← Chapters

မဟာနတ်ဘုရားအတတ်

Vol. 95 Ch. 1315

မဟာနတ်ဘုရားအတတ်

Vol. 95 Ch. 1315

‘အခု ငါ ဘာဆက်လုပ်သင့်လဲ’

ကျန်းရီသည် သူ့အိမ်သို့ ပြန်ရောက်သောအခါ အခန်းထဲတွင် ထိုင်ရင်း မည်သို့ဆက်လုပ်ရမည်ကို တွေးတောနေသည်။ သူ လမ်းပျောက်နေပေပြီ။ ယခုသည် သူ အလွန်ကူကယ်ရာမဲ့ကာ လမ်းပျောက်နေသည်ဟု ခံစားရသော ပထမဆုံးအကြိမ်ပင်။

ကောင်းကင်ကြယ်တာရာနယ်နမိတ်မှ လူအားလုံးသည် သူတို့ကို တမလွန်ဘုံ၏ လက်မှ ကယ်တင်ရန် ကျန်းရီပြန်ရောက်လာမည့်အချိန်ကို စောင့်မျှော်နေကြသည်။ အနိမ့်ဘုံအချိန် ဆယ်နှစ်ပြည့်သည်နှင့် တမလွယ်ဘုံက ကောင်းကင်ကြယ်တာရာနယ်နမိတ်တစ်ခုလုံးကို ဖျက်ဆီးပစ်တော့မည်ဖြစ်သည်။ လက်ရှိတွင် ဆန်းကြယ်ဧကရာဇ်က သူတော်စင်တစ်သောင်းနယ်နမိတ်တွင် ရှိနေပြီး ရီဖျောင်ဖျောင်က နတ်ဘုရားတောင်တစ်လုံးအောက်တွင် ချုပ်နှောင်ခံထားရသည်။ ကျန်းရှောင်နူကလည်း အခြားမြို့တစ်မြို့တွင် ရှိနေကာ ကျန်းရီ မသိနိုင်သော အခက်အခဲများကို ရင်ဆိုင်နေရသည်။ သို့သော် ကျန်းရီကမူ နတ်သိမ်းငှက်မျိုးနွယ်စုလေးထဲတွင် ပိတ်မိနေပြီး မည်သို့မှ မလုပ်နိုင် ဖြစ်နေသည်။ ယခုတွင် သူသည် ဤမျိုးနွယ်စုထဲမှ ခြေတစ်လှမ်းပင် ထွက်၍မရတော့ပေ။

ဝုန်း...

ကျန်းရီသည် နံရံကို လက်သီးဖြင့် ပြင်းထန်စွာ ထိုးလိုက်သည်။ လက်သီးအားကြောင့် အခန်း၏အကာအရံက လင်းလက်သွား၏။ ကျန်းရီသည်လည်း လက်နာသွားသည်။ ထို့နောက် သူသည် မျက်လုံးမှိတ်၍ အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်သည်။ ပြီးမှ ကုတင်ပေါ်တွင် လှဲချလိုက်ကာ မည်သည့်အရာကိုမှ မတွေးတော့ဘဲ အိပ်စက်လိုက်လေသည်။

ကျန်းရီ၏ပခုံးထက်တွင် လေးလံသော ဖိအားကြီးတစ်ခု ရှိနေသည်။ ထို့ကြောင့် သူသည် ကိုယ်ရောစိတ်ပါ အလွန်ပင်ပန်းနေသည်။

ဆယ့်ငါးနာရီကျော် ဆယ့်‌ခြောက်နာရီလောက် အိပ်စက်ပြီးနောက်တွင် ကျန်းရီ တလူးလူးတလွန့်လွန့်ဖြင့် နိုးလာသည်။ အိပ်ရေးဝဝ အိပ်လိုက်ရ၍ ကျန်းရီ၏ စိတ်က ပြန်ကြည်လင်လာသည်။ သူက အကောင်းမြင်စိတ်ရှိသူတစ်ယောက် ဖြစ်၍ သူ့ကိုယ်သူ အားပေးနိုင်သည်။ သူသည် များစွာတွေးတောမနေတော့ဘဲ တင်ပျဉ်ခွေထထိုင်ကာ မီးတောက်များကို ပေါင်းစည်းရင်း ကောင်းကင်စွမ်းအားကို ကျင့်ကြံလိုက်သည်။

အင်အား...

