လကိုကိုးကွယ်တာလား
Vol. 36 Ch. 487
“မီးတောက်နဂါးက မသေဆုံးမပျက်ဆီးခြင်းလောကနဲ့ ဒသမမြောက်လတွေ ထုတ်လာရတဲ့ နောက်ကွယ်ကအကြောင်းရင်းက သူပဲလား။ သူ့ပခုံးပေါ်က မြွေလေးက အနီရောင်ဖျော့ဖျော့နဲ့ မျက်ခုံးနှစ်ခုကြားမှာ အက်ကွဲကြောင်းတစ်ခုရှိနေသေးတယ်။ အဲဒီမြွေ ငါ့ကို ကြည့်လိုက်ချိန်မှာ ငါ့တကိုယ်လုံးယားကျိလာတာပဲ… အဲဒီမြွေက... ဟိုဟာများဖြစ်နေနိုင်မလား။’
ရွှေပိုးချည်လင်းနို့သားရဲ၏ အသက်ရှူနှုန်းတို့ မြန်ဆန်လာသည်။ သူ့နဖူးတွင် ဇောချွေးတို့ ထွက်လာပြီး သူက အရှိန်ပိုတင်၍ ပြေးလိုက်တော့သည်။
‘အဲဒီမြွေက မီးတောက်နဂါးပြန်လည် မွေးဖွားလာတာများဖြစ်နေမလား။’
ရွှေပိုးချည်လင်းနို့သားရဲ၏ သွားများ တဂတ်ဂတ်ရိုက်လာသည်။ သူတကိုယ်လုံးကျောရိုးများအတွင်းထိ ကြောက်စိတ်များပျံ့နှံ့စေသည့် အတွေးတစ်ခု သူ့ခေါင်းထဲ ထွက်ပေါ်လာသော ထိုအချိန်တစ်ခဏတွင် အဝေးမှ ကျယ်လောင်ပြင်းထန်သော ဟိန်းသံတစ်ခု ထွက်ပေါ်လာသည်။
ထိုအသံကြောင့် သူ့ဝိညာဉ်လိပ်ပြာသည်ပင် ခန္ဓာကိုယ်မှ လွင့်မတတ် ပြင်းထန်လှသော ကြောက်စိတ်များဖြစ်ပေါ်လာတော့သည်။
ထိုဟိန်းသံသည် အခြားလူတို့၏ လိပ်ပြာဝိညာဉ်ကို ခိုးယူနိုင်စွမ်းရှိနေသည်။ ထို့ကြောင့် သူအလိုလိုနောက်လှည့်ကြည့်လိုက်မိပြီး ထိုဟိန်းသံထွက်ပေါ်လာရာနေရာကို မြင်သည်နှင့် သူ့မျက်နှာချက်ချင်း ဖြူရော်လာကာ သွေးရောက်တစ်စက်ပင် မရှိတော့သည်အထိပင်။
အဝေးကောင်းကင်တွင် ဧရာမအရိပ်ကြီးတစ်ခု ထွက်လာသည်ကို သူ တွေ့မြင်လိုက်ရပြီး ထိုအရိပ်ကြီးသည် မီးတောက်နဂါး၏ အရိပ်ကြီးပင်ဖြစ်နေသည်။ ၎င်းက ပါးစပ်ကြီးဖြဲကာ ဟိန်းအော်နေပြီး တစ်ခုခုအား ဝါးမျိုးနေဟန်ဖြစ်နေသည်။
ထိုအရိပ်က မှုန်ဝါးဝါးသာရှိသော်လည်း ဤကိစ္စကို သူအမြင်မှားရန်တော့ မဖြစ်နိုင်ပေ။ သူ့မျိုးနွယ်ဝင်တစ်ဦး ထိုအရပ်သို့ ပြေးနေခဲ့ကြောင်း သူသိနေပြီး မီးတောက်နဂါး၏ အရိပ်ကို မြင်တွေ့ရာတွင် ထိုမျိုးနွယ်ဝင်မှာ သေဆုံးသွားလောက်ပြီဖြစ်ကြောင်း သူသိလိုက်သည်။
