← Chapters

လျှပ်စီး အပြစ်ဒဏ်

Vol. 67 Ch. 922

လျှပ်စီး အပြစ်ဒဏ်

Vol. 67 Ch. 922

ဝမ်ပေါင်လဲ့တစ်ယောက် သူ ဆုံးရှုံးလိုက်ရသည့် သလင်းကျောက်နီ အတုံးဆယ့်ငါးသန်းအတွက် နောင်တများရနေစဉ် လှေကြီးပေါ်ရှိ အခြား ပါရမီရှင်များမှာ မျက်ဝန်းများ အရောင်လက်သွားကြ၏။ ထို့နောက် သူတို့မှာလည်း စတင်ကမ်းလှမ်းလိုက်ကြတော့သည်။

" ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်း။ ကျွန်တော်လည်း သလင်းကျောက်နီ အတုံးသုံးသန်းနဲ့ မှော်ဝိညာဉ်သစ်သီးတစ်လုံး ဝယ်ချင်ပါတယ် "

" တာအိုရောင်းရင်းခဗျား။ ကျွန်တော် သလင်းကျောက်နီ အတုံး သုံးသန်းခွဲအထိ ပေးပါ့မယ်။ ဒီသစ်သီးက ပထမဆုံးတစ်လုံးပဲ အာနိသင်ရှိတာပါ။ နောက်ထပ် ထပ်စားလို့ ဘာမှအကျိုးမရှိပါဘူး။ ပြီးတော့ တာအိုရောင်းရင်း အများကြီးစားပြီးသွားပြီလေ။ ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကို ရောင်းပါ "

" ကျွ‌န်တော် လေးသန်းပေးမယ် တာအိုရောင်းရင်း။ ကျွန်တော်ပေးတဲ့ ဈေးက တော်တော်ကို များနေပြီနော်။ လောလောဆယ် ကျွန်တော့်ဆီမှာ သလင်းကျောက်နီ အလုံအလောက်မရှိလို့ ကျွန်တော့်ရဲ့ ဓမ္မအဆောင်ပစ္စည်းကို အလိုက်ပေးမယ် "

ဝမ်ပေါင်လဲ့မှာ သူတို့၏စကားများကို နားထောင်ရင်း ပို၍ပင် နောင်တရလာရတော့သည်။ သူသည် သက်ပြင်းချလိုက်ပြီးနောက် မျက်လုံးများမှေးသွား၏။ သလင်းကျောက်နီ အတုံးလေးသန်းအထိ ကမ်းလှမ်းနေသည် ကမ်းလှမ်းနေသည့် လူတစ်ယောက်ရှိပါသော်လည်း မျက်နှာဖုံးနှင့် အမျိုးသမီး၏ အမူအရာမှာ အေးစက်နေဆဲဖြစ်ကြောင်း ဝမ်ပေါင်လဲ့က သတိထားမိလိုက်သည်။ သို့သော် သူမသည် သူ့အား ရန်စခဲ့သည့် လူများထဲတွင် မပါပေ။ ထို့ကြောင့် သူသည် သူမအပေါ် အမြင်ကြည်နေ၏။

" သလင်းကျောက်နီအတုံး လေးသန်းဖြစ်ဖြစ်၊ သုံးသန်းဖြစ်ဖြစ် ငါ့အတွက်တော့ အများကြီးပဲ။ အရမ်းကြီး လောဘကြီးနေစရာ မလိုပါဘူး " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးလိုက်ပြီးနောက် မျက်ဝန်းများ ထူးဆန်းစွာတောက်ပသွား၏။ ထို့နောက် သူသည် သူ၏ ညာဘက်လက်ကို မြှောက်ကာ ဝှေ့ယမ်းလိုက်ပြီး ပလ္လင်ကြီးပေါ်တွင် ကျန်ရှိနေသေးသည့် မှော်ဝိညာဉ်သစ်သီးအား လှမ်းယူ၍ မျက်နှာဖုံးတပ်ထားသည့် အမျိုးသမီးဆီသို့ လှမ်းပစ်ပေးလိုက်တော့သည်။ ထို့အပြင် သူသည် အခြားသူများ နားလည်မှုလွဲသွားမည် စိုးသောကြောင့် ချက်ချင်း ကြေညာလိုက်၏။

