← Chapters

ချော်ရည်ပင်လယ်

Vol. 31 Ch. 423

ချော်ရည်ပင်လယ်

Vol. 31 Ch. 423

ဓားကမ္ဘာသည် ရွာလူကြီး၏ လမ်းညွှန်ပေးမှုကြောင့် ဓားလမ်းစဉ်အဆင့် တက်ပြီးနောက်ပိုင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ဖန်တီးခဲ့သော ဓားပညာဖြစ်သည်။ ဤဓားပညာက ဓားလမ်းကို ရှာမတွေ့ခင်တုန်းက သူ တီထွင်ခဲ့သည့် ဓားကွက်များနှင့် မတူပေ။

ဧကရာဇ်အတိုင်ပင်ခံသည် ဓားလမ်းစဉ်အဆင့်သို့ပင် မ‌ရောက်ရှိသေးဘဲ အခြေခံဓားချက်သုံးချက်ကို တီထွင်နိုင်ခဲ့သောကြောင့် ဓားနတ်ဘုရားအဖြစ် ထင်ရှားကျော်ကြားခဲ့သော်လည်း ရွာလူကြီးကို မယှဉ်နိုင်ခဲ့ပေ။ သို့ရာတွင် ဓားလမ်းစဉ်အဆင့်သို့ ဝင်ရောက်ပြီးနောက်တွင် သူ၏သိုင်းစွမ်းအားက များစွာမြင့်တက်လာခဲ့၏။

သူ့တွင် ပြိုင်ဘက်ကင်းသော ပါရမီက မွေးကတည်းက ပါလာသည့်ပြင် သူ၏အစွမ်းအရည်ကလည်း ဇ,မသေးပေ။ သူ တွေ့ရှိခဲ့သော ဓားလမ်းသည် သူ လေးစားသော မျိုးဆက်ဟောင်းဓားနတ်ဘုရား၏ ဓားလမ်းနှင့် ကွဲပြားသည်။

ရွာလူကြီးက ယုံကြည်ချက်အတွက် အသက်ပေးသွားရသူများကို လွမ်းဆွတ်တမ်းတနေသည့် ခံစားချက်မျိုးဖြင့် ဓားပန်းချီကို ဖန်တီးခဲ့သည်။ အခြားတစ်ဖက်တွင် ဧကရာဇ်အတိုင်ပင်ခံက ပြုပြင်ပြောင်းလဲမှုဖြင့် မိုးကုပ်စက်ဝန်းအသစ်ကို ဖွင့်လှစ်နိုင်ရန် ခိုင်မာသော စိတ်ဓာတ်နှင့် ကျယ်ပြောသော စိတ်အမြင်ကို နှလုံးသွင်း၏။

ရွာလူကြီးတို့မျိုးဆက်က တိမ်ကောသွားခဲ့ပြီဖြစ်သော်လည်း ဧကရာဇ်အတိုင်ပင်ခံကမူ ယခုမှ အစရှိသေးသည်။ သူက ရည်မှန်းချက်ကြီးမားသော လူသားတစ်ယောက်လည်း ဖြစ်၏။

သူ၏ဓားကမ္ဘာမှာ ယခုမှ ဖန်တီးထားခြင်းဖြစ်သည့်အတွက် ပထမတစ်ခန်းသာ ပြီး‌သေးသည်။ ထိုပထမအခန်းက နယ်နိမိတ်ဟု ခေါ်သည်။

ဓားကမ္ဘာပထမအခန်းက ပင်လယ်‌လေးစင်း၏ ရုန်းကြွပုန်ကန်မှုများကို ဖိနှိပ်၍ အရပ်ရှစ်မျက်နှာရှိ ကပ်ဘေးဂြိုဟ်ဆိုးများအား မောင်းထုတ်ပြီး တောင်တန်းမြစ်ပြင်များနှင့် အင်ပါယာအတွက် နယ်နိမိတ်သတ်မှတ်ကာ သာယာအေးချမ်းသော ကမ္ဘာအသစ်တစ်ခုကို ဖွဲ့တည်လိုက်သည်။ ဧကရာဇ်အတိုင်ပင်ခံ၏ စိတ်အာရုံနှင့် ရည်မှန်းချက်က သူ့ဓားထဲတွင် ကိန်းဝပ်နေပြီး ဤအဆင့်တွင် သူ ဖန်တီးနိုင်သော အဆင့်မြင့်ဆုံး ဓားကွက်လည်း ဖြစ်သည်။

