အညံ့ခံမည့်အစား အသေခံမည်
Vol. 95 Ch. 1314
ကျန်းရီသည် နတ်သိမ်းငှက်မျိုးနွယ်စုတွင် ချက်ချင်း ကျော်ကြားသွားသည်။ သူက စစ်နတ်ဘုရားစံအိမ်၏ လော့မျိုးနွယ်မှ သခင်လေးလော့ဟွမ်ကို လုပ်ကြံသတ်ဖြတ်ရမည့် တာဝန်ကို လက်ခံဝံ့ခဲ့သူတစ်ယောက် မဟုတ်ပါလား။ ထို့ပြင် သူသည် တာဝန်ကိုလည်း အောင်အောင်မြင်မြင် ထမ်းဆောင်နိုင်ခဲ့သေးသည်။ သူ့ကြောင့် စစ်နတ်ဘုရားစံအိမ်နှင့် မိစ္ဆာသတ်ဖြတ်စံအိမ်တို့ကြားတွင် တိုက်ပွဲတစ်ခု ဖြစ်မလိုပင် ဖြစ်ခဲ့သည်။ သို့ဖြစ်ရာ ကျန်းရီက မည်သို့ မကျော်ကြားဘဲ နေပါတော့မည်နည်း။
အားလုံး၏ မျက်လုံးထဲတွင် ကျန်းရီက အရူးတစ်ယောက်ဖြစ်သည်။
ကျန်းရီနေရာတွင် အခြားသူတစ်ယောက်ဆိုပါက ထိုကဲ့သို့သော တာဝန်မျိုးကို လက်ခံဝံ့ကြမည် မဟုတ်ပေ။ လော့ဟွမ်က နတ်သိမ်းငှက်မြို့နှင့် နတ်သိမ်းငှက်မျိုးနွယ်စုတွင် အဆင့်အတန်းမြင့်သူတစ်ယောက် ဖြစ်သည်။ အနည်းငယ် စုံစမ်းလိုက်ရုံနှင့် လော့ဟွမ်က မည်သူဖြစ်ကြောင်း သိနိုင်သည်။ အကယ်၍ ကျန်းရီကဲ့သို့ လော့ဟွမ်က မည်သူဖြစ်ကြောင်း မသိသော လူသစ်များက တာဝန်ကိုလက်ခံခဲ့လျှင်ပင် လော့ဟွမ်က စစ်နတ်ဘုရားစံအိမ်၏ လော့မျိုးနွယ်အကြောင်းကို ပြောလိုက်ချိန်တွင် သူတို့ ဆက်တိုက်ခိုက်ဝံ့တော့မည် မဟုတ်ချေ။ သို့သော် ကျန်းရီသည် လော့ဟွမ်က မည်သူဖြစ်ကြောင်း သိပြီးနောက်တွင်ပင် လော့ဟွမ်ကို သတ်ပစ်ရန် ဆုံးဖြတ်ခဲ့သေးသည်။
လော့ဟွမ်၏ အဘိုး၏ အဆင့်အတန်းက နတ်သိမ်းငှက်မြို့တွင် နံပါတ်(၂)ဖြစ်သည်။ သူ့အထက်တွင် တိရှစံအိမ်မှဖြစ်သော နတ်သိမ်းငှက်မြို့အရှင် လောချန်သာ ရှိတော့သည်။ တိုက်ခိုက်စွမ်းအားအရဆိုလျှင်မူ လော့ဟွမ်၏ အဘိုးက နတ်သိမ်းငှက်မြို့တွင် နံပါတ်(၁)ပင်။ သို့သော် ဤဘုံက တိရှဘုံဖြစ်၍ စက္ကူထက်တွင်တော့ တိရှစံအိမ်မှ မြို့အရှင်က ပိုအဆင့်အတန်း မြင့်ပေသည်။
ကျန်းရီ၏သတင်း ပျံ့နှံ့သွားသောအခါ နတ်သိမ်းငှက်မျိုးနွယ်စု၏ တောင်ပိုင်းရှိ မှောင်ခိုလောင်းကစားရုံများနှင့် ရူးသွပ်နတ်ဘုရားရဲတိုက်တို့က လောင်းကြေးများစတင် လက်ခံကြသည်။ သူတို့သည် ကျန်းရီက ရက်ပေါင်းမည်မျှ အသက်ရှင်နိုင်မည်ကို လောင်းကြခြင်းပင်။ ကျန်းရီက ကြာကြာအသက်ရှင်လေလေ၊ လောင်းသူများက ပိုမြတ်လေလေဖြစ်သည်။
