမှ မကြားနိုင်သည့် အုန်းခနဲမြည်သံကြီးတစ်သံ ထွက်ပေါ်လာတော့သည်။

ထို အသံကြီးထွက်ပေါ်လာပြီးနောက် သူ၏ ဝိညာဉ်မှာ ပြန့်ကားသွား၏။ သို့ဖြစ်ရာ ၎င်းမှာ အားဆေးတစ်မျိုး ထိုးသွင်းခံလိုက်ရသဖြင့် ရုတ်ခြည်းဆိုသလို တက်ကြွလာသကဲ့သို့ပင်။ ထို့နောက် မျက်စိအတွင်းတွင် ၎င်းမှာ ပေါက်ကွဲသွားတော့သည်။

ဂြိုဟ်အဆင့်အောက်တွင် ရှိနေသည့် ကျင့်ကြံသူများ၏ ဝိညာဉ်များမှာ ပုံသဏ္ဍာန်အတိအကျမရှိဘဲ အပြင်ခန္ဓာကိုယ်ထဲ၌သာ ကိန်းအောင်းနေကြခြင်း ဖြစ်သည်။ ၎င်းမှာ ခန္ဓာကိုယ်ထဲရှိ နေရာအနှံ့အပြားတွင် ရှိနေသည်ဖြစ်ရာ ၎င်း၏ တည်နေရာအတိအကျကို သိရှိနိုင်ရန်မှာ မဖြစ်နိုင်ပေ။ သို့ဖြစ်ရာ အပြင်ခန္ဓာကိုယ်များမှာ ဝိညာဉ်များအတွက် ခိုအောင်းစရာနေရာတစ်ခုသာ ဖြစ်သည်ဟု အတိုင်းအတာတစ်ခုအထိ သတ်မှတ်နိုင်ပေသည်။

သို့သော် ယခုတွင်မူ သူစားလိုက်သည့် သစ်သီး အရည်ပျော်ကျသွားပြီး စုပ်ယူခံလိုက်ရသည်နှင့် ဝမ်ပေါင်လဲ့၏ နှလုံးသားထဲ၌ ထူးဆန်းသည့် ခံစားချက်တစ်မျိုး ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာတော့သည်။ သူသည် ထိုဝိညာဉ်အား အာရုံခံမိလိုက်သကဲ့သို့ ခံစားလိုက်ရခြင်းဖြစ်၏။ တစ်ချိန်ထဲမှာပင် သူ၏ ဝိညာဥ်ကိုယ်ပွားမှာ ထိုဝိညာဉ်အား ထိန်းသိမ်းပေးထားနိုင်စွမ်း မရှိတော့ပေ။

အဘယ်ကြောင့်ဆိုသော် ယခုတွင် သူ၏ဝိညာဉ်မှာ အားဖြည့်ခံလိုက်ရသဖြင့် မျက်စိတစ်မှိတ်အတွင်း ပေါက်ထွက်သွားတော့မည့် အနေအထားသို့ ရောက်နေသောကြောင့်ပင်။ ၎င်းမှာ အလွန်အင်မတန်မှ အရွယ်အစား ကြီးမားလာသောကြောင့် သူ၏ ခန္ဓာကိုယ်ထဲ၌ မဆံ့တော့ပေ။

ထိုခံစားချက်ကြီးမှာ သူ ဝတ်ထားသည့် အဝတ်အစားများ ရုတ်ခြည်းဆိုသလို ကျုံ့ဝင်သွားသည့် ခံစားချက်နှင့် ဆင်တူပေသည်။ ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး ဖျစ်ညှစ်ခံလိုက်ရသကဲ့သို့ ခံစားနေရသဖြင့် နေမထိထိုင်မသာဖြစ်လာရတော့သည်။ အချိန်အတော်အတန် ကြာပြီးသွားသောအခါမှ သူသည် သူ့ကိုယ်သူ ပြန်လည်တည်ငြိမ်သွားအောင် ထိမ်းသိမ်းနိုင်လိုက်သည်။ သူသည် ပလ္လင်ကြီးအား ကိုင်ထားခြင်းမရှိတော့ဘဲ သူ၏ ညာဘက်လက်ကို မြှောက်ရန် ကြိုးစားလိုက်၏...