မျက်လုံးတစ်လုံးနတ်ဘုရား၏ မျက်လုံးထဲသို့ သူ့ဓား စိုက်ဝင်သွားသည့်အချိန်ကတည်းက ‘နယ်နိမိတ်’ သည် ဦးခေါင်းအတွင်း၌ ပုန်းအောင်းကျန်ရစ်ခဲ့၏။

အမှန်တွင် မျက်လုံးတစ်လုံးနတ်ဘုရားက မျက်လုံးတစ်လုံးတည်း ရှိခြင်းမဟုတ်ပေ။ နှစ်လုံးရှိသော်လည်း သူ၏ကျင့်စဉ်က ထူးခြားသည့်အပြင် ဖန်ဆင်းပညာတွင်လည်း နှံ့စပ်ကျွမ်းကျင်၏။ လျှို့ဝှက်ဆန်းကြယ်သော ဖန်ဆင်းပညာဖြင့် သူက မျက်လုံးတစ်လုံးကို မျက်ခုံးနှစ်ဖက်အကြားသို့ ပို့ကာ ကျန်တစ်လုံးကို နောက်စေ့သို့ ပြောင်းရွှေ့ထားသည်။ ဆံပင်ဖြင့် ဖုံးနေသောကြောင့် သူ့တွင် မျက်လုံးတစ်လုံးတည်းသာ ရှိသည်ဟု ထင်ရခြင်းဖြစ်သည်။

သူက အရှေ့နှင့် အနောက်ကိုပါ မြင်ရမှန်း မည်သူမှ မသိကြပေ။ ထာဝရငြိမ်းချမ်းရေးအင်ပါယာက ရှိန်လောက်စဖွယ် ပြိုင်ဘက်ဖြစ်ပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှုတွင် အ‌ဓိကကျသည့် ပုဂ္ဂိုလ်ဖြစ်ကြောင်း သူ သိထားသောကြောင့် မျက်လုံးတစ်လုံး စွန့်လွှတ်ရလင့်ကစား ဧကရာဇ်အတိုင်ပင်ခံကို သူ အသေသတ်ခဲ့ချင်ခဲ့သည်။

သူသည် ဉာဏ်များသော မြေခွေးအိုကြီး ဖြစ်သည်သာမက မျက်လုံးတစ်လုံးကိုပင် စတေးခဲ့သော်လည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ဉာဏ်ကစားပွဲတွင် သူ့ထက် ခေါင်းတစ်လုံးသာ၏။

ဦးခေါင်းထဲ၌ ပုန်းအောင်းကျန်ရစ်ခဲ့သော ‘နယ်နိမိတ်’ ပေါက်ကွဲသွားသည့်အခါ မျက်လုံးတစ်လုံးနတ်ဘုရား၏ ခေါင်းတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်။ ထိုအက်ကွဲကြောင်းများဆီမှ နှင်းကဲ့သို့ ဖြူဆွတ်နေသော ဓားရောင်များ ဖြာထွက်လာသည်။

သူ၏မျက်လုံး၊ နားရွက်နှင့် ပါးစပ်တို့လည်း ဖြူဆွတ်လာပြီး ဓား‌ရောင်များက မျက်နှာ၏အပေါက်တိုင်းမှ စိမ့်ထွက်လာနေသည်။ သူ့ခေါင်း အက်သထက် အက်လာသည်နှင့်အမျှ ဓားရောင်များလည်း တောက်ပလာ၏။ တဒင်္ဂအတွင်း နှင်းကဲ့သို့ ဖြူဆွတ်သော အလင်းတန်းများ နတ်သက်ကြွေတောင်ကြောတစ်လျှောက် လင်းထိန်တောက်ပသွားရာ နေ့တာအလား ထင်မှတ်မှားလောက်ပေသည်။