နောက်ဆုံးတွင် ကျန်းရီသည် အထက်ဘုံ၌ဖြစ်စေ၊ အနိမ့်ဘုံ၌ဖြစ်စေ အင်အားကသာ အရာအားလုံး၏ အခရာဖြစ်ကြောင်းကို နားလည်သွားသည်။ အင်အားမရှိလျှင် ရှေ့ဆက်နိုင်ရန် ခက်ခဲပြီး အမြဲတမ်း အန္တရာယ်များနှင့် ရင်ဆိုင်နေရမည်ဖြစ်သည်။ လက်ရှိ သူ့တွင်ရှိသော ပေါင်းစည်းမီးတောက်အရေအတွက်က နည်းနေသေးသည်။ ပေါင်းစည်းမီးတောက်များက မီးတောက်နတ်ဘုရားဒိုင်း ဖန်တီးနိုင်ရန်ပင် မလုံလောက်သေးပေ။ ထို့ပြင် သူ၏ ကောင်းကင်စွမ်းအားကလည်း မလုံလောက်ချေ။ ကျန်းရီသည် အချိန်တစ်ခုအထိ နတ်သိမ်းငှက်မျိုးနွယ်စုထဲမှ မထွက်နိုင်‌သေးသဖြင့် အခြားအရာများကို မတွေးသေးဘဲ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ထားရပေမည်။

ရွှီး...

အတော်ကြာ ကျင့်ကြံပြီးနောက် ကျန်းရီသည် တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားသည်။ သူ၏ လက်စွပ်က လင်းလက်လာပြီး ငွေရောင်စစ်ချပ်ဝတ်နှင့် အခြားလက်စွပ်တစ်ကွင်း ထွက်လာသည်။ ထိုအရာများက လော့ဟွမ်ထံမှရခဲ့သော အရာများဖြစ်သည်။ ထိုနတ်ဘုရားချပ်ဝတ်က ပေါင်းစည်းမီးတောက်များကို ခုခံနိုင်သဖြင့် ထိပ်တန်းအဆင့် မဟုတ်လျှင်ပင် အနိမ့်ဆုံး အလယ်အလတ်အဆင့်တော့ ရှိပေလိမ့်မည်။ ထို့ကြောင့် ကျန်းရီသည် ၎င်းကို သန့်စင်၍ အသုံးပြုလိုနေပေသည်။

ရွှီး...ရွှီး...

သို့‌သော် ကျန်းရီသည် နတ်ဘုရားချပ်ဝတ်ကို သန့်စင်ရန် အလျင်မလိုပေ။ သူက ကောင်းကင်စွမ်းအားကို အသုံးပြု၍ လော့ဟွမ်၏လက်စွပ်ကို သန့်စင်လိုက်သည်။ လက်စွပ်ထဲတွင် မည်သည့်ပစ္စည်းကောင်းများ ရှိနေကြောင်း သူ သိလိုပေသည်။ လော့ဟွမ်က သေဆုံးသွားခဲ့ပြီဖြစ်၍ သူ၏လက်စွပ်ပေါ်တွင် စိတ်ဝိညာဉ်အမှတ်အသား မရှိ‌တော့ပေ။ မဟုတ်လျှင် လက်စွပ်က လော့ဟွမ်၏ကိုယ်မှ ခွာလာခဲ့မည် မဟုတ်ချေ။ ထို့ကြောင့် ကျန်းရီသည် လက်စွပ်ကို အလွယ်တကူ သန့်စင်နိုင်လိုက်ပြီး အထဲရှိ ပစ္စည်းများကို ကြည့်နိုင်လိုက်သည်။ သို့သော် သူ အလွန်စိတ်ပျက်သွားရသည်။

