← Chapters

လျှို့ဝှက်ဆန်းကြယ်သော ပြိုင်ဘက်ကင်း ပါရမီရှင်

Vol. 67 Ch. 923

လျှို့ဝှက်ဆန်းကြယ်သော ပြိုင်ဘက်ကင်း ပါရမီရှင်

Vol. 67 Ch. 923

" အဲလောက်ကြီး မဆိုးလောက်ပါဘူးကွာ... ငါ တစ်ခါလောက်လေးပဲ ဆုတောင်းလိုက်တာကို " ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင်ကျိတ်၍ ငိုကြွေးမြည်တမ်းနေရပြီ ဖြစ်သည်။ ဤ လျှပ်စီးပင်လယ်ကြီးမှာ သူ ကြုံတွေ့ခဲ့ဖူးသည့် လျှပ်စီးပင်လယ်ကြီးထက် အဆပေါင်းများစွာပို၍ အားကောင်းနေကြောင်း သူက သိထား၏။

၎င်းတို့အား နှိုင်းယှဉ်ကြည့်လိုက်မည်ဆိုပါက ရေအိုင်ငယ်လေးနှင့် သမုဒ္ဒရာကြီးတစ်စင်းကဲ့သို့ပင်။ ယခုအကြိမ်တွင် ပေါ်ပေါက်လာသည့် လျှပ်စီးတန်းတစ်ခုချင်းစီတိုင်းမှာ ဝမ်ပေါင်လဲ့အား လိပ်ပြာလွင့်လုမတတ် ကြောက်ရွံ့သွားစေ၏။

" လူပုံစံစက္ကူရုပ်ကြီး ငါ တရားခံမှန်း သိသွားပြီးတော့ ငါ့ကို လှေပေါ်ကနေ နှင်ချမလားမသိဘူး " ဝမ်ပေါင်လဲ့မှာ အပေါ်ယံတွင် အံ့ဩတုန်လှုပ်နေသည့်ပုံ ‌ပေါက်နေပါသော်လည်း ရင်ထဲတွင်မူ စိုးရိမ်စိတ်များနှင့် ပူဆွေးသောကများဖြင့်သာ ပြည့်နှက်နေသည်။

အမှန်တွင် ထို လျှပ်စီးတန်းများမှာ သူ့အား ပစ်မှတ်ထားနေကြခြင်းဖြစ်ကြောင်း သူက သိပေသည်။ သို့ဖြစ်ရာ လူပုံစံစက္ကူရုပ်ကြီး သူ့အား နှင်ချလိုက်သည်နှင့် လှေကြီးမှာ မိုးကြိုးပစ်ခံရတော့မည် မဟုတ်ပေ။

ထိုအချိန်တွင် သူ၏ ပတ်ပတ်လည်ရှိ စကြဝဠာကြီးမှာ နီမြန်းနေပြီးဖြစ်သည်။ လျှပ်စီးတန်းပေါင်း မြောက်မြားစွာမှာ မိုးနတ်မင်းကြီး၏ အမျက်ဒေါသများကဲ့သို့ အရပ်မျက်နှာအနှံ့မှ ဦးတည်လာကြ၏။ ထို့ကြောင့် ဝိညာဉ်လှေကြီးမှာ မည်မျှပင် ခိုင်ခံ့နေစေကာမူ လျှပ်စီးပင်လယ်ကြီးကြောင့် အပြင်းအထန် တုန်ရီလာရတော့သည်။

၎င်းမှာ ခဏအကြာတွင် တစ်စစီ ကြေမွပျက်စီးသွားတော့မည်ပုံ ပေါက်လာတော့သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ပို၍ပင် စိုးထိတ်လာရ၏။ လှေပေါ်တွင် ရှိနေသည့် အခြားသူများမှာ သူ့လောက် မဟုတ်ပါသော်လည်း ရင်တထိတ်ထိတ်နှင့် ဝေခွဲ၍ မရနိုင်လောက်အောင် ဖြစ်နေကြရပြီး အော်ဟစ်မြည်တမ်းနေကြတော့သည်။

