ဗိုလ်ချုပ်
Vol. 004 Ch. 380
ကောင်းကင် တောင်အား မဆုံးနိုင်သော နှင်းများဖြင့် ဖုံးထားဆဲ ဖြစ်သည်။
တောင်တက်လမ်း ပေါ်တွင် တန်ခိုးရှင် တစ်အုပ်စုက အပေါ်ကို တက်နေကြသည်။ သူတို့က ရီဖူရှင်းတို့ ဖြစ်ကြ၏။ သူတို့က အပေါ်ကို တက်လျှင် သူတို့၏ အလျင်နှုန်းများ တဖြည်းဖြည်း ကျဆင်းလာကြကာ ဖိအားကလည်း ပိုမို အားကောင်း လာခဲ့သည်။
ထိုက်ချွန်တောင်မှ ဟန်လန်က ရီဖူရှင်းကို မေးသည်… “ငါတို့ အဲဒီကို ရောက်ဖို့ ဘယ်လောက် လိုသေးလဲ…”
သူတို့က ကောင်းကင် တောင်ပေါ်ကို အတော်ကြာအောင် တက်လာပြီး ဖြစ်သော်လည်း ပထမတစ်ကြိမ်ကလို အဆုံးကို မမြင်ရသေးပေ။ ရီဖူရှင်းက တောင်ထိပ်ပေါ်ကို ရောက်ဖူးမှတော့ သူ့တွင် အဖြေရှိရပေမည်။
“ကျုပ် မပြောနိုင်ဘူး… ခင်ဗျားက တောင်ထိပ်ပေါ်ကို ရောက်ချင်တယ်ဆိုရင် ကျုပ်တို့က ဘယ်လောက် လိုသေးလဲ မမေးသင့်ဘူး… အပေါ်ကို ရောက်လေလေ ဖိအားက ပိုအားကောင်း လေလေပဲ… နောက်ဆုံး ခြေလှမ်း နည်းနည်းက အခက်ခဲဆုံးပဲ….” ရီဖူရှင်းက ပြန်ပြောသည်။
“မင်းကို ကြည့်ရတာ သက်သောင့်သက်သာပဲ….” နန်ထျန်းအိမ်တော်မှ နန်ယွီက ရီဖူရှင်းကို ကြည့်ကာ ပြောသည်။
“ငါက ဒီကို ပထမတစ်ခါ ရောက်ဖူးတယ်… သေချာတာပေါ့... ကျုပ်အတွက် ပိုပြီး လွယ်တယ်…” ရီဖူရှင်းက ပြုံးသည်။
နန်ယွီက ရီဖူရှင်းကို အေးစက်စွာ ကြည့်သည်။ သူ၏ မျက်လုံးထဲတွင် မကောင်းဆိုးဝါး အငွေ့အသက် တချို့ကို တွေ့ရသည်။ သူက ကောင်းကင်တောင်၏ မကောင်းဆိုးဝါး အငွေ့အသက်များ၏ လွှမ်းမိုးမှုကို စတင် ခံစားနေရသည်။
ထိုအရာက သူတစ်ယောက်တည်း မဟုတ်ပေ။ ထို့နောက် သူတို့အုပ်စုက အပေါ်ကို ဆက်လက် တက်ရောက်ကြလျှင် ဖိအားဒဏ်ကို မခံနိုင်သဖြင့် လမ်းတွင် ကျန်ရစ်သူလည်း တဖြည်းဖြည်း များပြားလာသည်။
ချူရှန်းကလည်း တောင်ပေါ်ကို အေးဆေးစွာ တက်နေသော ရီဖူရှင်းကို ကြည့်သည်။ ကောင်းကင်တောင်မှ သူ့ကို သက်ရောက်သော အားက အနည်းဆုံး ဖြစ်သည်။ သူ့အပြင် ဟွာချင်းချင်းကလည်း နှင်းများ အကြားတွင် လျှောက်နေရသည်မှာ ခက်ခဲသည့်ပုံစံ မပြပေ။ ဟွာချင်းချင်းက တခြားလူများနှင့် အတူတူ ရှေ့ကို သွားနေသော်လည်း သူမက နှင်းများ အကြား ဖူးပွင့်နေသော ပန်းပွင့်လို တစ်ယောက်တည်း အထီးကျန်ဆန် လှသည်။