“ညီလေးကျန်း.. ဒီတစ်ခေါက် မင်းက အရမ်း မဆင်မခြင်နိုင်လွန်းတယ်။ အစ်မမေ့က အဲ့တာဝန်က အန္တရာယ်များတယ်လို့ ပြောပေမဲ့ လော့ဟွမ်ကို သတ်ရမဲ့ တာဝန်မှန်း ငါ မသိခဲ့ဘူး။ ငါသာ သိခဲ့ရင် မင်း ရူးရူးမိုက်မိုက် မလုပ်မိအောင် တားခဲ့မှာပဲ”
မိစ္ဆာသတ်ဖြတ်စံအိမ်၏ ရဲတိုက်ထဲရှိ တာဝန်ရုံးအပြင်ဘက်တွင် ဟဲဝေက ကျန်းရီကို လေးနက်သော လေသံဖြင့် ပြောနေသည်။ ကျန်းရီက သူ့ညီမကို သွားရှာနိုင်ရန် မိစ္ဆာသတ်ဖြတ်စစ်သူကြီးအဆင့်သို့ မြန်မြန် တက်လှမ်းလိုနေကြောင်း ဟဲဝေသိသည်။ သို့သော် ကျန်းရီက ထိုကဲ့သို့သော တာဝန်မျိုးကိုပင် လက်ခံဝံ့လိမ့်မည်ဟုတော့ သူ ထင်မထားခဲ့ချေ။ ကျန်းရီသည် မည်သူ့ကိုမှ၊ မည်သည့်အရာကိုမှ မကြောက်သူတစ်ယောက်ပင်။
“အခုမှ အဲ့ဒါတွေ ပြောနေလို့ ဘာအသုံးဝင်တော့မှာလဲ။ ပြီးခဲ့တာတွေက ပြီးသွားပြီ။ အဆိုးဆုံးမှ ကျွန်တော် သေရုံပါပဲ”
ကျန်းရီသည် ခပ်ရေးရေးပြုံးနေပြီး အလွန်စိတ်အေးနေပုံပေါ်သည်။ ဤလောကထဲတွင် အချိန်ကို နောက်ပြန်မဆုတ်နိုင်သလို နောင်တရနေရန်လည်း အချိန်မရှိပေ။ ကျန်းရီ ငယ်စဉ်တွင် အကြားခဲ့ရဆုံးစကားမှာ ကျန်းယွင်ဟိုင်ပြောခဲ့သော စကားဖြစ်သည်။
“ကိုယ်လုပ်ခဲ့တာတွေအတွက် နောင်တမရနဲ့။ ကိုယ့်နှလုံးသားနောက်ကိုပဲ လိုက်ပြီး ဘယ်စိန်ခေါ်မှုကိုမှ မကြောက်နဲ့။ လူတစ်ယောက်ရဲ့ ဘဝက ဆယ်စုနှစ်နည်းနည်းလောက်ပဲ ကြာတာ။ လူတစ်ယောက်က အသက်ရှည်ဖို့ မျှော်လင့်စရာမလိုဘူး... ဘဝကို အပြည့်အဝ နေထိုင်နိုင်ဖို့ပဲ မျှော်လင့်ရမယ်”
“သေရမှာလား”
ဟဲဝေက ကျန်းရီကို အလွန်စိုးရိမ်ဟန်ဖြင့် ကြည့်၍ ပြောသည်။
“ကျန်းရီ.. မင်း အချိန်တစ်ခုလောက်အထိ နတ်သိမ်းငှက်မျိုးနွယ်စုထဲက မထွက်တာ ကောင်းလိမ့်မယ်။ စစ်နတ်ဘုရားစံအိမ်က မင်းကို သတ်ဖို့ တာဝန်ထုတ်ပြန်ထားလောက်ပြီ။ မင်း နတ်သိမ်းငှက်မျိုးနွယ်စုထဲက ထွက်သွားတာနဲ့ ဘယ်သူကမှ မင်းကို ကယ်နိုင်တော့မှာ မဟုတ်ဘူး။ မျိုးနွယ်စုထဲမှာကျ တိုက်ပွဲတွေကို တားမြစ်ထားတယ်။ အဲ့တော့ စစ်နတ်ဘုရားစံအိမ်က တားမြစ်ချက်ကို ဖောက်လောက်မှာ မဟုတ်ဘူး။ မဟုတ်ရင် သူတို့ရဲ့ ဂုဏ်သတင်းက ထိခိုက်သွားနိုင်တယ်မလား။ မျိုးနွယ်ကြီးတွေ အရေးစိုက်တာက သူတို့ရဲ့ဂုဏ်သတင်းပဲဆိုတာကို မင်းလည်း သိမှာပါ။ အဲ့တော့ မင်း မျိုးနွယ်စုထဲမှာ နေရင် လုံခြုံလိမ့်မယ်။ ဒါပေမဲ့ မင်း အပြင်ထွက်သွားပြီဆိုတာနဲ့ သေရလိမ့်မယ်။ ငါ့အဖေနဲ့အတူ လိုက်သွားတယ်ဆိုရင်တောင် သူက မင်းကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး”
“ကျွန်တော်က မျိုးနွယ်စုထဲက ထွက်လို့မရဘူးလား”
ကျန်းရီ အတန်ငယ် မျက်နှာပျက်သွားသည်။ တာဝန်အားလုံးနီးပါးက မျိုးနွယ်စုအပြင်သို့ သွားရန် လိုအပ်သည်။ မျိုးနွယ်စုအတွင်း၌ ထမ်းဆောင်ရမည့် တာဝန်များက ရှိခဲသည်။ ရှိလျှင်လည်း ရမည့် တိုက်ပွဲအမှတ်က အလွန်နည်းသည်။ သူက မျိုးနွယ်စုထဲတွင် ထာဝရ နေနေ၍ မရပေ။ ထို့ပြင် ကျန်းရှောင်နူကို ခြင်္သေ့ပြာမြို့တွင် တစ်ယောက်တည်း ပစ်မထားနိုင်ချေ။ သူမက အနိုင်ကျင့်ခံရလျှင် မည်သို့လုပ်မည်နည်း။
ကျန်းရီသည် အတန်ငယ် စိတ်မသက်မသာနှင့် မျက်လုံးမှိတ်လိုက်သည်။ ထို့နောက် ခေါင်းခါကာ မည်သို့မှ ဆက်မပြောတော့ဘဲ တာဝန်ရုံးထဲ လျှောက်ဝင်သွားလိုက်သည်။ ဟဲဝေက အပြင်ဘက်တွင် ကျန်ခဲ့သည်။ သူသည် အစ်မမေ့ကို အနည်းငယ် လန့်နေပြီဖြစ်သည်။ သူမ၏ အကြည့်များက အတော်လေး စိတ်လှုပ်ရှားစေသည် မဟုတ်ပါလား။
ဤတစ်ကြိမ်တွင်လည်း အစ်မမေ့က တာဝန်ရုံးတွင် တာဝန်ကျနေသည်။ သူမသည် ကျန်းရီ ဝင်လာသည်ကို တွေ့သောအခါ ပြုံး၍ လက်မထောင်ကာ ပြောလိုက်သည်။
“ကျန်းရီ.. မောင်လေးက တကယ့်ကို ယောက်ျားအစစ်ပဲ။ မိစ္ဆာသတ်ဖြတ်စံအိမ်မှာ မောင်လေးလို ယောက်ျားမျိုး မရှိခဲ့တာ ကြာပြီ။ အစ်မက မောင်လေးလို ယောက်ျားမျိုးကိုမှ ကြိုက်တာ”
ကျန်းရီတွင် ထိုမိန်းမနှင့် အခြေအတင် ပြောလိုစိတ် ရှိမနေပေ။ ထို့ကြောင့် သူသည် လော့ဟွမ်၏ ခေါင်းကို ထုတ်ပေး၍ မျက်နှာသေဖြင့် ပြောလိုက်သည်။
“ကျွန်တော်က တာဝန်ပြီးမြောက်ကြောင်း လာတင်ပြတာပါ”
အစ်မမေ့က လက်ဟန်ပြလိုက်၏။ ထိုအခါ အပြင်ဘက်မှ အစောင့်တစ်ယောက်က တာဝန်ရုံးထဲ ဝင်လာသည်။ အစ်မမေ့သည် လော့ဟွမ်၏ ဦးခေါင်းကို လက်ညှိုးညွှန်၍ ပြောလိုက်သည်။
