← Chapters

မီးတောက်ခေါင်းဆောင်ကြီး၏ ပူဆွေးသောကများ

Vol. 67 Ch. 924

မီးတောက်ခေါင်းဆောင်ကြီး၏ ပူဆွေးသောကများ

Vol. 67 Ch. 924

သူတို့ ထိုကဲ့သို့ အမှားမှားအယွင်းယွင်း ခန့်မှန်းမိလိုက်သည်မှာ အပြစ်မဆိုသာပေ။ ကြယ်ကြွေလှေကြီးတစ်စင်း၏ နောက်ရှိ စကြဝဠာကြီးထဲတွင် ကြက်သွေးရောင် လျှပ်စီးပင်လယ်ကြီးတစ်စင်းကို မြင်လိုက်ရသည်လူတိုင်း ထိုကဲ့သို့ ခန့်မှန်းမိလိုက်ကြမည်သာ ဖြစ်သည်။

ထို့အပြင် ထို လျှပ်စီးပင်လယ်ကြီးမှာ ရန်လိုသည့်ပုံလည်း မပေါ်ပေ။ ၎င်းမှာ ခမ်းနားထည်ဝါသည့် အငွေ့အသက်တစ်မျိုးကဲ့သို့ ဝိညာဉ်လှေကြီးအား လွှမ်းခြုံပေးထားသည်။ ထို့ကြောင့်လည်း အခြား ဝိညာဉ်လှေကြီးများပေါ်မှ ပါရမီရှင်များမှာ ဝမ်ပေါင်လဲ့ လိုက်ပါစီးနင်းလာသည့် ဝိညာဉ်လှေကြီးအား သေသေချာချာ အကဲခတ်ကြည့်ရှုနေကြတော့သည်။

ဝမ်ပေါင်လဲ့နှင့် အခြား ပါရမီရှင်များမှာလည်း တုံးအသူများ မဟုတ်ကြသဖြင့် အခြေအနေများကို ချက်ချင်းရိပ်စားမိသွား၏။ ထို့ကြောင့် သူတို့မှာ တစ်ခုခုလွဲနေသလို ခံစားနေရသည့်တိုင်အောင် အခြားလှေများပေါ်မှ ပါရမီရှင်များ နားလည်မှုလွဲသွားကြသည်ကို ဖြေရှင်းရန်ကြိုးစားနေခြင်း မရှိကြဘဲ နှုတ်ဆိတ်နေလိုက်ကြသည်။

ဝမ်ပေါင်လဲ့မှာမူ အခြား လှေရှစ်စင်းအား ဝေ့ဝိုက်ကြည့်ရှုလိုက်ပြီးနောက် စိတ်ပျက်သွားရ၏။ ထို လှေရှစ်စင်းပေါ်တွင် လူအယောက်လေးရာဝန်းကျင်ခန့် ရှိနေကြသည်။ အကယ်၍ သူ လိုက်ပါစီးနှင့်လာသည့် လှေကြီးကိုပါ ထည့်တွက်လိုက်မည်ဆိုပါက ယခုအကြိမ်တွင် ကြယ်သုဿာန်ထဲသို့ ဝင်ရောက်မည့် လူအရေအတွက်မှာ လေးရာ့ငါးဆယ်နှင့် လေးရာ့ခြောက်ဆယ်ကြားတွင် ရှိပေသည်။

ထို ပါရမီရှင်များထဲမှ အားအနည်းဆုံး လူများပင်လျှင် သာမန် ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူများထက် အများကြီးပို၍ အစွမ်းထက်ကြပေသည်။ သူသည် ထို ပါရမီရှင်များမှာ သူ ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်မလာခင် အချိန်တုန်းကလောက် အစွမ်းထက်နေလိမ့်မည်ဟု ကောက်ချက်ချလိုက်၏။ ထို့အပြင် လက်ရှိတွင် သူနှင့် လက်ရည်တူနေသည့်ပုံ ပေါ်နေသော ပါရမီရှင်များလည်း ရှိနေသေးသည်။ ထိုမျှသာမက ဝမ်ပေါင်လဲ့ အကဲဖြတ်နိုင်စွမ်းမရှိသည့် ပါရမီရှင်အနည်းငယ်ခန့်ပင် ပါ၏။