ဘုန်း

မျက်လုံးတစ်လုံးနတ်ဘုရား၏ လက်သီးက ဧကရာဇ်အတိုင်ပင်ခံ၏ ကိုယ်ပေါ်သို့ လေးလံစွာ ကျရောက်လာပြီး မြေပြင်တစ်ခုလုံး ပက်ကြားအက်သွားသည်။ အက်ကြောင်းများက အရပ်မျက်နှာတစ်ခွင်သို့ မြွေလိမ်မြွေကောက် ဖြာထွက်သွား၏။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ သွေးအန်လိုက်ရပြီး အရိုးများ တဖျောက်ဖျောက် ကျိုးအက်သွားသံကို ကြားလိုက်ရသည်။

မျက်လုံးတစ်လုံးနတ်ဘုရား၏ လည်ပင်းအထက်တွင် မည်သည့်အရာမှ မရှိတော့ပေ။ သူ၏အလောင်းကြီးက ယိမ်းထိုးနေပြီးနောက်မှ မြေပြင်ပေါ်သို့ ဘုန်းခနဲ လဲကျလာသည်။

အောက်ရှိ ကျင်းကြီးထဲတွင် ဧကရာဇ်အတိုင်ပင်ခံမှာ တုပ်တုပ်မှ မလှုပ်နိုင်တော့ပေ။ သူက အသက်ကို မျှင်း၍ ရှူကာ တောင်းဆိုလိုက်သည်။ “ကျောက်စိမ်းမျက်နှာအဆိပ်ဘုရင်၊ ငါ့ကို ကယ်ပါဦး...”

ထိုအခိုက်အတန့်တွင် ထော့ကျိုးက ဆေးဆရာကို ကုန်းပိုးလျက် သိုင်းကွက်စက်ကွင်းများအကြားမှ လွတ်အောင် ပြေးနေသည်။ ဆေးဆရာက ချင်မူ့ထက် များစွာလျင်မြန်သော အမြန်နှုန်းဖြင့် ဆေးဖော်နေ၏။ သူက အထက်‌ကောင်းကင်ဘုံ၏ နတ်ဘုရားများဆီသို့ အဆိပ်များ ပစ်ပေါက်နေပြီး ရွာလူကြီးနှင့် သူ၏သွေးသောက်ရဲဘော်များဆီသို့ ဆေးများ ပစ်လွှတ်နေသည်။ “ထော့ကျိုး၊ မြန်မြန်၊ မြန်မြန်။ မြန်မြန် သွားပါဟ။ မင်းက ဒီကမ္ဘာပေါ်မှာ နံပါတ်တစ် အပြေးမြန်ဆုံးလို့ ကြွားထားတာမဟုတ်ဘူးလား”

“ငါ မင်းကိုသာ ကုန်းမပိုးထားရရင် အမြန်ဆုံးကွ” ထော့ကျိုးမှာ ထိတ်လန့်တုန်လှုပ်နေသည်။ “မင်းမှာ ဇရှိရင် မင်းခြေထောက်မင်း ဖြတ်ပြီး ပြန်ဆက်ကြည့်လိုက်လေ။ ငါ့ခြေထောက်တွေက နှစ်ကြိမ်တောင် အဖြတ်ခံထားရကွ။ နှစ်ကြိမ်တောင်။ ပြန်ဆက်ထားတာဖြင့် ကြာသေးတာမှ မဟုတ်တာ။ ငါ ဒီထက်မြန်မြန်ပေးရင် ပြုတ်ထွက်သွားမှာတောင် ကြောက်ရတယ်”

“ဘာမှမဖြစ်ပါဘူးကွာ။ မူအာက တော်ပါတယ်။ လွယ်လွယ်နဲ့ ပြုတ်မထွက်ဘူး စိတ်ချ။ မြန်မြန်သာ ပြေးစမ်းပါ။ ငါတို့နောက်က လိုက်တာတဲ့ နတ်ဘုရား လိုက်မှီတော့မယ်” ဆေးဆရာ အားပေးနှစ်သိမ့်လိုက်သည်။

သူတို့အ‌နောက်မှ ခေါင်းသုံးလုံးနတ်ဘုရားတစ်ပါးက သွေးရူးသွေးတန်း ပြေးလိုက်နေသည်။ ဆေးဆရာက သူ မွေးထားသော ‘ကလေး’များကို လွှတ်ပေးထား၍ အဆိပ်သတ္တဝါမျိုးစုံက နတ်ဘုရားအပေါ် အသည်းအသန် ခုန်တက်နေကြသည်။

