အတားအဆီးများ (၂)
Vol. 20 Ch. 274
“ဓားတာအို၊ ဓားလမ်စဉ်”
ထိုအချိန်၌ ဟန်မူယဲ့၏ရှေ့တွင် ကြေးမျက်နှာဖုံးကို တပ်ထားသော အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက် ရပ်နေသည်။
‘သတ်ဖြတ်လိုစိတ်’
ဟန်မူယဲ့က လူအိုကြီး၏နောက်ကျောတွင်ရှိသော ဓားကိုကြည့်သည်။
“ဓားလက်ကိုင်က ပွန်းပဲ့နေတယ်ဆိုတော့ ကြိုးစားပြီး ဓားရေးကျင့်တဲ့လူတစ်ယောက်ပဲ”
ဟန်မူယဲ့က မျက်နှာထားပြောင်းလဲမသွားဘဲ ရေရွတ်သည်။
“ဓားလွယ်ထားတဲ့ပုံစံအရ တိုက်ခိုက်မှုပုံစံအတွက် အရမ်းသင့်တော်တယ်”
ဟန်မူယဲ့၏မျက်လုံးက နက်ရှိုင်းနေပြီးညင်သာစွာပြောသည်။
“ဓားရဲ့အနေအထားအရ ခုတ်ဖို့နဲ့ ထိုးစိုက်ဖို့ အဓိကအသုံးပြုတယ်။ အဲဒါက တစ်ချက်တည်းနဲ့ အသေသတ်မယ့်ပုံစံပဲ”
ဟန်မူယဲ့က ညင်သာစွာပြောနေသည်။ မျက်နှာချင်းဆိုင်တွင်ရှိသော လူအိုကြီး၏ခန္ဓာကိုယ်ကို ဓားချီများက ဝိုင်းရံထားသည်။
ဟန်မူယဲ့စကားပြောပြီးသွားသောအခါတွင် လူအိုကြီး၏လက်သည် ဓားရိုးပေါ်သို့ ရောက်နေပြီဖြစ်သည်။
ထိုအချိန်၌ ဟန်မူယဲ့က ရုတ်တရက်ဆက်ပြောသည်။
“ဓားပေါ်မှာ သတ်ဖြတ်လိုစိတ်တွေရှိတယ်။ လူအများကြီး သတ်ခဲ့တာပဲဖြစ်လိမ့်မယ်”
“သွေးနဲ့ချီတွေက ဓားချီနဲ့ရောနေတယ်။ ဒါက မှန်ကန်တဲ့ ဓားကျင့်ကြံခြင်းနည်းစနစ်မဟုတ်ဘူး။ မင်းက သတ်ဖြတ်ခြင်းကို အထူးပြုထားတာပဲဖြစ်ရမယ်”
“ဒီလိုဓားနည်းစနစ်မျိုးနဲ့ဆိုတော့ မင်းက ပန်းပွင့်ရွက်ကြွေခန်းဆောင်ရဲ့ ကျွမ်းကျင်သူပဲဖြစ်ရမယ်”
ပန်းပွင့်ရွက်ကြွေခန်းဆောင်…
ရွှပ်…
လူအိုကြီးက ဓားထုတ်ပြီး အေးစက်နေသောသတ်ဖြတ်လိုစိတ်များဖြင့် ဟန်မူယဲ့၏ရင်ဘတ်ကို ထိုးချလိုက်သည်။
ဓားအလင်းသည် အလွန်လျင်မြန်ပြီး ဖျတ်ခနဲရောက်လာသည်။
ဟန်မူယဲ့က ဓားကိုစိုက်ကြည့်နေပြီး အသာအယာလှုပ်ရှားလိုက်သည်။
“ပန်းပွင့်ရွက်ကြွေခန်းဆောင်ရဲ့ဓားနည်းစနစ်က တိုက်ရိုက်တိုက်ခိုက်တာထက် လုပ်ကြံသတ်ဖြတ်ဖို့ အသားပေးတယ်။ ခင်ဗျားက ကိုယ်ပိုင်ဓားနည်းစနစ်ကို ယုံကြည်လို့ ဒီမှာစောင့်နေတာပဲ”
ဟန်မူယဲ့က လူအိုကြီးကို ကျော်ဖြတ်သွားပြီး ပြောလိုက်သည်။
သို့သော်လည်း လူအိုကြီးသည် ကောင်းကင်ထက်တွင် တုန်ခါလျက် ရပ်နေပြီး မလှုပ်ရှားရဲပေ။