“ဒီခေါင်းကို စစ်နတ်ဘုရားစံအိမ်က လော့မျိုးနွယ်ဆီ ပို့လိုက်ပါ။ အနည်းဆုံးတော့ လော့ဟွမ်ကို ခန္ဓာကိုယ်အစိတ်အပိုင်း အပြည့်အစုံနဲ့ သင်္ဂြိုလ်နိုင်တာပေါ့”
ကျန်းရီသည် ထိုအကြောင်းကို အရေးမစိုက်ပေ။ သူက တိုက်ပွဲအမှတ်များရလျှင် ပြီးပြီဖြစ်သည်။ အစ်မမေ့က ကျန်းရီ၏ လက်စွပ်ကို ကြည့်၍ သူမ၏လက်စွပ်ကို ထုတ်လိုက်သည်။ ထို့နောက် ကျန်းရီ၏ လက်ကို ဆွဲယူ၍ သူမ၏လက်စွပ်နှင့် ကျန်းရီ၏ လက်စွပ်ကို ပွတ်လိုက်သည်။ ထိုသို့လုပ်ရင်း ကျန်းရီ၏ လက်ကိုလည်း ပွတ်သပ်နေသည်။ ထို့နောက် သူမ၏ လက်က လင်းလက်လာလေသည်။ ထိုမှ သူမသည် ကျန်းရီ၏လက်ကို ပြန်လွှတ်ပေးကာ ပြောလိုက်သည်။
“တပ်မှူးလျှိုက မောင်လေးကို တိုက်ပွဲအမှတ်ငါးရာ ပိုပေးလိုက်ဖို့ အထူးအမိန့်ပေးထားတယ်။ ကျန်းရီ... ကြည့်ရတာ တပ်မှူးလျှိုက မောင်လေးကို မျက်နှာသာပေးနေတဲ့ပုံပဲ”
“ကျွန်တော့်ကိုလား...”
ကျန်းရီသည် သူ့ကိုယ်သူ ခပ်လှောင်လှောင် ပြုံးလိုက်၏။ တပ်မှူးလျှိုက သူ့ကို သနားသဖြင့် နှစ်သိမ့်ပေးရန် ကြိုးစားနေခြင်းဖြစ်မည်။ တပ်မှူးလျှို၏ မျက်လုံးထဲတွင် ကျန်းရီက သေလူတစ်ယောက် ဖြစ်နေပေပြီ။ ယခင်မှ အဖြစ်အပျက်က မိစ္ဆာသတ်ဖြတ်စံအိမ်အရှေ့တွင် မဖြစ်ခဲ့ဘဲ ရူးသွပ်နတ်ဘုရားရဲတိုက်ထဲတွင် ဖြစ်ခဲ့လျှင် တပ်မှူးလျှိုက သူ့ကိုကာကွယ်ပေးခဲ့လိမ့်မည် မဟုတ်ချေ။ တပ်မှူးလျှိုက ကာကွယ်ပေးလိုခဲ့လျှင်ပင် လော့ချီသည် လူများစေလွှတ်၍ ရူးသွပ်နတ်ဘုရားရဲတိုက်ကို စတင် တိုက်ခိုက်ခဲ့မည်ဖြစ်သည်။ ဤတစ်ခေါက်တွင် ကျန်းရီ ရှင်သန်နိုင်ခဲ့ခြင်းမှာ နတ်သိမ်းငှက်မျိုးနွယ်စုသို့ ပြန်ရောက်လာခဲ့၍ ဖြစ်သည်။
ကျန်းရီသည် လက်စွပ်ထဲသို့ ကောင်းကင်စွမ်းအားထည့်လိုက်၏။ ထိုအခါ လက်စွပ်ပေါ်တွင် နံပါတ်တစ်ခု ထွက်ပေါ်လာသည်။ ကျန်းရီသည် တိုက်ပွဲအမှတ်အရေအတွက်ကို အတည်ပြုပြီးနောက်တွင် အခန်းထဲမှ ပြန်ထွက်သွားလိုက်သည်။ သို့သော် အစ်မမေ့က ရုတ်တရက် လှမ်းပြောသည်။
“ခဏနေပါဦး...”
ကျန်းရီသည် ရင်ထဲတွင် မနှစ်မြို့မှုမျာ ပြည့်နေသော်လည်း ခြေလှမ်းရပ်ကာ နောက်သို့ အတန်ငယ်ငဲ့ကြည့်၍ မေးလိုက်သည်။
“ဘာကိစ္စ ရှိသေးလို့ပါလဲ အစ်မမေ့...”