ဆေးဆရာက အဆိပ်ကောင်များကို စွမ်းအင်ဆေးလုံးများ၊ အံ့ဖွယ်ဆေးလုံးများနှင့် အဆိပ်မျိုးစုံ ကျွေးကာ နှစ်ပေါင်းများစွာ ပျိုးထောင်ထားခြင်းဖြစ်သည်။ သူတို့၏အစွမ်းအစက မြင့်မားပြီး ပြေးနေရင်း အသွင်သဏ္ဍာန်များ ပြောင်းလဲကုန်ကြ၏။ တခဏလေးအတွင်း သူတို့၏ခန္ဓာကိုယ်များ ကြီးထွားလာကာ ကြွက်သားများနှင့် အရိုးများ ငေါထွက်လာကြသည်။ အကုန်လုံးက အရိုင်းဆန်သော အကောင်ကြီးများ ဖြစ်လာကြပြီး တိမ်တိုက်များကို ဝါးမြို၍ မီးများ၊ ရေများ၊ အဆိပ်ငွေ့များ မှုတ်ထုတ်နေကြသည်။

သို့တိုင်တောင် သူတို့မှာ ခေါင်းသုံးလုံးနတ်ဘုရားကို တခဏသာ အချိန်ဆွဲထားနိုင်သည်။

ခေါင်းသုံးလုံးနတ်ဘုရားက အတိုင်းထက်အလွန် ကြောက်မက်ဖွယ်ရာကောင်းပြီး အဆိပ်ကောင်များအား ပြားကပ်သွားအောင် ရိုက်ချနေသည်။ အရောင်မျိုးစုံသော ပိုးကောင်အရည်များက အရပ်လေးမျက်နှာသို့ လွင့်စင်ကုန်၏။ သူ၏ဟိန်းသံကြောင့် သူတို့မှာ အနားပင် မကပ်နိုင်ဘဲ လွင့်ထွက်သွားကြသည်။

အဆိပ်သင့်သည့်အခါ ခေါင်းသုံးလုံးနတ်ဘုရား၏ ခေါင်းတစ်ခေါင်းက ဒေါသတကြီး ဟိန်းဟောက်ကာ မီးဟုန်းဟုန်းတောက်လာတတ်သည်။ မီးတောက်များက နတ်ဘုရား၏ ခန္ဓာကိုယ်အတွင်းနှင့် အပြင်ကို မီးလောင်မြှိုက်ကာ နတ်မီးလျှံစွမ်းအားဖြင့် သန့်စင်ပေးသည်။ နတ်မီးလျှံများက သူ့ခန္ဓာကိုယ်တစ်လျှောက် ဖြတ်သန်းစီးဆင်းကာ အဆိပ်ကို မီး‌လောင်တိုက်သွင်းပေးတတ်၏။

ထိုအချိန်တွင် သူ၏ ကျန်ခေါင်းတစ်ခေါင်း အပြာရောင်ပြောင်းသွားတတ်သည်။ ၎င်းထံမှ အလင်းတန်းများက သူ့ခန္ဓာကိုယ်ကို ထပ်ခါတလဲလဲ ဆေးကြောကာ အဆိပ်ဓာတ်များအား တမုဟုတ်ချင်း ပြန်ထုတ်ပေးတတ်သည်။

ဆေးဆရာ၏အဆိပ် ပြိုင်ဘက်တွေ့ပြီဟု ဆိုရပေမည်။

ထိုမျှသာမက အဆိပ်ကောင်များကို ဖယ်လိုက်လျှင် ဆေးဆရာသည် တစ်ရွာလုံးတွင် အားအနည်းဆုံး ဖြစ်၏။ သူက အဆိပ်ဖော်ခြင်းနှင့် အဆိပ်ကောင်မွေးမြူခြင်းတွင်သာ စိတ်ရောကိုယ်ပါ နစ်ထားသဖြင့် သိုင်းအဆင့်ကလည်း ကောင်းကင်နတ်အသွင်အဆင့်၌သာ ရှိသေးသည်။

သူ၏အဆိပ်နှင့် အဆိပ်ကောင်များကို ထည့်တွက်လျှင်မူ သူ၏သိုင်းစွမ်းအားကို ဆုံးဖြတ်ရခက်သည်။ သူ့အနေဖြင့် နတ်ဘုရားတစ်ပါးအား သေအောင် အဆိပ်ခတ်နိုင်လိမ့်မည်။ သူလည်း နတ်ဘုရား၏ လက်ဝါးတစ်ချက်ကြောင့် အသက်ထွက်သွားနိုင်သည်။