" ကြယ်နယ်မြေအဆင့် အစွမ်းထက်ကျင့်ကြံသူကြီးတစ်ယောက် တိုက်ခိုက်နေတာများလား "

" မဖြစ်နိုင်ဘူး။ ကြယ်နယ်မြေအဆင့်မှာ ရှိနေတဲ့အစွမ်းထက် ကျင့်ကြံသူကြီးတစ်ယောက်တောင် ငါတို့ကို အန္တရာယ်ပြုရဲမှာမဟုတ်ဘူး။ ငါတို့ရဲ့ မိသားစုမျိုးနွယ်စုတွေနဲ့ အဖွဲ့အစည်းတွေ တစ်ခုချင်းစီတိုင်းက အရမ်းကို အင်အားကြီးကြတာလေ။ အဲဒီအဖွဲ့အစည်းတွေ အကုန်လုံးကို ပေါင်းလိုက်မယ်ဆိုရင် ကြယ်နယ်မြေအဆင့် ကျင့်ကြံသူတစ်ယောက်က ငါတို့ကို ဘယ်လိုလုပ်ပြီးတော့ တိုက်ခိုက်ရဲနေပါ့မလဲ "

" ဒါ ကြယ်သုဿာန်ကို သွားဖို့ မဖြစ်မနေ ကျော်ဖြတ်ရတဲ့ အဆင့်များဖြစ်နေမလား။ ဒါပေမဲ့ ငါတို့ မိသားစုမျိုးနွယ်စုရဲ့ ရှေးဟောင်းမှတ်တမ်းတွေထဲမှာ ဒီအကြောင်း မပါပါဘူးဟ "

လူတိုင်းမှာ အတွေးများ ယောက်ယတ်ခတ်နေရသဖြင့် လိုအပ်သည်များကို ပြင်ဆင်ထားရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ ဤလှေကြီး ပျက်စီးသွားမည်ဆိုပါက သူတို့မှာ မည်ကဲ့သို့ ထွက်ပြေးရပါမည်နည်း။ ထိုအချိန်တွင် လူပုံစံစက္ကူရုပ်ကြီးမှာ တင်းမာနေသည့် မျက်နှာအမူအရာဖြင့် ၎င်း၏ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်သောအခါ ဖျော့တော့တော့ အလင်းရောင်များ ပေါ်ပေါက်လာပြီး လှေကြီးအား ချက်ချင်းလွှမ်းခြုံသွား၏။ ထို့နောက် ၎င်းမှာ အရပ်မျက်နှာအနှံ့မှနေ၍ ဦးတည်လာနေသည့် လျှပ်စီးပင်လယ်ကြီးအား ရင်ဆိုင်လိုက်တော့သည်။

ထိုအခါ လေထဲ၌ ထစ်ချုန်းသံများ ပြည့်နှက်သွားပြီး ကြောက်မက်ဖွယ်ရာ ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာသဖြင့် လူတိုင်းမှာ နားစည်များ ကွဲအက်သွားတော့မည့်အလား ခံစားလိုက်ရ၏။ ဝိညာဉ်လှေကြီးမှာလည်း ယခင်တုန်းကနှင့် မတူလောက်အောင် အပြင်းအထန် တုန်ရီသွားသည်။ သို့သော် နောက်ဆုံးတွင် ၎င်းမှာ လျှပ်စီးပင်လယ်ကြီးအား တောင့်ခံနိုင်ခဲ့ဆဲပင်။

သို့ရာတွင် မည်သူမှ စိတ်မအေးနိုင်သေးပေ။ အဘယ်ကြောင့်ဆိုသော် တစ်အောင့်ခန့်အကြာတွင် သူတို့၏ ပတ်ပတ်လည်၌ ရှိနေသည့် လျှပ်စီးပင်လယ်ကြီးမှာ အရှိန်အဟုန်ပြင်းစွာ ပေါက်ကွဲသွားသောကြောင့်ပင်။ ၎င်းမှာ ၎င်း၏ ဘေးနားတစ်ဝိုက်တွင် ရှိနေသည့် လျှပ်စီးတန်းများအားလုံးကို စုစည်းကာ ပို၍ပင် ကြောက်မက်ဖွယ်ရာကောင်းသည့် အငွေ့အသက်မျိုးဖြင့် နောက်ထပ်တစ်ကြိမ် ထပ်၍ တိုက်ခိုက်လိုက်ပြန်သည်။