" ဦးသူရ စနစ်ပဲ။ ငါက ရှဲ့မိသားစုကမလို့ လိုက်နာရမယ့် စည်းမျဉ်းစည်ကမ်းတွေ ရှိပြီးသား "

ဝမ်ပေါင်လဲ့ ထို မှော်ဝိညာဉ်သစ်သီးအား လှမ်းပစ်ပေးလိုက်ပြီး ထိုသို့ဆိုလိုက်သည်နှင့် မျက်နှာဖုံးနှင့် အမျိုးသမီး၏ ခန္ဓာကိုယ်မှာ ချက်ချင်းဆိုသလိုပင် မှုန်ဝါးဝါးဖြစ်သွား၏။ ထို့နောက် မည်သူမှ ငြင်းခုံနိုင်စွမ်းမရှိခင်မှာပင် သူမသည် ပလ္လင်ကြီး၏ ရှေ့၌ ပေါ်ပေါက်လာပြီး သူမ၏ ညာဘက်လက်ကို မြှောက်ကာ ထို မှော်ဝိညာဉ်သစ်သီးအား လှမ်းယူလိုက်တော့သည်။

သူမသည် ထို သစ်သီးအား ရရှိပိုင်ဆိုင်သွားသောအခါ ခေါင်းမော့လာပြီး ဝမ်ပေါင်လဲ့အား အဓိပ္ပါယ်ပါပါ ကြည့်လိုက်၏။ သူမ၏ အကြည့်မှာ ယခင်ကလောက် အေးစက်နေခြင်းမရှိတော့ပေ။ ထို့နောက် သူမသည် အသာအယာ ခေါင်းညိတ်ပြလိုက်ပြီးနောက် သူမ တရားထိုင်နေခဲ့သည့် နေရာဆီသို့ ပြန်သွားလိုက်ပြီး ဘေးပတ်ပတ်လည်ရှိ ပါရမီရှင်များ၏ လောဘတက်နေသည့် အကြည့်များကို လျစ်လျူရှုကာ ထိုသစ်သီးအား မျိုချ‌လိုက်တော့သည်။

" အားလုံး။ ငါက ငါရဲ့လက်ထဲက မှော်ဝိညာဉ်သစ်သီးကို တစ်ချက် ကိုက်မိခဲ့တာမလို့ နည်းနည်းလေးတော့ အရာထင်နေပြီ။ တကယ်လို့ မင်းတို့အတွက် ပြဿနာမရှိဘူးဆိုရင်တော့... ဒီ နောက်ဆုံး သစ်သီးကို လေလံတင်ကြတာပေါ့။ လေလံကြေး အများဆုံးပေးနိုင်တဲ့သူကို ရောင်းမယ် " ဝမ်ပေါင်လဲ့မှာ လှေပေါ်ရှိ လူတိုင်း သူ့အား ပြန်၍ သတိထားမိသွားစေရန် ‌ချောင်းဟန့်လိုက်ပြီးနောက် သူ၏သွားရာ ထင်နေသည့် မှော်ဝိညာဉ်သစ်သီးအား မြှောက်ပြကာ မျှော်လင့်တကြီးဖြင့် ကြေညာလိုက်၏။

ထိုအခါ အခြားသူများမှာ သူ၏လက်ထဲမှ မှော်ဝိညာဉ်သစ်သီးအား စိုက်ကြည့်လိုက်ကြသည်။ ၎င်းပေါ်တွင် သွားရာများ ထင်နေသည်ကို အထင်အရှား မြင်နေရသည့်တိုင်အောင် ဘေးပတ်ပတ်လည်ရှိ ပါရမီရှင်များ၏ မျက်ဝန်းများထဲတွင် လောဘမီးတောက်များ တောက်လောင်လာရဆဲပင်။ ထို့ကြောင့် သူတို့မှာ တစ်ခဏမျှ ငြိမ်ကျသွားပြီးနောက် တစ်ယောက်တစ်ပေါက် လေလံဆွဲနေကြသည့် အသံများ အဆက်မပြတ် ထွက်ပေါ်လာတော့သည်။

