← Chapters

ထာဝရလီတောင်ကုန်း

Vol. 36 Ch. 488

ထာဝရလီတောင်ကုန်း

Vol. 36 Ch. 488

စုမင်က သူ့ဘယ်မျက်ဆန်အား ဖိလိုက်သည်နှင့် သူဘက်မျက်လုံးထဲတွင် လောကသည် အနီရောင်ပြောင်းလဲသွားပြီး သူ့လက်ချောင်းက ညာမျက်လုံးတစ်ခုလုံးကိုပါ ပွတ်လိုက်ချိန်တွင်တော့ သူ့တလောကလုံးမှာ သွေးနီးရောင်တောက်ပစွာ လွှမ်းမိုးသွားသည်။

သွေးတို့က တောက်ပနေပြီး မီးလျှံများထဲတွင် လောင်ကျွမ်းနေသည်။

စုမင်က သွေးများလောင်ကျွမ်းခြင်းအား သုံးလိုက်သည့်တစ်ခဏတွင် သူ့ကိုယ်မှ ပြင်းထန်သော မီးလျှံများ ပေါက်ကွဲထွက်လာသည်။ ထိုမီးလျှံတို့သည် မီးပင်လယ်မှ ဖြစ်သော လက်ဝါးကြီးကဲ့သို့ ဟိတ်ဟန်ကြီးမားခြင်းတော့ မရှိပေ။ သို့ရာတွင် ၎င်းတို့က သူ့တကိုယ်လုံးအား ဖုံးလွှမ်းဝန်းရံထားချိန်တွင် သူ့ဆံပင်တို့သည် ပြင်းထန်စွာ လှုပ်ရှားလာကြသည်။

သူက ထိုနေရာတွင် ရပ်နေလျက် မီးပင်လယ်ကြီးအာ မော့ကြည့်လိုက်ရာ သူ့အသွင်သည် မိုးနှင့်မြေတို့ ကွဲအက်ပျက်စီးချိန်တွင်ပင် တည်ငြိမ်စွာရင်ဆိုင်ရဲသည့် ယောက်ျားကောင်းတစ်ယောက်အသွင် ထုတ်လွှတ်နေတော့သည်။

“ငါက မီးလျှံမာန်မျိုးနွယ်ရဲ့မျိုးဆက်ပဲ။ မင်းက လကိုကိုးကွယ်တဲ့အကြောင်း ပြောမယ်ဆိုရင် ငါလည်း ကောင်းကောင်းပြောနိုင်တာပေါ့။”

စုမင်က လေထဲတွင် ရပ်နေလျက် လက်တို့အား မြှောက်လိုက်သည်။ သူက လက်သီးအား လက်ဝါးထဲအုပ်လိုက်ပြီး ကောင်းကင်ရှိ နဝမမြောက်လထံသို့ ဦးညွှတ်လိုက်တော့သည်။

သူကဦးညွှတ်လိုက်ချိန်တွင် ကောင်းကင်ရှိ နဝမမြောက်လသည် ပုံစံပျက်ယွင်းလာပြီး ဘေးတွင် လနှင့် ထပ်တူညီသော အရိပ်တစ်ခု ထပ်လျက်ပေါ်လာသည်။

စုမင်ထံသို့ ဦးတည်တိုက်ခတ်နေသည့် မီးပင်လယ်မှဖြစ်လာသော လက်ကြီးသည် တုန်ခါသွားပြီး စုမင်၏ လထံသို့ ဦးညွှတ်နေခြင်းအား မခံသည့်အလားငြိမ်းသက်မည့်ဟန်တို့ ပြလာသည်။

ရွှေချည်မျှင်လင်းနို့သည် မလှမ်းမကမ်းမှကြည့်ရင်း ထိတ်လန့်အံ့သြမှုဖြင့် ပါးစပ်အဟောင်းသာဖြစ်နေသည်။ သူ့ခေါင်းထဲတွင် ဝုန်းခနဲပေါက်ကွဲသံတစ်ခုထွက်လာပြီး သူ့မျက်နှာတွင် မယုံနိုင်ဟန်တို့ ဖြစ်လာသည်။