အစ်မမေ့က ခါးလှုပ်၍ လျှောက်လာပြီး သူမ၏ သွယ်လျသော လက်ကလေးကို ကျန်းရီ၏ ပခုံးပေါ် တင်လိုက်သည်။ ထို့နောက် သူမသည် သူမ၏ မျက်နှာကို ကျန်းရီ၏ မျက်နှာအနားသို့ ကပ်၍ မြူဆွယ်သောလေသံဖြင့် ပြောလိုက်သည်။
“မောင်လေး... အချိန်တစ်ခုလောက်အထိ မောင်လေး မျိုးနွယ်စုအပြင်ကို မထွက်နဲ့ဦး။ မဟုတ်ရင် မသေမျိုးတစ်ပါးကတောင် မောင်လေးကို ကယ်နိုင်မှာ မဟုတ်ဘူး”
“အခုလို သတိပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်”
ကျန်းရီသည် အစ်မမေ့၏မျက်နှာအနားမှ ခေါင်းခွာကာ ပြန်ပြောလိုက်သည်။ အစ်မမေ့က ပြုံး၍ သက်ပြင်းချလိုက်ပြီး ထပ်ပြောသည်။
“တကယ်တော့... မျိုးနွယ်စုထဲမှာပဲ လုပ်ရမယ့် တာဝန်တွေရှိတယ်။ အစ်မက မောင်လေးကို အဲ့တာဝန်တွေအကုန်လုံး ပေးလိုက်ရင် မောင်လေးအနေနဲ့ တစ်လအတွင်း တိုက်ပွဲအမှတ်ထောင်ကျော် ရဖို့ ဘာပြဿနာမှ ရှိတော့မှာ မဟုတ်ဘူး...”
“တစ်လလား”
အထက်ဘုံ၏ တစ်လက အနိမ့်ဘုံတွင် နှစ်နှင့်ချီ၍ ကြာမည်ဖြစ်သည်။ သို့သော် ထိုတစ်လအတွင်းမှာမှ တိုက်ပွဲအမှတ်ထောင်ကျော်သာ ရမည်လော။ ကျန်းရီသည် ထိုတာဝန်အသေးအမွှားလေးများကို မယူနိုင်သလို ထိုမိန်းမပျက်ထံတွင်လည်း အသုံးတော်မခံနိုင်ပေ။ ထို့ကြောင့် သူသည် ခပ်ရေးရေး ပြုံး၍ အစ်မမေ့ဘေးမှ ခွာကာ တံခါးဆီသို့ ဆက်လျှောက်သွားလိုက်သည်။ တံခါးဆီရောက်မှ သူ နောက်လှည့်ကြည့်ကာ ပြောလိုက်သည်။
“အစ်မမေ့... ဘာလို့ ယောက်ျားတွေက ဒီလောကကြီးကို အုပ်စိုးနိုင်တာလဲဆိုရင် ယောက်ျားအများစုက စိတ်ဓာတ်ခိုင်မာလို့ပဲ။ သူတို့က အညံ့ခံမဲ့အစား အသေသာခံကြလိမ့်မယ်”
“စိတ်ဓာတ်ခိုင်မာတာလား...”
အစ်မမေ့သည် ဝေး၍သွားသော ကျန်းရီ၏နောက်ကျောပြင်ကို ကြည့်၍ အေးစက်စက်ပြုံးကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“စိတ်ဓာတ်ခိုင်မာတာက နတ်ဘုရားအမြစ်ဘယ်လောက်တန်လဲ။ ကျန်းရီ... ငါ လောမေ့က လိုချင်တဲ့အရာကို ရအောင်ယူတတ်သည်။ တစ်နေ့ကျရင် မင်းက ငါ့အရှေ့မှာ ဒူးထောက်ပြီး ခွေးတစ်ကောင်လို တောင်းဆိုစေရမယ်..ဟားဟားဟား...”
“လောမေ့...”
အစ်မမေ့ ရေရွတ်ပြီးသည့်အချိန်တွင် တာဝန်ရုံးထဲ၌ ခက်ထန်အေးစက်သော အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံက အလွန်ထူးဆန်းသည်။ အပြင်မှ အစောင့်များနှင့် ဟဲဝေတို့က ထိုအသံကို မကြားရဘဲ အစ်မမေ့တစ်ယောက်သာ ကြားနိုင်ပေသည်။
“တပ်မှူးလျှို...”