လူပုံစံစက္ကူရုပ်မှာ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လေသံတိုးတိုးဖြင့် ညည်းညူလိုက်၏။ ထိုအခါ ၎င်း၏ ခန္ဓာကိုယ်ထဲမှ အဖြူရောင် အလင်းရောင်များထွက်ပေါ်လာပြီး ၎င်းမှာ စက္ကူလှော်တက်အား ယခင်တုန်းကနှင့် လုံးဝမတူလောက်သည့် အမြန်နှုန်းဖြင့် လှော်ခတ်နေလိုက်တော့သည်။ ထို့ကြောင့် လျှပ်စီးပင်လယ်ကြီး အနီးသို့ ရောက်ရှိလာခါနီးဆဲဆဲမှာပင် ဝိညာဉ်လှေကြီးမှာ အံ့ဩမှင်တက်ဖွယ်ရာကောင်းလောက်အောင် မြန်ဆန်သွားပြီး အဝေးသို့ အရှိန်အဟုန်ဖြင့် ထိုးထွက်သွားတော့သည်။ ၎င်းမှာ မြန်ဆန်လွန်းနေသောကြောင့် ဝမ်ပေါင်လဲ့နှင့် လှေပေါ်ရှိ အခြားသူများပင်လျှင် နေမထိထိုင်မသာ ဖြစ်သွားရ၏။

အချို့မှာဆိုလျှင် ပါးစပ်ထဲမှ သွေးများပင် စီးကျလာကြသည်။ သူတို့မှာ သူတို့၏ ဘေးတွင်ရှိနေသည့် အရာများကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရ၏။ ထိုသို့သာမဟုတ်ပါက သူတို့မှာ လွင့်ထွက်သွားမည်ဖြစ်သည်။ ဝိညာဉ်လှေကြီးမှာ ထိုကဲ့သို့ အမြန်နှုန်း မြှင့်တင်လိုက်ပြီးနောက် လျှပ်စီးပင်လယ်ကြီးအား ရှောင်တိမ်းနိုင်ခဲ့၏။ ၎င်းမှာ အာကာသတွင်းနက်ကြီး တစ်ခုထဲသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားပြီး ပျောက်ကွယ်သွားသကဲ့သို့ပင်။ ထို့နောက် ၎င်းမှာ လျှပ်စီးပင်လယ်ကြီးနှင့် အလွန်အင်မတန်မှ ဝေးကွာသည့် စကြဝဠာကြီးထဲ၌ ပြန်လည်ပေါ်ပေါက်လာသည်။

သို့သော် အန္တရာယ်ကြီးမှာ ပြီးဆုံးသွားခြင်းမရှိသေးပေ .... ဝမ်ပေါင်လဲ့တစ်ယောက် စိတ်အေးလက်အေးနှင့် သက်ပြင်းမချနိုင်ခင်မှာပင် နဂိုတုန်းက ငြိမ်သက်နေခဲ့သည့် စကြဝဠာကြီးထဲ၌ လျှပ်စီးတန်းများ ထပ်၍ ပေါ်ပေါက်လာတော့သည်။ လျှပ်စီးပင်လယ်ကြီးမှာလည်း ဝိညာဉ်လှေကြီး၏ နောက်သို့ လိုက်လာ၏။ အဝေးမှ ကြည့်လိုက်မည်ဆိုပါက ထို လျှပ်စီးပင်လယ်ကြီးမှာ အလွန်အင်မတန်မှ မြန်ဆန်နေပြီး ၎င်းဆီမှ ထွက်ပေါ်လာနေသည့် လျှပ်စီးတန်းများမှာလည်း ဝိညာဉ်လှေကြီးပေါ်သို့ အဆက်မပြတ် ကျရောက်လာနေကြသည်ကို မြင်နိုင်ပေမည်။ ထို့ကြောင့် လှေကြီးမှာ ပြန်လည် တုန်ရီလာရပြီး ဘေးပတ်ပတ်လည်ရှိ ထစ်ချုန်းသံများမှာလည်း ပို၍ပင် တုန်လှုပ်ချောက်ချားဖွယ်ရာ ကောင်းလာတော့သည်။