ထို့ကြောင့် လေလံဈေးမှာ ချက်ချင်းဆိုသလိုပင် သုံးသန်းမှ ငါးသန်းအထိ ထိုးတက်သွား၏။ ဝမ်ပေါင်လဲ့မှာလည်း အလွန်အင်မတန်မှ အံ့ဩတုန်လှုပ်သွားရသည်။ သူသည် ရုတ်ချည်းဆိုသလို ချမ်းသာကြွယ်ဝသွားရတော့မည်ဖြစ်ရာ သူ့ကိုယ်သူ မယုံကြည်နိုင်လောက်အောင် ဖြစ်နေရပြီ ဖြစ်သည်။

သို့သော် ထို ပါရမီရှင်များအား စဉ်းစားဆင်ခြင်ဉာဏ်မရှိသော သူဌေးသူကြွယ်များအဖြစ် သတ်မှတ်၍မရပေ။ သူတို့မှာ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် မိသားစုမျိုးနွယ်စုမျိုးနွယ်စုများ၏ ပါရမီရှင်များ ဖြစ်ကြသလို ကြယ်သုဿာန်ထဲသို့ ဝင်ခွင့်ရထားသည့် လူများလည်းဖြစ်ရာ ထို အဖွဲ့အစည်းများမှာ သူတို့အား အများကြီးမျှော်လင့်ထားကြကြောင်း သိနိုင်ပေသည်။ သို့ဖြစ်ရာ သူတို့မှာ မတန်တဆမြင့်မားနေသည့် ဈေးနှုန်းများမဟုတ်ပါက အကုန်အကျ ခံနိုင်ကြမည်သာဖြစ်သည်။

သူတို့၏ အမြင်တွင် သူတို့အတွက် အကျိုးရှိနိုင်သည့် အခွင့်အရေးများနှင့် ရတနာများအား ဝယ်ယူရသည်မှာ ငွေကုန်ရကျိုးနပ်ပေသည်။ မှော်ဝိညာဉ်သစ်သီးမှာ ဂြိုဟ်အဆင့်သို့ တက်လှမ်းနိုင်ခြေအား မြှင့်တင်ပေးနိုင်ရုံသာမက သူတို့အား အင်မော်တယ်ဂြိုဟ်များ သို့မဟုတ် အထူးဂြိုဟ်များနှင့် ပေါင်းစည်းနိုင်ရန်ပင် ကူညီပေးနိုင်သည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူတို့မှာ ထို အခွင့်အရေးကြီးအား လက်လွှတ်ခံနိုင်ကြမည် မဟုတ်ပေ။

ထိုသို့ဖြင့် တစ်ယောက်ပြီးတစ်ယောက် အပြိုင်အဆိုင် လေလံဆွဲနေကြရင်း နောက်ဆုံးတွင် လီလင်းကျစ်မှာ ဝမ်ပေါင်လဲ့၏ သွားရာထင်နေသည့် မှော်ဝိညာဉ်သစ်သီးအား ဝယ်ယူနိုင်သွားတော့သည်။ သူ ကမ်းလှမ်းခဲ့သည့် ဈေးနှုန်းမှာဆိုလျှင် ကြောက်ခမန်းလိလိ မြင့်မားလွန်းနေ၏။

" အတုံး ကိုးသန်းပေးမယ် " လီလင်းကျစ်မှာ ရဲရဲနီနေသည့် မျက်ဝန်းကြီးများဖြင့် အော်ပြောလိုက်၏။ သူသည် ဝမ်ပေါင်လဲ့ သူ့ဆီသို့ မရောင်းမည်စိုးသောကြောင့် မိုးထိုးလုမတတ် မြင့်မားနေသည့် ဈေးနှုန်းဖြင့် ကမ်းလှမ်းလိုက်ခြင်းဖြစ်သည်။

အခြားသူများမှာ သူ ကမ်းလှမ်းလိုက်သည့် စျေးနှုန်းကို ကြားလိုက်ရသောအခါ ပင့်သက်များရှိုက်မိသွားကြ၏။ ထို့နောက် သူတို့မှာ ချီတုံချတုံဖြစ်ကာ နှုတ်ဆိတ်သွားကြတော့သည်။