ထိုအရာက မြေရိုင်းဒေသမှ လူများ အားလုံးကို ထူးဆန်းသော အတွေးများ ဖြစ်ပေါ်စေသည်။ သူတို့က ထိုနှစ်ယောက်ထက် အားနည်းသည်ဟု တွေးထင်ခြင်း မရှိကြသော်လည်း သူတို့နှစ်ယောက်က အဘယ်ကြောင့် အေးဆေးလှသနည်း။ သူတို့က အမှန်ပင် ကောင်းကင်တောင်၏ လျှို့ဝှက်ချက်ကို တွေ့ရှိထားပြီး ကြပြီလား...။
သူတို့က တစ်နေရာပြီး တစ်နေရာ ဖြတ်ကျော် သွားနေရင်းက တောင်ပေါ်မှ ရက်အနည်းငယ် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ တောင်ပေါ်ကို တက်ရန်မှ လွန်စွာ ပင်ပန်း ခက်ခဲလာရာ လူအရေအတွက် မှာလည်း ကြီးမားစွာ ယုတ်လျော့ လာနေသည်။ ယခုတွင်ကား သူတို့အုပ်စုက လူဆယ်ယောက်မျှသာ ရှိတော့သည်။
သူတို့၏ အမြန်နှုန်းကလည်း လွန်စွာ နှေးကွေးသွားသည်။ မြေရိုင်းဒေသမှ ပါရမီရှင်များပင်လျှင် မကောင်းဆိုးဝါး အငွေ့အသက်၏ လွှမ်းမိုးမှုကို ခံစားနေရသည်။
တော်ဝင် မီးတောက်ဂိုဏ်းမှ ဒူဟောင်က အေးစက်မှုနှင့် ကောင်းကင်တောင်မှ ဖိအားများကို တောက်ပသော မီးအလင်းများဖြင့် အန်တုထားသည်။ သို့သော်လည်း သူ၏ မျက်လုံးများက မကောင်းဆိုးဝါး မီးတောက်များ လောင်ကျွမ်းနေပုံ ရနေသည်။
ရုတ်တရက် ဟွာချင်းချင်းက နောက်လှည့်ကာ ပြောသည်… “ဖိအားနဲ့ မကောင်းဆိုးဝါး အငွေ့အသက်တွေက ပိုပြီး အားကောင်း လာနေတယ်… ငါတို့ လက်လျှော့သင့်တယ်…” လူတိုင်းက မကောင်းဆိုးဝါး အငွေ့အသက်၏ လွှမ်းမိုးမှု မရှိသော သူမ၏ သန့်စင်သော မျက်လုံးကို ကြည့်ကြသည်။
“နောက်ဆုံး တစ်ကြိမ်က မင်းက တောင်ထိပ်ပေါ်ကို ရောက်ခဲ့တယ် ဆိုမှတော့ ငါတို့ကလည်း လုပ်နိုင်တယ်….” တော်ဝင် မီးတောက်ဂိုဏ်းမှ ဒူဟောင်က ရှေ့ကို လျှောက်လာသည်။ သူက ရုတ်တရက် လက်ဆန့်တန်းကာ ဟွာချင်းချင်း၏ ပခုံးပေါ်ကို တင်လိုက်ကာ သူ့ရှေ့မှ အပြစ်အနာအဆာ ကင်းသော မိန်းမလှအား ကြည့်သည်။
ဟွာချင်းချင်း၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင် သွားသည်။ သူ၏လက်က သူမ၏ပခုံးအား ထိမိသည်နှင့် သူမက နောက်ကို ခုန်ဆုတ်လိုက်ကာ အေးစက်သော ကိုယ်ရောင်ကိုယ်ဝါက သူမထံမှ ထွက်ပေါ်လာသည်။