လက်စွပ်ထဲတွင် ပစ္စည်းများစွာ မရှိပေ။ သို့သော် နတ်ဘုရားအမြစ်တစ်ထောင်တော့ ရှိသည်။ လော့ဟွမ်က လောင်းကစားရှုံးခဲ့သဖြင့် ထိုမျှသာ ကျန်တော့ခြင်းဖြစ်နိုင်သည်။ မဟုတ်လျှင် လော့ဟွမ်သည် လောင်းကစားရုံမှ စောစောထွက်လာခဲ့မည် မဟုတ်ချေ။

လက်စွပ်ထဲ၌ လှပသော လက်နက်အချို့နှင့် ချပ်ဝတ်အချို့လည်း ရှိသည်။ သို့သော် ၎င်းတို့က အဆင့်နိမ့်အသုံးအဆောင်များသာဖြစ်ကြသည်။ အမြင်လှသော်လည်း အသုံးမဝင်ပေ။ လော့ဟွမ်သည် သူ့တိုက်ခိုက်စွမ်းအားက အားနည်းကြောင်းကို သိသဖြင့် ပစ္စည်းကောင်းများကို မဝယ်ထားခြင်း ဖြစ်နိုင်သည်။ အားနည်းသူတစ်ယောက်၏ လက်ထဲတွင် ပစ္စည်းကောင်းများက ထူး၍အသုံးမဝင်ပေ။ လက်စွပ်ထဲတွင် စားကောင်းသောက်ဖွယ်အချို့နှင့် သေရည်အိုးများလည်း ရှိသည်။ ထို့ပြင် ရာချီသော အကောင်းစား အဝတ်အထည်များလည်း ရှိသေးသည်။

‘အဲ့ဒါက ဘာလဲ’

ကျန်းရီသည် လက်စွပ်ထဲ၌ အဝါရောင်သမ်းစပြုနေပြီဖြစ်သော စာအုပ်တစ်အုပ်ကို တွေ့လိုက်ရ၍ စိတ်လှုပ်ရှားသွား၏။ သူသည် ၎င်းစာအုပ်ကို လျင်မြန်စွာ ထုတ်ယူလိုက်သည်။ ထိုစာအုပ်ကို လက်ထဲတွင် ကိုင်လိုက်ရသောအခါ ၎င်းက သာမန်မဟုတ်ကြောင်း ခံစားလိုက်ရ၏။ စာအုပ်ကို သားရဲတစ်မျိုးမျိုး၏ သားရေဖြင့် ချုပ်လုပ်ထားခြင်းပင်။ စာအုပ်သည် အလွန်ရှေးကျပုံလည်း ပေါ်သည်။

‘ဒါက ဘာစာအုပ်လဲ’

ကျန်းရီသည် စာမျက်နှာအနည်းငယ် လှန်လှောကြည့်လိုက်၏။ သို့သော် စာအုပ်ထဲတွင် ရေးထားသော စာများကို သူ နားမလည်နိုင်ပေ။ စာအုပ်က စာမျက်နှာ ဆယ်မျက်နှာသာ ပါသော်လည်း စာမျက်နှာတိုင်းတွင် စာလုံးလေးများ ပြွတ်သိပ်ကာ ပါလေသည်။ ထိုစာလုံးများက ကွေးကွေးစောင်းစောင်းနှင့် ဖြစ်သည်။ ကျန်းရီသည် ထိုစာလုံးများကို ယခင်က မမြင်ခဲ့ဖူးပေ။ ထို့ကြောင့် သူသည် စာအုပ်ကို ငူငူငိုင်ငိုင်ဖြင့်သာ ငေးကြည့်နေနိုင်လေသည်။

‘အရင်ဆုံး နတ်ဘုရားချပ်ဝတ်ကို သန့်စင်တာပေါ့။ နောက်တော့မှ အခွင့်အရေးရှိရင် မိစ္ဆာသတ်ဖြတ်စံအိမ်ကို သွားပြီး ဒီစာအုပ်အကြောင်းကို စုံစမ်းရမယ်’