" ဒါပေမဲ့ တကယ်တိုက်ခိုက်ရပြီဆိုရင် ကျင့်ကြံခြင်းအဆင့်တစ်ခုတည်းကပဲ တိုက်ပွဲရလဒ်ကို အဆုံးအဖြတ်ပေးနိုင်တာ မဟုတ်ပါဘူး။ ဓမ္မရတနာတွေနဲ့ ဖြတ်ထိုးဉာဏ်တွေပေါ်မှာလည်း မူတည်ပါသေးတယ် " ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားပြီး ကောက်ချက်ချလိုက်၏။ ထို လှေရှစ်စင်းပေါ်မှ လူအချို့မှာလည်း ဝမ်ပေါင်လဲ့အား ဖျတ်ခနဲ ကြည့်ရှုလိုက်ကြသည်။ သို့သော် သူတို့ထဲမှ အများစုမှာ မျက်နှာဖုံးတပ်ထားသည့် အမျိုးသမီးကိုသာ အာရုံစိုက်နေကြသည်ဖြစ်ကြောင်း သူက သတိထားမိနေ၏။

ထိုကဲ့သို့ သူတို့အားလုံး တစ်ယောက်ကိုတစ်ယောက် အကဲခတ်နေကြစဉ် ဝိညာဉ်လှေကိုးစင်းမှာ အဖြူရောင် ဂြိုဟ်ကြီး၏ရှေ့၌ ရပ်တန့်သွားကြ၏။ ထိုအခါ ထို ဂြိုဟ်ကြီးမှာ ပို၍ပင် စူးရှတောက်ပသည့် အဖြူရောင် အလင်းရောင်များကို ထုတ်လွှတ်လိုက်သဖြင့် ၎င်းတို့မှာ ထိုနေရာတစ်ခုလုံးအား လွှမ်းခြုံသွားကြတော့သည်။ တစ်ချိန်ထဲမှာပင် လေထုထဲ၌ အုန်းခနဲမြည်သံကြီးတစ်သံ ပြည့်နှက်သွားသည်။

ထို အသံကြီး ထွက်ပေါ်လာသည်နှင့် ဧရာမဂြိုဟ်ကြီးမှာ စတင်တုန်ရီလာတော့သည်။ ထို့နောက် ၎င်းမှာ တဖြည်းဖြည်းနှင့် ရှည်တ‌မျောမျော ဖြစ်သွား၏။ နောက်ဆုံးတွင် ၎င်းမှာ စက်လုံးပုံစံမှ... လူသားတစ်ယောက် ပုံစံအဖြစ်သို့ ပြောင်းလဲသွားသည်။

တိတိကျကျ ဆိုရမည်ဆိုလျှင် ၎င်းမှာ ဧရာမ လူပုံစံစက္ကူရုပ်ကြီးတစ်ရုပ်အဖြစ် ပြောင်းလဲသွားခြင်း ဖြစ်ပေသည်။ ၎င်းမှာ လှေပေါ်မှ လူပုံစံစက္ကူရုပ်ကြီးနှင့် တထေရာတည်း တူနေ၏။

အစတွင် ၎င်းမှာ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးအား ကွေးကောက်ထားခဲ့သောကြောင့် ဂြိုဟ်တစ်လုံးနှင့် ‌တူနေခဲ့၏။ သို့သော် ယခုတွင် ၎င်းမှာ ခြေလက်များကို ဆန့်ထုတ်လိုက်သဖြင့် ၎င်း၏ ပုံပန်းသွင်ပြင် အစစ်အမှန် ပေါ်ပေါက်လာရခြင်း ဖြစ်သည်။ ထိုအချိန်တွင် စကြဝဠာကြီးတစ်ခုလုံးမှာ ဆတ်ခနဲ တုန်ရီသွားပြီး စကားလုံးများနှင့် ဖော်ပြ၍ မရနိုင်သည့် ဖိအားတစ်မျိုးမှာ ၎င်း၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာတော့သည်။ ထို ဖိအားများမှာ လေမုန်တိုင်းကြီးတစ်ခုကဲ့သို့ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီး ထိုနေရာကြီး တစ်ခုလုံးအား လွှမ်းခြုံသွား၏။ တစ်ချိန်ထဲမှာပင် ၎င်း၏ ခန္ဓာကိုယ်ထဲ၌ ဂြိုဟ်အလုံးရေ တစ်ထောင်ကျော် အတူတကွ စုစည်းသွားကြသည့်အလား ကြောက်မက်ဖွယ်ရာ အငွေ့အသက်ကြီးတစ်မျိုး ထွက်ပေါ်လာတော့သည်။