လူတိုင်းက သူတို့အား ထူးဆန်းသော အမူအရာများဖြင့် ကြည့်ကြသည်။ ချူရှန်းကလည်း ဒူဟောင်ကို အေးစက်စွာ ကြည့်သည်။ ကောင်းကင်တောင်မှ မကောင်းဆိုးဝါး အငွေ့အသက်က အမှန်ပင် သူတို့အားလုံးကို သက်ရောက်စေသော်လည်း ဒူဟောင်ကား တော်ဝင် မီးတောက်ဂိုဏ်းမှ ပါရမီရှင် ဖြစ်သည်။ သူ၏အပြုအမူက ယုတ်ညံ့ကာ ရှက်စရာ ကောင်းလှ၏။
“ဒူဟောင် ပြောတာ မှန်တယ်… ဆက်သွားကြမယ်…” နန်ဖန်းက ခံစားချက် ကင်းမဲ့စွာ ပြောသည်။ သူတို့က အလွယ်တကူ လက်မလျှော့နိုင်ပေ။ ဟွာချင်းချင်းက ဒူဟောင်အား အေးစက်စွာ တစ်ချက်ကြည့်ကာ နောက်လှည့်လျက် အပေါ်ကို ဆက်တက်သည်။
ဟွာချင်းချင်း၏ နောက်ကျောကို ကြည့်နေသော ဒူဟောင်၏ မျက်လုံးများက မီးဝင်းဝင်း တောက်နေသည်။ သူ့အား မကောင်းမဆိုးဝါး အတွေးများက အမှန်တကယ်အားဖြင့် သိပ်သက်ရောက်သည် မဟုတ်ပေ။ ထိုအစား မူလကတည်းက ဟွာချင်းချင်းက သူ့အတွက် လွန်စွာ ဆွဲဆောင်အား ကောင်းနေခြင်း ဖြစ်သည်။
ဤမိန်းကလေးအား အပြစ်အနာအဆာ ကင်းကာ သန့်စင်သော ကိုယ်ရောင် ကိုယ်ဝါက သူမအား မကောင်းဆိုးဝါး အငွေ့အသက်မှ ကာကွယ် ထားသည်။ ထို့ကြောင့်လည်း သူမက တောင်ထိပ်ပေါ်ကို ရောက်ခြင်း ဖြစ်နိုင်ပေသည်။
ဟွာချင်းချင်းက ချောမော လှပသည်သာ မဟုတ်ပဲ ထူးခြားသော ရုပ်ခန္ဓာကိုလည်း ပိုင်ဆိုင်ပေသည်။ သူမကသာ သူ၏အဖော် ဖြစ်လာပါက သူ၏မီးဓာတ်စွမ်းအင် တန်ခိုးကျင့်ခြင်းတွင် လွန်စွာ အကျိုးရှိပေမည်။ ထိုမျှ ထူးခြားသော ရုပ်ခန္ဓာကား မြေရိုင်း ဒေသတွင်ပင် လွန်စွာ ရှားပါးပေသည်။
ဒူဟောင်က ဟွာချင်းချင်းထံသို့ လျှောက်သွားကာ မေးသည်… “မင်းမှာ ထူးခြား ကောင်းမွန်တဲ့ ရုပ်ခန္ဓာရှိတယ်… မင်းက မီးဓာတ်မှာ ပါရမီပါလား…”
“မပါဘူး…” ဟွာချင်းချင်းက အေးစက်စွာ ပြန်ပြောကာ ရှေ့ကို ဆက်လျှောက်သည်။
“တော်ဝင် မီးတောက်ဂိုဏ်းမှာ မင်းအတွက် သင့်တော်တဲ့ သီးသန့် နည်းစနစ်တွေ ရှိတယ်… တန်ခိုးကျင့်ဖို့ ငါတို့ဂိုဏ်းကို ဝင်မလား…” ဒူဟောင်က ဆက်ပြောသည်။ အနီးမှ လူများ အားလုံးက သူ့ကို ကြည့်ကြသည်။
“သူက အရမ်း အားနေတယ် ထင်တယ်…” နန်ယွီက နှာခေါင်းရှုံ့သည်။ မည်သို့ဆိုစေ ဟွာချင်းချင်းကား လွန်စွာ လှပ ချောမောကာ ဆွဲဆောင်မှု ရှိပေသည်။