စုမင်သည် မည်မျှစွမ်းအားကြီးကြောင်း သူသိပြီးဖြစ်ကာ စုမင်က မီးပင်လယ်အား မည်သို့နတ်အတတ်များသုံးကာ ရင်ဆိုင်သည်ဖြစ်စေ သူယခုကဲ့သို့ မျက်နှာပြောင်းလဲလာမည်မဟုတ်ပေ။ သို့ရာတွင် စုမင်က မီးပင်လယ်အား လပူဇော်ကိုးကွယ်ခြင်းအတတ်ကိုပင် သုံးကာ ရင်ဆိုင်မည်ဟုတော့ သူမျှော်လင့်မထားခဲ့ပေ။

ထိုအချက်သည် သူစိတ်ထဲတွင် ပေါ်လာဖူးခြင်းမရှိခဲ့သောအရာဖြစ်ပြီး သူ့အတွေးအမြင်၊ ယုံကြည်မှုတို့အားလုံးကို ပြောင်းပြန်လှန်လိုက်တော့သည်။

ထိုလကိုးကွယ်ပူဇော်ခြင်းအတတ်သည် ရွှေလင်းနို့များကြားတွင် လက်မွေးတပည့်များသို့ ဆရာတို့မှ လက်ဆင့်ကမ်းပေးခဲ့သည့် အတတ်သာဖြစ်ပြီး ရွှေချည်မျှင်လင်းနို့တို့သာ ၎င်းအား တတ်ကျွမ်းနိုင်ပေသည်။ ပြင်ပလူတို့ ရရှိနိုင်ခြင်းမျိုးမဟုတ်ပေ။

ထိုအတတ်သည် သူတို့ကိုးကွယ်သော လဘိုးဘေးအရှင်က သူတို့အား ကိုယ်တိုင်ပေးခဲ့ခြင်းဖြစ်သည်။ ထိုမြင့်မြတ်သော အတတ်သည် ရွှေလင်းနို့မျိုးနွယ်တို့ကိုယ်ပိုင်သာဖြစ်သည်။

သို့တိုင်အောင် ယခုအချိန်တွင် စုမင်းက ထိုအတတ်အား ထုတ်သုံးနေသည်ကို သူ့မျက်လုံးနှင့် ကိုယ်တိုင်မြင်တွေ့နေရပြီး ၎င်းသုံးစွဲချိန်တွင် စုမင်း၏ လပူဇော်ခြင်းအတတ်သည် သူ့ထက်ပင် ပိုစစ်မှန်နေကြောင်း ရွှေချည်မျှင်လင်းနို့ခံစားမိခဲ့ရသေးသည်။

သူက ထိုအတတ်ကို သုံးလိုလျှင် သူက လဘိုးဘေးအရှင်၏ စွမ်းအားတို့ကို ငှားရန်လိုအပ်သေးကာ သူကိုယ်တိုင်ထုတ်သုံးနိုင်ခြင်းမရှိပေ။ ပို၍အရေးကြီးသည်က သူက လကို ပူဇော်ကန်‌တော့ခြင်းနည်းလမ်းကိုသာ သိပြီး သွေးများလောင်မြိုက်ခြင်းကိုတော့ မည်သို့ ပြုလုပ်ရမည်မသိပေ။

လဘိုးဘေးအရှင်သည် မဟာအကြီးအကဲနှင့် မျိုးနွယ်စုခေါင်းဆောင်များကိုသာ သွေးလောင်မြိုက်ခြင်းနည်းလမ်းကို ပေးခဲ့သည်။ ၎င်းသည် ရွှေလင်းနို့မျိုးနွယ်၏ အစွမ်းထက်ဆုံးအတတ်ပင်ဖြစ်သည်။

ထိုမျှပင်မဆုံးသေးပေ။ ရွှေချည်မျှင်လင်းနို့အား ပိုမိုရူးချင်သလိုဖြစ်စေရသည်ကား စုမင်မှ သွေးလောင်မြိုက်ခြင်းနှင့် ကောင်းကင်ရှိ နဝမမြောက်လအား ဦးညွှတ်နေချိန်တွင် စုမင်ကိုယ်မှ ဖြာထွက်လာသော ရှိန်ဝါနှင့် အားမာန်တို့ပင်ဖြစ်သည်။ ထာဝရလီတောင်ကုန်းပေါ်က ဘိုးဘေးအရှင်၏ ရုပ်တုအား မျက်နှာချင်းဆိုင်နေရကဲ့သို့ ရွှေလင်းနို့ခံစားမိခဲ့ရသည်။ သူ့ရင်အတွင်းပိုင်းမှ ကြောက်စိတ်နှင့် ရိုသေလေးစားစိတ်တို့ ပေါက်ဖွားလာပေသည်။

