ယိုတု၊ ဖုန်းတု
Vol. 31 Ch. 422
နေလုံးကြီးက အနောက်အရပ်မှ မြောက်တက်လာသည်။ နေမီးလျှံများက သံကြိုးများထံမှ လျင်မြန်စွာ ကူးသန်းလာပြီး နေသင်္ဘောတစ်စင်းလုံး မီးစွဲလောင်နေသကဲ့သို့ မီးတောက်မီးလျှံများ အလျှံတညီးညီး တောက်လောင်သွား၏။ နေလုံးကြီး၏ ပူပြင်းတောက်လောင်သော အလင်းရောင်က မဟာမြို့ပျက်၏ အမှောင်ထုကို ဖြိုခွင်းတွန်းဖယ်နေရာ ပတ်ဝန်းကျင်တစ်ခုလုံး ထိန်ထိန်လင်းနေတော့သည်။ အမှောင်ထုထဲ၌ ကျက်စားနေသည့် မကောင်းဆိုးဝါးမှာ နေရောင်နှင့် ထိမိသည့်အခါ မီးခိုးငွေ့များအဖြစ် လောင်ကျွမ်းပြာကျကုန်ကြသည်။
အနားရှိ ရွာတစ်ရွာတွင် မဟာမြို့ပျက်၏ အစွန့်ပစ်ခံလူသားများ အိပ်မှုန်စုံမွှားဖြင့် နိုးလာကြသည်။ သူတို့မှာ ခြေဆယ့်နှစ်ချောင်းဖြင့် လျှောက်လာသည့် နေသင်္ဘောကြီးကို ကြည့်ကာ မှင်သက်ကုန်ကြ၏။ နေသင်္ဘောက ရွာထဲမှ ဖြတ်သွားသော်လည်း ပူပြင်းတောက်လောင်နေသော နေရောင်က ရွာသားများ၏ ခန္ဓာကိုယ်အပေါ် ဖြာကျလာသည့်အခါ သူတို့မှာ မည်သည့်အန္တရာယ်မှ မဖြစ်သည်သာမက နွေးထွေးသွားကြ၏။ မကောင်းဆိုးဝါးများမှာတော့ အသက်လုပြေးနေကြရသည်။
ခိုင်ဧကရာဇ်ခေတ် ပျက်သုဉ်းသွားပြီးနောက်ပိုင်း ယခုလိုမြင်ကွင်းမျိုးကို လွန်စွာမြင်ရခဲခဲ့၏။
ခိုင်ဧကရာဇ်၏အင်ပါယာ ကျဆုံးသည့်အချိန် အမှောင်ထု ကြီးစိုးလာခဲ့တုန်းက နေသင်္ဘောဆယ်စင်းကျော်သည် အမှောင်ထုကို မဟာမြို့ပျက်၏ အနောက်အရပ်ဆီသို့ တွန်းထုတ်ရင်း ပြည်သူပြည်သားများအတွက် အလင်းရောင်ပေးခဲ့ဖူးသည်။
သို့တိုင်အောင် နောက်ဆုံးနေသင်္ဘော ပျက်စီးသွားပြီး နေလုံးကြီး ငြိမ်းသေသွား၏။ နေစောင့်ရှောက်သူနှင့် နေထိန်းကျောင်းသူများသာ အနက်ရောင်နေတစ်စင်းကို ဆွဲလျက် ပြန်ရောက်လာခဲ့ပြီး မဟာမြို့ပျက်ကို တိတ်တဆိတ် ကာကွယ်စောင့်ရှောက်ပေးခဲ့ကြသည်။ နေသင်္ဘောကြီးမှာ ယခင်ကဲ့သို့ ကြီးကျယ်ခမ်းနားသော အဟန့်အထည် မရှိတော့ပေ။
ယခုတွင် နေသင်္ဘောကြီးသည် တရှိန်းရှိန်း တောက်လောင်နေသော နေလုံးကြီးတစ်လုံးကို ကောင်းကင်ယံတွင် ချည်နှောင်ဆွဲယူလျက် အမှောင်ထုအား ထိုးခွင်းလာချေပြီ။ သင်္ဘောဖြတ်သွားသည့်နေရာတိုင်း လင်းထိန်လျက် ကျန်ခဲ့သည်။
နေသင်္ဘောအပေါ်တွင် ရွှေရောင်တောက်နေသော လူ့ဘီလူးကြီးများက မားမားမတ်မတ် ရပ်နေကြသည်။ သူတို့က တစတစ နီးကပ်လာနေသော နတ်သက်ကြွေတောင်ကြောကို လှမ်းမျှော်ကြည့်နေကြ၏။