သူသည် ထိုသို့ လက်မြှောက်ရန် တွေးလိုက်သည်နှင့် သူ၏ ညာဘက်လက်အား ချက်ချင်း မြှောက်ပြီးသား ဖြစ်သွားပါသော်လည်း သူ၏ ခန္ဓာကိုယ်၏ တုံ့ပြန်မှုမှာ အနည်းငယ်ခန့် နှေးကွေးနေကြောင်း ခံစားလိုက်ရ၏။ သို့သော် ထိုသို့ဖြစ်နေရခြင်းမှာ သူ၏ ခန္ဓာကိုယ် နှေးကွေးနေခြင်းကြောင့်မဟုတ်ဘဲ သူ၏ ဝိညာဉ် ပိုအစွမ်းထက်လာသဖြင့် သူ၏ အသိစိတ်၏ တုံ့ပြန်နိုင်စွမ်းမှာလည်း မြန်ဆန်လာရခြင်းကြောင့် ဖြစ်ပေသည်။

" ဒီ သစ်သီးက... ကောင်းလှပါလား " ဝမ်ပေါင်လဲ့မှာ ထိုအချက်အား သတိထားမိလိုက်သည်နှင့် ဝမ်းမြောက်ဝမ်းသာဖြစ်သွားရ၏။ ဝမ်ပေါင်လဲ့မှာ ဂြိုဟ်အဆင့်သို့ တက်လှမ်းသည့် လုပ်ငန်းစဉ်၏ အောင်မြင်နိုင်ခြေ ရာခိုင်နှုန်းသည် လူတစ်ယောက်၏ ဝိညာဉ်နှင့် သက်ဆိုင်မှုမရှိဟု ထင်မှတ်ထားခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဤကမ္ဘာကြီးထဲတွင် ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူများ၏ ဝိညာဉ်များကို ပေါက်ကွဲပြန့်ကားသွားနိုင်အောင် ကူညီပေးနိုင်သည့် အရာ များများစားစား မရှိသောကြောင့်ပင်။ သို့သော် အမှန်တကယ်တွင်မူ လူတစ်ယောက်၏ ဝိညာဉ်နှင့် ဂြိုဟ်အဆင့်သို့ ဖောက်ထွက်သည့် လုပ်ငန်းစဉ်မှာ အများကြီး ဆက်နွှယ်နေသည်။

သို့ဖြစ်ရာ ဤသစ်သီးမှာ သူ၏ အောင်မြင်နိုင်ခြေ ရာခိုင်နှုန်းအား ငါးဆယ်ရာခိုင်နှုန်းကျော် မြှင့်တင်ပေးနိုင်ခဲ့သည်ဟု ဆိုနိုင်ပေသည်။ ဝမ်ပေါင်လဲ့မှာ သမားတော်တစ်ယောက် မဟုတ်သောကြောင့် ၎င်း၏ အခြား အကျိုးကျေးဇူးများကိုမူ အတိအကျ မသိသေးပေ။

သို့သော် ရေးကြီးခွင်ကျယ်တော့မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် မျက်နှာဖုံးတပ်ထားသည့် အမျိုးသမီးမှာ သူ့အား ရှင်းပြလိုက်သောကြောင့်ပင်။

" အဲဒီ သစ်သီးကို ဝိညာဉ်သစ်သီးလို့ ခေါ်တယ်။ အဲဒီ သစ်သီးတွေက ကြယ်သုဿာန်ထဲမှာပဲ ပေါက်တာမလို့ ပြင်ပကမ္ဘာထဲမှာ များများစားစားမရှိဘူး။ ဒါပေမဲ့ အဆုံးမဲ့တာအိုနယ်မြေထဲမှာရှိတဲ့ ထူးဆန်းအံ့ဖွယ် သစ်သီးတွေထဲမှာဆိုရင် ဒီသစ်သီးက ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို ဂြိုဟ်အဆင့်အထိ ဖောက်ထွက်နိုင်အောင် ကူညီပေးနိုင်တဲ့နေရာမှာ နံပါတ်တစ်ပဲ "