“မင်းဘယ်သူလဲ။ ဘယ်သူများလဲ။ ဘာလို့ ငါတို့ရဲ့လဘိုးဘေးအရှင် ပေးခဲ့တဲ့ အတတ်ကို သိနေတာလဲ။”

ရွှေချည်မျှင်လင်းနို့က ရူးတော့မည်ဟန်ဖြင့်အော်ဟစ်လိုက်သည်။ သူက ထိုသို့အော်ရင်း နောက်သို့ အလျင်အမြန်ဆုတ်နေသည်။

“မင်းပြောတဲ့ လပူဇော်ခြင်းအတတ်က မီးလျှံအားမာန်မျိုးဆက်သွေးစစ်တွေကိုပဲ ပေးတဲ့ နတ်အတတ်တစ်ခုပဲ။ မင်းကမှ ဘယ်သူလဲငါမေးရမှာ။”

စုမင်၏မျက်နှာသည် မှောင်မိုက်အေးစက်နေပြီး ရှေ့သို့ တစ်လှမ်းတက်လိုက်သည်။ သူက နတ်အာရုံကို ဖြန့်ကျက်ကာ ဖိအားလှိုင်းတစ်ခု ပြုလိုက်ပြီး သူသွေးလောင်မြိုက်ခြင်းအား ပြုခဲ့ချိန်မှ အားမာန်တို့နှင့်ပေါင်းကာ ရွှေချည်မျှင်လင်းနို့ထံသို့ ဖိကာတိုးလာသည်။

“ငါက ရွှေလင်းနို့မျိုးနွယ်ဝင်ပဲ။..”

ရွှေချည်မျှင်လင်းနို့က စကားစလိုက်ချိန်တွင် စုမင်က ဖြတ်ပြောလိုက်သည်။

“ငါက လပူဇော်အတတ်ရဲ့ တိုက်ရိုက်မျိုးဆက်ပဲ။ ငါက ဒီလောကမှာ တစ်ဦးသော မီးလျှံအားမာန်မျိုးနွယ်ပဲ။ ငါ့ကို ဒီလိုမေးခွန်း လာမေးဝံ့ရဲသေးရလား။”

စုမင်းက အေးစက်စက်ပြုံးလိုက်ပြီး သူ့စကားတို့သည် သူ့ကိုယ်မှ ကြီးမားသောဖိအားနှင့်အတူ ရိုက်ခတ်သွားသည်။

“မင်းတို့ ရွှေလင်းနို့တွေက သွေးလွှမ်းလရဲ့ အတောင်ပံတွေနဲ့ တော်တော်ဆင်တူနေတာပဲ။ မင်းတို့က အဲဒီသွေးလွှမ်းလရဲ့ အ‌တောင်ပံတွေနဲ့ ဘယ်လိုပတ်သတ်နေလို့တောင် စိတ်ဝင်စားမိနေသေးတယ်‌။”

စုမင်က ရှေ့သို့တစ်လှမ်းဆက်တက်လိုက်သည်။

“မင်းပြောနေတဲ့ လဘိုးဘေးအရှင်ကရော ဘယ်သူလဲ။ သူက ဒီအတတ်ကို ဘယ်လိုတတ်လာတာလဲ။”

စုမင်က ဆက်ပြောလိုက်ရင်း နောက်ဆုတ်နေသည့် ရွှေချည်မျှင်လင်းနို့အား စဉ်းစားချိန်ပင် ပေးရန်စိတ်ကူးမရှိပေ။ သူ၏ ပြင်းထန်သော နတ်အာရုံမှ ထုတ်လွှတ်နေသည့် ကြီးမားသော ဖိအားဖြင့် ရွှေလင်းနို့၏ စိတ်တို့အား ရှုပ်ထွေးပျက်ပြားစေပြီး ဆက်လက်စစ်မေးနေလိုက်သည်။