သူ့ရင်ထဲတွင် ကြောက်စိတ်များ ထင်ဟပ်နေဆဲဖြစ်ကာ ရွှေချည်မျှင်လင်းနို့က အံ့ကြိတ်လိုက်ပြီး ပြန်လှည့်ကာ ဂရုမစိုက်တော့ဘဲ ပြန်လည်ပြေးဝင်တိုက်ခိုက်တော့လိုက်သည်။ သို့သော် သူ့ခန္ဓာကိုယ်ကို လှည့်လိုက်သည့် တစ်ခဏတွင်ပင် သူက ကျောက်ရုပ်ပမာရပ်တန့်သွားသည်။
သူ့တကိုယ်လုံးအေးခဲမတတ်အေးစိမ့်မှုတစ်ခု ဖြတ်စီးသွားသည့်အလား ခံစားမိလိုက်ရသည်။ အဘယ့်ကြောင့်ဆိုသော် မည်သည့်အချိန်ကမှန်းမသိရဘဲ လူတစ်ဦးက သူ့ရှေ့သို့ရောက်နေပြီး သူ့အား အေးစက်စက်စိုက်ကြည့်လျက်ရှိနေသည်။
ထိုလူက တည်ငြိမ်စွာရှိနေပြီး သူ့အကြည့်က လူသေအား ကြည့်နေဟန်အလား အေးစက်ပေါ့ပါးနေသည်။ ၎င်းက ထိုနေရာတွင် တိတ်ဆိတ်စွာရပ်နေရာ လင်းနို့သားရဲ၏ မျက်နှာမှာ များစွာပြောင်းလဲလာတော့သည်။ သူ နောက်ပြန်ဆုတ်ရန် ပြင်လိုက်စဉ်မှာပင် စုမင်က ရှေ့သို့ တစ်လှမ်းတိုးလာပြီး ညာလက်ကိုမြှောက်ကာ ရွှေချည်မျှင်လင်းနို့၏ နဖူးအလယ်သို့ ပုတ်လိုက်သည်။
ရွှေချည်မျှင်လင်းနို့က စူးရှစွာတစ်ချက်အော်လိုက်ပြီး အတောင်ပံများရှေ့သို့ ထောင့်ဖြတ်ကာလျက် ဒိုင်းကာတစ်ခုပြုလုပ်လိုက်သည်။ ချက်ချင်းပင် သူက လက်တို့ဖြင့် လက်ဟန်တစ်ခုပြုလိုက်ပြီး ရှေ့သို့ လျင်မြန်စွာ တွန်းလိုက်သည်။ လှိုင်းတွန့်များ ချက်ချင်းဖြစ်ပေါ်လာသည်။ ထိုလှိုင်းတို့သည် ဖြာထွက်သွားရင်း မိစ္ဆာဝိညာဉ်ဆိုးတစ်ကောင်၏ မျက်နှာအသွင်ဖြစ်လာပြီး ရှေ့တိုးလာလျက် လမ်းတွင်ရှိသမျှအားလုံးကို ဝါးမျိုလိုက်သည်။
တစ်ချိန်တည်းမှာပင် သူက လျာဖြားကို ကိုက်လိုက်ပြီး ရွှေရောင်သွေးတစ်လုတ်မှုတ်ထုတ်လိုက်သည်။ ထိုသွေးတို့က ရွှေလင်းနို့တစ်ကောင်အဖြစ်ပြောင်းသွားလျက် စူးရှစွာအော်မြည်ကာ ရှေ့သို့ တိုးဝင်လာတော့သည်။
သို့သော် ဤမျှနှင့် မဆုံးသေးပေ။ သူက ထိုအရာအားလုံးလုပ်ပြီးနောက် ရွှေချည်မျှင်လင်းနို့က ညာလက်ဖြင့် လေထဲသို့ ဖမ်းဆုပ်လိုက်သည်။ စက်ဝိုင်းခြမ်းအသွင် ရွှေဓားကောက်တစ်ချောင်း သူ့လက်ထဲတွင် ချက်ချင်းပေါ်လာသည်။ ထိုဓားကောက်အား တစ်ချက်ယမ်းလိုက်ရာ ရွှေရောင်အလင်းတန်းတစ်ခု ပျံထွက်သွားပြီး စုမင်ထံသို့ ဝင်ရောက်သွားသည်။
အလောတကြီးဖြစ်နေသဖြင့် ရွှေချည်မျှင်လင်းနို့က ထိုတိုက်ကွက်တို့သာ ထုတ်သုံးနိုင်ခဲ့တော့သည်။ သို့ရာတွင် ဤမျှအချိန်တိုအတွင်း ထိုသို့သော နတ်စွမ်းအားများကို ထုတ်သုံးနိုင်ခြင်းသည် ၎င်း၏ စွမ်းအားကောင်းမှုကို ဖော်ပြလိုက်ပေသည်။