“နေစောင့်ရှောက်သူ၊ တစ်ခုခု ရွေ့လာနေသလိုပဲ”
နေသင်္ဘောအပေါ်တွင် နေထိန်းကျောင်းသူခေါင်းဆောင်မှာ သူတို့ရှိရာဘက်သို့ လာနေသော ဧရာမအရိပ်ကြီးတစ်ခုကို ခံစားလိုက်ရ၍ အလွန်စိုးရိမ်ပူပန်လာသည်။ နေသင်္ဘောကို ထိန်းချုပ်နေသည့် ယန်ကျင့်ကျင့်ဆီသို့ သူ ကမန်းကတန်း သတင်းပို့လိုက်သည်။
ယန်ကျင့်ကျင့်က ကောင်းကင်နတ်ဘုရားမတစ်ပါးပမာ ကြီးမြတ်ခံ့ညားသော အသွင်အပြင်ရှိပြီး နေထိန်းကျောင်းသူခေါင်းဆောင်၏ အသံကို ကြားလျှင် အမှောင်ထုဆီသို့ လှမ်းကြည့်လိုက်သည်။ ကြောက်မက်ဖွယ်ရာ သတ္တဝါကြီးတစ်ကောင် ချဉ်းကပ်လာနေသည်ကို သူမ ခံစားလိုက်ရ၏။ ထိုသတ္တဝါကြီးက နေသင်္ဘော၏ အနောက်မှ လာနေခြင်းဖြစ်ပြီး အမြန်နှုန်းကလည်း နေသင်္ဘောထက် များစွာမြန်သည်။
ယန့်ကျင့်ကျင့်၏ မျက်လုံးများမှ အလွန်ကြီးမားသော အလင်းတန်းနှစ်တန်း ဖြာထွက်သွားပြီး အမှောင်ထုကို စုတ်ဖြဲလိုက်ရာတွင် နောက်ကွယ်၌ ငုပ်လျှိုးနေသော အမှန်တရား ပေါ်လာသည်။
သူတို့အနောက်ရှိ အမှောင်ထုသည် အမှောင်ထုမဟုတ်၊ အမှောင်ထုထဲတွင် နစ်မြုပ်ပျောက်ကွယ်၍ အမှောင်ထုနှင့် တစ်သားတည်းဖြစ်နေသော မြူခိုးပင်လယ်ဖြစ်သည်။
နှစ်ခြမ်းကွဲသွားသည့် မြူခိုးများ၏ အနောက်မှ မြင့်မားမတ်စောက်သော တောင်တန်းများ ထွက်ပေါ်လာသည်။ ယန်ကျင့်ကျင့် အတန်ငယ် မှင်သက်သွားမိ၏။ တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် မြင့်မားမတ်စောက်သည့် တောင်တန်းများမှာ အရိုးဖြူများဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး သူမမျက်ဝန်းများမှ ကောင်းကင်အလင်းတန်းများ အရိုးဖြူများအပေါ် ဖြာကျသွားသည့်အခါ ၎င်းတို့က လူးလွန့်လာပြီး ခပ်စူးစူးအော်သံများ ထွက်လာ၏။ သူမအကြည့်ကို ကြောက်ရွံ့သဖြင့် ပုန်းရန် ကြိုးစားနေကြဟန် တူပေသည်။
အရိုးစုတောင်တန်းများကြားမှ မီးခိုးရောင်အခိုးအငွေ့များ လှိုင်းထလှုပ်ခတ်နေပြီး မြူခိုးပင်လယ်ကြီးကဲ့သို့ ဖြစ်နေ၏။ ပင်လယ်ကြီး၏ ဘေးတစ်ဖက်တစ်ချက်စီရှိ တောင်ကြီးနှစ်လုံးက တိုင်များအဖြစ် ထူမတ်၍ ကျောက်တံတားက ရက်မအဖြစ် ဖြတ်သန်းထားသည့် တောင်ကြားမုခ်ဝတစ်ခုအား မြင်ရနိုင်သည်။
ဖုန်းတု ၏ ငရဲတံခါးဝ