ဝမ်ပေါင်လဲ့မှာလည်း မျက်ဝန်းများ အရောင်တောက်ပသွားရ၏။ လီလင်းကျစ်မှာ အတွေးလွန်နေခြင်းသာ ဖြစ်သည်။ အကယ်၍ သူ့ဘက်မှ သာမန်ဈေးနှုန်းမျိုးဖြင့် ကမ်းလှမ်းခဲ့လျှင်လည်း ကိစ္စမရှိပေ။ သို့သော် ယခုတွင်မူ ဝမ်ပေါင်လဲ့မှာ ထို ဈေးနှုန်းကြောင့် စိတ်နှလုံးလှုပ်ရှားသွားရ၏။

" ဒီကောင်တွေက ဘယ်လောက်အထိတောင် ချမ်းသာကြတာလဲဟ " ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို စိတ်ဓာတ်များ တက်ကြွလာရ၏။ သူသည် ကြယ်သုဿာန်သို့သွားသည့် ခရီးစဉ်ထဲ၌ အကောင်းစား ဂြိုဟ်တစ်လုံးနှင့် ပေါင်းစည်းနိုင်စွမ်း မရှိလျှင်တောင် ငွေအမြောက်အမြား ရှာနိုင်ဦးမည်သာဖြစ်ကြောင်း တွေးမိလိုက်တော့သည်။

ဝမ်ပေါင်လဲ့တစ်ယောက် အတွေးများထဲ၌ နစ်မျောနေစဉ် အခြားသူများမှာ နှုတ်ဆိတ်သွားကြ၏။ သူသည် ခေါင်းညိတ်ပြရန် ပြင်လိုက်စဉ်မှာပင် သူ့ကိုယ်သူ ရာထူးအဆင့်အတန်းမြင့်မားသည့် လူတစ်ယောက်ဖြစ်နေမှန်း ပြန်၍သတိရသွားသဖြင့် ချောင်းဟန့်ကာ ဓနဥစ္စာများကို အထူးတလည် အလေးထားခြင်းမရှိသည့် အမူအရာဖြင့် လက်ကို အသာအယာဝှေ့ယမ်းကာ ဆိုလိုက်တော့သည်။

" တခြားဘယ်သူကမှ ထပ်ပြီးတော့ လေလံမဆွဲတော့ဘူးဆိုတော့ မင်းကို ရောင်းပေးရတာပေါ့ "

လီလင်းကျစ်မှာ စိတ်လှုပ်တရှားနှင့် ရင်တထိတ်ထိတ် ဖြစ်နေရသလို အများကြီး နစ်နာသွားခဲ့ရသည်ဟုလည်း ခံစားနေရ၏။ သို့သော် သူသည် ထိုခံစားချက်များကို ချုပ်တည်းထားရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။ ထို့ကြောင့် သူသည် သလင်းကျောက်နီကတ်ပြား သုံးပြားအား အလျင်အမြန် ထုတ်ပေးလိုက်ပြီးနောက် ဝမ်ပေါင်လဲ့နှင့် ရောင်းဝယ်ဖောက်ကားမှုအား အဆုံးသတ်လိုက်၏။

သူသည် မှော်ဝိညာဉ်သစ်သီးအား ရရှိသွားသောအခါ ၎င်းပေါ်ရှိ သွားရာများကို လျစ်လျုရှုကာ ၎င်းအား တစ်ခါတည်း မျိုချပစ်လိုက်တော့သည်။ ထို့နောက် သူသည် တင်ပျဉ်ခွေထိုင်ချကာ တရားထိုင်နေလိုက်၏။

ဝမ်ပေါင်လဲ့မှာမူ သလင်းကျောက်နီ အတုံး ဆယ့်နှစ်သန်းတိတိ အလွယ်တကူ ပိုင်ဆိုင်သွား၏။ သူသည် သူ့ကိုယ်သူ ထိုမျှလောက် ချမ်းသာသွားလိမ့်မည်ဟု အိပ်မက်ထဲပင် ထည့်မမက်ခဲ့ဖူးသောကြောင့် အနည်းငယ်ခန့် ရီဝေဝေ ဖြစ်သွားရသည်။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးသောအခါမှ သူသည် သတိပြန်ကပ်သွားပြီး မျက်ဝန်းများထဲ၌ ရူးသွပ်မှု အရိပ်အယောင်များ တောက်ပလာတော့သည်။