ထို့ကြောင့် ၎င်းအား ကြည့်မိလိုက်သည့် လူတိုင်းမှာ နှလုံးသားများ ဆတ်ခနဲ တုန်ရီသွားရပြီး မျက်စိများ ကျိန်းသွားရသည်သာ ဖြစ်သည်။ ထို လူပုံစံစက္ကူရုပ်ကြီး တစ်ချက်တွေးလိုက်ရုံနှင့် သူတို့အားလုံးမှာ မျက်လုံးများ ကန်းသွားနိုင်သည့် အလားပင်။ ထိုခံစားချက်ကြီးကြောင့် သူတို့အားလုံးမှာ အသက်ရှူကျပ်လာရတော့သည်။

" ကြယ်နယ်မြေအဆင့် အစွမ်းထက် ကျင့်ကြံသူတစ်ယောက်ပါလား " ဝမ်ပေါင်လဲ့မှာ ထို ဧရာမ လူပုံစံစက္ကူရုပ်ကြီးအား မြင်လိုက်ရသည်နှင့် ထိုကဲ့သို့ ချက်ချင်း ကောက်ချက်ချမိလိုက်၏။ သူ၏ သက်တမ်းတစ်‌လျှောက်တွင် သူ့အား ယခုလို ခံစားရအောင်လုပ်နိုင်သည့် အခြားလူနှစ်ယောက်သာ ရှိခဲ့ဖူးသည်။ သူတို့ထဲမှ တစ်ယောက်မှာ မီးတောက်ခေါင်ဆောင်ကြီးဖြစ်ပြီး အခြားတစ်ယောက်မှာ သူ၏ ဂိုဏ်းတူအစ်ကိုကြီး ချန်ရှင်း ဖြစ်ပေသည်။

သို့သော် သူတို့မှာ ကျင့်ကြံခြင်းအဆင့် အတူတူတွင် ရှိကြသည့်တိုင်အောင် သူတို့၏ စွမ်းအားများမှာ ကွဲပြားခြားနားနေကြ၏။ ဤလူပုံစံစက္ကူရုပ်ကြီးမှာ မီးတောက်ခေါင်းဆောင်ကြီးလောက် အစွမ်းထက်သည့်ပုံ မပေါ်ပေ။ သို့ဖြစ်ရာ သူ၏ ဂိုဏ်းတူအစ်ကိုကြီးနှင့် ယှဉ်လိုက်မည်ဆိုပါက သူတို့၏ကြားမှ ကွဲပြားခြားနားချက်မှာ ပို၍ပင်သိသာထင်ရှားပေသည်။

ဝမ်ပေါင်လဲ့တစ်ယောက်သာ ထိုကဲ့သို့ ကောက်ချက်ချမိလိုက်သည် မဟုတ်ပေ။ ဤနေရာသို့ ရောက်လာကြသည့် ပါရမီရှင်များမှာ အဆုံးမဲ့တာအိုနယ်မြေထဲရှိ အင်အားကြီး အဖွဲ့အစည်းများထဲမှ ကျင့်ကြံသူများ ဖြစ်နေကြသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူတို့သည်လည်း ဗဟုသုတ နှံ့စပ်နေကြသည်ဖြစ်ရာ ချက်ချင်းဆိုသလိုပင် ခန့်မှန်းမိသွားကြ၏။