ဖုန်းတု၏ အမြန်နှုန်း ကြောက်စရာကောင်းလောက်အောင် မြန်၍ များစွာမကြာလိုက်ဘဲ နေသင်္ဘောအား လိုက်မှီလာသည်။ မြူခိုးထုကြီး နေသင်္ဘောကို ဖြတ်သွားသည့်အခါ နေသင်္ဘောအပေါ်ရှိ လူတိုင်းမှာ ကောင်းကင်နှင့်မြေကြီး၏ ဥပဒေသ ပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ကြရသည်။ သူတို့၏အသားများ ပျောက်ကွယ်သွားကြကာ အရိုးစုဖြစ်ကုန်ကြသည်။
မြူခိုးထဲရှိ အရိုးဖြူတောင်တန်းများ၊ ကုန်းမြေကြီးနှင့် မြစ်ချောင်းများလည်း ကျော်ဖြတ်သွားကြသည်။ နေသင်္ဘော၏ နေလုံးကြီးပင်လျှင် အတန်ငယ် မှိန်ကျသွားပြီး စိမ်းပုပ်ကာ မှုန်ဝါးသွား၏။
ယန်ကျင့်ကျင့် သူ့လက်သူ ကြည့်လိုက်သည်။ ဖုန်းတု၏ဥပဒေက သူမခန္ဓာကိုယ်ကို မပြောင်းလဲခဲ့ပေ။ သူမက အလွန်အင်အားကြီးမားလွန်း၍ ဖုန်းတုကမ္ဘာအနေဖြင့် သူမအား မထိန်းချုပ်နိုင်ခြင်း ဖြစ်သည်။
ဖုန်းတုကမ္ဘာက အကောင်အထည်မရှိကြောင်း သူမ မြင်လိုက်ရသည်။ ဖုန်းတုကမ္ဘာသည် သူတို့ကမ္ဘာနှင့် မတူညီသော ဘုံတစ်ဘုံဖြစ်သည့်အတွက် ထိုနေရာရှိ မည်သည့်အရာကိုမှ သူမ ကိုင်တွယ်ထိကြည့်၍မရပေ။
ထို့ကြောင့် အလွန်ကြီးကျယ်ခမ်းနားသော သရဲမြို့ ၊ ဖုန်းတုကို သူမ မြင်တွေ့လိုက်ရသည်။ ထွားကြိုင်းသန်မာသည့် ငရဲသားများက မဟာရန်သူတော်ကြီးနှင့် ရင်ဆိုင်တော့မည့်အလား မြို့တံတိုင်းနှင့် မျှော်စင်များအထက်တွင် မားမားမတ်မတ် ရပ်နေကြသည်။
ထိုအချိန်တွင် ဖုန်းတုမြို့အလယ်၌ မိစ္ဆာနတ်ဘုရားတစ်ပါး၏ ခြုံထည်က တလွင့်လွင့် လွင့်မျောလျက် အရပ်လေးမျက်နှာကို လွှမ်းခြုံလျက်ရှိသည်။ ခြုံထည်သည် အမှောင်ထုဖြင့် ဖွဲ့တည်နေခြင်းဖြစ်ပြီး ၎င်း၏ပိုင်ရှင်က နေသင်္ဘောထက်ပင် မြင့်မား၏။ ယန်ကျင့်ကျင့် ထိုလူ့မျက်နှာအား မမြင်လိုက်ရပေ။ ခြုံထည်၏အမှောင်ထုအတွင်း၌ မီးလုံးကြီးကဲ့သို့ နီစွေးတောက်ပနေသော မျက်လုံးကြီးနှစ်လုံးကိုသာ မြင်လိုက်ရသည်။
ဝှစ်
ဖုန်းတုကမ္ဘာက လျင်မြန်စွာ ဖြတ်ကျော်သွားပြီး အမှောင်ထုထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်။ နေလုံးကြီးမှာ တဖြည်းဖြည်း ပြန်လင်းလာပြီး သင်္ဘောပေါ်ရှိ လူများလည်း သူတို့ကိုယ်သူတို့ ငုံ့ကြည့်လိုက်သည့်အခါ အသားများ ပြန်ရောက်လာသည်ကို တွေ့လိုက်ကြရသည်။ မည်သည့်အရာ ဖြစ်ပျက်သွားမှန်း သူတို့ မသိလိုက်ပေ။
‘ဖုန်းတုကမ္ဘာက နတ်သက်ကြွေတောင်ကြောဆီ ဦးတည်နေတာပဲ...”