“ရီဖူရှင်း…” နန်ယွီက သူ့ရှေ့မှ လူကို လှမ်းခေါ်သည်။ ရီဖူရှင်းက နောက်လှည့်ကာ သူ့ကို ကြည့်သည်။
“မင်း နန်ထျန်း အိမ်တော်ကို ဝင်ပြီး ငါ့လက်အောက်ကို မလာချင်ဘူးလား… အနာဂတ်မှာ မင်းက နန်ထျန်းအိမ်တော်ရဲ့ ဗိုလ်ချုပ် ဖြစ်ခွင့်ရမယ်…” သူတို့အုပ်စုက ကောင်းကင် တောင်ပေါ်ကို တက်လေလေ ရီဖူရှင်းအပေါ် သူ၏အမြင်က ပိုမိုကောင်းလေလေ ဖြစ်သည်။ ကြည့်ရသည်မှာ ရီဖူရှင်း၏ စိတ်အင်အားက ထူးခြား ကောင်းမွန်လှသည်။ သူက ရီဖူရှင်းအား နန်ထျန်း အိမ်တော်ကို ဝင်ရမည့် အခွင့်အရေးကို ပေးလိုသည်။
သူကဲ့သို့သော နန်ထျန်းအိမ်တော် တိုက်ရိုက် မျိုးဆက်က နောက်တွင် အိမ်တော်၌ အလွန်မြင့်မားသော နေရာတစ်ခုကို ရမည်မှာ သေချာပေသည်။ ဥပမာ ယခု အရှေ့မြေရိုင်း ဒေသသို့ ခရီးကို လိုက်ပါလာသော သူ၏လူများအားလုံးမှာ နန်ထျန်းအိမ်တော်၏ ဗိုလ်ချုပ်များ ဖြစ်ကြသည်။
“မလိုဘူး...” ရီဖူရှင်းက ပြုံးသည်။ လက်အောက်ခံ…။ ဗိုလ်ချုပ်...။
“အရှေ့မြေရိုင်းဒေသက အထောက်အပံ့ ပစ္စည်းတွေ အားနည်းတယ်… မင်းက ပါရမီပါပေမဲ့ ဒီမှာ ဆက်နေရင် မင်းရဲ့ တန်ခိုးကျင့်တဲ့နေရာမှာ နောက်ကျနေမှာပဲ… မင်းရဲ့ ပါရမီက သိပ်မဆိုးတော့ ငါက မင်းကို နန်ထျန်းအိမ်တော်ကို ဝင်ခွင့်ပေးတာ… မြေရိုင်းဒေသက ပါရမီရှင် ဘယ်လောက်က ငါတို့အိမ်တော်ကို ဝင်ခွင့်ရဖို့ အိပ်မက် မက်နေကြလဲ မင်းသိလား… အခု တောင်အောက်က ထိပ်သီး နိုဘယ်တွေ အကုန်လုံးက ငါတို့ လက်အောက်ကို လိုလိုလားလား ဝင်ချင်ကြတယ်…” နန်ဖန်းကလည်း ရီဖူရှင်းကို အထက်စီးဆန်စွာ ကြည့်လျက် ပြောသည်။ သို့သော်လည်း သူက ထိုမျှလောက် ပြောခြင်းကပင် ရီဖူရှင်းအား များစွာ မျက်နှာသာ ပေးနေပြီးပြီဟု တွေးထင်နေသည်။
သူက နန်ထျန်းအိမ်တော်၏ အဆင့်ကို အရှေ့မြေရိုင်းဒေသမှ လူများ နားလည်အောင် မရှင်းပြတတ်ပေ။ ရီဖူရှင်းက မြေရိုင်းဒေသကို ကိုယ်တိုင် ရောက်လာမှ နားလည် လောက်ပေသည်။
ရီဖူရှင်းက ခေါင်းယမ်းကာ ပြောသည်… “ငါက ငါ့ကလန်မှာ အသားကျနေပြီ…”
နန်ထျန်း အိမ်တော်က ကော့တေးနှင့် မည်သို့ ယှဉ်နိုင်မည်နည်း။