“မင်းတို့ ရွှေလင်းနို့တွေက ဒီမင်းတို့ရဲ့ လဘိုးဘေးအရှင်ကို ဘယ်အချိန်ကစပြီး ကိုးကွယ်ခဲ့ကြတာလဲ။”

“မင်းကျင့်ထားတဲ့ မီးလျှံအားမာန်အတတ်က မပြည့်စုံသေးဘူး။ တစ်စိတ်တစ်ပိုင်းပဲရှိသေးတယ်။ သွေးလောင်မြိုက်ခြင်းကို ဘယ်လိုလုပ်ရလဲဆိုတာရော သိရဲ့လား။”

“မင်းက မီးလျှံအားမာန်အတတ်ကို ကျင့်နေပေမဲ့ ငါ့ရှေ့လာလုပ်ပြနေရဲရလား။ အဲဒီခဏမှာ မင်းကိုယ်မင်း ဘယ်လောက်အဟုတ်မှတ်နေဆိုတာတောင် မပြောချင်တော့ဘူး။ ဒီလိုတိုက်ကွက်ကြီးမျိုး မင်းကို ဘယ်သူက သုံးခွင့်ပေးထားတာလဲ။”

မေးခွန်းများစွာဆက်တိုက်မေးပြီးနောက်တွင် စုမင်၏အသံသည် ရုတ်တရက်ကျယ်လောင်လာပြီး မိုးချိန်းသံကဲ့သို့သော အသံဖြင့် ဆက်မေးလိုက်တော့သည်။

“မင်းကို ဘယ်သူလာခွင့်ပေးခဲ့တာလဲ။”

ထိုမေးခွန်းသည် မိုးချိန်းသံကဲ့သို့ ဟိန်းထွက်နေပြီး ဆက်တိုက်ထုတ်လွှတ်နေသည့် မေးခွန်းများနှင့် နတ်အာရုံမှ ဖိအားတို့ပါပေါင်းလိုက်ပြီးနောက်တွင် ရွှေချည်မျှင်လင်းနို့၏ စိတ်မှာ စတင်ပြိုကွဲလာတော့သည်။

“လဘိုးဘေးအရှင်…”

သူက နောက်သို့ဆုတ်နေရင်း သူ့ခေါင်းထဲတွင် ဆူညံသံများ ပြည့်နှက်လာသည်။ စုမင်၏ မိုးချိန်းသံကဲ့သို့သော မေးခွန်းတွင် သူမဖြေ၍မဖြစ်ဟု ခံစားချက်တို့ဖြစ်လာသည်။ သူ့ကိုယ်တွင် စိတ်အားဆန္ဒကြီးတစ်ခု ကျရောက်နေပြီး ထိုစိတ်အားဆန္ဒကြီးအား သူလွန်ဆန်နိုင်ခြင်းမရှိသည့်အလားပင်။

“လဘိုးဘေးအရှင်က ဘယ်မှာလဲ။”

စုမင်က ဆက်တိုးလာပြန်ကာ သူ့အသံသည် ထပ်မံကျယ်လောင်စွာ‌ပေါက်ကွဲထွက်လာပြန်သည်။

“ထာဝရလီတောင်ကုန်းမှာပါ…”

“မင်းတို့တွေက သူ့ကို ဘယ်အချိန်ကစပြီး ကိုးကွယ်ခဲ့ကြတာလဲ။”

စုမင်က ဆက်လက်ချဉ်းကပ်ကာမေးလိုက်ရင်း အသံတို့မှာလည်း ပိုမိုကျယ်လောင်လာပြီး ရွှေချည်မျှင်လင်းနို့၏ နား၊ နှာခေါင်း၊ မျက်လုံးနှင့် နားရွက်တို့မှ သွေးများယိုစီးကျစေကာ ၎င်း၏စိတ်ကိုလည်း ဆက်လက်ပျက်ပြားပြိုကွဲစေတော့သည်။

“ဟိုးအရင်အချိန်တုန်းကပါ၊ ကျုပ်လည်း မသိပါဘူး…အား။”

နောက်ဆုံးတွင် ရွှေလင်းနို့သည် ဖိအားဒဏ်ကို မခံနိုင်တော့ဘဲ နာကျင်စွာအော်ဟစ်လိုက်တော့သည်။ သူက လက်များကို ခေါင်းတွင်အုပ်ကာ နောက်သို့ အပြေးဆုတ်ရင်း ‌‌‌အော်သံတို့လည်း လေထဲတွင် ပဲ့တင်ထပ်သွားတော့သည်။