ကျန်းရီသည် စာအုပ်ကို ခေတ္တမျှ လှန်လှောပြီးနောက် လက်စွပ်ထဲ ပြန်ထည့်လိုက်သည်။ ထို့နောက် သူသည် နတ်ဘုရားချပ်ဝတ်ကို စတင် သန့်စင်လိုက်သည်။ ထိုနတ်ဘုရားချပ်ဝတ်နှင့်ဆိုလျှင် ကျန်းရီ၏ ခုခံစွမ်းအားက များစွာတိုးတက်သွားပေလိမ့်မည်။ သူ့တွင် ပေါင်းစည်းမီးတောက်များ ထပ်ရှိလာသောအခါကျလျှင်လည်း မီးတောက်နတ်ဘုရားဒိုင်းကို ဖန်တီးနိုင်ဦးမည်ဖြစ်သည်။ ထိုအခါ သူ၏ခုခံစွမ်းအားက ပို၍ပင် တိုးတက်သွားပေမည်။

***

အနက်ရောင်နတ်ဘုရားက တစ်ချိန်လုံး အခန်းအောင်း ကျင့်ကြံနေခဲ့သည်။ ဟဲဝေသည် ကျန်းရီကို တစ်ကြိမ် လာရှာခဲ့သည်။ ကျန်းရီက အခန်းအောင်း ကျင့်ကြံနေကြောင်း သိလိုက်ရသောအခါ သူ့ဘာသာ တာဝန်တစ်ခု ယူရန် ထွက်သွားသည်။ သူသည်လည်း သူ့အဖေတပ်မှူးဟဲ၏ နတ်မြေခွေးမြို့သို့ လိုက်သွားလိုလျှင် မိစ္ဆာသတ်ဖြတ်စစ်သူကြီးအဆင့်၌ ရှိနေရမည်ဖြစ်သည်။

တပ်မှူးဟဲက ပြန်သွားခဲ့ပြီဖြစ်သည်။ သူက နတ်မြေခွေးမြို့ရှိ မိစ္ဆာသတ်ဖြတ်စံအိမ်၏ စံအိမ်အရှင်လက်အောက်မှ အရေးပါသော တပ်မှူးတစ်ယောက် ဖြစ်သဖြင့် အဝေးသို့ ကြာရှည်သွားနေ၍ မရပေ။ သူ့တွင် လုပ်ဆောင်ရမည့် တာဝန်များစွာ ရှိပေသည်။ သူသည် သူ့သားအတွက် နတ်သိမ်းငှက်မျိုးနွယ်စုသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။ တပ်မှူးလျှိုက ဟဲဝေကို ဂရုစိုက်မည်ဖြစ်ကြောင်း ကတိပေးလိုက်ပြီဖြစ်၍ သူ့တွင် နတ်သိမ်းငှက်မျိုးနွယ်စု၌ ဆက်နေစရာအကြောင်း မရှိတော့ချေ။

တပ်မှူးလျှို၏ ကြည့်ရှုစောင့်ရှောက်မှုနှင့်ဆိုလျှင် ဟဲဝေ လက်ခံရမည့် တာဝန်များက လွယ်ကူလောက်ပေသည်။ တာဝန်ရုံးသည် ဟဲဝေကို မိစ္ဆာသတ်ဖြတ်တပ်သားများနှင့်အတူ တိုက်ပွဲများသို့ လိုက်ခိုင်းပြီး အတွေ့အကြုံနှင့် တိုက်ပွဲအမှတ်စုဆောင်းစေပေလိမ့်မည်။ ထို့ပြင် ဟဲဝေအား တိုက်ပွဲအမှတ်များ အလကားလိုလိုရမည့် တာဝန်အချို့ကိုလည်း ပေးအပ်မည်ဖြစ်သည်။

ကျန်းရီသည် တစ်ရက်လုံး ကြိုးစားပြီးနောက် နတ်ဘုရားချပ်ဝတ်ကို သန့်စင်နိုင်သွားသည်။ သူ့နဝမမြောက် ကြယ်စက်လုံးထဲရှိ ပေါင်းစည်းမီးတောက် အရေအတွက်ကလည်း တဖြည်းဖြည်း တိုးလာနေသည်။ ယခုတွင် သူ အလိုရှိလျှင် မီးတောက်နတ်ဘုရားဒိုင်းတစ်ခုကို ဖန်တီးနိုင်ပြီဖြစ်သည်။ သို့သော် ထိုဒိုင်းက မည်မျှစွမ်းအားကြီးမည်ကိုတော့ မသိနိုင်ပေ။ မည်သို့ပင်ဖြစ်စေ ထိုနတ်ဘုရားချပ်ဝတ်နှင့် ပေါင်းစည်းမီးတောက်များ ရှိနေလျှင် ကျန်းရီသည် သာမန်နတ်ဘုရားအဆင့် သိုင်းသမားများကို အလွယ်တကူ ယှဉ်နိုင်မည် ဖြစ်သည်။