" ဒီသစ်သီးရဲ့ အဓိက အကျိုးကျေးဇူးက ကျင့်ကြံသူတွေရဲ့ ဝိညာဉ်ကို အမြင့်ဆုံးအဆင့်အထိရောက်အောင် အားဖြည့်ပေးတာဆိုပေမဲ့ နောက်ထပ် လျှို့ဝှက်အကျိုးကျေးဇူးတစ်ခုလည်း ရှိသေးတယ်။ အဲတာက... အင်မော်တယ်ဂြိုဟ်တွေတင် မကဘဲ အထူးဂြိုဟ်တွေနဲ့ ပေါင်းစည်းနိုင်ခြေကို မြှင့်တင်ပေးတာပဲ "

မျက်နှာဖုံးတပ်ထားသည့် အမျိုးသမီးမှာ ဖြည်းဖြည်းချင်း ရှင်းပြလိုက်၏။ ဝမ်ပေါင်လဲ့မှာ သူမ၏ စကားများကို ကြားလိုက်ရသောအခါ တစ်ကိုယ်လုံး တုန်ရီသွားရ၏။ ထို့နောက် သူသည် တွေဝေတုံ့ဆိုင်းမနေဘဲ နောက်ထပ်သစ်သီးတစ်လုံးအား လှမ်းယူလိုက်တော့သည်။ အခြားသူများမှာမူ ထိုအကြောင်းများကို သိထားပြီးသား ဖြစ်ပါသော်လည်း အံ့ဩတုန်လှုပ်သွားကြရဆဲပင်။

သူတို့မှာ မျက်နှာဖုံးတပ်ထားသည့် အမျိုးသမီးပြောလိုက်သည့် စကားများကြောင့် အံ့ဩတုန်လှုပ်သွားရခြင်း မဟုတ်ဘဲ ဆွံ့အမှင်တက်နေခဲ့ရာမှ သတိပြန်လည်လာသဖြင့် အံ့ဩတုန်လှုပ်သွားရခြင်း ဖြစ်သည်။ ထို့ကြောင့် ယခုတွင် သူတို့မှာ အုတ်အော်သောင်းနင်း ဖြစ်သွားကြတော့သည်။

" ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ရတာလဲ "

" သူက အဲဒီသစ်သီးတွေကို တကယ် ယူနိုင်ခဲ့တာပါလား... သမိုင်းတစ်လျှောက်မှာ အဆုံးမဲ့မျိုးနွယ်စုရဲ့ နံပါတ်သုံး တော်ဝင်မင်းသားပဲ အဲဒီလို ယူနိုင်ခဲ့တာလေ။ ဒီ သစ်သီးက... တောက်ကွာ။ ဘာလို့ ကြယ်ကြွေသံတမန်ကြီးက သူ့ကို မတားခဲ့ရတာလဲ "

သူတို့၏ စကားသံများကြောင့် တိတ်ဆိတ်ငြိမ်သက်နေခဲ့သည် ဝိညာဉ်လှေကြီးမှာ ဆူညံပွက်လောရိုက်သွား၏။ လှေပေါ်တွင် ရှိနေသည့် ပါရမီရှင်တစ်ဝက်ကျော်မှာဆိုလျှင် မတ်တတ်များ ထလာကြပြီ ဖြစ်သည်။ သူတို့မှာ ရူးသွပ်လုမတတ် ခံစားနေကြရပြီး ဝမ်ပေါင်လဲ့အား မနာလိုသည့် မျက်တန်းများဖြင့် စိုက်ကြည့်နေကြ၏။

ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ သူတို့၏ရှေ့၌ နောက်ထပ် သစ်သီးတစ်လုံးအား ကောက်ယူကာ စားပြလိုက်သဖြင့် သူတို့အားလုံးမှာ အရူးတစ်ပိုင်း ဖြစ်သွားကြတော့သည်။

" အဖိုးတန်ရတနာတွေကို ဖြုန်းတီးပစ်နေတဲ့ကောင်။ ရှဲ့တလု... တော်တော့။ အဲဒီ သစ်သီးကို ဒီအတိုင်း စားလို့မရဘူးကွ "