ထော့ကျိုးမှာလည်း ဆေးဆရာကို သယ်ထားရ၍ စိတ်သွားတိုင်း ခြေထောက်ပါအောင် မပေးနိုင်ပေ။ တခြားနတ်ဘုရားများထံမှ အလစ်တိုက်ကွက်များကိုလည်း ရှောင်တိမ်းရသေးသဖြင့် အခြေအနေမှာ ပို၍ပင် ဆိုးလာတော့သည်။

ထော့ကျိုး၏ ပြိုင်ဘက်ကင်း အမြန်နှုန်းဖြင့်ပင် ကမ္ဘာတုန်ဟည်းနေစေသော ကောင်းကင်နတ်သိုင်းများအကြား ဖြတ်သန်းသွားရန်မှာ အတိုင်းထက်အလွန် အန္တရာယ်များနေသေး၏။ ခြေတစ်လှမ်းမှားသည်နှင့် အသက် မည်သည့်နေရာက ထွက်သွားမှန်း သိရလိမ့်မည်မဟုတ်ပေ။

“ဧကရာဇ်အတိုင်ပင်ခံ အားပြတ်သွားပြီ။ သူ့ကို အရင်ကယ်ဖို့ လိုတယ်”

ထော့ကျိုးက ဆေးဆရာကို ဧကရာဇ်အတိုင်ပင်ခံ ပြုတ်ကျသွားသည့်နေရာဆီသို့ သယ်သွားသည်။ သို့သော် ထိုအခိုက်တွင် ခေါင်းသုံးလုံးနတ်ဘုရားက ခန္ဓာကိုယ်ကို လှုပ်ခါလိုက်၏။ ခေါင်းနှစ်ခေါင်းက ကောင်းကင်ကို ဖြတ်၍ ပျံသန်းလာပြီး သူတို့ဆီသို့ မီးနှင့်ရေများ မှုတ်ထုတ်လိုက်သည်။

ထော့ကျိုး သိုင်းကွက်များကို ကပျာကယာ ရှောင်တိမ်းလိုက်သော်လည်း သူ့အရှေ့ရှိ မြေပြင်မှာ တမုဟုတ်ချင်း ပွက်ပွက်ဆူနေသော ချော်ရည်ပြင်ကြီး ဖြစ်သွားသည်။ မှန်တစ်ချပ် ကိုင်ထားသည့် နတ်ဘုရားတစ်ပါး ဆင်းသက်လာ၍ တောင်ထိပ်တစ်ခုလုံး နိမ့်ကျသွား၏။ မှန်က ကောင်းကင်ယံသို့ ပျံဝဲတက်သွားပြီး ချော်ရည်ပြင်ထက်သို့ အလင်းရောင်ဖြန့်ကျက်လိုက်သည့်အခါ အောက်ရှိ မြေပြင်မှာ ထိုးဖောက်၍ မြင်နေရသည့် ကန်ရေပြင်ကဲ့သို့ ကြည်လင်သွား၏။

ထိုမှန်နှင့် နတ်ဘုရားတွင် ကွေးကောက်နေသည့် ဆိတ်ချိုတစ်စုံဖြင့် ဆိတ်ခေါင်းတစ်ခေါင်း ရှိသည်။ သူ့မျက်လုံးများက မြေကြီးအောက်ကို စိုက်ကြည့်လိုက်သည်။

ထိုအချိန်တွင် ထုရှင်းဖုန်းမှာ မြေကြီးအောက်ထဲတွင် ပြေးနေသော်လည်း မှန်ကြောင့် သူ့ခန္ဓာကိုယ်က ပေါ်လွင်သွား၏။ မှန်အလင်းတန်း သူ့ကို ထိမှန်သည့်အခါ သူ့အရှိန် နှေးကျသွားသည်။ သူ မြေအောက်တွင် လွတ်လပ်စွာ သွားလာနေခဲ့သော်လည်း မှန်အလင်းရောင်က သူ့ကို ချုပ်နှောင်နိုင်သွားသည်။

“သေပေတော့”