" မပြီးသေးဘူးဟ " ဝမ်ပေါင်လဲ့မှာ အော်ငိုပစ်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာပါသော်လည်း မျက်ရည်တစ်စက်မှ ကျလာခြင်းမရှိပေ။ အခြားသူများအားလုံးမှာလည်း မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်နေကြရပြီဖြစ်သည်။ သူတို့မှာ လူပုံစံစက္ကူရုပ်ကြီး သွေးရူးသွေးတန်း လှော်ခတ်နေသည့် မြင်ကွင်းနှင့် လျှပ်စီးတန်းများ အဆက်မပြတ် ဆင်းသက်လာနေသည့် မြင်ကွင်းအား စိုက်ကြည့်နေကြရ၏။ ကံကောင်းစွာဖြင့် ဝိညာဉ်လှေကြီးမှာ တမူထူးခြားပြီး လူပုံစံစက္ကူရုပ်မှာလည်း အစွမ်းကုန်ထုတ်ခဲ့သည့်ပုံပင်။ ၎င်းမှာ လျှပ်စီးပင်လယ်ကြီးအား မျက်ခြည်မဖြတ်နိုင်သည့်တိုင်အောင် ထပ်ခါတလဲလဲ တည်နေရာပြောင်းရွှေ့နိုင်ခဲ့သဖြင့် ယခင်တုန်းကလို လျှပ်စီးပင်လယ်ကြီး၏ အလယ်၌ ပိတ်မိနေခြင်းမရှိတော့ပေ။

သို့သော် လျှပ်စီးပင်လယ်ကြီးမှာမူ ဝိညာဉ်လှေကြီးအား ပစ်မှတ်ထားကာ ၎င်း၏နောက်မှ အဆက်မပြတ် လိုက်လာနေဆဲပင်။ တစ်လကျော် ကုန်ဆုံးပြီးသွားသည့်တိုင်အောင် လျှပ်စီးပင်လယ်ကြီးမှာ ပျောက်ကွယ်သွားခြင်းမရှိသေးပေ။

သို့ဖြစ်ရာ အခြားသူများမှာဆိုလျှင် ထို လျှပ်စီးပင်လယ်ကြီးသည် ဝိညာဉ်လှေကြီး၏ နတ်ဘုရားစွမ်းရည် တစ်ခုဖြစ်သည်ဟုပင် အထင်မှားသွားနိုင်ပေသည်။ ဝိညာဉ်လှေကြီးအား အဆက်မပြတ် ပစ်ခတ်နေကြသည့် လျှပ်စီးတန်းများမှာ သံကြိုးကြီးများနှင့် တူနေ၏။ ၎င်း၏နောက်တွင် ရှိနေသည့် လျှပ်စီးပင်လယ်ကြီးမှာမူ ဒေါင်းတစ်ကောင် ၎င်း၏ အမြီးအား ဖြန့်ထားသကဲ့သို့ပင်။ သို့ဖြစ်ရာ ထို ဝိညာဉ်လှေကြီးမှာ အလွန်အင်မတန်မှ တမူထူးခြားသည့်ပုံ‌ ပေါက်နေတော့သည်။

သို့သော် ဝမ်ပေါင်လဲ့သာမက လှေပေါ်ရှိ ပါရမီရှင်များ အားလုံးမှာ သဘောမတွေ့ကြပေ။ ထို အတောအတွင်းတွင် လူတိုင်းမှာ စကားတစ်ခွန်းမှ မပြောရဲကြဘဲ မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်နေကြရ၏။ မျက်နှာဖုံးတပ်ထားသည့် အမျိုးသမီးပင်လျှင် မျက်ဝန်းများထဲ၌ ကြောက်စိတ်များ ကြီးစိုးနေရ၏။ သူမသည်လည်း စိတ်ကို တည်တည်ငြိမ်ငြိမ်ထားကာ တရားထိုင်နိုင်စွမ်းမရှိဘဲ ဖြစ်နေရသည်။