အစ်မမေ့၏ မျက်ဝန်းများထဲမှ တဏှာအရိပ်အယောင်များ ပျောက်သွား၏။ ထို့နောက် သူမ တရိုတသေ လက်ဆုပ်လိုက်သည်။ ပုံမှန်ဆိုလျှင် ပြုံးကာနေတတ်သော အဘိုးအိုက ဒေါသထွက်လာလျှင် မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သူမ ကောင်းစွာ သိပေသည်။
“ဒီတာဝန်ကို လောချင်းယန်က ပေးခဲ့တာလား”
တပ်မှူးလျှို၏ အသံထဲတွင် သတ်ဖြတ်အရှိန်အဝါ ပါနေသည်။
“မင်းက အဲ့တာဝန်ကို လက်ခံခဲ့ပေမဲ့ အထက်ကို မတင်ပြခဲ့ဘူးပေါ့လေ။ ငါက မြို့အရှင်လောရဲ့ မျက်နှာကို ထောက်ပြီး ဒီတစ်ကြိမ် မင်းကို ခွင့်လွှတ်လိုက်မယ်။ နောက်တစ်ကြိမ် ရှိလာလို့ကတော့ မင်း အထုတ်ပြင်ပြီး တိရှစံအိမ်ရဲ့ လောမျိုးနွယ်ဆီ ပြန်ပေတော့။ မိစ္ဆာသတ်ဖြတ်စံအိမ်က ဘုံကျောင်းအသေးလေးပါ... ငါတို့က မင်းလိုနတ်ဘုရားကြီးကို လက်ခံမထားနိုင်ဘူး”
“တပ်မှူးလျှို ဒေါသမထွက်ပါနဲ့”
အစ်မမေ့သည့် အလွန်လေးနက်သော မျက်နှာထားဖြင့် လက်ဆုပ်ကာ ပြောလိုက်သည်။
“တကယ်တော့... ကျွန်မက မိစ္ဆာသတ်ဖြတ်စံအိမ်ရဲ့ ကောင်းကျိုးအတွက် လုပ်ခဲ့တာပါ။ စစ်နတ်ဘုရားစံအိမ်က အရမ်းအင်အားကြီးနေပါတယ်။ မိစ္ဆာသတ်ဖြတ်စံအိမ်နဲ့ တိရှစံအိမ်ကသာ မဟာမိတ်မဖွဲ့ထားရင် ကျွန်မတို့က နတ်သိမ်းငှက်မြို့ထဲမှာရှိတဲ့ အရာအားလုံးကို လော့ဖူကို ပေးလိုက်ရမှာပါ။ ကျွန်မတို့ မဟာမိတ်ဖွဲ့ထားမှ စစ်နတ်ဘုရားစံအိမ်ကို ယှဉ်နိုင်မှာပါ”
“ဟွန်း...”
တပ်မှူးလျှိုက ရုတ်တရက် နှာမှုတ်လိုက်သည်။ ထိုနှာမှုတ်သံက အစ်မမေ့၏ ခေါင်းထဲတွင် ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။ အစ်မမေ့တစ်ယောက် နာကျင်တကြီး အော်ဟစ်ကာ ပျော့ခွေသွားသည်။ သူမသည် ကြမ်းပြင်ပေါ်တွင် ချက်ချင်း ထိုင်ချလိုက်ရသည်။ သူမ၏ မျက်နှာကလည်း သွေးမရှိတော့ဘဲ ဖြူဆွတ်နေသည်။ တပ်မှူးလျှိုက သူ၏ စွမ်းအားကြီး စိတ်ဝိညာဉ်တိုက်ခိုက်မှုကို အသုံးပြုလိုက်ခြင်းပင်။ ထို့နောက် သူ၏ အသံက ထပ်မံထွက်ပေါ်လာသည်။
“အဲ့ကိစ္စက စံအိမ်အရှင်ရဲ့ကိစ္စပဲ.. မင်းနဲ့ ဘာမှမဆိုင်ဘူး။ နောက်တစ်ခါ ငါတို့မသိဘဲနဲ့ ကိုယ့်သဘောနဲကိုယ် လုပ်ဆောင်မယ်ဆိုရင် ငါ့ကို မြို့အရှင်လောရဲ့ မျက်နှာကို မထောက်ဘူးလို့ အပြစ်မတင်နဲ့”
အစ်မမေ့တစ်ယောက် အံကြိတ်ကာ ထရပ်လိုက်၏။ သူမသည် အပိုစကားများ ထပ်မပြောဝံ့တော့ဘဲ ဦးညွှတ်ကာ ကတိခံလိုက်ရလေတော့သည်။
“ကျွန်မမှားမှန်းသိပါပြီ။ နောက်တစ်ခါ ဒီလို မဖြစ်စေရပါဘူး”
***