စုမင်၏ လက်ချောင်းကွက်သည် လေခွင်းသံတစ်ခု ပြုလုပ်သွားပြီး မြေနှင့် မိုးတို့ ပြိုကွဲတော့မည့်အလား အသံတစ်ခု မြည်ဟိန်းလာတော့သည်။ သူ့လက်ချောင်းသည် ဒိုင်းအသွင်ပြုထားသော ရွှေချည်မျှင်လင်းနို့၏ အတောင်ပံများအား ထိမိသွားပြီး ကျယ်လောင်သော ရိုတ်ခတ်သံတစ်ခု ထွက်လာတော့သည်။ သူ့တောင်ပံတစ်ခုလုံး သွေးများချက်ချင်းဖုံးလွှမ်းသွားပြီး အရိုးကျိုးသံများ တဖြစ်ဖြစ်ထွက်ပေါ်လာတော့သည်။ ရွှေချည်မျှင်လင်းနို့က ချက်ချင်းအတောင်ပံများအား ဖြန့်ကားမှုမပြုလိုက်လျှင် ၎င်းတို့သည် ချက်ချင်းသွေးသားစများအဖြစ် အပိုင်းပိုင်းဖြစ်ကုန်ကြလောက်သည်။
စုမင်၏ လက်ချောင်းသည် လင်းနို့သားရဲ၏အတောင်များဖြန့်ချိန်ထိ ရပ်တန့်ခြင်းမရှိသေးပေ။ သူက လင်းနို့သားရဲ၏ ဒုတိယခံစစ်လွှာအား ထိုးလိုက်ရာ လှိုင်းများဖြင့် ဖွဲ့စည်းထားသည့် တစေဆိုးမျက်နှာထံမှ တဝုန်းဝုန်းအသံများ ထွက်ပေါ်လာတော့သည်။
ထိုလှိုင်းများအားလုံးပျောက်ပျက်သွားချိန်တွင် ရွှေချည်မျှင်လင်းနို့၏ သွေးမှ ဖြစ်တည်လာသည့် ရွှေလင်းနို့က စူးရှစွာအော်မြည်လိုက်ပြီး စုမင်၏ လက်ချောင်းထံသို့ တိုးဝင်လာတော့သည်။
လေထဲတွင် ရိုက်ခတ်နေသည့် ပေါက်ကွဲသံများပျောက်ကွယ်ခြင်းမရှိသေးခင် တဝုန်းဝုန်းသံများ ထပ်မံပေါက်ကွဲလာပြန်သည်။ ထိုလက်ချောင်းတစ်ချက်၏ စွမ်းအားများတွင်ပင် ရွှေလင်းနို့သည် အော်မြည်ကာ ပေါက်ကွဲသွားတော့သည်။ သို့ရာတွင် ထိုလက်ချောင်း၏ အရှိန်သည်လည်း များစွာလျော့ကျသွားလေသည်။
ထိုရွှေလင်းနို့ပျောက်ကွယ်သွားသည်နှင့် ရွှေချည်မျှင်လင်းနို့၏ လပြည့်ပုံရွှေဓားကောက်သည် စုမင်၏ လက်ချောင်းရှေ့သို့ တန်းရောက်လာသည်။ ကောင်းကင်တစ်ခုလုံး တုန်ဟီးသည့် ပေါက်ကွဲသံကြီးထွက်လာပြီး လင်းနို့သားရဲမှာ ပါးစပ်တွင်သွေးများ ယိုစီးလျက် ဒလိမ့်ကောက်ကွေးနောက်သို့ လွင့်စင်သွားသည်။