သူမျက်လုံးတို့သည် ရီဝေမှုန်မှိုင်းနေပြီး သူ့နှုတ်ခမ်းထောင့်များမှ သွေးများ ယိုစီးကျနေသည်။ ထိုအချိန်တွင် စုမင်၏ အသံသည် သူ့စိတ်ထဲ ပဲ့တင်မြည်ဟိန်းနေပြီး အချိန်ကြာလေ ပိုမိုကျယ်လောင် ပြတ်သားလေဖြစ်လာသည်။ ထိုအသံက သူ့စိတ်အား ချိုးဖျက်နေသည့်အလားပင်။

စုမင်က ရပ်တန့်လိုက်ပြီး နောက်သို့ ဒယိမ်းဒယိုင်ဆုတ်သွားသည့် ရွှေလင်းနို့အား တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူ့နတ်အာရုံနှင့် သွေးလောင်မြိုက်ခြင်းသုံးပြီးနောက် ထုတ်လွှတ်ထားသော မီးလျှံအားမန်မျိုးနွယ်အားမာန်တို့ကို ရုပ်သိမ်းလိုက်သည်။

သူက ညာလက်ကိုမြှောက်လိုက်ပြီး လက်ကောက်ဝတ်အား ရွှေချည်မျှင်လင်းနို့ဘက်သို့ ယမ်းလိုက်သည်။ ထိုလက်ယမ်းချက်တွင် စိတ်ပျက်ပြားနေသည့် ရွှေလင်းနို့ နောက်တွင် အရိပ်ကြီးတစ်ခု ပေါ်ထွက်လာသည်။ ထိုအရိပ်ကြီးသည် မီးတောက်နဂါး၏ အရိပ်ကြီးပင် ဖြစ်သည်။

စုမင်က မျက်မှောင်ကြုတ်လိုက်ပြီး လေထဲတွင် တိတ်ဆိတ်စွာရပ်နေလိုက်သည်။

‘ဟယ်ဖုန်းမဟုတ်လောက်ဘူးပဲ..ဒီရွှေလင်းနို့ပြောသလိုဆို ဒီလဘိုးဘေးကို သူတို့ကိုးကွယ်နေတာ ကြာခဲ့ပြီ။ အချိန်က မကိုက်သေးဘူး။ ဒါပေမဲ့ ငါမသေမပျက်လောကကို ရောက်နေခဲ့ချိန်က ပြင်ပလောကမှာ အချိန်ဘယ်လောက်ကုန်သွားခဲ့ပြီလဲ ဆိုတာမပြောနိုင်သေးဘူး။”

‘ထာဝရလီတောင်ကုန်း….’

စုမင်က အတွေးများပြန်စုစည်းနေစဉ် ထိုနာမည်က သူနှင့်ရင်းနှီးနေသည်ဟုခံစားမိသော်လည်း မည်သည့်နေရာတွင် ကြားဖူးခဲ့ကြောင်းတော့ သူတွေးမရနိုင်ခဲ့သေးပေ။ သူက အတွေးများထဲ နစ်မြောရင်း ပြန်လှည့်ကာ ရှာမန်တို့ရှိနေသည့် တောင်ကြားသို့ လျှောက်လာတော့သည်။

ရှာမန်တို့နေထိုင်ရာ တောင်ကြားကို အဝေးတွင် လှမ်းမြင်နိုင်သည်အထိ ထာဝရလီတောင်ကုန်းကို သူမည်သို့ရင်းနှီးနေကြောင်းကို စဉ်းစားမရနိုင်ခဲ့သေးပေ။ သို့သော် ထိုတောင်ကုန်းကို သူကြားဖူးခဲ့ခြင်းမရှိသည်ကတော့ သေချာလာပေသည်။

စုမင်က တောင်ကြားသို့ ပြန်လာခဲ့ချိန်တွင် ကြိုဆိုပွဲကြီးဖြင့် ကြိုဆိုမှုရခဲ့သည်။ ကျန်ရှိနေသမျှ ရှာမန်တို့သည် ဂူအိမ်များထဲမှ လျှောက်ထွက်လာကြပြီး စုမင်အား မြင်သည်နှင့် အားလုံးမြေပြင်တွင် ဒူးထောက်ကာ ဦးညွှတ်ဝပ်တွားလိုက်ကြသည်။