" ကျင့်ကြံသူတစ်ယောက်အတွက် ဝိညာဉ်သစ်သီး တစ်လုံးဆို လုံလောက်ပြီကွ။ တစ်လုံးထက် ပိုစားလို့ ဘာမှအကျိုးမရှိဘူး "

ဘေးပတ်ပတ်လည်မှ ပါရမီရှင်များမှာ တစ်ယောက်တစ်ပေါက် အော်ပြောလိုက်ကြ၏။ ထိုအခါ ဝမ်ပေါင်လဲ့မှာလည်း သူ စားလိုက်သည့် ဒုတိယမြောက် သစ်သီးမှာ အာနိသင် လုံးဝမရှိကြောင်း ခံစားလိုက်ရသည်။ သို့သော်ငြားလည်း ထိုသစ်သီးမှာ အရသာ မဆိုးပေ။ ထို့ကြောင့် သူသည် ချောင်းဟန့်လိုက်ပြီးနောက် လူတိုင်း၏ ရှေ့တွင် တတိယမြောက်သစ်သီးအား ကောက်ယူလိုက်ပြန်သည်။ ယခုအကြိမ်တွင်မူ သူသည် ၎င်းအား ဖြည်းဖြည်းချင်း စားပြလိုက်၏။

ထိုမြင်ကွင်းကြောင့် လူတိုင်းမှာ ရူးခါသွားရတော့သည်။ အထူးသဖြင့် လီလင်းကျစ်မှာဆိုလျှင် မျက်လုံးများနီမြန်းလာရ၏။ သူသည် ဝမ်ပေါင်လဲ့မှာ ထို သစ်‌သီးအား စားနိုင်သွားလိမ့်မည်ဟု လုံးဝထင်မှတ်မထားခဲ့ပေ။ သို့သော် သူသည် တစ်ခုခုမှာ လွဲနေကြောင်း ခံစားနေရ၏။

" မဟုတ်မှလွဲရော... ဒုတိယအကြိမ် ကြိုးစားကြည့်ရင် ကြယ်ကြွေသံတမန်ကြီးက မတားဘဲ စားခွင့်ပြုတာများလား " သူသည် ထို ယူဆချက်မှာ အဓိပ္ပါယ် လုံးဝမရှိကြောင်း သိနေသည့်တိုင်အောင် နှလုံးသားထဲ၌ လောဘစိတ်များ ကြီးထွားလာရသဖြင့် အံကြိတ်ကာ ဝမ်ပေါင်လဲ့ရှိနေသည့် ပလ္လင်ကြီးဆီသို့ ပြေးသွားလိုက်တော့သည်။

သူနှင့်အတူ ရှေ့သို့ပြေးထွက်လာသည့် အခြား ပါရမီရှင်အနည်းငယ်လည်း ရှိနေသေးသည်။ သူတို့မှာလည်း လီလင်းကျစ်ကဲ့သို့ တွေးနေကြခြင်းဖြစ်၏။ သူတို့မှာ အလွန်အင်မတန်မှ မြန်ဆန်သောကြောင့် ပလ္လင်ကြီး၏ အနီးသို့ ချက်ချင်းရောက်ရှိလာကြသည်။ ထို့နောက် သူတို့အားလုံး ပလ္လင်ပေါ်သို့တက်ရန် ပြင်လိုက်စဉ်မှာပင် လှေလှော်နေသည့် လူပုံစံစက္ကူရုပ်ကြီးမှာ ၎င်း၏ ညာဘက်လက်ကို မြှောက်ကာ ဝှေ့ယမ်းလိုက်သဖြင့် ပထမဆုံးအကြိမ်တုန်းက ဝမ်ပေါင်လဲ့အား တားဆီးခဲ့သည့် အားကောင်းသော စွမ်းအားတစ်မျိုး ထွက်ပေါ်လာတော့သည်။ ထိုစွမ်းအားမှာ ထို ပါရမီရှင်များအားလုံးကို တားဆီးကာ နောက်သို့ အားပါပါ တွန်းထုတ်လိုက်၏။