စုမင်၏မျက်လုံးများထဲတွင် အရောင်တစ်ချက်လက်သွားသည်။ သူက လေထဲတွင် ရပ်နေလိုက်ပြီး နောက်သို့ တစ်လက်မပင်ဆုတ်ခြင်းမပြုပေ။ သို့ရာတွင် သူက လက်ချောင်းကိုလည်း ပြန်ရုပ်သိမ်းခြင်းမပြုပေ။ ထိုလက်တစ်ချောင်းကွက်သည် နာမည်မရှိပေ။ ၎င်းသည် သန်းချီသော ဆင့်ကဲတိုးတက်မှုတို့ဖြင့် မသေမပျက်ဆီးလောကထဲတွင် ပြီးစီးသွားခဲ့ပြီးဖြစ်သည်။ စုမင်ပြင်ပသို့ထွက်လာချိန်နောက်ပိုင်းတွင် သူ၏ ထိုလက်တစ်ချောင်းစွမ်းအားကို အသက်ရှင်ရက် ခံနိုင်သူမရှိခဲ့သေးပေ။
ယခုအချိန်တွင် ဤရွှေချည်မျှင်လင်းနို့သည် ပထမဆုံးဖြစ်နေပေသည်။
ရွှေချည်မျှင်လင်းနို့၏ မျက်နှာသည် ဖြူရော်နေပြီး သွေးပျက်ခြောက်ခြားမှုတို့ဖြင့် ပြည့်နေသည်။ သူက နောက်သို့ လွင့်စဉ်ရင်း သွေးများ ထွေးထုတ်နေရသည်။ သူက မသေဆုံးခဲ့သော်လည်း သူက ၎င်း၏စွမ်းအားတို့ကို သူ၏ ကာကွယ်မှုအထပ်ထပ်ဖြင့် လျှော့ချခဲ့ပြီးဖြစ်သည်။ သို့သော် ထိုကျန်ရှိသည့် စွမ်းအားတို့က သူကိုယ်ထဲရှိ ချီအားတို့အား ရှုပ်ထွေးဆူပွက်နေစေသေးကာ သူ့အသက်အားများစွာလည်း ဆုံးရှုံးခဲ့ရလေသည်။
‘ဘယ်လိုနတ်အတတ်မျိုးလဲ။’
ရွှေချည်မျှင်လင်းနို့သည် နောက်ဆုတ်ရင်း သူအသက်ဘေးထဲကျရောက်နေကြောင်း သိနေပြီး လွတ်မြောက်နိုင်ရန်လည်း မဖြစ်နိုင်တော့ကြောင်းကို သိသဖြင့် ထိုသို့အရူးအမူးဖြစ်လာတော့သည်။
“ငါ့ကို ထိရောက်အောက်လုပ်ရဲရသလား။ ငါက ရွှေချည်မျှင်လင်းနို့တစ်ကောင်ပဲ။ ငါက တော်ဝင်ဘိုးဘိုးစိတ်ဆန္ဒရဲ့ စေတမန်ပဲ။ ငါ့ကို သတ်တာက မင်းက ရွှေလင်းနို့မျိုးနွယ်တစ်ခုလုံးကို စစ်ကြေညာလိုက်တာပဲ။ အဲဒါက မင်းတာဝန်ယူနိုင်တာမျိုးမဟုတ်ဘူး။”
ရွှေချည်မျှင်လင်းနို့က ဟိန်းအော်နေရင်း မျက်လုံးများနီရဲလာသည်။ သူကြောက်နေရသည်။ လွန်စွာကြောက်ရွံ့နေပေသည်။ စုမင်၏စွမ်းအားတို့သည် သူခုခံနိုင်ခြင်းမျိုးမဟုတ်ကြောင်း ခံစားမှုတို့ရနေသည်။
စုမင်သည်တော့ ယခင်အတိုင်းတည်ငြိမ်လျက်ပင် ရှေ့သို့တစ်လှမ်းတိုးလာပြီး ညာလက်ကို မြှောက်လိုက်သည်။ သူ့ရုပ်ပိုင်းကိုယ်အားတို့ကို စမ်းသပ်ပြီးနောက် သူက နတ်အတတ်တို့၏ အစွမ်းကို စမ်းသပ်ချင်လာသည်။
သူက ညာလက်အား လက်သီးဆုပ်အဖြစ်ဆုပ်လိုက်ပြီး ရှေ့သို့ တက်လိုက်ရင်း ကောင်းကင်သို့ ထိုးလွှတ်လိုက်တော့သည်။