ယခုတွင် ထို ပါရမီရှင်များအားလုံးမှာ အံ့ဩတုန်လှုပ်နေကြရပြီဖြစ်သည်။ သူတို့မှာ သူတို့၏ အကြည့်များကို ပြန်လည်ရုပ်သိမ်းလိုက်ကြပြီးနောက် ခေါင်းငုံ့ကာ လူပုံစံစက္ကူရုပ်ကြီးအား ဂါရဝပြုလိုက်ကြ၏။ ထိုအချိန်တွင် ထို လူပုံစံစက္ကူရုပ်ကြီးမှာ ရုတ်တရတ်ဆိုသလို မျက်လုံးများ ပွင့်လာသဖြင့် အေးစက်စက် အလင်းရောင်များ ထွက်ပေါ်လာသည်။ တစ်ချိန်ထဲမှာပင် စကြဝဠာကြီးထဲ၌ စကားသံကြီးတစ်သံ ထွက်ပေါ်လာတော့သည်။

" ကြယ်သုဿာန်ဝင်ပေါက်ကနေ ကြိုဆိုပါတယ် "

၎င်း၏နှုတ်မှ ထိုစကားသံကြီး ထွက်ပေါ်လာပြီး လူတိုင်း၏ အသိစိတ်ထဲ၌ ပဲ့တင်ထပ်သွားသည်နှင့် စကြဝဠာကြီးမှာလည်း စတင်ပြောင်းလဲလာ၏။ လှိုင်းတွန့်အမြောက်အမြား ပေါ်ပေါက်လာပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသဖြင့် အဖြူရောင် စကြဝဠာကြီးတစ်ခုလုံးမှာ စတင်တုန်ရီလာတော့သည်။ သို့ဖြစ်ရာ ၎င်းမှာ ပင်လယ်ရေမျက်နှာပြင်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ပင်။

ခပ်လှမ်းလှမ်းတွင်လည်း အဖြူရောင် လှိုင်းလုံးကြီးတစ်လုံး ပေါ်ပေါက်လာ၏။ ၎င်းမှာ တဖြည်းဖြည်းနှင့် မြင့်တက်လာသဖြင့် နောက်ဆုံးတွင် သူတို့မှာ ၎င်း၏ ထိပ်ကိုပင် မမြင်နိုင်တော့ပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့ အပါအဝင် လူတိုင်းမှာ ခေါင်းမော့လာကြပြီး သူတို့၏ မျက်နှာများပေါ်မှ တုန်လှုပ်ချောက်ချားမှု အရိပ်အယောင်များကိုလည်း ဖုံးကွယ်နိုင်စွမ်း မရှိကြတော့ပေ။

မျက်နှာဖုံးတပ်ထားသည့် အမျိုးသမီးနှင့် ဝမ်ပေါင်လဲ့ သတိကြီးကြီးထား၍ စောင့်ကြည့်နေခဲ့သည့် ပါရမီရှင်များပင်လျှင် တစ်ခဏမျှ ဆွံ့အမှင်တက်သွားကြ၏။ လှိုင်းတွန့်များ ပျောက်ကွယ်သွားချိန်တွင် တဖြည်းဖြည်းနှင့် မြင့်တက်လာနေသည့် ဧရာမလှိုင်းလုံးကြီး၏ ပုံပန်းသွင်ပြင် အစစ်အမှန် ပေါ်ပေါက်လာတော့သည်။

၎င်းမှာ လှိုင်လုံကြီးတစ်လုံး မဟုတ်ဘဲ အလယ်မှနေ၍ ခေါက်ချိုးချိုးခံလိုက်ရသည့် စာရွက်ကြီးတစ်ရွက် ကဲ့သို့ပင်။

သို့ရာတွင် ထိုမြင်ကွင်းကြီးအား ဖော်ပြရန် " ‌ခေါက်ချိုးချိုး " ဆိုသည့် စကားလုံးအား အသုံးပြုခြင်းမှာ သင့်တော်မှုမရှိသည့်ပုံပင်။ အဘယ်ကြောင့်ဆိုသော် အမြင့်ဆုံးနေရာတွင် ရပ်၍ အောက်သို့ ငုံ့ကြည့်လိုက်မည်ဆိုပါက အနက်ရောင် စကြဝဠာကြီးထဲတွင် ရှိနေသည့် ထို အဖြူရောင် နယ်မြေကြီးမှာ.... ဧရာမ စက္ကူရွက်ကြီးတစ်ရွက်ကဲ့သို့ ဖြစ်နေသည်ကို မြင်လိုက်ရမည် ဖြစ်သောကြောင့်ပင်။