သူ့လက်မောင်းအောက်မှတစ်ဆင့် ရင်ဘတ်နှင့်ဝမ်းဗိုက်အထိ ဖြတ်သန်းသွားသော ဓားဒဏ်ရာတစ်ခု ရှိနေသည်။
ဟန်မူယဲ့၏ ဘယ်ဘက်လက်တွင်ရှိသော ခရမ်းရောင်ဓားပေါ်တွင် သွေးများစီးကျနေသည်။
“မင်းရဲ့အသက်ကို ဘာဖြစ်လို့ချမ်းသာပေးလိုက်တာလဲ သိလား”
ဟန်မူယဲ့က ပြန်လှည့်လာပြီး လူအိုကြီး၏ရှေ့သို့ ရောက်လာသည်။ သူက လက်မြှောက်လိုက်ပြီး လူအိုကြီး၏ ကြေးမျက်နှာဖုံးကို ချွတ်ယူသည်။ အမာရွတ်များဖြင့် ပြည့်နေသော မျက်နှာတစ်ခုပေါ်လာသည်။
ထိုမျက်နှာသည် ဖြူဖျော့နေပြီး မျက်လုံးထဲတွင် ကြောက်ရွံ့စိတ်များဖြင့် ပြည့်နေသည်။
တစ်ဖက်လူ၏အေးစက်နေသောဓားက သူ့ရင်ဘတ်ထဲအထိ တိုးဝင်လာခဲ့သည်။ ဟန်မူယဲ့က အသက်ကိုချမ်းသာပေးချင်သောကြောင့် နှလုံးသွေးကြောကို မဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။
ထိုဓားချက်မျိုးကို ခုခံနိုင်မည့်လူ မရှိနိုင်ပေ။
သူက သူ့အား အသက်ချမ်းသာပေးခဲ့သော ဟန်မူယဲ့၏ရည်ရွယ်ချက်ကို မခန့်မှန်းနိုင်ပေ။
ဟန်မူယဲ့က လက်မြှောက်လိုက်သည်။
သူ့နောက်တွင် ရှိနေသော တိမ်တိုက်နဂါးဓားက ပျံသန်းလာပြီး အဖြူရောင်ဝတ်စုံဖြင့် ကျိုးယွင်လုံအဖြစ် ပြောင်းလဲသွားသည်။
“သခင်”
ကျိုးယွင်လုံက ဦးညွှတ်သည်။
“သူ့နောက်ကိုလိုက်သွားပြီး ထန်ယွမ်ဟောင်နဲ့ တွေ့လာခဲ့”
ကျိုးယွင်လုံက ခေါင်းညိတ်လိုက်ပြီး ဟန်မူယဲ့၏ရှေ့တွင် ဓားရှည်တစ်လက်အဖြစ် ပြောင်းသွားသည်။
ဟန်မူယဲ့က လူအိုကြီးကိုကြည့်၍ ပြောသည်။
“ထန်ယွမ်ဟောင်က ဓားကျိုးပဲ”
ပန်းပွင့်ရွက်ကြွေခန်းဆောင်တွင် ထန်ယွမ်ဟောင်၏နာမည်က ဓားကျိုးဖြစ်သည်။ သူသည် လတ်တစ်လောတွင် ပန်းပွင့်ရွက်ကြွေခန်းဆောင်၏ နာမည်အကြီးဆုံးသတ်ဖြတ်သူများထဲက တစ်ယောက်ဖြစ်သည်။
လူအိုကြီးက ရှေ့တွင် ရှိနေသောဓားရှည်ကို ကြည့်လိုက်သည်။
ဓားတစ်လက်…
ဓမ္မရတနာ ဓားတစ်လက်…
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ အလယ်အလတ်အဆင့်ကျင့်ကြံခြင်းလောကတွင် ဓမ္မရတနာများအကြောင်း ဒဏ္ဍာရီပုံပြင်များထဲ၌သာ ရှိသည်။ လူသားအဖြစ်အသွင်ပြောင်းနိုင်သော ဓမ္မရတနာကို မြင်ဖူးသူမရှိပေ။