ထိုလက်သီးချက်သည် လေညွှန်မောင်းနှင်ခြင်းအဆင့်ဖြစ်သည်။ ပြင်းထန်သော လေလှိုင်းတစ်ခု ထွက်လာပြီး ကောင်းကင်သို့ ပျံထွက်သွားသည်။ ကောင်းကင်တခုလုံး ဟိန်းသံများထွက်လာပြီး တိမ်များလည်း ချက်ချင်းပြိုကွဲထွက်ကာ ကောင်းကင်တွင် လေပွေမုန်တိုင်းကြီးတစ်ခု အဆက်မပြတ်လည်ပတ်ဖြစ်ပေါ်လာသည်။
“လေအားပေါင်းစပ်ခြင်း”
စုမင်းက တည်ငြိမ်စွာပြောလိုက်သည်။
သူ့ညာလက်သီးအား လေထဲတွင် မြှောက်နေဆဲတွင်ပင် သူက လက်သီးဆုပ်အား ဖြည်လိုက်ပြီး ကောင်းကင်ဘက်သို့ လေကိုဖမ်းဆုပ်လိုက်ပြန်သည်။
လေထဲရှိ လေပွေမုန်တိုင်းကြီးသည် ချက်ချင်းပင် မူလအရွယ်များ အဆများစွာကြီးထွားလာတော့သည်။ ၎င်းသည် ကောင်းကင်တစ်ဝက်အား ပြည့်လာချိန်တွင် စုမင်း၏ ညာလက်ထံသို့ လေမုန်တိုင်းပမာ တိုးဝင်လာသည်။
ထိုအချိန်တွင် ကောင်းကင်၌ လေနှင့် မိုးကြိုးတို့ တဝုန်းဝုန်း တိုက်ခတ်နေသည်။ စုမင်သည် လေထဲတွင် ရပ်နေရင်း သူညာလက်သည် ကောင်းကင်အား ဇက်ကြိုးဆွဲ ထိန်းချုပ်ဟန်ဖြင့် ထိုလေပွေအတွင်းရှိ လေတို့အား ထိန်းချုပ်စေခိုင်းနေဟန်ရှိသည်။
“မူလဘူတနေမင်း။”
စုမင်က ထိုစကားလုံးတို့ ရေရွတ်လိုက်သည့် တစ်ခဏတွင် သူ့ညာလက်အား ရှေ့တွင် ယမ်းခါထုတ်လိုက်သည်။ သူထိန်းချုပ်မှုအောက်တွင်ရှိနေသော လေပွေအတွင်းရှိလေတို့သည် ချက်ချင်းရွှေချည်မျှင်လင်းနို့ထံ ပြင်းထန်စွာ တိုးဝင်တိုက်ခတ်သွားတော့သည်။
အဝေးမှကြည့်လျှင် လူအပေါင်း၏ ရင်ထဲတွင် ထိတ်လန့်မှုများသွတ်သွင်းနိုင်သည့် မြင်ကွင်းတစ်ခု ဖြစ်ပေသည်။ ထိုမြင်ကွင်းတွင် စုမင်၏ဆံပင်တို့ကလေထဲတွင် ကခုန်နေပြီး သူကတော့ တည်ငြိမ်လွန်းလျက်ရှိကာ သူမျက်လုံးများအောက်က အမာရွတ်သည်လည်း ထူးဆန်းသော ဆွဲဆောင်မှုတစ်မျိုး ပေါင်းထည့်နေပေသည်။
တစ်ဖက်တွင်တော့ ရွှေချည်မျှင်လင်းနို့၏ မျက်နှာသည် ထိတ်လန့်မှုအတိပြည့်နေသည်။ သူမျက်လုံးများသည် ကြက်သွေးရောင်နီရဲနေပြီး သူ့ပြုမှုဟန်တို့ကလည်း ပိုမိုရူးသွပ်လာကြသည်။
ထိုနှစ်ဦးကြားတွင်တော့ ကောင်းကင်နှင့် မြေကြီးအား ပေါင်းကူးထားသည့် လေပွေမုန်တိုင်းကြီးတစ်ခု ရှိနေသည်။ ထိုလေပွေမုန်တိုင်းကြီးသည် ယခုအချိန်တွင် အဘက်ဘက်သို့ ပျံ့နှံ့လာနေပြီး တဟုန်းဟုန်း အော်မြည်ကာ ရွှေချည်မျှင်လင်းနို့အား နစ်မြှုပ်တော့မည့်အလား ဦးတည်လာနေသည်။