လူပုံစံစက္ကူရုပ်ကြီးမှာလည်း သဘောမတွေ့ပေ။

ဝမ်ပေါင်လဲ့မှာ သူ အမြင်မှားနေခြင်း ဟုတ်မဟုတ် အတိအကျ ဝေခွဲ၍မရပါသော်လည်း လူပုံစံစက္ကူရုပ်ကြီး၏ နဖူးပေါ်၌ ဇောချွေးများ ပြန်လာသည်ကို ခပ်ရေးရေးမျှ မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။ ထို့ကြောင့် သူသည် ပို၍ပင် တုန်လှုပ်ချောက်ချား လာရတော့သည်။ ထို့အပြင် သူသည် ဆုတောင်းပြည့် ပုလင်းလေးအား နောက်ထပ်တစ်ကြိမ် ထပ်၍ လက်လွတ်စပယ် အသုံးမပြုရန် ဆုံးဖြတ်လိုက်တော့သည်။

" အဲတာ ဆုတောင်းပြည့်ပုလင်းမှ မဟုတ်ပဲ ကိုယ့်ကိုယ့်ကိုယ် သေကြောင်းကြံတဲ့ နတ်ဘုရားအဆောင်ပစ္စည်းတစ်ခု ဖြစ်နေတာပဲကွ " ဝမ်ပေါင်လဲ့မှာ ပူဆွေးသောကရောက်ကာ မကျေမချမ်း ဖြစ်နေရတော့သည်။ ထိုသို့ဖြင့် အချိန်များ ထပ်၍ ကုန်လွန်သွားပြီး နောက်ထပ် လဝက်တိတိ ကုန်ဆုံးသွားပြန်သည်။

လျှပ်စီးပင်လယ်ကြီးမှာ မရပ်မနား နောက်မှ လိုက်လာနေဆဲပင်။ ထိုအချိန်တွင် ဝိညာဉ်လှေကြီးမှာ ရုတ်တရက်ဆိုသလို အရှိန်လျော့ကျသွားပြီး အခြားဟင်းလင်းပြင်တစ်ခုထဲသို့ ရောက်ရှိသွားသကဲ့သို့ ဖြစ်သွား၏။

ဝမ်ပေါင်လဲ့မှာ ဝိညာဉ်လှေကြီး ထိုဟင်းလင်းပြင်ထဲသို့ မည်သို့မည်ဖုံ ရောက်ရှိသွားမှန်း သတိမထားမိလိုက်ပေ။ ၎င်းမှာ တည်နေရာပြောင်းရွှေ့သွားသကဲ့သို့ပင်။ ၎င်း၏ ဘေးပတ်ပတ်လည်ရှိ စကြဝဠာကြီးမှာ မျက်စိတစ်မှိတ်အတွင်း အလိုလို ပြောင်းလဲသွားခြင်းဖြစ်သည်။

သူတို့ ရောက်သွားသည့် နေရာကြီးမှာ အဖြူရောင်ဟင်းလင်းပြင်ကြီးတစ်ခု ဖြစ်၏။ ပို၍ တိတိကျကျ ဆိုရမည်ဆိုလျှင် ဤ နေရာရှိ စကြဝဠာကြီး၏ အရောင်မှာ စက္ကူကဲ့သို့ ဖြူဆွတ်နေခြင်းဖြစ်သည်။ ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်မည်ဆိုပါက မျက်စိတစ်ဆုံး အဖြူရောင်စက္ကူများနှင့် ပြည့်နှက်နေသလို ဖြစ်နေသည်ကို မြင်လိုက်ရသည်ကဖြစ်သည်။ အရွယ်အစား အမျိုးမျိုးရှိနေကြသည့် ဂြိုဟ်များပင်လျှင် အဖြူရောင် ဖြစ်နေကြသည်။