ယခုတွင် လူပုံစံစက္ကူရုပ်ကြီးဖြစ်စေ၊ ဝိညာဉ်လှေကြီးများဖြစ်စေ ၎င်းပေါ်ရှိ ပါရမီရှင် အယောက်လေးရာကျော်ဖြစ်စေ၊ သူတို့အားလုံးမှာ ခေါက်ချိုးချိုးခံနေရသည့် ထို အဖြူရောင်စက္ကူရွက်ကြီးပေါ်တွင် ရှိနေကြ၏။

ထို အခြင်းအရာများ အားလုံးမှာ မျက်စိတစ်မိအတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ တစ်အောင့်ခန့်အကြာတွင် ဧရာမစက္ကူရွက်ကြီးမှာ ခေါက်ချိုးချိုးခံလိုက်ရသဖြင့် ထို အဖြူရောင် စကြဝဠာကြီး၏ အရွယ်အစားမှာလည်း တစ်ဝက်တိတိ သေးငယ်သွားရတော့သည်။

ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ စာရွက်ခေါက်ခံလိုက်ရသည့် အသံများ ပဲ့တင်ထပ်နေစဉ်မှာပင် ၎င်းမှာ နောက်ထပ်တစ်ကြိမ် ထပ်၍ ခေါက်ချိုးချိုးခံလိုက်ရပြန်သည်။ ထို့နောက် ၎င်းမှာ ဆက်တိုက်ဆိုသလို ခေါက်ခံလိုက်ရသဖြင့် ထို စာရွက်ကြီးမှာ တဖြည်းဖြည်းနှင့် အရွယ်အစား သေးငယ်လာသလို တစ်ချိန်ထဲမှာပင် ပို၍ ထူလာတော့သည်။

နောက်ဆုံးတွင် စကြဝဠာကြီးထဲရှိ အဖြူရောင်စာရွက်ကြီးမှာ အဖြူရောင် အပ်ချောင်းတစ်ချောင်းအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ ထို့နောက် ၎င်းမှာ ဟင်းလင်းပြင်ကြီးအား ထိုးခွင်းသွားပြီးနောက် ပျောက်ကွယ်သွား၏။

၎င်း ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် စကြဝဠာကြီး၏ အတွင်းပိုင်းထဲမှ အငွေ့အသက်ပေါင်း မြောက်မြားစွာမှာ ထို အဖြူရောင်စာရွက်ကြီး ရှိနေခဲ့သည်နေရာသို့ ချက်ချင်းဆိုသလို ဆင်းသက်လာကြ၏။ ၎င်းတို့မှာ လူရိပ်များအဖြစ် ပြောင်းလဲသွားခြင်းမရှိဘဲ စိတ်ဆန္ဒများအဖြစ် ဆင်းသက်လာကြပြီးနောက် ထိုနေရာအား အာရုံခံလိုက်ကြပြီး အဖြူရောင်အပ်ချောင်းကြီး ပျောက်ကွယ်သွားသည့် နေရာအား စိုက်ကြည့်နေလိုက်ကြတော့သည်။

" ဒီ နည်းလမ်းဟောင်းကြီးပဲ... "

" ငါ နောက်ထပ်တစ်ခေါက် ထပ်မြင်လိုက်ရရင်တောင် နားလည်ဦးမှာ မဟုတ်ဘူး။ ကြယ်သုဿာန်ရဲ့ တည်နေရာအစစ်ကိုလည်း ရှာတွေ့နိုင်ဦးမှာ မဟုတ်ဘူး "

" ငါ့ရဲ့အမြင်မှာ ဒါ အမှောင်ပညာရပ်နဲ့ ဆက်နွှယ်နေတဲ့ပုံ ပေါက်ပေမယ့် တကယ်တမ်းက ဘာမှ မဆိုင်ဘူးကွ... "

" ကြယ်သုဿာန်ဆိုတာ အဆုံးမဲ့တာအိုနယ်‌မြေကို ပြင်ပနယ်မြေတစ်ခုနဲ့ ချိတ်ဆက်ပေးထားတဲ့ အပေါက်တစ်ပေါက်ပဲ "