ယနေ့တွင်တော့ ထိုဓားမျိုးက သူ့ရှေ့၌ ပေါ်လာခဲ့သည်။
ထို့အပြင် ထိုဓားကို သူက ပန်းပွင့်ရွက်ကြွေခန်းဆောင်သို့ယူသွားပြီး ဓားကျိုး၏လက်ထဲသို့ ထည့်ပေးရမည်။
‘သူ့ကို ပေးရမယ်။ ဘာအတွက်လဲ’
လူအိုကြီးက မျက်လုံးပြူးသွားပြီး ဟန်မူယဲ့ကို မော့ကြည့်သည်။ သူ့အသက်ရှူနှုန်းက မြန်ဆန်လာသည်။
‘သူဘာဆိုလိုချင်တာလဲ’ သူတွေးမိသည်။
‘ဓားကျိုးက ဘယ်လိုလုပ်ရမလဲဆိုတာကို သိနေတာလား’
ဟန်မူယဲ့က လူအိုကြီး၏ပခုံးကိုပုတ်လိုက်ပြီး ခပ်ဟဟရယ်လျက် အဝေးသို့ပျံသန်းသွားသည်။
‘ဓားကျိုးက ဘာလုပ်ရမလဲဆိုတာကို သိနေတာပေါ့’
လူအိုကြီးက ရှေ့တွင် ရှိနေသောဓားကိုကြည့်လိုက်ပြီး အသက်ပြင်းပြင်းရှူသွင်း၍ ဦးညွှတ်သည်။
“အကြီးအကဲ။ ဒီငယ်သားက အင်မော်တယ်ဟန်ကို ခစားဖို့ ဆန္ဒရှိပါတယ်”
ဓမ္မရတနာဓားဖြင့်ဆိုလျှင် ပန်းပွင့်ရွက်ကြွေခန်းဆောင်၌ ပြိုင်ဘက်ကင်းနေလိမ့်မည်။
ပန်းပွင့်ရွက်ကြွေခန်းဆောင်၏ ဂိုဏ်းချုပ်သည်လည်း ယှဉ်နိုင်မည် မဟုတ်ပေ။
“သွားကြစို့”
တိမ်တိုက်နဂါးဓားထဲက ကျိုးယွင်လုံ၏အသံ ထွက်လာသည်။
လူအိုကြီးက ဓားကို လက်နှစ်ဖက်ဖြင့် ကိုင်ပြီး လျင်မြန်စွာပျံသန်းသွားသည်။
ဤဓားကို ပန်းပွင့်ရွက်ကြွေခန်းဆောင်သို့ ယူသွားသည့်အတွက် သွေးစွန်းဇာတ်လမ်းများဖြစ်ပေါ်လာရန် သတ်မှတ်လိုက်ပြီးဖြစ်သည်။
ထန်ယွမ်ဟောင်က ပန်းပွင့်ရွက်ကြွေခန်းဆောင်ကို ထိန်းချုပ်နိုင်ရန်အတွက် တိမ်တိုက်နဂါးဓားကို ထည့်ပေးလိုက်ခြင်းဖြစ်သည်။
ယခင်က ထန်ယွမ်ဟောင်ကို သိပ်အသုံးမလိုပေ။
ယခုအချိန်တွင်တော့ သူက နေမင်းရောင်ဝါနန်းတော်ဟောင်းကို အပိုင်ယူပြီး ဓားနှင့်ဆေးလုံးအမျိုးမျိုးကို ရောင်းဝယ်မည် ဖြစ်သောကြောင့် ထန်ယွမ်ဟောင်နှင့် ပန်းပွင့်ရွက်ကြွေခန်းဆောင်က လူများကို လိုအပ်လာသည်။
လုပ်ကြံသတ်ဖြတ်မှုများဖြင့် စီးပွားရေးလုပ်နေသောလူများအတွက် တခြားစီးပွားရေးတစ်ခုကို ပြောင်းလဲရန် မခက်ခဲလောက်ပေ။
ထန်ယွမ်ဟောင်သည်သာ တိမ်တိုက်နဂါးဓားကို ကိုင်ဆောင်ထားလျှင် ပန်းပွင့်ရွက်ကြွေခန်းဆောင်ကို ရှင်းလင်းနိုင်လိမ့်မည်။
“မင်းက ကျိုးယွင်လုံကို ပေးလိုက်တော့ လမ်းမှာ ထပ်ပြီးတိုက်ခိုက်ခံရမှာကို မကြောက်ဘူးလား”