လင်းနို့သားရဲသည် ရူးသွပ်မှုအလယ်တွင် သူ့ထံသို့ အုပ်မိုးလာသည့် သေမင်းအရိပ်သည် တဖြည်းဖြည်းနီးကပ်လာသည်ကို တွေ့ရှိနေပေသည်။ သူက ဤနေရာတွင် ယခုပုံစံအတိုင်း သေမည်ကို လက်မခံနိုင်ပေ။
သူက ရုန်းကန်လှုပ်ရှားရင်း ခေါင်းမော့ကာ ဟိန်းအော်လိုက်ပြီး လက်နှစ်ဖက်ကိုမြှောက်ကာ ထူးဆန်းသော လက်ဟန်တစ်ခုပြုလိုက်ပြီးနောက်တွင် လက်တို့အား သူ့ကိုယ်ပေါ် ရိုက်ချလိုက်သည်။
သူ့ကိုယ်သည် ချက်ချင်းတုန်ခါလာပြီး အတောင်တို့လည်း စတင်ကျွတ်ကျလာသည်။ ရွှေအတောင်များသည် ကိုယ်မှကျွတ်လာပြီးနောက် ရွှေအလင်းတန်းများအဖြစ် တလှစ်လှစ်ပျံကာ လေမုန်တိုင်းထံသို့ ပျံထွက်သွားကြသည်။
ထိုသို့လုပ်ဆောင်ပြီးလျှင် ရွှေချည်မျှင်လင်းနို့သည် လျာဖျားကို ထပ်မံကိုက်လိုက်ပြီး သွေးတစ်လုတ်ကြီးထပ်မံ ထွေးလိုက်ပြန်သည်။ ထို့နောက်ချက်ချင်းပင် သူခါးအား ကိုင်းညွတ်လိုက်ပြီး ကောင်းကင်အား နောက်ကျောပေးလိုက်သည်။
သူက နဖူးမော့လိုက်ရာ သူ့မျက်နှာတွင် သွေးကြောစိမ်းများ ထောင်ထလာသည်။ သူအသွင်သည် ခက်ထန်ကြမ်းတန်းလာပြီး ကြမ်းရှသော အော်သံတစ်ခု ပြုလုပ်လိုက်တော့သည်။
“လင်းနို့တောင်ဆင့်ခေါ်အတတ်၊ ထာဝရဆောင်းနှင်းမိုးစက်။ လာလေရော့ မူလကျောက်တိုင်။”
သူက ထိုသို့ဟိန်းအော်လိုက်ရာ ဧရာမကျောက်တိုင်ကြီးတစ်ခု ထိုနေရာတွင် ချက်ချင်းဖြစ်တည်လာသည်။
ထိုကျောက်တိုင်ကြီးသည် လွန်စွာကြီးမားလှပြီး ပေတစ်ထောင်အရွယ်ရှိပေသည်။ ၎င်း၏မျက်နှာပြင်တွင် ရှုပ်ထွေးသော စာလုံးများထွင်းထားသည်။ ၎င်းသည် ပေါ်ထွက်လာသည်နှင့် ရွှေချည်မျှင်လင်းနို့၏ နောက်ကျောပေါ်သို့ ချက်ချင်းဖိချလာကာ ၎င်းသည် ကျောက်တိုင်ကြီးအား သယ်ဆောင်နေသည့်ဟန် ပြုလိုက်သည်။
ကျောက်တိုင်ကြီးထံမှ ကြီးမားကျယ်ပြန့်လှသော စွမ်းအားကြီးတစ်ခု စတင်ပြန့်ထွက်လာပြီး မူလဘူတနေမင်းမှ ဖြစ်လာသည့် လေမုန်တိုင်းကြီးအာ ခုခံရန်အတွက် ၎င်းသည် လေမုန်တိုင်းလာရာဘက်သို့ တမ်းစောင်းလာတော့သည်။