ဆိပ်‌ခေါင်းနတ်ဘုရားက သရော်တော်တော် ပြုံးလိုက်ပြီး ချိုကွေးကြီးနှစ်ချောင်းက သူ့ခေါင်းမှ ခွာကာ ထုရှင်းဖုန်းကို ချိန်ရွယ်လျက် ချော်ရည်ပြင်အောက်သို့ တရှိန်ထိုး ဆင်းချသွားသည်။

ထိုအခိုက်အတန့်တွင် ‌‌ချော်ရည်များက ရုတ်တရက် မြောက်တက်လာကာ ဧရာမမျက်နှာကြီးအသွင် ဖွဲ့တည်သွားသည်။ မျက်နှာကြီးက ပါးစပ်ဟ၍ ဆိပ်ခေါင်းနတ်ဘုရားအား မြိုချလိုက်သည်။ “ငါ သေရရင်တောင်မှ မင်းကိုပါ သေရွာခေါ်သွားမယ်”

ထော့ကျိုးနှင့် ဆေးဆရာ မြေကြီးအောက်သို့ လှမ်းကြည့်လိုက်သည့်အခါ မှန်အလင်းရောင်ကြောင့် ထုရှင်းဖုန်း လှုပ်မရသည်ကို တွေ့လိုက်ရ၏။ ဆိတ်ချိုကြီးနှစ်ချောင်းက သူ့ရင်ဘတ်နှင့် နောက်ကျောကို စိုက်ဝင်လျက် ရှိချေသည်။

ထုရှင်းဖုန်း၏ ကောင်းကင်နတ်သိုင်းက ဆိပ်ခေါင်းနတ်ဘုရားကို မြေကြီးအောက်ထဲ ဆွဲခေါ်လျက် ကျုံ့သွားသည်။

“ထော့ကျိုး။ အဲဒီမှန်ကို ခိုးလိုက်” ဆေးဆရာက ကမန်းကတန်း အော်လိုက်သည်။

ထော့ကျိုး အပြေးသွား၍ ကောင်းကင်ခိုးယူနေမင်းလဲလှယ်လက်သိုင်းဖြင့် လှမ်းယူလိုက်သည်။ မှန်သည် လှစ်ခနဲ ပျောက်ကွယ်သွားပြီး သူ့လက်ထဲ ရောက်လာသည်။

မြေကြီးအောက်ရှိ ထုရှင်းဖုန်းမှာ ရုတ်တရက် လှုပ်ရှားနိုင်သွားပြီး ဆိပ်ခေါင်းနတ်ဘုရားအား ရှိရှိသမျှ အားအင်အကုန်ဖြင့် တိုက်ခိုက်လိုက်သည်။ မှန်အလင်းရောင် မရှိတော့သည့်အတွက် ထော့ကျိုးနှင့် ဆေးဆရာမှာ မြေအောက်အခြေအနေကို မမြင်ရတော့ပေ။

ချော်ရည်များ ပွက်ပွက်ဆူနေပြီး အပူငွေ့များ တထောင်းထောင်း ထနေသည်။ ရုတ်တရက် ချော်ရည်များ လေပေါ် မြောက်တက်လာကာ ဧရာမလက်ဝါးကြီးအသွင် ဖွဲ့တည်သွား၏။ ထို့နောက် လက်ဝါးများ၊ လက်သီးများ၊ တူများ၊ ခြေထောက်များက ချော်ရည်ထဲမှ ထွက်လာသည်။ ၎င်းတို့က ကောင်းကင်ထက်တွင် လေနှင့်ဓာတ်ပြုကာ အေးခဲကုန်ကြသည်။ ထိုမြင်ကွင်းကား အမှန်စင်စစ် ရင်သပ်ရှုမောဖွယ်ကောင်းပေ၏။

ထော့ကျိုးက သိုင်းကွက်များကို ကြောက်လန့်၍ ဆေးဆရာနောက်တွင် ပုန်းကာ မြေကြီးအောက်သို့ လှမ်းအော်လိုက်သည်။ “သုံးလက်မသံချောင်း၊ မတိုက်နဲ့တော့ မြန်မြန် ထွက်လာခဲ့။ ဆေးဆရာကို ဆေးကုခိုင်းလိုက်ဦး..”