အထက်ဘုံ၏ တစ်ရက်က အနိမ့်ဘုံ၏ ရက်တစ်ရာနှင့် ညီမျှသည်။ လော့ဟွမ်ကိစ္စကလည်း တဖြည်းဖြည်း ငြိမ်သက်လာပြီဖြစ်သည်။ စစ်နတ်ဘုရားစံအိမ်၏ လော့မျိုးနွယ်က မည်သို့မှ မလုပ်ဆောင်ခဲ့ချေ။ နတ်သိမ်းငှက်မြို့နှင့် နတ်သိမ်းငှက်မျိုးနွယ်စုတို့ကလည်း အလွန်အေးချမ်းနေခဲ့သည်။ ကျန်းရီကို အာရုံစိုက်နေသေးသူဆို၍ သူ့အသက်အပေါ် လောင်းကြေးထပ်ထားသူများသာ ရှိလောက်တော့ပေသည်။

ကျန်းရီသည် မည်သည့်တာဝန်ကိုမှ မယူနိုင်သေးသဖြင့် အလွန်စိတ်ပျက်နေသည်။ သူက အစ်မမေ့ထံတွင် အညံ့ခံရန် ငြင်းခဲ့သဖြင့် ယခု တာဝန်များ သွားယူလျှင်လည်း နတ်သိမ်းငှက်မျိုးနွယ်စု အပြင်သို့ ထွက်ကာ ထမ်း‌ဆောင်ရမည့် တာဝန်များကိုသာ ရလောက်ပေသည်။

ကျန်းရီသည် မျိုးနွယ်စုထဲမှ ထွက်လိုနေသည်။ သို့သော် ပြဿနာမှာ မည်သူကမှ သူနှင့်အတူ တာဝန်များကို ပူးတွဲမယူလိုကြခြင်းပင်။ မည်သူကမှ မသေလိုကြပေ။ ကျန်းရီနှင့်အတူ မျိုးနွယ်စုအပြင်သို့ ထွက်မည်ဆိုပါက သေနိုင်ခြေ အလွန်များပေသည်။ သို့ဆိုလျှင် တာဝန်ကို တစ်ကိုယ်တော် ယူရမည်လော။ ယင်းမှာ ကိုယ့်သေတွင်းကိုယ်တူးသကဲ့သို့ပင်။ တာဝန်အချို့ကိုသာ တစ်ကိုယ်တော် ထမ်းဆောင်နိုင်သည်။ သို့သော် တစ်ကိုယ်‌တော် ထမ်းဆောင်နိုင်သည့် တာဝန်များကလည်း အဝေးနေရာများတွင် ထမ်းဆောင်ရမည့် တာဝန်များဖြစ်သည်။

ထို့ပြင် လူဆယ်ယောက်နှင့်အောက် ထမ်းဆောင်ရမည့် တာဝန်များအတွက် တာဝန်ရုံးက နတ်ဘုရားလှေထုတ်မပေးပေ။ ကျန်းရီက လမ်းလျှောက်သွားပြီဆိုလျှင် တာဝန်ထမ်းဆောင်ရမည့် နေရာသို့ ရောက်ရန်ပင် ရက်အနည်းငယ် သွားရပေလိမ့်မည်။ အကယ်၍ နေရာက အလွန်ဝေးလျှင် သူ ပြန်ပင် ပြန်လာနိုင်တော့လောက်မည် မဟုတ်ချေ။