ယန်ကျင့်ကျင့် ခေါင်းမော့ကာ နတ်သက်ကြွေတောင်ကြောဆီသို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာသည် ရွာလူကြီးတို့ အထက်ကောင်းကင်ဘုံမှ နတ်ဘုရားများကို ကြားဖြတ်တိုက်ခိုက်နေသော နေရာဖြစ်၏။ ယခုအချိန်တွင် သူတို့၏ တိုက်ပွဲက အလွန်တရာ ပြင်းထန်နေသည်။ နတ်သက်ကြွေတောင်ကြောတစ်ကြောလုံး မြင့်လာလိုက်၊ နိမ့်သွားလိုက် လှုပ်ခါနေသည်။ ဓားရောင်များ၊ ဓားမရောင်များလည်း တစ်ချက်တစ်ချက် ဖြာထွက်လာပြီး မိုးကောင်းကင်ကို ခုတ်ပိုင်းပစ်နေ၏။ နတ်ဘုရားများ၏ ဟိန်းသံ၊ မိစ္ဆာများ၏ ကျိန်စာတိုက်သံကဲ့သို့ အသံများ ကျွက်ကျွက်စီ ဆူညံနေသည်။
‘နွားကျောင်းတဲ့ကောင်လေးက လသင်္ဘောကို ငှားဖို့ ကောင်းကင်ရေနဂါးမင်းနဲ့ ထွက်သွားတယ်။ အဲဒီနေရာက တော်တော်လှမ်းလို့ လရေတွင်းကနေ ကြယ်ပင်လယ်ကို ဖြတ်လာဖို့ လိုတယ်တဲ့။ သူ ငါ့ကို အချိန်ဆွဲခိုင်းထားတယ်။ သူ အချိန်မှီ ပြန်လာနိုင်ရင် ... အဲ့ဒါ ဘာတွေလဲ’
ယန်ကျင့်ကျင့် အံ့ဩမှင်သက်စွာဖြင့် အားကုန်ပြေးလိုက်သည်။ နတ်သက်ကြွေတောင်ကြောမှ မဟာမြို့ပျက်အထိ တစ်လျှောက်လုံး မီးလုံးများ တောက်ပနေသည်။ ၎င်းတို့ မည်သည့်နေရာမှလာမှန်း သူမ မသိပေ။
“မောင်စုရှင်းထွမ်”
သူမသူငယ်အိမ်ထဲတွင် မီးလျှံအလွှာအထပ်ထပ် ဖွဲ့တည်လာပြီး ကြယ်ပုံသဏ္ဍာန်ကွင်းများ ဖြစ်လာကြသည်။ သူမ မောင်စုရှင်းထွမ်ကောင်းကင်မျက်လုံးဖြင့် မီးလုံးများဆီသို့ လှမ်းကြည့်လိုက်၏။
အမှောင်ထုထဲ၌ စက္ကလှေများ မျောလွင့်နေသည်။ မီးလုံးများက လှေဦး၌ ချိတ်ဆွဲထားသော မီးအိမ်များမှ အလင်းရောင်ဖြစ်သည်။ စက္ကူမြင်းများ စီးနင်းလျက် အမှောင်ထဲတွင် တရှိန်ထိုး အသော့နှင်နေသော စက္ကူလူသားများလည်း ရှိကြ၏။
စက္ကူလှေများအပေါ်၌ စုတ်စုတ်ပြတ်ပြတ် အနက်ရောင်အဝတ်အစားများဖြင့် အဘိုးကြီးများ ထိုင်နေကြသည်။ ထိုအဘိုးကြီးများနှင့် တိုက်ခိုက်နေသော နတ်ဘုရားများ၊ မိစ္ဆာများကိုလည်း ဝိုးတိုးဝါးတား မြင်ရသည်။