ထို့ကြောင့် အုန်းခနဲ မြည်သံကြီးတစ်သံ ထွက်ပေါ်လာကာ လီလင်းကျစ်နှင့် အခြားသူများမှာ တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွားကြပြီး နောက်သို့ အလျင်အမြန်ဆုတ်ခွာသွားရတော့သည်။ သူတို့ထဲမှ တစ်ယောက်မှာဆိုလျှင် ပါးစပ်ထဲမှ သွေးများပင် စီးကျလာရ၏။ အခြားသူများမှာ ထိုကဲ့သို့ နောက်သို့ ထွက်ပြေးဆုတ်ခွာလာရသည့် ပါရမီရှင်များကို မြင်လိုက်ရသောအခါ ပင့်သက်များရှိုက်မိသွားကြပြီး သွေးရူးသွေးတန်း ဖြစ်နေကြရာမှ အနည်းငယ်ခန့် သတိပြန်ကပ်သွားကြ၏။

" အဲ... လှေပေါ်မှာ ကျပ်မပြည့်တဲ့လူတစ်ယောက် ပါလာလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး။ လီလင်းကျစ်၊ သမိုင်းတစ်လျှောက်လုံးမှာ ကြယ်ကြွေလှေပေါ်က ဝိညာဉ်သစ်သီးကို ရယူပိုင်ဆိုင်ဖူးတဲ့လူ နှစ်ယောက်ပဲ ရှိတယ်ဆိုတာ မင်း မသိဘူးလား။ ဘာလဲ။ မင်းက တတိယမြောက်လူ ဖြစ်ချင်နေတာလားကွ " ဝမ်ပေါင်လဲ့မှာ တတိယမြောက်သစ်သီးအား ကုန်အောင်စားလိုက်ပြီးနောက် စတုတ္ထမြောက်သစ်သီးအား လှမ်းယူကာ အထင်မြင်သေးသည့် လေသံဖြင့် လီလင်းကျစ် သူ့အား ပြောခဲ့သည့် စကားများအတိုင်း တထေရာတည်း ပြန်ပြောလိုက်၏။

" မင်း " ထိုအခါ လီလင်းကျစ်မှာ မျက်စိမျက်နှာ ပျက်သွားရ၏။ သို့သော် သူသည် ခေါင်းမာသည့် လူတစ်ယောက်ဖြစ်ရာ နောက်ထပ်တစ်ကြိမ်ထပ်၍ ကြိုးစားပါက အောင်မြင်နိုင်လိမ့်မည်ဟု ယုံကြည်နေသည့်ပုံပင်။ ထို့ကြောင့် သူသည် သူ၏ ခန္ဓာကိုယ်အား လှစ်ခနဲလှုပ်ရှားကာ ပလ္လင်းကြီးဆီသို့ နောက်ထပ်တစ်ကြိမ် ထပ်ပြေးလာတော့သည်။

" မင်း နောက်တစ်ခေါက် ထပ်ပြီးတော့ ကြိုးစားဦးမလို့လား။ လီလင်းကျစ်။ ငါ မင်းရဲ့ သတ္တိကိုတော့ လေးစားပါတယ်။ ကြိုးစားလိုက်ဦးကွာ " ဝမ်ပေါင်လဲ့မှာ ပြုံးကာ ထိုသို့ဆိုလိုက်ပြီးနောက် ပဉ္စမမြောက်သစ်သီးအား လှမ်းယူလိုက်ပြန်သည်။ ယခုအကြိမ်တွင်မူ သူသည် ၎င်းအား ချက်ချင်းစားသုံးခဲ့ခြင်း မရှိဘဲ လေထဲတွင်မြှောက်ကာ ကစားပြနေလိုက်သည်။ ထို့နောက် သူသည် သူ့ဆီသို့ ပြေးလာနေသည့် လီလင်းကျစ်အား စိုက်ကြည့်နေလိုက်၏။ လီလင်းကျစ် ပလ္လင်ကြီး၏ အနီးသို့ ရောက်ရှိလာသည်နှင့် လူပုံစံစက္ကူရုပ်မှာ ၎င်း၏လက်အား ဝှေ့ယမ်းကာ သူ့အား ထပ်၍ တားဆီးလိုက်သဖြင့် သူသည်လည်း နောက်သို့ နောက်ထပ်တစ်ကြိမ် ထပ်၍ လွင့်ထွက်သွားရပြန်သည်။