၎င်းနှစ်ဖက်လုံးသည် တပြိုင်နက်ရင်ဆိုင်တွေ့မိကြသည်။ စုမင်၏ မူလဘူတနေမင်းမှ ဖြစ်လာသည် လေမုန်တိုင်းသည် ရွှေအမွှေးအတောင်များမှ ဖြစ်လာသည့် အလင်းများနှင့် ရင်ဆိုင်မိကြသည်။
ကျယ်လောင်သော ပေါက်ကွဲသံများ ကောင်းကင်သို့ ညံတက်သွားပြီး ငှက်မွေးတောင်များအားလုံး ကြေပျက်သွားကြတော့သည်။ လေမုန်တိုင်းကြီးက ၎င်းတို့အား ရှင်းထုတ်လိုက်ပြီး ခဏတွင် ရပ်တန့်ခြင်းမရှိဘဲ ရွှေချည်မျှင်လင်းနို့၏ နတ်အတတ်မှဖြစ်တည်လာသည့် ကျောက်တိုင်ကြီးထံသို့ ရိုက်ခတ်သွားတော့သည်။
တဝုန်းဝုန်းပေါက်ကွဲသံများ လောကတစ်ခွင်လုံးညံတက်သွားသည်။ ထိုအသံသို့သည် ရှာမန်တောင်ကြားသို့ ဝင်ရောက်သွားရာ ရှာမန်အားလုံး ကောင်းကင်သို့ တုန်လှုပ်စွာ ကြည့်လိုက်မိကြသည်။ ထိုအသံတို့မှာ အဝေးသို့ ဆက်လက်ပျံ့နှံ့သွားကြသည်။
ကျောက်တိုင်ကြီးတွင် အက်ကြောင်းများဖြစ်ပေါ်လာပြီး နောက်ဆုံးတွင် အပိုင်းပိုင်းကြေမွသွားတော့သည်။ သို့သော် စုမင်၏ လေမှ ကြီးစွာသောတစ်စိတ်တစ်ပိုင်းသည်လည်း ကျောက်တိုင်ကြီးကြေမွချိန်တွင် ပျက်ပြယ်သွားရလေသည်။ သို့သော် ထိုလေလှိုင်းများထဲတွင် စွမ်းအားလက်ကျန်များ ရှိနေဆဲဖြစ်ကာ ၎င်းသည် ဆက်လက်တိုက်ခတ်ရင်း ရွှေချည်မျှင်လင်းနို့ထံသို့ တိုးဝင်လာနေသေးသည်။
လင်းနို့သားရဲသည် သွေးများထပ်မံထွေးထုတ်လိုက်ရာ သူ့ကိုယ်မှာ ချက်ချင်းကျုံလှီလာတော့သည်။ သူမျက်လုံးများတွင် သွေးပျက်မှုတို့ ထင်ဟပ်နေပြီး အသေခံမည့် ရူးသပ်မှုတို့ လှုပ်ရှားနေကြသည်။ သူက ရှောင်တိမ်းခြင်းမပြုတော့ဘဲ ဒူးတစ်ဖက်ထောက်လိုက်ပြီး ကောင်းကင်သို့ အစွမ်းကုန်ဟိန်းအော်လိုက်တော့သည်။
“ဘိုးဘေးအရှင်၊ ရှေးယခင်အချိန်ကလည်းက ကျွန်တော်တို့ ရွှေလင်းနို့တွေ ကိုးကွယ်ရပါသော အရှင်။ ကျုပ်ရဲ့ ဒီရွှေချည်မျှင်လင်းနို့ကိုယ်ခန္ဓာဖြင့် လကို ပူဇော်ရန် အသင့်စွမ်းအားတို့ ငှားပေးပါ။ ကျုပ်ရဲ့ သွေးတို့ လောင်မြိုက်ခြင်းပြုရန် သုံးကြိမ်ဦးညွှတ်ခွင့်ပေးပါ။”
ရွှေချည်မျှင်လင်းနို့က ထိုသို့ဟိန်းလိုက်ရင်း ကောင်းကင်ရှိ လကိုးစင်းထံသို့ ဦးချကန်တော့လိုက်သည်။