" ငါ ရှဲ့မိသားစုဈေးဆီ သွားပြီးတော့ မိုးကောင်းကင်လျှပ်စီးဝိညာဉ်ကိုးပါး သွားဝယ်ရမယ် "

" ကောင်းကင်ဘုံရေငွေ့တွေလည်း ဝယ်ရဦးမယ် "

" သလင်းကျောက်နီ အတုံးသန်းနဲ့ချီပြီ တန်တဲ့ ဝိညာဉ်လှေကိုလည်း ဝယ်ချင်သေးတယ် "

သူသည် ထိုအကြောင်းများကို တွေးရင်းတွေးရင်း စိတ်လှုပ်ရှားလာရသလို ဆယ်သန်းဆိုသည့် ပမာဏမှာ အများကြီးမဟုတ်ကြောင်း ခံစားလိုက်ရ၏။ ထို့ကြောင့် သူသည် ပလ္လင်ကြီး၏ ဘေးနားတစ်ဝိုက်အား ဝေ့ဝိုက်ကြည့်ရှုလိုက်ပြန်သည်။ သူသည် သူ ထပ်၍ ရောင်းချနိုင်မည့် ပစ္စည်းတစ်ခုမှ မရှိတော့ကြောင်း သိလိုက်ရသောအခါမှ သူ၏ ဘေးဘီဝဲယာအား အကဲခတ်လိုက်တော့သည်။

" ဘာမှမရှိတော့ပါလား " လှေပေါ်တွင် သူ ရောင်းချနိုင်သည့် ပစ္စည်းတစ်ခုမှမရှိတော့ကြောင်း သေချာသွားသောအခါ ဝမ်ပေါင်လဲ့မှာ နောင်တကြီးစွာနှင့် သက်ပြင်းချမိလိုက်တော့သည်။ ထို့ကြောင့် သူသည် ပလ္လင်ပေါ်မှ ဆင်းလာရန် ပြင်လိုက်၏။ သို့သော် ထိုအချိန်မှာပင် သူသည် ခပ်လှမ်းလှမ်းရှိ ကောင်းကင်ယံထဲ၌ သူ မြင်ဖူးနေသလို ခံစားနေရသည့် အလင်းတန်းတစ်ခု ဖျတ်ခနဲ လက်သွားသည်ကို မြင်လိုက်ရတော့သည်။

" အဲတာကြီးက... " ဝမ်ပေါင်လဲ့တစ်ယောက် မျက်လုံးများပြူးသွားစဉ်မှာပင် ထို အလင်းရောင်ကြီးမှာ မျက်စိကျိန်းစရာကောင်းလောက်အောင် တောက်ပလာ၏။ ထို့နောက် ၎င်းမှာ ဝိညာဉ်လှေကြီးဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာတော့သည်။

ထိုအလင်းတန်းကြီးမှာ မြန်ဆန်လွန်းနေသောကြောင့် အခြားသူများ ၎င်းအား သတိထားမိလိုက်ချိန်တွင် ၎င်းမှာ လှေကြီး၏ အနီးသို့ ရောက်ရှိနေပြီဖြစ်သည်။ ထိုအချိန်တွင် ထိုအလင်တန်းကြီးမှာ ပေသုံးရာခန့် ရှည်လျားသည့် ဧရာမ လျှပ်စီးတန်းကြီးတစ်ခုအသွင် ပြောင်းလဲသွားပြီး ဝိညာဉ်လှေကြီးအား ရိုက်ခတ်သွားတော့သည်။

ထို့ကြောင့် အုန်းခနဲမြည်သံကြီးတစ်သံ ထွက်ပေါ်လာ၏။ လှေကြီးမှာ ထိခိုက်ပျက်စီးသွားခြင်းမရှိပါသော်လည်း လှေပေါ်တွင် ပါလာကြသည့် လူတိုင်းမှာ အံ့ဩတုန်လှုပ်သွားကြသည်။ မျက်နှာဖုံးတပ်ထားသည့် အမျိုးသမီးပင်လျှင် မျက်လုံးများပွင့်ထားပြီး သတိကြီးကြီးထားလိုက်ရ၏။ အခြားသူများအားလုံးမှာလည်း ထိုနည်းတူပင်။