ယခုအကြိမ်တွင်မူ ထို လူပုံစံစက္ကူရုပ်ကြီးမှာ အပြစ်ပေးချင်သည့် ပုံစံပင် ပေါက်နေ၏။ သူ ထုတ်လွှတ်လိုက်သည့် တွန်းကန်အားမှာ ယခင်အကြိမ်တုန်းကထက် ပို၍အားကောင်းနေသဖြင့် လီလင်းကျစ်မှာ ပါးစပ်ထဲမှ သွေးများ အန်ထွက်လာရ၏။ ထို့ကြောင့် သူသည် ဒယိမ်းဒယိုင်နှင့် နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဆုတ်ခွာသွားလိုက်ရပြီး မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်သွားရတော့သည်။ သို့သော် သူသည် မကျေမချမ်းဖြစ်ကာ အမျက်ချောင်းချောင်းထွက်နေသည့် မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေဆဲပင်။

သူသည် မခံမရပ်နိုင်လောက်အောင် ဖြစ်နေရပါသော်လည်း ဘာမှမတတ်နိုင်‌ဘဲ လူများမှာ တစ်ယောက်နှင့်တစ်ယောက် မတူကြောင်း လက်ခံလိုက်ရ၏။ ကြယ်ကြွေသံတမန်ကြီးမှာ ဘက်လိုက်နေခြင်းဖြစ်ကြောင်း လှေပေါ်ရှိ ပါရမီရှင်များအားလုံးက သိကြပေသည်။ ထို့ကြောင့် သူတို့မှာ ဝမ်ပေါင်လဲ့ လှေပေါ်သို့ ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိလာခဲ့စဉ်တုန်းက ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်သွားခဲ့သည့် အချိန်အထိ ‌လှေလှော်နေခဲ့သည့် မြင်ကွင်းအား ပြန်၍သတိရသွားတော့သည်။

" သူက ဘယ်လိုအခွင့်အရေးမျိုးတွေကို ပိုင်ဆိုင်ထားတာမလို့လဲ "

" တော်တော်ကို တရားလွန်တယ်ကွာ "

" သူက သူ့ကို ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်နိုင်အောင် ကူညီပေးခဲ့တဲ့အပြင် လှေပေါ်ကို တက်နိုင်အောင်လည်း ကူညီပေးခဲ့သေးတာ။ ပြီးတော့ သူ တခြားလူတစ်ယောက်ကို တိုက်ခိုက်ခဲ့ပြီးတော့ သူ့ရဲ့ ဝင်ခွင့်နေရာကို လုယူခဲ့တာကိုလည်း သူက လျစ်လျူရှုထားပေးခဲ့သေးတာ။ အခုလည်း သူက သူ့ကို ဝိညာဉ်သစ်သီးတွေ စိတ်ကြိုက်စားခွင့် ပေးနေပြန်ပြီ။ မဟုတ်မှလွဲရော... ဒီ ရှဲ့တလုဆိုတဲ့ကောင်က ကြယ်သုဿာန်ထဲကများ ဖြစ်နေတာလား "

လူတိုင်းမှာ မမျှမတ ဆက်ဆံခံနေရသောကြောင့် ကြံရာမရ ဖြစ်နေရတော့သည်။ သူတို့မှာ ဝမ်ပေါင်လဲ့ ပဉ္စမမြောက်သစ်သီးအား ကုန်အောင်စားလိုက်ပြီးနောက် ဆဋ္ဌ‌မမြောက်သစ်သီးအား လှမ်းယူလိုက်သည့် မြင်ကွင်းကို လက်ပိုက်ကြည့်ရင်း စိတ်ကို တည်ငြိမ်အောင်ထားနိုင်ရန် မနည်းကြိုးစားလိုက်ရ၏။ ထိုသို့ဖြင့် သူတို့အားလုံး ဦးနှောက်ခြောက်နေကြစဉ် ဝမ်ပေါင်လဲ့အား ထိုသစ်သီး၏ အကျိုးကျေးဇူးများကို ရှင်းပြခဲ့သည့် မျက်နှာဖုံးနှင့် အမျိုးသမီးမှာ ရုတ်တရက်ဆိုသလို ကမ်းလှမ်းလိုက်တော့သည်။