ဆေးဆရာက သူ့ပခုံးကို အသာအယာ ပုတ်ကာ တိုးညှင်းသောအသံဖြင့် ပြောလိုက်သည်။ “သူ့ကို အပြင်ခေါ်မနေနဲ့တော့။ စိတ်တိုင်းကျ တိုက်ပါစေ။ စောစောက သူ လှုပ်မရတဲ့အချိန်မှာ ဆိပ်ချိုနှစ်ချောင်းက သူ့မူလဝိညာဉ်ထဲအထိ စိုက်သွားပြီးပြီ။ အခု သူ့မှာ နောက်ဆုံးထွက်သက်ပဲ ရှိတော့တာ။ အဲ့ထွက်သက်ကို ရှူထုတ်လိုက်တာနဲ့ သူ...”

သူ ဆက်မပြောမိပေ။

ထော့ကျိုး ငိုင်ကျသွားပြီး အံတင်းတင်းကြိတ်၍ နောက်လှည့်မကြည့်ဘဲ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ပြုတ်ကျသွားသည့်နေရာဆီ အပြေးသွားလိုက်သည်။

ချော်ရည်ပြင်ကား တသိမ့်သိမ့် တုန်ခါနေဆဲဖြစ်ပြီး ထူးဆန်းသော ကျောက်တုံးကျောက်ခဲများ မြေကြီးအောက်မှ ‌မြောက်တက်လာသည်။ အောက်ရှိ တိုက်ပွဲ မည်မျှပြင်းထန်ကြောင်း အလွယ်တကူ တွေးကြည့်နိုင်ပေ၏။ သို့သော် ရုတ်တရက် ငြိမ်ကျသွားသည်။ မြေပြင်ထက်တွင် ထူးဆန်းသော ကျောက်တုံး‌ကျောက်ခဲများ၊ လက်ဝါးသဏ္ဍာန်၊ လက်သီးသဏ္ဍာန် ခဲနေသည့်‌ ချော်ရည်ခဲများသာ ကျန်ရစ်ခဲ့သည်။

ဝုန်း

ချော်ရည်ပြင် နှစ်ခြမ်းကွဲသွားပြီး ဆိပ်ခေါင်းနတ်ဘုရားက ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်လာသည်။ သူ့ခန္ဓာကိုယ်က ရှည်ထွက်သထက် ရှည်ထွက်လာ၏။

ဒုန်း ဒုန်း ဒုန်း

သူ ချော်ရည်ပင်လယ်အပြင်သို့ လမ်းလျှောက်သွားနေစဉ် သူ့ကိုယ်ပေါ်မှ ချော်ရည်များ စီးကျလာပြီး မြေပြင်ပေါ် ရောက်သည့်အခါ မည်းနက်နေသောအခဲများ ဖြစ်သွားကြသည်။ သူ၏မျက်လုံးများက ငေးကြောင်နေသည့်အပြင် သူ့ပုံစံမှာလည်း အလွန်ဆိုးရွားနေသည်။ သို့သော် သူ့တွင် တိုက်ခိုက်လိုသော စိတ်အားမာန်တို့ ပြည့်နေသေး၏။

ထော့ကျိုးနှင့် ဆေးဆရာ အံ့အားသင့်သွားသည်။ သို့သော် နောက်တခဏတွင် ဆိတ်ခေါင်းနတ်ဘုရားမှာ မြေကြီးပေါ် ဘုန်းခနဲ လဲကျသွားပြီး တူကြီးတစ်လက်က သူ့နောက်စေ့ထဲ စိုက်ဝင်လျက်ရှိသည်။ ဆိတ်ချိုနှစ်ချောင်း ကျောနှင့်ရင်ဘတ်ထဲ စိုက်ဝင်နေဆဲဖြစ်သည့် လူပုလေးထုရှင်းဖုန်းက တူရိုးကို ဆုပ်ကိုင်လျက် လဲကျသွားသည်။

မြေခရီးသွားခေါင်းဆောင်၏ မျက်ဝန်းထဲရှိ မီးတောက်မီးလျှံများ ဖြည်းဖြည်းချင်း မှိန်ကျလာသည်။