တစ္ဆေအလင်းရောင်က ကမ္ဘာနှစ်ခုအကြားတွင် တစ်ချက်တစ်ချက် လင်းလက်လာသော်လည်း ထူးဆန်းသည်မှာ ထိုကမ္ဘာနှစ်ခုမှ တုန်ခါလှိုင်းများက ဤကမ္ဘာဆီသို့ ရောက်မလာခြင်းဖြစ်သည်။ တုန်ခါလှိုင်းများက မဟာမြို့ပျက်အပေါ် သက်ရောက်မှုမရှိပေ။
‘ဒဏ္ဍာရီထဲက မရဏတမန်တော်တွေပဲ...’
ယန်ကျင့်ကျင့် အံ့အားသင့်သွားသည်။
ယိုတုရဲ့ မရဏတမန်တော်တွေက ဖုန်းတုနဲ့ တိုက်ခိုက်နေတာလား
ဘာတွေဖြစ်နေတာလဲ
သူမ ဆက်တွေးနိုင်တော့ပေ။ နေသင်္ဘောက နေလုံးကြီးကို တဂျောင်းဂျောင်း ဆွဲလျက် နတ်သက်ကြွေတောင်ကြောဆီသို့ တရှိန်ထိုး ဦးတည်သွားသည်။ သင်္ဘောကြီးသည် ဖုန်းတုနှင့် ယိုတု၏ တိုက်ပွဲကွင်းပြင်နှင့် နီးသထက် နီးလာနေ၏။
နတ်သက်ကြွေတောင်ကြောအပေါ်ရှိ တိုက်ပွဲက အလွန်တရာ ပြင်းထန်ပြီး သိုင်းပညာရှင်အားလုံးက နတ်ဘုရားများနည်းတူ သူမတူသော အစွမ်းအစများ ပိုင်ဆိုင်ထားကြသည်။ သို့ရာတွင် တစ်ယောက်မှ သူတို့ခြေဖဝါးအောက်၌ ပိုမိုပြင်းထန်ကြီးမားသည့် တိုက်ပွဲနောက်တစ်ပွဲ ဖြစ်ပွားနေသည်ကို မသိရှိကြပေ။
နေသင်္ဘော နတ်သက်ကြွေတောင်ခြေသို့ ရောက်လာသည့်အခါ ယန်ကျင့်ကျင့် ပြောပြမတတ်နိုင်အောင် တုန်လှုပ်ချောက်ချားသွားသည်။
အမှောင်ထုအတွင်းမှ မီးလုံးများ လွင့်မျောလာပြီး စက္ကူလှေများက ဖုန်းတုကမ္ဘာဆီသို့ ရွက်လွင့်နေကြ၏။ စက္ကူလှေများအပေါ်ရှိ မရဏတမန်တော်တိုင်းက တိတ်ဆိတ်ပြီး အေးစက်နေသည်။ ဇာပဝါတစ်ထည် ဖုံးအုပ်ထားသကဲ့သို့ သူတို့၏ရုပ်သွင်များမှာ မှုန်ဝါးနေ၏။ သူတို့ကို ကြည့်လိုက်လျှင် သာမန်မျက်နှာများ ရှိသည်ဟုသာ ခံစားရလိမ့်မည်။
မရေမတွက်နိုင်သော စက္ကူလှေများက မြားများပမာ တရှိန်ထိုး ပျံသန်းနေပြီး သူတို့၏အနောက်တွင် အလွန်ကြောက်ရွံ့တုန်လှုပ်ဖွယ်ရာ မြင်ကွင်းကြီးတစ်ခုအား ယန်ကျင့်ကျင့် မြင်လိုက်ရသည်။
မီးတောက်မီးလျှံများ အလျှံတညီးညီး တောက်လောင်နေသော ကျွဲချိုကြီးနှစ်ချောင်းက အမှောင်ထုထဲမှ ဖြည်းညှင်းစွာ မြောက်တက်လာ၏။