၎င်းက လများထံသို့ ကန်တော့လိုက်ချိန်တွင် စုမင်၏ ရင်ထဲတွင် တုန်ခါလှုပ်ရှားသွားသည်။ အဘယ်ကြောင့်ဆိုသော ကောင်းကင်ရှိလကိုးစင်းထဲမှ နဝမမြောက်လသည် အနည်းငယ်ကြီးလာကြောင်း သူကောင်းကောင်းခံစားလိုက်မိသောကြောင့်ပင်။
“ဒီဦးချကန်တော့ခြင်းအားဖြင့် အကျွန့်အား ကောင်းကင်သို့ ဖုံးလွှမ်းကာ အရာအားလုံးလောင်ကျွမ်းနိုင်သည့် မီးပင်လယ်တစ်ခု ဆင့်ခေါ်နိုင်သည့် စွမ်းအား ပေးသနားပါ။”
ရွှေချည်မျှင်လင်းနို့သည် လကိုးစင်းထံကန်တော့နေရင်း ၎င်း၏ ကိုယ်ခန္ဓာသည် မခံနိုင်တော့သည့်ဟန်ဖြစ်လာသည်။ သူ့ကိုယ်ထဲတွင် ခရမ်းရောင်မီးလျှံများ ပေါက်ကွဲထွက်ပေါ်လာကြောင်း ထင်ရှားစွာတွေ့မြင်နိုင်သည်။
၎င်းမီးလျှံများသည် သူ့မျက်လုံး၊ နားရွက်၊ နှာခေါင်းနှင့် ပါးစပ်တို့မှ ထိုးထွက်လာနေသည်။ ထိုခဏအတွင်း ၎င်းမီးလျှံတို့သည် ကောင်းကင်သို့ ပျံတက်သည့် မီးပင်လယ်အဖြစ် လှိုင်းထသွားတော့သည်။ မြေပြင်မှ ကောင်းကင်သို့ ကြည့်လိုက်လျှင် ထိုမီးလျှံပင်လယ်သည် လူတစ်ဦး၏ လက်ဝါးအသွင်ဖြစ်နေသည်ကို တွေ့မြင်ရပေမည်။
မီးပင်လယ်မှ ဖြစ်ပေါ်လာသည့် လက်ကြီးသည် သူကိုယ်သူမမြှောက်လိုက်ပြီး မူလစိတ်ဆန္ဒတစ်မျိုးပါရှိနေသည့်အလား စုမင်ထံသို့ ဖိချလာတော့သည်။
‘ငါထင်သားပဲ။ သူတို့က သွေးလွှမ်းလရဲ့အတောင်ပံတွေနဲ့ မီးလျှံမာန်မျိုးနွယ်များတို့နဲ့ တကယ်ဆက်စပ်နေတာပဲ။ မီးလျှံမာန်မျိုးနွယ်တွေရဲ့ သွေးလွှမ်းလပူဇော်မှုအတတ်က ဒီနေရာမှာ တကယ်ပေါ်ထွက်လာတာပဲ။ ဒါပေမဲ့ သူတို့က နည်းနည်းကွဲနေသေးတယ်။’
စုမင်၏ မျက်လုံးများထဲတွင် စူးရှသောအကြည့်တစ်ချက်ထင်ဟပ်လာသည်။ သူက ရွှေလင်းနို့များကို မြင်ခဲ့ချိန်ကတည်းက သံသယတို့ ဖြစ်နေခဲ့သော်လည်းယခု ဤမြင်ကွင်းကို ကိုယ်တိုင်တွေ့ရချိန်တွင် သူ့မှန်းဆမှုတို့အား သေချာလာနိုင်လေသည်။
‘လကို ကိုးကွယ်ခြင်းအတတ်၊ မီးလျှံမာန်မျိုးနွယ်တို့အတတ်..လဘိုးဘေးတဲ့လား။’
စုမင်၏ နှုတ်ခမ်းတွင် အေးစက်သရော်ဟန်တစ်ခု ထင်ဟပ်လာသည်။ သူက ဖိကျလာနေသော မီးပင်လယ်လက်ဝါးကြီးအောက်တွင်ပင် တည်ငြိမ်လျက်ရှိနေသးသည်။ မီးလျှံမာန်မျိုးနွယ်တဲ့လား၊ သူစုမင်ကမှ မီးလျှံမာန်အစစ် ဖြစ်သည်။
သူက ညာလက်ကို မြောက်လိုက်ပြီး လက်ချောင်းကိုကိုက်ကာ ဘယ်မျက်ဆန်အား ဖိထားလိုက်သည်။