" တာအိုရောင်းရင်းရှဲ့။ ကျွန်မ အဲဒီ သစ်သီးတစ်လုံးအတွက် သလင်းကျောက်နီ အတုံးသုံးသန်း ပေးပါ့မယ်။ အဆင်ပြေရဲ့လား "

" ဘယ်လောက်.... " ဝမ်ပေါင်လဲ့မှာ သူ၏ လက်ထဲမှ သစ်သီးအား တစ်ကိုက်ကိုက်ရန် ပြင်နေစဉ်မှာပင် သူမ၏စကားကို ကြားလိုက်ရသဖြင့် မျက်လုံးများ ပြူးသွားရပြီး ပါးစပ်အဟောင်းသား ဖြစ်သွားရတော့သည်။ ထို့နောက် သူသည် ထိုသစ်သီးအား ဆက်မကိုက်တော့ဘဲ ထို အမျိုးသမီးအား စိုက်ကြည့်လိုက်၏။

" သလင်းကျောက်နီ အတုံးသုံးသန်းပါ။ ဒါ ရှဲ့မိသားစုရဲ့ သလင်းကျောက်နီကတ်ပြားပဲ။ ရှင်က ရှဲ့မိသားစုထဲကဆိုတော့ သိမှာပါ။ ဒီကတ်ပြားထဲမှာ သလင်းကျောက်နီ အတုံးသုံးသန်း ပါတယ် " မျက်နှာဖုံးနှင့် အမျိုးသမီးမှာ ထိုသို့ ဆိုလိုက်ပြီးနောက် အနီရောင်ကျောက်စိမ်းတံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်၏။ ထို့နောက် သူမသည် ၎င်းအား ဝမ်ပေါင်လဲ့ဆီသို့ လှမ်းပစ်ပေးလိုက်သည်။

ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ကြားလိုက်ရသည်နှင့် ပင့်သက်ရှိုက်မိသွားပြီး သူ၏လက်ကို မြှောက်ကာ ထိုကျောက်စိမ်းတံဆိပ်ပြားအား လှမ်းယူလိုက်၏။ သူသည် ၎င်းအား အသုံးမပြုဖူးပါသော်လည်း ရှဲ့မိသားစု၏ ဈေးထဲတွင် ရှိနေခဲ့စဉ်တုန်းက လူတစ်ယောက် ထိုကဲ့သို့သော တံဆိပ်ပြားမျိုးအား ထုတ်သုံးခဲ့သည်ကို မြင်ဖူးခဲ့သည်။ ထိုစဉ်တုန်းက ထိုကတ်ပြားထဲမှ ကိန်းဂဏန်းများမှာ ယခုလောက်အထိ ကြီးမားနေခဲ့ခြင်းတော့ မရှိပေ။

ထို့ကြောင့် သူသည် ရင်ခုန်နှုန်းများ မြန်ဆန်လာရပြီး လက်ထဲရှိ သူ၏ သွားရာများ ထင်နေသော သစ်သီးအား ငုံ့ကြည့်မိလိုက်ပြီးနောက် ပလ္လင်ပေါ်တွင် နောက်ဆုံးကျန်နေခဲ့သည့် တစ်လုံးတည်းသော သစ်သီးအား လှမ်းကြည့်မိလိုက်၏။ ထိုအခါ သူသည် ရုတ်တရက်ဆိုသလို နောင်တကြီးစွာ ရသွားတော့သည်။

" ဘုရားရေ။ ငါ သလင်းကျောက်နီ ဘယ်နှတုံးလောက်တောင် စားမိသွားတာလဲ။ အတုံး ဆယ့်ငါးသန်းတောင်ပါလား.... ငါ...ငါ အစောကြီးကတည်းက ရောင်းခဲ့ရမှာကွာ "

All Chapters