ချိုကြီးများက အင်မတန် ကြီးမားလှသည့်အပြင် ကမ္ဘာပျက်များမှ မြေအပိုင်းအစများဖြင့် ဖွဲ့တည်နေခြင်း ဖြစ်သည်။ မရေမတွက်နိုင်သည့် ဝိညာဉ်များမှာ မချိမဆန့် အော်ဟစ်ရုန်းကုန်နေကြပြီး အချိုးအကွေ့ကိုးခုရှိသော ဦးချိုကြီးများအပေါ်မှ ဆက်တိုက် ပြုတ်ကျနေသည်။
“မြေအောက်ဘုံအရှင်သခင်”
ယန်ကျင့်ကျင့် စိုးရိမ်စိတ်များ ဖြစ်ပေါ်လာသည်။ ကမ္ဘာနှစ်ခုအကြားက တိုက်ပွဲက အတိုင်းထက်အလွန် အန္တရာယ်များကြောင်း သိသော်လည်း ရွာလူကြီးတို့၏ သေရေးရှင်ရေး ဖြစ်သည့်အတွက် သူမအနေဖြင့် စိတ်အားတင်းပြီး နေသင်္ဘောကို နတ်သက်ကြွေတောင်ကြောဆီသို့ တရှိန်ထိုး သယ်ဆောင်သွားရုံအပြင် ရွေးချယ်စရာမရှိပေ။
“ပါ့ တု.. စိ ပါ့ တု...”
အမှောင်ထုထဲမှ မိစ္ဆာသံများ ထွက်လာပြီး ပတ်ဝန်းကျင်ကို အဝင်အထွက်ပိတ်လိုက်ဟန် တူသည်။ တောင်ကြောအပေါ်၌ အပြင်းအထန် တိုက်ခိုက်နေကြသော ထိပ်သီးသိုင်းပညာရှင်များမှာ မည်သည်ကိုမှ မကြားသလို၊ မခံစားရပေ။ နေသင်္ဘော ချဉ်းကပ်လာနေသည်ကိုသာ မြင်ကြရသည်။
ထိုအချိန်တွင် နေသင်္ဘော ဖုန်းတုကမ္ဘာဘေးမှ ဖြတ်လာသည်။ ယန်ကျင့်ကျင့် ဆန်းပြားသော ယိုတုဘာသာစကားကို ကြားလိုက်ရသော်လည်း အဓိပ္ပါယ်ကို နားမလည်ပေ။
ဖုန်းတုကမ္ဘာထဲ၌ အမှောင်ခြုံထည်၏ အောက်တွင် ယမမင်း၏ ဝတ်ရုံတော်က တဖျပ်ဖျပ် လှုပ်ခတ်လျက်ရှိသည်။ ခြုံထည်က ဖုန်းတုမြို့တော်ကို ခြုံလွှမ်းထားပြီး ၎င်းအောက်၌ ရပ်နေသော နတ်ဘုရားအရွယ်အစားမျိုးစုံမှာ လူကောင်သေးသေးလေးများသဖွယ် ဖြစ်နေ၏။
မြူခိုးပင်လယ်ထဲတွင် စက္ကူလူများနှင့် စက္ကူမြင်းများက နတ်ဘုရားများ၊ မိစ္ဆာများဖြင့် တိုက်ခိုက်နေသည်။ အဘိုးကြီးများက မတ်တပ်ရပ်ကာ မီးအိမ်များကို မြှောက်လိုက်ကြသည်။ အလင်းရောင်များ ထိန်လင်းလာပြီး သူတို့ဆီ ပြေးဝင်လာကြသော အရိုးစုများမှာ လှိုင်းလုံးကြီးများသဖွယ် လိမ့်ထွက်သွားကြကာ မီးခိုးငွေ့များ ဖြစ်သွားကြသည်။