“ကျုပ်တို့အားလုံးက စွန့်ပယ်ခံများဖြစ်ကြပြီး ကံကြမ္မာမျိုးနွယ်အဖြစ် ကိုယ်ကိုယ်ကိုယ်သတ်မှတ်ထားကြပါတယ်။ အရှင်မော့စုကို နှုတ်ဆက်ပါတယ်။”

လူပေါင်းရာချီက သူ့အား ဦးညွှတ်နေကြပြီး အသံရာချီသည် ပေါင်းစည်းကာ လေထဲတွင် အသံလှိုင်းတစ်ခုအဖြစ် ပဲ့တင်သွားတော့သည်။ ထိုအသံတို့သည် ကျေးဇူးတင်ခြင်းနှင့် စိတ်ရင်းစေတနာတို့ ပြည့်နေကာ ကိုးကွယ်ရိုသေမှုတို့လည်း ပါဝင်နေပေသည်။

၎င်းတို့အတွက် စုမင်ပေါ်ထွက်လာခြင်းသည် အမှောင်ထဲက မီးအိမ်တစ်ခုပမာ စိတ်ပျက်ညိုးငယ်မှုကြားတွင် မျှော်လင့်ချက်အလင်းရောင်တစ်ခု ဖြစ်နေပေသည်။

စုမင်က လေထဲမှ ဖြည်းညင်းစွာဆင်းသက်လာပြီး ကံကြမ္မာမျိုးနွယ်ဟု ကိုယ်ကိုယ်ကိုယ်ခေါ်ဆိုကြသူတို့ ရှေ့တွင် ရပ်လိုက်သည်။ သူက အရိုးနှင့်အရေသာကျန်တော့ကာ စုတ်ပြဲသောအဝတ်များသာဝတ်ထားသည့် ထိုလူစုကို ကြည့်လိုက်သည်။ ၎င်းတို့မျက်လုံးများတွင်တော့ တက်ကြွမှုနှင့် ရိုသေလေးစားမှုတို့ဖြင့် ပြည့်နေသည်။

“ဘာလို့ ကိုယ်ကိုယ်ကိုယ် ကံကြမ္မာမျိုးနွယ်လို့ ခေါ်တာလဲ။”

စုမင်က တည်ငြိမ်စွာမေးလိုက်သည်။

“ကျုပ်တို့ကို ရှာမန်တွေက စွန့်ပယ်ခဲ့ကြပါတယ်။ ကျုပ်တို့မှာ အနာဂတ်မရှိ၊ မျှော်လင့်ချက်မရှိဖြစ်နေပြီး ကျုပ်တို့က ကိုယ်အနာဂတ်ကို ကိုယ်ဖန်တီးပြီး ကိုယ်မျှော်လင့်ချက်ကို ကိုယ်ထိန်းချုပ်တာပဲ ကောင်းမယ်လို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ကိုယ်ကံကြမ္မာကိုကိုယ်ထိန်းချုပ်တာပဲပေါ့။ ဒါကြောင့်.. ကိုယ်ကိုယ်ကိုယ် ကံကြမ္မာမျိုးနွယ်လို့ သတ်မှတ်လိုက်ကြတာဖြစ်ပါတယ်။”

နန်းကုန်းဟန်သည်လည်း မြေပြင်တွင် ဒူးထောက်နေပေသည်။ ထိုအချိန်တွင် သူက ခေါင်းမော့ကာ ခိုင်မာပြတ်သားစွာပြောလိုက်သည်။

စုမင်က နှုတ်ဆိတ်နေလျက် ထိုလူများအား ပြန်ကြည့်လိုက်သည်။ သူက ထိုအကြည့်များထဲတွင် ရိုသေလေးစားကိုးကွယ်မှုများအပြင် မီးတောက်မီးလျှံများကဲ့သို့သော ခိုင်မာသည့်ဆုံးဖြတ်ချက်တို့ကိုလည်း တွေ့မြင်လိုက်ရသည်။