" ရန်သူတွေ လာတိုက်ကြတာလား "

" ဘာလို့ ရုတ်တရက်ကြီး မိုးကြိုးပစ်သွားတာလဲဟ "

" အဲဒီ လျှပ်စီးတန်းရဲ့ အရွယ်အစားက ကြောက်စရာကြီးပါလား "

ပါရမီရှင်များအားလုံးမှာ အံ့သြတုန်လှုပ်နေကြပါသော်လည်း ဝမ်ပေါင်လဲ့၏ အမူအရာများကို သတိမထားမိပေ။ သူသည် သူ့ကိုယ်သူ အပြစ်ရှိသလို ခံစားနေရသည့်ပုံ ပေါက်နေ၏။

အခြားသူများမှာ ထိုလျှပ်စီးတန်းကြီး ပေါ်ပေါက်လာရခြင်း၏ အကြောင်းရင်းကို မသိပါသော်လည်း ဝမ်ပေါင်လဲ့မှာ သိရှိထားပြီးသား မဟုတ်ပါလော။ ၎င်းမှာ ဆုတောင်းပြည့်ပုလင်းလေး၏ ဘေးထွက်ဆိုးကျိုးဖြစ်ပြီး ပထမဆုံး အကြိမ်တုန်းကထက်ပင် အများကြီးပို၍ ကြောက်စရာကောင်းနေ၏။ ထို့အပြင် ဤ ဝိညာဉ်လှေကြီးမှာ အံ့ဩမှင်တက်ဖွယ်ရာ အမြန်နှုန်းမျိုးဖြင့် ရွေ့လျားနေခဲ့သည့်တိုင်အောင် ထိုလျှပ်စီးတန်းကြီးမှာ ၎င်းအား လိုက်မီသွားခဲ့ဆဲပင်။ သို့ဖြစ်ရာ ထိုလျှပ်စီးတန်းကြီး၏ အမြန်နှုန်းကို ခန့်မှန်းကြည့်နိုင်ပေသည်။

ထို လျှပ်စီးတန်းကြီး၏ အရွယ်အစားကြောင့် ဝမ်ပေါင်လဲ့မှာ ထိတ်လန့်တုန်လှုပ်သွားရ၏။ သူ၏ အတွေ့အကြုံများအရဆိုလျှင် ထိုကဲ့သို့သော လျှပ်စီးတန်းမျိုးမှာ မရေမတွက်နိုင်လောက်အောင် ထပ်၍ ပေါ်ပေါက်လာကြမည်ဖြစ်သည်။

" ဒီ ဝိညာဉ်လှေကြီးက တောင့်ခံနိုင်မှာပါ " ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူနှစ်သိမ့်လိုက်၏။ သူသည် ထိုလျှပ်စီးတန်းများ ပေါ်ပေါက်လာရခြင်း၏ တရားခံမှာ သူဖြစ်နေကြောင်း အခြားသူများ သိသွားမည်စိုးသောကြောင့် သူတို့ကဲ့သို့ အံ့ဩတုန်လှုပ်နေသည့်ပုံစံ လိုက်၍ ဟန်ဆောင်နေလိုက်သည်။ သို့သော် သူ သူ့ကိုယ်သူ နှစ်သိမ့်နေစဉ်မှာပင် လျှပ်စီးတန်းများမှာ တစ်ခုပြီးတစ်ခု အဆက်မပြတ် ပေါ်ပေါက်လာတော့သည်။

အချိန်တိုလေးအတွင်းတွင် သူတို့၏ ဘေးပတ်ပတ်လည်ရှိ စကြဝဠာကြီးထဲ၌ လျှပ်စီးတန်းပေါင်း မြောက်မြားစွာ ပေါ်ပေါက်လာကြ၏။ ၎င်းတို့မှာ ရပ််တန့်သွားကြခြင်း မရှိသောကြောင့် တစ်အောင််ခန့် အကြာတွင် လျှပ်စီးတန်းပေါင်း ရာပေါင်းများစွာ ထပ်၍ ပေါ်ပေါက်လာကြပြီး ဝိညာဉ်လှေကြီးဆီသို့ တန်းတန်းမတ်မတ်ဦးတည်လာတော့သည်။