ယမမင်း လက်မောင်းတော်ကို ပင့်မြှောက်လိုက်သည့်အခါ ဖုန်းတုတစ်ကမ္ဘာလုံး ရပ်တန့်သွားသယောင် ထင်ရသည်။ အချိန်အပါအဝင် အရာအားလုံး မရွေ့လျားတော့ပေ။
ယန်ကျင့်ကျင့် ခေါင်းကျိန်းသွားသော်လည်း ဂရုမစိုက်အားပေ။ သူ နေသင်္ဘော၏ စွမ်းအားအလုံးစုံကို ထုတ်လွှတ်ကာ နတ်သက်ကြွေတောင်ကြောဆီသို့ တရှိန်ထိုး ပြေးသွားလိုက်သည်။ နေသင်္ဘော၏ ကိုယ်ထည်တစ်ဝက်က ဖုန်းတုနှင့် ယိုတုကြားထဲ ရောက်နေခဲ့၍ သူမ ဆက်မသွားနိုင် ဖြစ်နေ၏။ သို့သော် ရုတ်တရက် ကမ္ဘာနှစ်ခု၏ အချုပ်အနှောင်ကြားမှ သူမ လွတ်မြောက်သွားသည်။
ယန်ကျင့်ကျင့် သက်ပြင်းချ၍ နောက်ပြန်လှည့်ကြည့်လိုက်သည့်အခါ ထူးဆန်းသော ဖုန်းတုနှင့် ယိုတုကမ္ဘာနှစ်ခုလုံး ပျောက်ကွယ်သွားသည်ကို မြင်တွေ့လိုက်ရသည်။ ကမ္ဘာနှစ်ခု တိုက်ခိုက်နေသော မြင်ကွင်းအား မမြင်တွေ့ရတော့ပေ။
‘တကယ် ထူးဆန်းတယ်’
နတ်သက်ကြွေတောင်ကြောပေါ်တွင် ရွာလူကြီးနှင့် သိုင်းပညာရှင်များက အထက်ကောင်းကင်ဘုံမှ နတ်ဘုရားများနှင့် တိုက်ခိုက်နေ၏။ နတ်ဘုရားများ၌ ခေါင်းလေးလုံး၊ လက်ရှစ်ဖက် သို့မဟုတ် ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်စီ ရှိကြပြီး သူတို့တစ်ကိုယ်လုံးမှာ ရွှေစင်ရွှေသားဖြင့် သွန်းလုပ်ထားသည့်အလား ထင်ရသည်။ ရတနာမျိုးစုံက အနှိုင်းမဲ့စွမ်းအားကို ထုတ်လွှတ်လျက် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးအား သိမ့်သိမ့်ခါ လှုပ်ခတ်နေစေသည်။
အားလုံး အပြင်းအထန် တိုက်ခိုက်နေကြရ၏။ ရွာလူကြီးတဖြစ်လဲ ဓားနတ်ဘုရားမှာ အိုမင်းနေပြီဖြစ်၍ မောဟိုက်ပင်ပန်းနေပြီး တစ်ကိုယ်လုံး ဒဏ်ရာများဖုံးနေသည်။
အားလုံး၏ ချီနှင့်သွေးတို့က ကောင်းကင်ယံသို့ တရှိန်ထိုး ရိုက်ခတ်နေသဖြင့် အထက်ကောင်းကင်တစ်ပြင်လုံး သွေးကဲ့သို့ နီစွေးနေတော့သည်။
ဘုန်း