ကျန်းရီသည် တာဝန်ကောင်းတစ်ခု ရလိုရငြား တာဝန်ရုံးသို့ သွားကြည့်ခဲ့သည်။ သို့သော် တာဝန်ရုံးတွင် အစ်မမေ့ တာဝန်ကျနေသည့် အချိန်နှင့်တိုး၍ စိတ်ပျက်စွာသာ လှည့်ပြန်ခဲ့ရသည်။ သို့သော် သူသည် သူ့အိမ်သို့ မပြန်ဘဲ ဆန်းကြယ်စွမ်းရည်ခန်းမသို့ သွားလိုက်သည်။ ယခု သူ့တွင် တိုက်ပွဲအမှတ်နှစ်ထောင်ကျော် ရှိနေပြီဖြစ်သည်။ သို့သော် ထိုတိုက်ပွဲအမှတ်များက တစ်သောင်းမပြည့်မချင်း များစွာ အသုံးမဝင်သဖြင့် ၎င်းတို့ကို သိမ်းထားမည့်အစား သူ့အင်အားကို တိုးမြှင့်ပေးနိုင်သည့် စွမ်းရည်မျိုးရှိလျှင် ထိုစွမ်းရည်ကို တိုက်ပွဲအမှတ်နှင့် လဲလှယ်ရန် သူ ဆုံးဖြတ်ထားသည်။

ဆန်းကြယ်စွမ်းရည်ခန်းမထဲတွင် အကြိမ်အနည်းငယ် လှည့်ပတ်လျှောက်ပြီးနောက် ကျန်းရီသည် တိုက်ပွဲအမှတ်နှစ်ထောင်ကျော်မျှဖြင့် အသုံးဝင်မည့် ဆန်းကြယ်စွမ်းရည်များနှင့် လျှို့ဝှက်အတတ်များကို မရနိုင်ကြောင်း သိလိုက်ရသည်။ ထိုတိုက်ပွဲအမှတ်လောက်နှင့် အဆင့်မြင့် ဆန်းကြယ်စွမ်းရည်များကို မလဲလှယ်နိုင်ပေ။ အဆင့်နိမ့် ဆန်းကြယ်စွမ်းရည်များကလည်း ကျန်းရီအတွက် အသုံးမဝင်ချေ။ ကျန်းရီသည် ခေတ္တမျှ တွေးတော၍ လော့ဟွမ်ထံမှ ရခဲ့သော စာအုပ်ကို လက်စွပ်ထဲမှ ထုတ်လိုက်သည်။ ထို့နောက် စက္ကူတစ်ရွက် ထုတ်၍ ထိုစာအုပ်ထဲမှ စာလုံးအနည်းငယ်ကို စက္ကူထဲတွင် ကူးရေးလိုက်သည်။ ထို့နောက် သူသည် ထိုစာလုံးများကို ဘာသာပြန်နိုင်မည့် အဘိဓာန်ကို ရှာရန် စာကြည့်တိုက်သို့ ခပ်သွက်သွက် သွားလိုက်လေသည်။

စာကြည့်တိုက်ထဲတွင် စာအုပ်များကို အခမဲ့ဖတ်ရှုနိုင်သည်။ သို့သော် စွမ်းအားကသာ အခရာဖြစ်သော ဤလောကထဲတွင် စာပေပညာကို လေ့လာသူ အနည်းငယ်သာ ရှိပေသည်။ ဂုဏ်သိက္ခာကြီးသည့် မိသားစုကြီးများမှ သခင်လေးများနှင့် သခင်မလေးများကသာ အားလပ်ချိန်တွင် စာဖတ်ခြင်းမျိုး၊ ကဗျာစပ်ခြင်းမျိုး လုပ်ကြသည်။ ထို့ကြောင့် စာကြည့်တိုက်က ခြောက်ကပ်နေသည်။ စာကြည့်တိုက်ထဲတွင် အဘိုးအိုတစ်ယောက်က ထိုင်၍ငိုက်နေသည်။ ကျန်းရီ ဝင်လာသောအခါ အဘိုးအိုက တစ်ချက် မျက်လုံးဖွင့်ကြည့်သည်။ ထို့နောက် ဆက်၍ ငိုက်မြဲငိုက်နေလေသည်။