သူ့တွင် အစ်ကိုကြီး၊ အစ်ကိုသုံး၊ သနား ကြင်နာတတ်သော အစ်မနှစ်၊ ဉာဏ်ကောင်းသော အစ်မခြောက်၊ အစ်ကိုလေးနှင့် အစ်ကိုငါးတို့ ရှိသည်။ ယိရှောင်ရှီက တစ်ခါတစ်ရံ ထထဖောက်တတ် သော်လည်း သူကလည်း တနည်းအားဖြင့် ချစ်စရာ ကောင်းပေသည်။ ထိုအဘိုးအိုသာလျှင်...။ သို့သော် ရီဖူရှင်းက သည်းခံနိုင်ပေ သေးသည်။
သူတို့က သူ့အား ထိုမျှ ကောင်းသောနေရာကို စွန့်ခွာကာ နန်ထျန်း အိမ်တော်အား ဝင်ရောက် စေလိုကြသည်။
“အရှေ့မြေရိုင်း ဒေသက တန်ခိုးကျင့်ရာ ကောင်းကင်ဘုံက လူတွေက ဘယ်ဟာကို တန်ဖိုးထားရမယ် ဆိုတာ မသိဘူးပဲ...” နန်ယွီက ခံစားချက် ကင်းမဲ့စွာ ပြောသည်။ သူက ဂူတုံးလျိုနှင့် ရီဖူရှင်းကို ရည်ညွှန်းနေခြင်း ဖြစ်သည်။ သူတို့နှစ်ယောက်လုံးက နန်ထျန်းအိမ်တော်၏ ဖိတ်ခေါ်မှုကို ငြင်းပယ်ခဲ့ကြသည်။
သူက ရီဖူရှင်းတို့အား အရူးဟု တွေးသလို ရီဖူရှင်းကလည်း သူတို့အား အရူးများဟု တွေးနေသည်။ ရီဖူရှင်းက နန်ထျန်းအိမ်တော်ကို ဝင်ခွင့်ရမည့် အခွင့်အလမ်းကို စွန့်ပစ်လိုက်သည်။ အနာဂတ်တွင် သူက နန်ထျန်းအိမ်တော်၏ အင်အားကို သိသောအခါ နောင်တရပေမည်။
သူတို့အုပ်စု ရှေ့ကို ဆက်သွားလျှင် တဖြည်းဖြည်းဖြင့် လူခုနစ်ယောက်သာ ကျန်တော့သည်။
သူတို့မှာ ရီဖူရှင်း၊ ဟွာချင်းချင်း၊ နန်ဖန်း၊ နန်ယွီ၊ ချူရှန်း၊ ဒူဟောင်နှင့် ဟန်လန်တို့ ဖြစ်ကြသည်။
ထိုအခိုက်တွင် သူတို့၏ ခြေလှမ်းများက အလွန်အမင်း လေးလံလှသည်။ နန်ဖန်းနှင့် ကျန်လူများက သူတို့၏ အကန့်အသတ်ကို ရောက်နေပြီဟု ခံစားကြရကာ ထပ်မံ၍ ခံနိုင်ရည်ရှိ မရှိတော့ပေ။
လွန်စွာ ပြင်းထန်သော ကိုယ်ရောင်ကိုယ်ဝါများ သူတို့အား ရစ်ပတ်ထားကြသည်။ နန်ဖန်းနှင့် နန်ယွီတို့အား ငွေရောင်အလင်းများ ကာကွယ်ထားသလို ချူရှန်းအား တောက်ပ လင်းလက်သော ရောင်ခြည်များ လွှမ်းခြုံထားသည်။ ဒူဟောင်အား မီးလျှံများ လောင်ကျွမ်းနေသလို ဟန်လင်းကလည်း လွန်စွာ ကြမ်းတမ်းသော အရောင်အဝါအား ထုတ်လွှတ်ထားသည်။
တခြားတစ်ဖက်တွင် ဟွာချင်းချင်း၏ သန့်စင်သော ခန္ဓာကိုယ်အား ဂီတသံစဉ် သင်္ကေတများ လှည့်ပတ်နေကာ မြင့်မြတ် အရောင်အဝါများ ကာကွယ်ထားသည်။