ထိုအခါ လှေပေါ်တွင် လိုက်ပါလာကြသည့် ပါရမီရှင်များ အားလုံးမှာ ထိတ်ထိတ်ပျာပျာ ဖြစ်သွားကြ၏။ လှေလှော်နေသည့် လူပုံစံစက္ကူရုပ်ကြီးသာလျှင် အမူအရာပျက်သွားခြင်း မရှိဘဲ တည်ကြည်မှုအပြည့် ရှိနေဆဲပင်။ သူသည် ထိုလျှပ်စီးတန်းများကို တားဆီးနေခြင်းမရှိဘဲ ဝိညာဉ်လှေကြီးအား ရိုက်ခတ်သွားစေလိုက်၏။ ထိုအခါ အုန်းခနဲ အသံအကျယ်ကြီးတစ်သံ ထွက်ပေါ်လာသည်။ ဝိညာဉ်လှေကြီးမှာမူ ထိခိုက်ပျက်စီးသွားခြင်း မရှိဘဲ အနည်းငယ်မျှသာ တုန်ရီသွားသည်။

ထိုအခါမှသာ ဝမ်ပေါင်လဲ့မှာ စိတ်အေးသွားရပြီး သက်ပြင်းချနိုင်သွား၏။ သူသည် သူ့ကိုယ်သူပင် ကျေနပ်နေမိတော့သည်။ ဤ ပြိုင်ဘက်ကင်း ဝိညာဉ်လှေကြီးသာ ရှိနေပါက ဆုတောင်းပြည့်ပုလင်းလေး၏ နောက်ဆက်တွဲ အကျိုးဆက်များမှာ မည်မျှပင် ဆိုးရွားနေစေကာမူ သူ့အား အန္တရာယ်ပြုနိုင်လိမ့်မည် မဟုတ်ဟု သူက ယုံကြည်နေ၏။

သူ၏ အတွေးများကြောင့် လျှပ်စီးတန်းများ ‌ဒေါပွသွားရသည်လားတော့ မသိပေ။ တစ်အောင််ခန့်အကြာတွင် ဘေးပတ်ပတ်လည်ရှိ စကြာဝဠာကြီးမှာ ဖျတ်ခနဲ အရောင်လက်သွား၏။ အကယ်၍ အပေါ်စီးမှနေ၍သာ အောက်သို့ ငုံ့ကြည့်လိုက်မည်ဆိုပါက အရှန်အဟုန်ပြင်းစွာရွေ့လျားနေသည့် ဝိညာဉ်လှေကြီး၏ ဘေးပတ်ပတ်လည်တွင် လူမှုအဖွဲ့အစည်းတစ်ခုနီးပါး ကြီးမားသည့် လျှပ်စီးပင်လယ်ကြီးတစ်ခု ပေါ်ပေါက်လာသည်ကို မြင်လိုက်ရမည် ဖြစ်သည်။

လျှပ်စီးတန်းပေါင်း မြောက်မြားစွာမှာမူ ကြက်သွေးရောင် ပြောင်းသွားကြပြီ ဖြစ်သည်။ သို့ဖြစ်ရာ ၎င်းတို့မှာ အရပ်မျက်နှာအနှံ့မှနေ၍ ဝိညာဉ်လှေကြီးဆီသို့ ဦးတည်လာနေကြသည့် အနီရောင် စပါးအုံးမွေကြီးများကဲ့သို့ပင်။

ထိုအခါ ဝမ်ပေါင်လဲ့ အပါအဝင် လှေပေါ်ရှိ ပါရမီရှင်များလုံးမှာ မျက်နှာအမူအရာများ ပြောင်းလဲသွားရတော့သည်။ အသက်မပါသည့် အမူအရာဖြင့် တစ်ချိန်လုံး လှေလှော်နေခဲ့သည့် လူပုံစံစက္ကူရုပ်ကြီးပင်လျှင် မျက်နှာရှုံ့မဲ့သွားရ၏။ သူ၏ လက်ထဲတွင် ကိုင်ထားသည့် စက္ကူလှော်တက်မှာလည်း ရပ်တန့်သွားတော့သည်။

All Chapters