ဟန်မူယဲ့၏ဘေးတွင် တာအိုဆရာတယန်၏အသံ ထွက်လာသည်။
ကျိုးယွင်လုံသည် ဓမ္မရတနာဖြစ်ပြီး ဓားဆန္ဒဖြင့် ပေါင်းစပ်လိုက်လျှင် ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူနှင့် ယှဉ်ပြိုင်နိုင်သည်။
ထိုဓားဖြင့်ဆိုလျှင် ဟန်မူယဲ့က အံ့ဖွယ်ကိုးပါးတောင်ကို လုံခြုံစွာပြန်နိုင်လိမ့်မည်။
ယခုအချိန်တွင် ဓားမရှိသောကြောင့် လမ်းတစ်လျှောက်တွင် အလှည့်အပြောင်းများကို ကြုံတွေ့လာနိုင်သည်။
ဟန်မူယဲ့က ခပ်ဟဟရယ်သည်။
“ဘာလဲ။ ကျုပ်ရဲ့စွမ်းရည်ကို မယုံဘူးလား”
တာအိုဆရာတယန်က ဘာမှမပြောတော့ပေ။
အဘယ်ကြောင့်ဆိုသော် ရှေ့တွင် လူအများအပြား ပေါ်လာသည့်အတွက်ဖြစ်သည်။
ဟန်မူယဲ့က ရယ်လိုက်သည်။ သူ့လက်ထဲတွင်ရှိသော အစိမ်းရောင်ကံကြမ္မာဓားက တောက်ပလာပြီး ပေတစ်ရာရှည်သောဓားချီအဖြစ် ပြောင်းလဲသွားသည်။
ဓားအလင်းထဲတွင် မီးတောက်များ ရောပါနေသည်။ ၎င်းသည် ယုလုံရှန့် အသုံးပြုခဲ့သော ဓားနည်းစနစ်ဖြစ်သည်။
ဟန်မူယဲ့က ဘာမှမပြောဘဲ ဓားကိုဆွဲထုတ်လိမ့်မည်ဟု မျက်နှာချင်းဆိုင်တွင် ရှိနေသောလူများက ခန့်မှန်းမထားမိပေ။ သူတို့က အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပေ။
တချို့က လျင်မြန်စွာနောက်ဆုတ်သွားပြီး တချို့က ဓားဆွဲထုတ်၍ တိုက်ခိုက်လိုက်ကြသည်။ အားလုံးက ရှုပ်ထွေးသွားသည်။
ဟန်မူယဲ့က သူတို့ကို ဂရုစိုက်မနေပေ။ သူက ဓားအလင်းကို ရေပြင်ညီအတိုင်း ပစ်လွှတ်လိုက်ပြီး တစ်ဖက်လူ၏ဓားများကို လွင့်စင်သွားစေသည်။ ထို့နောက် ဓားအလင်းက နောက်ဆုတ်သွားသောလူများဆီသို့ လိုက်သွားပြီး အောက်သို့ ပြုတ်ကျသွားစေသည်။
“မင်းတို့က အတွေ့အကြုံမပြည့်ဝသေးဘူး။ ပိုပြီးလေ့ကျင့်လိုက်ဦး”
သူ့အသံက ဆက်ရှိနေသေးသော်လည်း လူကိုယ်တိုင်ကတော့ အဝေးသို့ ပျံသန်းသွားပြီဖြစ်သည်။
လမ်းပိတ်ထားခဲ့သော ကျင့်ကြံသူလူငယ်များက လွင့်စင်သွားသောဓားများကို ပြန်ရှာလိုက်ပြီး ကောင်းကင်ပေါ်သို့ တက်လာခဲ့သည်။ သူတို့က ဖြူဖျော့နေသောမျက်နှာထားဖြင့် အဝေးသို့ ကြည့်လိုက်ကြသည်။
“ဟင်း… သူ့ဓားပညာရပ်က ပိုကောင်းနေတာပဲရှိတာပါ ....”