“အဲဒါက သိပ်မဝေးတော့ဘူး… ငါတို့ နောက်ထပ် နည်းနည်း သည်းခံနိုင်ရင် ငါတို့က တောင်ထိပ်ကို ရောက်လိမ့်မယ်… နောက်ဆုံး တစ်ကြိမ်ကလည်း ဒီအတိုင်းပြ… ငါတို့က အကန့်အသတ်ကို ကျော်ဖြတ်နိုင်မှပဲ တောင်ထိပ်ကို ရောက်လိမ့်မယ်…” ရီဖူရှင်း၏ မျက်နှာများက လွန်စွာ နာကျင်မှုကို သည်းခံနေရဟန်ဖြင့် နီရဲနေသည်။
ဟွာချင်းချင်းက ရီဖူရှင်းကို ကြည့်သည်။ သူက တခြားလူများအား လိမ်ညာ နိုင်သော်လည်း သူမကို လိမ်၍မရပေ။
ရီဖူရှင်းက နာကျင်ဟန်ဆောင် နေခြင်းမျှသာ ဖြစ်သည်။ သို့သော် သူမက မည်သူ့ကိုမှ ပြောမည် မဟုတ်ပေ။
လက်ရှိနေရာကား တောင်ထိပ်နှင့် လွန်စွာ ဝေးကွာ ပေသေးသည်။ နောက်ဆုံး တစ်ကြိမ်က အဟံက ဤနေရာတွင် ရီဖူရှင်းတို့အား တားဆီးခဲ့ခြင်း ဖြစ်သည်။ ဤလူများက တောင်ထိပ်ပေါ်ကို မည်သည့်နည်းနှင့်မှ မရောင်နိုင်သည်ကို သူမသိပေသည်။
လူတိုင်းက ဖိအားကို အန်တုကာ ဆက်သွားကြသော်လည်း လွန်စွာ နှေးကွေးလွန်းလှသည်။ မကောင်းဆိုးဝါး အငွေ့အသက်များက နေရာတိုင်းတွင်ရှိကာ သူတို့၏ စိတ်နယ်ပယ်ထဲကို အဆက်မပြတ် တိုးဝင် လာနေကြသည်။
နန်ယွီက မျက်မှောင်ကြုတ်ကာ မေးသည်… “ငါတို့ ဘယ်လောက် လိုသေးလဲ…”
“မကြာခင်…” ရီဖူရှင်းက ခက်ခဲစွာ ပြန်ဖြေသည်။
အတန်ကြာလျှင် ဒူဟောင်အား လောင်ကျွမ်းနေသော မီးလျှံများက အနက်ရောင် သန်းလာသည်။ သူ၏ မျက်လုံးများက မကောင်းဆိုးဝါး အငွေ့အသက်များ ဖုံးလွှမ်းနေကာ သူက ဆက်လက် ခံနိုင်ရည်ရှိပုံ မရတော့ပေ။
“ဘယ်လောက် လိုသေးလဲ…” ဒူဟောင်က မေးသည်။
“မကြာခင်…” ရီဖူရှင်းက ပြောသည်။
“ဒီစကားကို မင်းက ဘယ်နှခါလောက် ပြောပြီးပြီလဲ…” ဒူဟောင်၏ မျက်လုံးများက ရဲရဲတောက်နေကာ သူ၏လေသံက တင်းမာနေသည်။
“ငါတို့က တောင်ထိပ်ကို ရောက်ခါနီးနေပြီ… ခြေလှမ်းတိုင်းက ကောင်းကင်ကို တက်တာထက် ခက်ခဲတယ်… ခင်ဗျားက မြေရိုင်းဒေသက ပါရမီရှင်ပဲ… ကျုပ်က ခံနိုင်ရင် ခင်ဗျားကလည်း ခံနိုင်ရည် ရှိမယ်လို့ ကျုပ်ယုံတယ်…” ရီဖူရှင်းက ပြောသည်။ ဒူဟောင်က ဘာမှ မပြောပေ။ တခြား လူများကလည်း လက်လျှော့ရမလား ဆက်တက်ရမလား ဝေခွဲမရကြပေ။ ရီဖူရှင်းနှင့် ဟွာချင်းချင်းတို့ နှစ်ယောက်လုံးက ဆက်သွား နေကြသည်။