ထိုစဉ်တွင် ဝိညာဉ်လှေကြီးမှာ ဖြူဆွတ်နေသည့် ဧရာမ ဂြိုဟ်ကြီးတစ်လုံး၏ ရှေ့၌ ရပ်တန့်သွားသည်။

" ဖြူဆွတ်နေတဲ့ စကြဝဠာကြီးနဲ့ အဖြူရောင် ဂြိုဟ်ကြီး။ ဒါ ကြယ်သုဿာန်ရဲ့ ဝင်ပေါက်ပဲ " ထို အချိန်တွင် လှေပေါ်မှ လူတစ်ယောက်မှာ စိတ်လှုပ်တရှားနှင့် အော်ပြောလိုက်၏။ သူတို့ ထိုကဲ့သို့ စိတ်လှုပ်ရှားနေရသည့် အကြောင်းရင်းမှာ ကြယ်သုဿာန်ထဲသို့ ရောက်ရှိသွားချိန်တွင် လျှပ်စီးပင်လယ်ကြီး ထပ်၍ ပေါ်ပေါက်လာတော့မည်မဟုတ်ဟု ခံစားနေရသောကြောင့်ပင်။

သို့သော် အစတွင် လျှပ်စီးပင်လယ်ကြီးမှာ ပေါ်ပေါက်လာခဲ့ခြင်း မရှိပါသော်လည်း အသက်ရှူကြိမ် ဆယ်ကြိမ်မျှ ကုန်ဆုံးသွားပြီးနောက် ဖြူဆွတ်နေသည့် စကြဝဠာကြီးထဲတွင် ကြက်‌သွေးရောင် လျှပ်စီးပင်လယ်ကြီး ပြန်လည် ပေါ်ပေါက်လာတော့သည်။ ၎င်းမှာ အဝေးမှနေ၍ ဝမ်ပေါင်လဲ့တို့ ရှိနေသည့် ဝိညာဉ်လှေကြီးဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာနေပြီ ဖြစ်သည်။

" သွားပြီ " ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်လုံးများပြူးသွားရတော့သည်။ သူ၏ ဘေးပတ်ပတ်လည်ရှိ အခြားသူများမှာလည်း အသံကုန် အော်ဟစ်မြည်တမ်းလိုက်ကြ၏။ သိူ့သော် ကြယ်သုဿာန်၏ ဝင်ပေါက်ရှိနေသော အဖြူရောင်စကြဝဠာကြီးမှာ အမှန်တကယ်ပင် တမူထူးခြားနေသောကြောင့်လားတော့ မသိပေ။ လျှပ်စီးပင်လယ်ကြီးမှာ သူတို့၏နောက်တို့ လိုက်လာခဲ့သည့်တိုင်အောင် ဝိညာဉ်လှေကြီး၏ နောက်၌ ရပ်တန့်သွား၏။ ၎င်းမှာ ကြောက်မက်ဖွယ်ရာကောင်းသည့်ပုံ ပေါ်နေဆဲဖြစ်ပါသော်လည်း ဝိညာဉ်လှေကြီးအား လွှမ်းခြုံသွားခြင်းမရှိပေ။ ကြက်‌သွေးရောင် လျှပ်စီးတန်းများသာလျှင် ဝိညာဉ်လှေကြီးအား အဆက်မပြတ် ရိုက်ခတ်နေကြသည်။

ထိုသို့ဖြင့် နောက်ထပ် လဝက်တိတိ ကုန်ဆုံးသွားပြန်သည်။ ထို လဝက်အတွင်းတွင် ဝမ်ပေါင်လဲ့နှင့် အခြားသူများအားလုံးမှာ အလွန်အင်မတန်မှ စိုးထိတ်နေခဲ့ကြရ၏။ လူပုံစံစက္ကူရုပ်ကြီးပင်လျှင် သတိဝီရိယအပြည့်နှင့် စောင့်ကြည့်နေခဲ့သည်။

လဝက်တိတိ ကုန်ဆုံးပြီးသွားချိန်တွင် ခပ်လှမ်းလှမ်းရှိ အဖြူရောင် စကြဝဠာကြီးထဲ၌ နောက်ထပ် ဝိညာဉ်လှေတစ်စင်း ထပ်၍ ပေါ်ပေါက်လာ၏။