" ပြီးတော့ ကြက်သွေးရောင် လျှပ်စီးတန်းကြီးတွေလည်း ရှိနေသေးတယ်။ ထူးတော့ထူးဆန်းတယ်ကွ။ အဲဒီ လျှပ်စီးတန်းကြီးတွေက သူတို့နဲ့အတူတူ လိုက်သွားတာလား "

ထို စိတ်ဆန္ဒတစ်ခုချင်းစီတိုင်းမှာ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် မိသားစုမျိုးနွယ်စုများမှ ခေါင်းဆောင်ကြီးများ ဖြစ်ကြပေသည်။ သူတို့မှာ သူတို့၏ အဖွဲ့အစည်းများမှ ပါရမီရှင်များကို ကာကွယ်ပေးရန် ဤနေရာသို့ ရောက်လာကြခြင်းမဟုတ်ဘဲ ကြယ်သုဿာန်ဝင်ပေါက် ပွင့်သွားသည့် မြင်ကွင်းအား နောက်ထပ်တစ်ကြိမ်ထပ်၍ စောင့်ကြည့်ခွင့်ရနိုင်ရန်သာ ဤနေရာ၌ စုဝေးနေကြခြင်း ဖြစ်သည်။ သူတို့မှာ ကြယ်သုဿာန်၏ အတွင်းပိုင်းအား အကဲခတ်လေ့လာချင်နေကြခြင်း ဖြစ်၏။

သို့သော် ယခုအကြိမ်တွင်လည်း သူတို့မှာ မအောင်မြင်ခဲ့ပေ...

ထိုအချိန်တွင် စကြဝဠာကြီး၏ အတွင်းပိုင်းတစ်နေရာ၌ မီးတောက်များ တောက်လောင်နေသည့် စကြဝဠာကြီးထဲတွင် ဧရာမဂြိုဟ်ကြီးတစ်လုံး ရှိနေ၏။ ၎င်းမှာ ခမ်းနားထည်ဝါသော ဆေးပေါင်းဖိုကြီးတစ်လုံးနှင့် တူပြီး ၎င်း၏ ဘေးပတ်ပတ်လည်တွင် ဝန်းရံနေသည့် ရာပေါင်းများစွာသော ဂြိုဟ်ကြီးများမှာ အပူစွမ်းအင်များအား ထိုဂြိုဟ်ကြီးဆီသို့ ထုတ်လွှတ်ပေးနေသည်။ အဘိုးကြီးတစ်ယောက်မှာမူ ထို ဆေးပေါင်းဖိုဂြိုဟ်ကြီးပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည်။

ထို အဘိုးကြီးမှာ မီးတောက်ခေါင်းဆောင်ကြီး ဖြစ်ပေသည်။ ထိုအချိန်တွင် သူသည် မျက်လုံးများ မှိတ်နေရာမှ ရုတ်တရက်ဆိုသလို ပွင့်လာ၏။ ထို့နောက် သူသည် သူ၏ ညာဘက်လက်ကို လှန်လိုက်သောအခါ လက်ဖဝါးထဲ‌၌ အသံလွှင့်ကျောက်စိမ်းပေလွှာတစ်ခု ပေါ်ပေါက်လာသည်။ သူသည် ၎င်းအား ငုံ့ကြည့်လိုက်ပြီးနောက် စကြဝဠာကြီးထဲသို့ လှမ်းကြည့်ရင်း မျက်နှာပေါ်၌ အပြုံးတစ်ပွင့် ပေါ်ပေါက်လာတော့သည်။

" ရှဲ့မိသားစုက ကောင်လေးက ငါ့ကို အကူအညီတောင်းနေတာပါလား။ သူ့ရဲ့ကိုယ်စား တောင်းပန်ပေးပါဆိုပဲ။ သူ အကူအညီတောင်းတဲ့လူ မှားနေတာလားဟ... ဒါပေမဲ့ ချန်ရှင်း လခြမ်းဧကရာဇ်ကြီးကို မသတ်နိုင်ခင် သူ့ရဲ့ ဂိုဏ်းတူညီလေးက ငါ့ရဲ့တပည့် ဖြစ်လာလိမ့်မယ်လို့ ငါ ခံစားနေရတယ်.... "