တစ်ယောက်က အံတင်းတင်းကြိတ်ပြီး ရေရွတ်သည်။
“အဲဒီဓားနည်းစနစ်က ပကတိနေမင်းနန်းတော်ကပဲ။ ငါတစ်ခါမြင်ဖူးတယ်”
တစ်ယောက်က တောက်ပနေသောမျက်လုံးများနဲ့ ပြောလိုက်သည်။
“ဓားတာအို၊ ဓားလမ်းစဉ်၊ ဓားအင်မော်တယ်က ပြိုင်ဘက်ကင်းပါရမီကို တကယ်ပိုင်ဆိုင်ထားတာပဲ”
တစ်ယောက်က ခေါင်းခါလိုက်ပြီး ဓားကိုသိမ်းသည်။
“သွားကြစို့။ ဒီနေ့မှာ ဒီလိုလူမျိုးကို မြင်လိုက်ရတော့ ငါတို့ရဲ့ကျင့်ကြံခြင်းကို လျစ်လျူရှုထားလို့မဖြစ်တော့ဘူး”
သူတို့က လူစုခွဲသွားသောအခါတွင် ထိုနေရာမှာ လူနှစ်ယောက်ပေါ်လာသည်။
“သန်မာလိုက်တာ ....”
အစိမ်းရောင်ဝတ်စုံနဲ့လူအိုကြီးက ဟန်မူယဲ့ထွက်သွားသောဘက်ကိုကြည့်လိုက်ပြီး ညင်သာစွာသက်ပြင်းချသည်။
“ဟီးဟီး၊ သူက ငါတို့နှစ်ယောက် ဘေးမှာ ရှိနေတာကိုသိလို့ လူငယ်တွေကို ပြင်းပြင်းထန်ထန်တိုက်ခိုက်မသွားဘူး”
အဖြူရောင်မုတ်ဆိတ်မွေးများဖြင့် လူအိုကြီးက ခေါင်းခါလိုက်ပြီး အပြုံးတစ်ခုနဲ့အတူပြောသည်။
“အဲဒီကောင်လေးတွေက ပိုသန်မာတဲ့လူရှိနေတာကို နားလည်သွားတာကောင်းတယ်။ အဲဒါမှာ ကောင်းကောင်းလေ့ကျင့်ကြမှာ”
သူ့စကားများကို ကြားလိုက်ရသောအခါတွင် အစိမ်းရောင်ဝတ်စုံနှင့်အကြီးအကဲက ခေါင်းညိတ်သည်။
“ဓားအင်မော်တယ်က မျိုးဆက်သစ်ထဲမှာ နံပတ်တစ်ကျွမ်းကျင်သူဟန်ပန်မျိုး တကယ်ရှိနေတာပဲ”
“ဒီတစ်ကြိမ်မှာ ငါတို့ဟယ်ယွဲ့ဓားဂိုဏ်းက သူ့အပေါ်မှာ အကြွေးတင်သွားပြီ။ အနာဂတ်မှာ ပြန်ပြီးပေးဆပ်ရမယ်”
သူတို့နှစ်ယောက်က တီးတိုးရေရွတ်လိုက်ပြီး ကျင့်ကြံသူလူငယ်များဆီသို့ ပျံသန်းသွားသည်။
ဟန်မူယဲ့က လမ်းတစ်လျှောက်မှာ စိန်ခေါ်လာသူအများအပြားကို တွေ့ခဲ့ရသည်။ သူက အများစုကို ဓားချက်အနည်းငယ်နှင့် ဖြေရှင်းခဲ့သည်။
တစ်ရက်အချိန်အတွင်းမှာပဲ သူက မိုင်ထောင်ချီအကွာအဝေးကို ပျံသန်းလာပြီး တိုက်ပွဲ ၂၁ပွဲ တိုက်ခိုက်ခဲ့ရသည်။
နေဝင်ချိန်တွင် သူသည် တောအုပ်ထဲရှိ ချောက်ကမ်းပါးတစ်ခုမှာ ရပ်နားလိုက်ပြီး မီးဖိုလိုက်သည်။ ထို့နောက် ဝင်္ကပါပြားကိုထုတ်၍ ကိုယ်ပျောက်အစီအရင်ဖြင့် သူ့ကိုယ်သူကာကွယ်လိုက်သည်။
ထိုသို့လုပ်ပြီးသောအခါတွင် သူက အင်မော်တယ်အဆင့်ဆေးလုံးကိုထုတ်ယူ၍ မြိုချလိုက်ပြီး အသက်ရှူနှုန်းကို ဖြည်းဖြည်းချင်းထိန်းညှိလိုက်သည်။