ထို့နောက် ထိုကဲ့သို့သော ဝိညာဉ်လှေများ တစ်စင်းပြီးတစ်စင်း ထပ်၍ ပေါ်ပေါက်လာသဖြင့် နောက်ဆုံးတွင် စုစုပေါင်း ကိုးစင်းအထိ ဖြစ်သွားတော့သည်။ ထိုအခါမှသာ ဝမ်ပေါင်လဲ့မှာ ကြယ်ကြွေလှေတစ်စင်းတည်း မဟုတ်ဘဲ ကိုးစင်းတိတိ ရှိနေကြောင်း သိလိုက်ရသည်။

သူသည် အခြား ဝိညာဉ်လှေရှစ်စင်းအား လှမ်းကြည့်မိလိုက်၏။ သူသည် ထို လှေများပေါ်တွင် သူ အနိုင်မတိုက်နိုင်သည့် ထိပ်သီးအဆင့် ပြိုင်ဘက်များ ရှိနေမည်လောဟု သိချင်နေခြင်းဖြစ်သည်။ သူတစ်ယောက်တည်းသာ ထိုသို့ အကဲခတ်နေသည်တော့ မဟုတ်ပေ။ သူ လိုက်ပါလာသည့် လှေပေါ်ရှိ အခြားသူများနှင့် အခြားလှေများပေါ်ရှိ ပါရမီရှင်များမှာလည်း ထိုနည်းတူပင်။ သို့သော် သူတို့အားလုံးမှာ ဝမ်ပေါင်လဲ့နှင့် အခြားသူများ လိုက်ပါစီးနင်းလာကြသည့် ဝိညာဉ်လှေကြီးအား တစ်ပြိုင်နက်တည်းဆိုသလို စိုက်ကြည့်မိလိုက်ကြ၏။

အဘယ်ကြောင့်ဆိုသော် ထို ဝိညာဉ်လှေကြီး၏ ပုံပန်းသွင်ပြင်မှာ အံ့ဩမှင်တက်ဖွယ်ရာ ကောင်းလွန်းနေသောကြောင့်ပင်။ အဖြူရောင် စကြဝဠာကြီးထဲ၌ ကြက်သွေးရောင် လျှပ်စီးပင်လယ်ကြီး ရှိနေခြင်းမှာ ညအမှောင်ထုထဲရှိ မီးတုတ်များထက်ပင် ပို၍ အာရုံဖမ်းစားနိုင်စွမ်းရှိနေ၏။

သူတို့မှာ ထို လျှပ်စီးပင်လယ်ကြီး ခရီးစဉ်တစ်လျှောက်လုံး၌ ထို ဝိညာဉ်လှေကြီး၏ နောက်မှ လိုက်လာခဲ့သည်ကို မသိထားပေ။ သူတို့အားလုံးမှာ ၎င်းအား လှမ်းကြည့်လိုက်ကြပြီးနောက် လေထဲတွင် ရစ်ဝဲနေသည့် လျှပ်စီးပင်လယ်ကြီး နှင့် ၎င်းဆီမှ ထွက်ပေါ်နေသည့် ဖိနှိပ်အားများကြောင့် ထို ဝိညာဉ်လှေကြီးမှာ တမူထူးခြားနေရမည်ဟု မှတ်ယူလိုက်ကြသည်။

" မဟုတ်မှလွဲရော။ အဲဒီ ဝိညာဉ်လှေကြီးပေါ်မှာ ဒီနည်းလမ်းကို သုံးပြီးတော့ ငါတို့ကို ခြိမ်းခြောက်နိုင်ဖို့ ကြိုးစားနေတဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက် ပါလာတာများလား " လူအများစုမှာဆိုလျှင် ထိုသို့ တွေးမိသွားကြသဖြင့် မျက်လုံးများ မှေးသွားကြပြီး သတိကြီးကြီး ထားမိလိုက်ကြတော့သည်။

All Chapters