ထိုစိတ်တို့သည် ၎င်းတို့၏ကံကြမ္မာကို ကိုယ်တိုင်ထိန်းချုပ်ချင်စိတ်တို့ပင် ဖြစ်သည်။ ကိုယ်ပိုင်ကံကြမ္မာကို ထိန်းကျောင်းနိုင်သည့် အစွမ်းထက်ကျင့်ကြံသူများ ဖြစ်လာရန်ဆန္ဒများဖြစ်ကြသည်။

သူတို့အားစွန့်ပယ်ခဲ့ကြသော ရှာမန်များအား သူတို့သည် မည်သူမျှသနားရန် ကယ်တင်မှုခံယူရန် လိုအပ်သူများ မဟုတ်တော့ကြောင်း ပြသရန်ဖြစ်သည်။

သူတို့သည်…ကံကြမ္မာမျိုးနွယ်များပင်တည်း။

ထိုသူများထဲတွင် အသက်အိုမင်းသူအနည်းသာ ပါဝင်ပေသည်။ အရွယ်ကောင်းအချို့မှလွဲလျှင် ဤလူများထဲက အမျိုးစုသည် ကလေးလူငယ်များသာ ဖြစ်ကြသည်။

ထိုကလေးလူငယ်တို့သည် ဤနေရာတွင် ပေါက်ဖွားလာခဲ့ကြသူများဖြစ်သည်။ ၎င်းတို့စိတ်ထဲတွင် ရှာမန်တို့သည် နာမည်တစ်ခုသာ ဖြစ်ပေသည်။ သူတို့သည် ငယ်စဉ်အချိန်ကတည်းက မျိုးနွယ်စုတစ်ရွာတည်းသားများသေဆုံးသည်ကို ကြည့်ရှုခဲ့ကြရသည်။

သူတို့သည် ကလေးလူငယ်များဖြစ်ကြသည့်တိုင် စုမင်အား တူညီစွာ ရိုသေကိုးကွယ်မှုနှင့် ခိုင်မာသော စိတ်ဓာတ်တို့ဖြင့် ကြည့်နေကြလေသည်။

ဤကားကံကြမ္မာ၏ ဖိနှိပ်မှုအောက်တွင် ပေါက်ဖွားလာသည့် မျိုးနွယ်တစ်ခုပင်ဖြစ်သည်။ ဤမျိုးနွယ်သည် ရှာမန်တို့နှင့် သက်ဆိုင်ခြင်းအလျင်းမရှိဘဲ ရှာမန်တို့ပင် မပိုင်ဆိုင်ခဲ့သည့် ကိုယ်ပိုင်စိတ်အားမာန်တို့ပိုင်ဆိုင်သော လူတစ်စု ဖြစ်သည်။

ထိုစိတ်ဆန္ဒအားမန်တို့သည် အနည်းငယ်အားပျော့နေသေးသော်လည်း ကံကြမ္မာမျိုးနွယ်တို့သည် အချိန်လုံလောက်စွာယူကာ ကြီးပြင်းကာ တိုးတက်အောင်ကျင့်ကြံလာနိုင်ကြလျှင် ဤမျိုးနွယ်သည် လွန်စွာကြောက်ခမန်းလိလိဖြစ်လာနိုင်ပေသည်။

“ကျွန်တော်တို့အားလုံးက လေးစားရသော အရှင်ဆရာမို့ကို ဆရာအဖြစ် ခံယူလိုပါတယ်။ ခုချိန်ကစပြီး အရှင့်ရဲ့အမိန့်တွေကိုပဲ နာခံပါမယ်။”

နန်းကုန်းဟန်က အံကြိတ်လိုက်သည်။ သူက ထိုသို့ပြောလိုက်ရာ သူနောက်တွင် ဒူးထောက်နေသည့် ကံကြမ္မာမျိုးနွယ်အားလုံးလည်း တူညီစွာလိုက်ဆိုလိုက်ကြသည်။

“ကျွန်တော်တို့အားလုံးက လေးစားရသော အရှင်ဆရာမို့ကို ဆရာအဖြစ် ခံယူလိုပါတယ်။ ခုချိန်ကစပြီး အရှင့်ရဲ့အမိန့်တွေကိုပဲ နာခံပါမယ်။”