" ချန်ရှင်း၊ ချန်ရှင်း။ ဒါ ရေစက်ပဲကွ။ ဟွန်း။ ငါ မင်းကို အနိုင်မယူနိုင်ပေမဲ့ ငါ ခံစားနေရတဲ့အတိုင်းသာ အမှန်တကယ် ဖြစ်လာမယ်ဆိုရင် မင်း ငါနဲ့တွေ့တဲ့ အချိန်ကျ ငါ့ကို ဘယ်လိုနှုတ်ဆက်မလဲ ကြည့်ကြတာပေါ့။ ပြီးတော့ ရှဲ့မိသားစုက ကောင်လေးကလည်း ငါ့ဆီကနေ အကူအညီတောင်းနေတာ။ ဟားဟားဟား။ စိတ်ဝင်စားစရာပဲ။ အဲဒီကောင်လေး သူ အကူအညီ တောင်းရမယ့်လူက‌ ပေါင်လဲ့ဖြစ်နေမှန်း သိလိုက်ရရင် ဘယ်လိုမျက်နှာမျိုး ဖြစ်သွားမလဲမသိဘူး ... " မီးတောက်ခေါင်းဆောင်ကြီးမှာ မနေနိုင်တော့သဖြင့် အော်ဟစ်ရယ်မောမိလိုက်၏။

သူ၏ ရယ်မောသံကြီးမှာ မီးတောက်ကြယ်နယ်မြေကြီးတစ်ခုလုံးထဲ၌ ပြည့်နှက်သွားပြီး ထိုနယ်မြေထဲတွင် ရှိနေကြသည့် သက်ရှိတိုင်း၏ အသိစိတ်ထဲ၌ ပဲ့တင်ထပ်သွားသည်။ ထိုအချိန်တွင် သူ၏ ပတ်ပတ်လည်၌ မှုန်ဝါးဝါး လူရိပ်ဆယ့်ရှစ်ခု ပေါ်ပေါက်လာပြီး လူမျိုးစု အမျိုးမျိုးမှ ပုံပန်းသွင်ပြင် အမျိုးမျိုးရှိသည့် ကျင့်ကြံသူဆယ့်ရှစ်ယောက်အသွင် ချက်ချင်းပြောင်းလဲသွားသည်။ သူတို့မှာ ထိုသို့ ပေါ်ပေါက်လာကြသည်နှင့် ဒူးထောက်ချလိုက်ကြပြီးနောက် မီးတောက်ခေါင်းဆောင်ကြီးအား အရိုအသေပေးလိုက်ကြတော့သည်။

" မင်္ဂလာပါ ဆရာ "

" ဆရာ အခုလို ပျော်နေရတဲ့ အကြောင်းရင်းကို ကျွန်တော်တို့ သိခွင့်ရှိမလားဗျ " ထို ကျင့်ကြံသူ တစ်ယောက်ချင်းစီတိုင်းမှာ တမူထူးခြားသည့် ကျင့်ကြံခြင်း အခြေခံအုတ်မြစ်များကို ပိုင်ဆိုင်ထားကြ၏။ သူတို့မှာ သူတို့၏ ဆရာ ပျော်ရွှင်မြူးထူးနေသည်ကို မြင်လိုက်ရသောအခါ ပြုံး၍ မေးမိလိုက်ကြသည်။

ထိုအခါ ဆေးပေါင်းဖိုကြီးပေါ်၌ ထိုင်နေဆဲဖြစ်သည့် မီးတောက်ခေါင်ဆောင်ကြီးမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ ဝမ်းသာအားရ ရယ်မောကာ ဆိုလိုက်၏။

" မင်းတို့တွေ ဂိုဏ်းတူညီလေး အသစ်တစ်ယောက် ထပ်ရဖို့ တော်တော်လေးနီးစပ်နေပြီကွ " မီးတောက်ခေါင်းဆောင်ကြီး သူ၏ တပည့်များအား စိုက်ကြည့်ကာ ထိုသို့ ဆိုလိုက်ချိန်တွင် သူ၏ မျက်ဝန်းများထဲ၌ သောကဝေဒနာများ ပေါ်ပေါက်လာသည်ကိုမူ မည်သူကမှ သတိမထားမိလိုက်ပေ။

" မင်းတို့ရဲ့ ဂိုဏ်းတူညီလေး အစစ်ပေါ့ကွာ... "

All Chapters