ဧရာမအရိပ်ကြီးတစ်ခု လေပေါ်မှ ထိုးဆင်းလာပြီး နေသင်္ဘော၏အရှေ့တည့်တည့်သို့ ပြုတ်ကျလာ၏။ ၎င်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ မူလဝိညာဉ် ဖြစ်သည်။ ဧကရာဇ်အတိုင်ပင်ခံသည် နှစ်ငါးရာမှ တစ်ခါပေါ်သော ပါရမီရှင်ဖြစ်လင့်ကစား နတ်ဘုရားနှင့် ရင်ဆိုင်ရသည့်အခါ အရေးနိမ့်နေသေးသည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ကောင်းကင်ထက်သို့ ခုန်တက်လိုက်သည့်အခါ သူ၏ဓားရောင်က မိုးကုပ်စက်ဝန်းတစ်လျှောက် ဖြာဆင်းသွားသည်။ သူ၏ဓားကွက်က ခန့်မှန်းမရနိုင်အောင် ဖြစ်လာပြီး မျက်လုံးတစ်လုံးတည်း ရှိသည့် နတ်ဘုရားတစ်ပါးအား ခုတ်ပိုင်းချလိုက်၏။
ထိုနတ်ဘုရား မျက်လုံးဖွင့်လိုက်သည့်အချိန်တွင် အဆုံးမဲ့ကောင်းကင်အလင်းတန်းက တဟုန်ထိုး ထွက်လာပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကို လွှမ်းခြုံအုပ်မိုးသွားသည်။
ချွင် ချွင် ချွင်
ဓားအချင်းချင်း ထိခတ်သံများ ဆင့်ကဲဆင့်ကဲ ပေါ်ထွက်လာပြီး ဧကရာဇ်အတိုင်ပင်ခံ၏ ဓားရောင်က ကောင်းကင်အလင်းတန်းကို ထိုးခွင်း၍ မျက်လုံးကို ထိုးဖောက်ကာ နောက်စေ့မှ ထွက်သွားသည်။ သို့သော် နောက်တခဏတွင် မျက်လုံးတစ်လုံးနတ်ဘုရား၏ လက်သီးချက်က ဧကရာဇ်အတိုင်ပင်ခံ၏ ကိုယ်အပေါ် ကျရောက်လာ၏။ သူ လွင့်ထွက်သွားပြီး တောင်ထိပ်တစ်ခုကို အရှိန်ပြင်းပြင်း ဆောင့်တိုက်ကာ မြေကြီးပေါ် ပြုတ်ကျသွားသည်။
မျက်လုံးတစ်လုံးနတ်ဘုရား၏ ခေါင်းက ဟက်တက်ကွဲ ပွင့်ထွက်သွားပြီး ဧရာမမျက်လုံးကြီးတစ်လုံး ထွက်လာသည်။ ထို့နောက် လက်သီးနောက်တစ်ချက်က မြောက်တက်လာကာ ဧကရာဇ်အတိုင်ပင်ခံကို မညှာမတာ ထိုးချလိုက်၏။
“ရက်စက်ချက်ပဲ...”
ဧကရာဇ်အတိုင်ပင်ခံ သွေးအန်လျက် လာနေသော လက်သီးကြီးအား မော့ကြည့်လိုက်သည်။ မျက်လုံးတစ်လုံးနတ်ဘုရား၏ ခေါင်းက လည်လာပြီး သူ့ကို အထင်သေးစွာ ကြည့်သည်။
“ဒါပေမဲ့ ငါလည်း မဆိုးလှပါဘူး..” ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ပြုံးလိုက်သည်။ “ဓားကမ္ဘာရဲ့ ပထမအခန်း၊ နယ်နိမိတ်”
ထိုမျက်လုံးတစ်လုံးနတ်ဘုရား မှင်သက်သွားသည်။ သူ့ခေါင်းထဲ၌ ပုန်းအောင်းကျန်ရစ်ခဲ့သည့် ဓားရောင်က ဖောင်းခနဲ ပေါက်ကွဲသွားလေသည်။