ထိုအသံတို့သည် ကောင်းကင်သို့ လှိုင်းများအဖြစ် ပျံ့နှံ့သွားကာ အရပ်ရပ်သို့ ပဲ့တင်ရိုက်ခတ်သွားပြီး အချိန်ကြာသည်အထိ ပျောက်ပျက်ခြင်းမရှိတော့ပေ။

“ကံကြမ္မာမျိုးနွယ်မှာ ဆရာရှိနေရင် သူတို့ကိုယ်သူတို့ ကံကြမ္မာမျိုးနွယ်တို့ ခေါ်လို့ရပါဦးမလား။”

စုမင်က နှုတ်ဆိတ်လျက်ပင်ရှိနေပြိး အချိန်ခဏကြာလျှင်မှ ဖြည်းညင်းစွာပြောလိုက်တော့သည်။

“ကျွန်တော်တို့က အရှင့်ကို မြင့်မြတ်ဝိညာဉ်တော်အဖြစ် ကိုးကွယ်ပူဇော်လိုပါတယ်။ အရှင်ဆရာမို့။ ကျွန်တော်တို့က အရှင့်ရဲ့ ရုပ်တုတော်ကို မျိုးဆက်အဆက်ဆက်ထာဝရကိုးကွယ်ပူဇော်သွားလိုပါတယ်။”

နန်းကုန်းဟန်က ခဏမျှမှင်တက်မိသွားပြီး ချက်ချင်းပြောလိုက်ပြန်သည်။

“ငါပျောက်သွားတာ ဘယ်လောက်ကြာပြီလဲ။”

စုမင်က နန်းကုန်းဟန်အား အဖြေပေးခြင်းမပြုဘဲ သူသိချင်သည်ကိုသာ မေးလိုက်သည်။

“အရှင်ဆရာမို့ပျောက်သွားတာ ဆယ့်ငါးနှစ်ရှိပါပြီ။”

နန်းကုန်းဟန်က ညင်သာစွာဖြေလိုက်သည်။

“ရှာမန်မြို့က မြို့ပျက်ကြီးဖြစ်သွားပြီ။ လီတစ်သန်းပတ်လည်က ပထဝီမြေနေရာတွေလည်း ပြောင်းလဲသွားပြီ။ မင်းတို့အားလုံးက ဒီမှာဆက်နေခဲ့ကြပေမဲ့ အခြားသူတွေကတော့ ထွက်သွားကြပြီလား။ ဒီဆယ့်ငါးနှစ်ထဲမှာ ဘာတွေများဖြစ်ခဲ့တာလဲ။”

စုမင်က နန်းကုန်းဟန်အား လေးလံစွာကြည့်လိုက်သည်။ သူဤတောင်ကြားတို့ လာရသည့် ရည်ရွယ်သည် ထိုမေးခွန်းပင်ဖြစ်သည်။

နန်းကုန်းဟန်မျက်နှာတွင် ခါးသီးမှုတို့ ထင်ဟပ်လာသည်။ ခဏတာတိတ်နေပြီးနောက် သူက ဖြည်းညင်းစွာပြောလိုက်သည်။

“လွန်ခဲ့တဲ့ဆယ့်ငါးနှစ်က ဆရာပျောက်သွားပြီး သုံးလကြာချိန်မှာ…”

နန်းကုန်းဟန်က ထိုနေရာထိပြောလာချိန်တွင် စုမင်၏ ပခုံးပေါ်က မြွေငယ်လေးသည် ရုတ်တရပ်ခေါင်းမော့ကာ မျက်လုံးများ ဖျပ်ခနဲဖွင့်လိုက်သည်။ ၎င်း၏မျက်လုံးထဲတွင် အေးစက်စက်စူးရှသော အကြည့်တို့ပေါ်လာပြီး စူးရှစွာအော်မြည်လိုက်သည်။

၎င်းအကြည့်ထဲတွင် ပြင်းထန်ကြမ်းတမ်းသော အရောင်တို့ထင်ဟပ်လာပြီး ၎င်းက တောင်ကြားထဲတွင် ချိတ်ပိတ်ထားသော ဂူအိမ်တစ်ခုအား ကြည့်နေတော့သည်။

{ဘာသာပြန်သူမှတ်ချက် - ထာဝရလီ‌တောင်ကုန်းသည် လီတစ်သောင်းတောင်ကုန်းဟုလည်း အဓိပ္ပာယ်ရသည်။}

All Chapters