“ငါတို့မြေအောက်က မီးလျှံသစ်သီးရဲ့ အရသာက ပြင်းရှရှဝိုင်အရသာလေးလိုပဲ။ လည်ချောင်းတစ်လျှောက် ပူဆင်းသွားပြီး ပြန်မွေးဖွားလာသလိုတောင် ခံစားရစေတာ” သူ့မျက်လုံးထဲရှိ မီးတောက်မီးလျှံများ တဖြည်းဖြည်း ငြိမ်းသေသွားပြီး သူက တတွတ်တွတ် ပြောနေသည်။ “အဲဒီအရသာကို ငါ ပြန်ခံစားလိုက်ရပြီဆိုတော့ ငါ့ဘဝ အဆုံးသတ်တော့မယ် ထင်ပါရဲ့... လူသားဧကရာဇ်တံဆိပ်တော်ရဲ့ ဆင့်ခေါ်သံကို ငါ မဖြေခဲ့ရင် အကောင်းသားကွာ... ဒါပေမဲ့လည်း ဘိုးဘေးတွေ သစ္စာဆိုခဲ့မှတော့ ငါတို့မြေခရီးသွားတွေအနေနဲ့ ဘိုးဘေးတွေကို ဘယ်သစ္စာဖောက်နိုင်ပါ့မလဲ...”

သူ မျက်လုံးများ ပိတ်သွားပြီး ဆိပ်ခေါင်းနတ်ဘုရားနှင့်အတူ ချော်ရည်ပင်လယ်ထဲ နစ်မြုပ်သွားသည်။ ချော်ရည်များက သူတို့နှစ်ယောက်လုံးကို ဝါးမြိုလိုက်၏။

ထော့ကျိုးက ဆေးဆရာကို သယ်ကာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ ဘေးသို့ ရောက်လာသည်။ ဆေးဆရာ အရေးပေါ်ကုသပေးနေသည့်အချိန် တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် တောက်ပသော အလင်းရောင်က အမှောင်ထုကို ထိုးခွင်းလာ၏။ သူတို့ခေါင်းမော့ကြည့်လိုက်ရာတွင် နေသင်္ဘော လာနေသည်ကို မြင်လိုက်ရသည်။ ကောင်းကင်နတ်ဘုရားမတစ်ပါးက နေသင်္ဘောအပေါ်တွင် ရပ်လျက် သံကြိုးများကို ဆုပ်ကိုင်ကာ နေလုံးကြီးအား ဆွဲယူလာနေ၏။

“အဲ့ဒါ မူအာ ခေါ်လာတဲ့ ကလေးမပဲ။ သူက နေစောင့်ရှောက်သူကိုး” ဆေးဆရာ ယန့်ကျင့်ကျင့်ကို မှတ်မိလိုက်၍ မအံ့ဩဘဲ မနေနိုင်အောင် ဖြစ်သွားသည်။ “နေစောင့်ရှောက်သူ၊ မြန်မြန် လာကူပါဦး”

ယန်ကျင့်ကျင့်က အောက်ငုံ့ကြည့်ပြီး သံကြိုးများကို ဆောင့်ဆွဲလိုက်သည်။ ကောင်းကင်ထက်ရှိ နေလုံးကြီးမှာ ‌ဆောင့်ဆွဲလိုက်သည့်အားကြောင့် ကောင်းကင်ထက်မှ ထိုးဆင်းလာ၏။

နေသင်္ဘောအပေါ်ရှိ နေထိန်းကျောင်းသူများ မျက်နှာအမူအရာ အကြီးအကျယ် ပျက်သွားကြသည်။ သူတို့အားလုံး ပြိုင်တူ အော်ဟစ်လိုက်ကြ၏။ “နေစောင့်ရှောက်သူ မလုပ်နဲ့....”

“ဘွားတော်လေးရေ၊ မင်းသားကို အတူမယူနဲ့လေ...” နေထိန်းကျောင်းသူခေါင်းဆောင်က လှမ်းအော်ဟစ်လိုက်သည်။

နေလုံကြီးက လမ်းခုလတ်တွင် တုံ့ခနဲ ရပ်သွားသည်။ ၎င်းအောက်မှ အလွန်စူးရှတောက်ပသော ရွှေအလင်းတန်းများက အထက်ကောင်းကင်ဘုံ၏ နတ်ဘုရားများဆီသို့ တဟုန်ထိုး ထွက်သွားကြ၏။

All Chapters