တာအိုဆရာတယန်က လေပြေလေညင်းတစ်ခုအသွင်ပြောင်းပြီး သူ့နောက်တွင် ပုန်းနေသည်။
ယနေ့တိုက်ပွဲများတွင် အစစ်အမှန်ကျွမ်းကျင်သူများမရှိသော်လည်း မိုင်ထောင်ချီအကွာအဝေးကို ပျံသန်းလာခဲ့ပြီး ဆက်တိုက် တိုက်ခိုက်လာရသောကြောင့် ဟန်မူယဲ့က အလွန်ပင်ပန်းနေသည်။ သူက ချီစွမ်းအင်အများအပြား ကုန်ဆုံးခဲ့သည်။
စွမ်းအင်အများအပြားကုန်ဆုံးလျှင် အများအပြားပြန်စုပ်ယူရပေမည်။
ယနေ့တွင် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ဒါဇင်နှင့်ချီသော လက်ရွေးစင်များက သူ့ကို တိုက်ခိုက်ခဲ့ကြသည်။
ထိုလူများက သူ့ကိုတားဆီးရန် ယုံကြည်ချက်ရှိနေသောကြောင့် ဓားနည်းစနစ်များက မဆိုးလှပေ။
ပကတိနေမင်းနန်းတော်က သခင်လေး၏ဓားချီသည် ဓားဆန္ဒအဖြစ် စုစည်းတော့မည်ဖြစ်သည်။
ပန်းပွင့်ရွက်ကြွေခန်းဆောင်၏ အနက်ရောင်ဝတ်စုံနှင့်လူအိုကြီးသည် ကမ္ဘာမြေ ဝိညာဉ်နိုးထခြင်းအဆင့်တွင် ရှိနေသည်။
ထိုလူများနှင့်တိုက်ပွဲက ရောနှောနေသော်လည်း ဟန်မူယဲ့သည် တိုက်ပွဲမှတစ်ဆင့် အတွေ့အကြုံတချို့တော့ ရခဲ့သည်။
တခြားလူများနှင့် တိုက်ခိုက်သောအခါတွင် ဟန်မူယဲ့က အစွမ်းကုန်ထုတ်သုံး၍ တိုက်ခိုက်ထားသည်။
ဝှစ်…
အသံတစ်သံထွက်ပေါ်လာပြီး ဓားတိုလေးတစ်ချောင်းသည် ဟန်မူယဲ့၏ရှေ့က ပေတစ်ဝက်ခန့်အကွာတွင် လွင့်မျောနေသည်။
ဓားတိုလေးပေါ်တွင် လေးနက်မှုတချို့ဖြတ်ပြေးသွားသည်။ အေးစက်သောဓားချီတစ်ခုသည် သူ့ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာမည့်ပုံပေါ်သည်။
“ကျုပ် သိတယ်။ ဓားအင်မော်တယ်က အပြင်လောကမှာ ရှင်သန်နိုင်မယ့်နည်းလမ်းတွေ ရှိနေမှာပေါ့”
ရှည်လျားသောအင်္ကျီလက်များနှင့် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်က ခြေလှမ်းကျဲများဖြင့် လျှောက်လာသည်။
သူက ဟန်မူယဲ့၏ ဝင်္ကပါရှေ့သို့ ရောက်လာပြီး လက်ကိုမြှောက်လိုက်သည်။ ဓားတိုလေးကိုသိမ်းပြီး အလင်းလွှာကို ထိုးခွဲလိုက်သည်။ ထို့နောက် မီးပုံဘေးသို့ လျှောက်လာပြီး ထိုင်ချသည်။
“ငါက ကင်းစောင့်တောင်ကုန်းတာအိုဂိုဏ်းရဲ့ ကျန်းယန်ယွီပါ။ မင်းက ငါ့နာမည်ကို ကြာဖူးလောက်ပါတယ်”
သက်လတ်ပိုင်းအရွယ်ဓားကျင့်ကြံသူက ဓားတိုလေးနှင့် ဆော့ကစားနေပြီး ဟန်မူယဲ့ကို ကြည့်သည်။