ရီဖူရှင်းက တိတ်တခိုး နှာခေါင်းရှုံ့သည်။ သူတို့က ကောင်းကင်တောင်ကို မတက်ချင်ကြ ဘူးလား...။
ဤသို့ဆိုလျှင် သူက အဆုံးအထိ လိုက်ပါပေးမည် ဖြစ်သည်...။
သူတို့က မြေရိုင်းဒေသမှ ပါရမီရှင်များ ဖြစ်ကြကာ မိမိတို့ကိုယ်ကို လွန်စွာ အထင်ကြီးကြသည်။ သူတို့ မည်မျှအထိ ခံနိုင်ရည် ရှိမည်ကို သူသိလိုသည်။
သူက နှာခေါင်းရှုံ့က ဆက်သွားနေသည်။ သူ၏ခြေလှမ်းများက လွန်စွာ နှေးကွေးနေရာ တခြားလူများက သူ့နောက်မှ ဆက်လိုက်နိင်သည်။
ရုတ်တရက် လူတိုင်း၏ စိတ်ထဲတွင် ကြောက်မက်ဖွယ် မိစ္ဆာငှက်ပုံရိပ်တစ်ခု ပေါ်လာသည်။ ထိုအရာက မိစ္ဆာငှက်က သူတို့၏ စိတ်အသိအား တိုက်ခိုက်တော့မည့်အလား ထင်ရကာ လွန်စွာ နာကျင်မှုကို ခံစားကြရသည်။
ညည်းသံ တစ်ချက်နှင့်အတူ နန်ယွီက ရပ်လိုက်သည်။ သူ၏ခြေထောက်က ရှေ့ကို ဆက်လှမ်း၍ မရတော့ပေ။
ရီဖူရှင်းက နောက်လှည့်ကာ မေးသည်… “ဘာလဲ…”
“ငါတို့ ရောက်ပြီလား…” နန်ယွီက ရီဖူရှင်းကို ကြည့်သည်။
“မကြာခင်…” တူညီသော အဖြေသာ ရသည်။
နန်ယွီ၏ မျက်လုံးများက လွန်စွာ နီရဲနေသည်။ ရီဖူရှင်းက ထိုစကားအား အကြိမ် အရေမတွက် မည်မျှ ပြောခဲ့သည်ကိုပင် သူမမှတ်မိတော့ပေ။
“ခင်ဗျား မခံနိုင်တော့ဘူးလား…” ရီဖူရှင်း၏ မျက်နှာပေါ်တွင် ထူးခြားသော အမူအရာ ပေါ်လာသည်… “ခင်ဗျား မခံနိုင်ရင် သိပ်တွန်းအားမပေးနဲ့... အဲဒါက အန္တရာယ်ရှိတယ်… ဘယ်လိုပြောပြော ခင်ဗျားက နန်ထျန်းအိမ်တော်က အရေးပါတဲ့လူပဲ… ခင်ဗျား တစ်ခုခု ဖြစ်သွားခဲ့ရင်...”
နန်ယွီ၏ မျက်လုံးများက မိစ္ဆာရောင် အငွေ့အသက်များ ဟုန်းဟုန်းတောက် နေသည်။ သူ၏ခန္ဓာကိုယ်အား မကောင်းဆိုးဝါး အငွေ့အသက်များ ရစ်ပတ်လာနေသည်။ ရုတ်တရက် ညည်းသံတစ်ချက်နှင့်အတူ သူ၏ပါးစပ်မှ သွေးများ စီးကျလာသည်။
နန်ဖန်းနှင့် ချူရှန်းတို့က ရီဖူရှင်းကို ကြည့်ကြသည်။ သူတို့က မကောင်းဆိုးဝါး အငွေ့အသက်၏ သက်ရောက်မှုကို ခံစားနေကြရသော်လည်း အသိစိတ်ရှိနေဆဲ ဖြစ်သည်။ တစ်စုံတစ်ခု လွဲနေသည်ဟု သူတို့ ခံစားကြရသည်။ သူတို့က အပေါ်ကို ဆက်တက်ပါက သူတို့က တဖြည်းဖြည်းဖြင့် ပြိုလဲ သွားနိုင်ပေသည်။
***