စာကြည့်တိုက်ထဲတွင် စာအုပ်များစွာ ရှိသည်။ စာအုပ်အရေအတွက်က သိန်းချီလောက်သည်။ ထို့ပြင် စာအုပ်များကိုလည်း စနစ်တကျ စီထားသည်။ ကျန်းရီသည် သူအလိုရှိသည်ကို စတင်ရှာဖွေလိုက်၏။ မကြာခင်မှာပင် စာပေအမျိုးမျိုးအကြောင်း မှတ်တမ်းတင်ထားသော စာအုပ်များကို ရှာတွေ့သွားသည်။ ထိုစာအုပ်များထဲတွင် ဆက်ရှာရာ ဆယ့်ခြောက်နာရီကြာပြီးနောက် သူသိလိုသော စာလုံးများကို တွေ့သွားလေသည်။

အထက်ဘုံဟု ရည်ညွှန်းခံရသော ဘုံများစွာ ရှိသည်။ ထိုဘုံများတွင် ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် စာပေရှိကြသော ထူးခြားသည့် မျိုးနွယ်များစွာ ရှိသည်။ ကျန်းရီ ကိုင်ထားသည့် ကျမ်းစာအုပ်ကြီးထဲတွင် သန်းချီသည့် ထူးခြားသော စာပေအမျိုးအစားများကို မှတ်တမ်းတင်ထားပေသည်။

ကျန်းရီသည် လော့ဟွမ်၏ စာအုပ်ထဲမှ စာလုံးများက မည်သည့်စာပေမှဖြစ်ကြောင်း သိရှိသွားပြီဖြစ်သည်။ ထိုစာပေက ကောင်းကင်ဘုံ၏ ကမ္ဘာဦးခေတ်တွင် အသုံးပြုခဲ့သော စာပေဖြစ်သည်။ ကမ္ဘာဦးခေတ်က မည်မျှရှေးကျသောခေတ် ဖြစ်ကြောင်းကိုမူ ကျန်းရီ မသိပေ။ သူသည် လော့ဟွမ်၏ စာအုပ်ထဲမှ ပထမဆုံးစာလုံး တစ်ရာကျော်ကို ကျမ်းစာအုပ်ထဲမှ အဘိဓာန်နှင့် တိုက်ကြည့်ကာ အဓိပ္ပာယ်ဖော်လိုက်သည်။ အဓိပ္ပာယ်ဖော်ကြည့်ပြီးနောက် သူ အလွန်စိတ်ပျက်သွားရလေသည်။

“မဟာနတ်ဘုရားအတတ်က မဟာနတ်ဘုရားမျိုးနွယ်၏ ဆန်းကြယ်စွမ်းရည်ဖြစ်သည်။ အခြားမျိုးနွယ်များက ထိုဆန်းကြယ်စွမ်းရည်ကို မကျင့်ကြံနိုင်ပေ။ လခွမ်းပဲကွာ... ဒီသုံးစားမရတဲ့ဟာအတွက် ငါက ဆယ့်ခြောက်နာရီလောက် သုံးလိုက်ရတာလား”

ကျန်းရီသည် စိတ်ပျက်စွာဖြင့် စာအုပ်ကို လက်စွပ်ထဲ ပြန်ထည့်လိုက်သည်။ ထိုမဟာနတ်ဘုရားအတတ်က ထူးခြားသော မျိုးနွယ်တစ်ခု၏ ကျင့်စဉ်ဖြစ်သည်။ ထိုမျိုးနွယ်မှ မဟုတ်သူများက ၎င်းအတတ်ကို မကျင့်ကြံနိုင်ကြပေ။ ထိုကဲ့သို့ စွမ်းအားကြီး ဆန်းကြယ်အတတ်မျိုးက လော့ဟွမ်ကဲ့သို့သော လူဖျင်းတစ်ယောက်၏ လက်ထဲ ရောက်နေသည်မှာ အံ့ဩစရာ မရှိတော့ပေ။ ၎င်းက သုံးစားမရသောအရာသာဖြစ်သည်။ မဟုတ်လျှင် ထိုသို့သော အတတ်မျိုးက လော့ဟွမ်၏လက်ထဲတွင် ရှိနေမည် မဟုတ်ချေ။

***

All Chapters