လိမ်လည်လှည့်ဖြားခြင်း
Vol. 95 Ch. 1316
ကျန်းရီသည် မှင်တက်စွာဖြင့် အတန်ကြာ ရပ်နေပြီးနောက် ရုတ်တရက် အတွေးတစ်ခု ရလိုက်၏။ သူသည် စာအုပ်ကို ပြန်ထုတ်၍ စက္ကူအချို့နှင့် မင်ကို ယူကာ စာအုပ်ကို ဘာသာပြန်လိုက်သည်။ သူက ထိုအတတ်ကို ကျင့်ကြံရန် ကြိုးစားနေခြင်းမဟုတ်ပေ။ အကယ်၍ အရူးတစ်ယောက်ကို တွေ့ခဲ့လျှင် ထိုစာအုပ်ကို နတ်ဘုရားအမြစ်အနည်းငယ်နှင့် ရောင်းနိုင်သည်ဟု တွေးနေခြင်းသာဖြစ်သည်။
ကျန်းရီသည်လည်း မျိုးနွယ်စုတောင်ပိုင်းတွင် ထိုသို့ အလိမ်ခံခဲ့ရသည်။ သူသည် ပစ္စည်းအနည်းငယ်နှင့် နတ်ဘုရားအမြစ်ဆယ့်ငါးခုကို သုံးကာ အသုံးမဝင်သော မီးဓာတ်တာအိုစာအုပ်ကို ဝယ်ယူမိခဲ့သည်။ သူ၏ နဝမမြောက် ကြယ်စက်လုံးကသာ မီးတောက်များကို ရုတ်တရက် မစုပ်ယူခဲ့လျှင် သူ များစွာဆုံးရှုံးနစ်နာသွားခဲ့မည်ဖြစ်သည်။ ဤမဟာနတ်ဘုရားအတတ်က အလွန်စွမ်းအားကြီးသည်ဟု ထင်ရသည်။ အကယ်၍ သူက ထိုအတတ်ကို မဟာနတ်ဘုရားမျိုးနွယ်ကသာ ကျင့်ကြံနိုင်သည်ဆိုသော စာများကို ဖျက်ထားလိုက်မည်ဆိုလျှင် ၎င်းစာအုပ်ကို နတ်ဘုရားအမြစ် အနည်းငယ်နှင့် ရောင်းနိုင်လောက်ပေသည်။
ကျန်းရီသည် စာကြည့်တိုက်ထဲတွင် နောက်ဆယ်နာရီ ထပ်ထိုင်၍ စာအုပ်ကို အစအဆုံး ဘာသာပြန်လိုက်သည်။ ဘာသာပြန်ပြီးသောအခါ သူ စိတ်လှုပ်တရှား ထရပ်လိုက်သည်။ ထို ‘မဟာနတ်ဘုရားအတတ်’က အမှန်ပင် ထူးခြားသော ဆန်းကြယ်စွမ်းရည်တစ်ခု ဖြစ်သည်။ သို့ဖြစ်ရာ ၎င်းကို ဈေးမြင့်မြင့်နှင့် ရောင်းချနိုင်လောက်သည်။
စာပါအကြောင်းအရာများအရ မဟာနတ်ဘုရားအတတ်က အသုံးပြုသူ၏ အင်အားကို မြှင့်တင်ပေးနိုင်သော ထူးခြားသည့် မိုးမြေစွမ်းအားကို ဖန်တီးပေးနိုင်ကြောင်း သိရသည်။ မဟာနတ်ဘုရားအတတ်၏ ပထမအဆင့်က အသုံးပြုသူ၏ အင်အားကို အဆတစ်ရာ တိုးမြှင့်ပေးနိုင်သည်။ ဒုတိယအဆင့်က အဆတစ်ထောင် တိုးမြှင့်ပေးနိုင်ပြီး တတိယအဆင့်ကမူ အဆတစ်သောင်း တိုးမြှင့်ပေးနိုင်သည်။ သို့သော် ထိုမိုးမြေစွမ်းအားက အသုံးပြုသူ၏ အင်အားကို ယာယီသာ တိုးမြှင့်ပေးနိုင်ခြင်းဖြစ်သည်။ တစ်ကြိမ်ထပ်အသုံးပြုတိုင်း အသုံးပြုနိုင်ချိန်က လျော့ကျလာမည်ဖြစ်သည်။ ၎င်းအတတ်ကို အသုံးပြုပြီးနောက်တွင် အသုံးပြုသူ၏ ခန္ဓာကိုယ်က အလွန်အားနည်သွားမည်ဖြစ်ပြီး အသုံးပြုသူသည် အချိန်တိုအတွင်း သိုင်းပညာများကို ထုတ်သုံးနိုင်တော့မည် မဟုတ်ချေ။ ယင်းမှာ မဟာနတ်ဘုရားအတတ်၏ တစ်ခုတည်းသော အားနည်းချက် ဖြစ်ပေသည်။
‘လခွမ်း... တတိယအဆင့်က ငါ့ခန္ဓာကိုယ်ရဲ့ အင်အားကို အဆတစ်သောင်းတောင် တိုးမြှင့်ပေးနိုင်တာလား။ အဲ့ဒါက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်မလဲ’
ကျန်းရီ မှင်တက်သွားသည်။ ထိုမဟာနတ်ဘုရားအတတ်က အတော်လေး စွမ်းအားကြီးသည်။ ကျန်းရီကဲ့သို့ အင်အားကြီးသူတစ်ယောက်၏ အင်အားက အဆတစ်သောင်း ထပ်တိုးသွားမည်ဆိုလျှင် အလယ်အလတ်အဆင့် နတ်ဘုရားချပ်ဝတ်ကို ဝတ်ဆင်ထားသော မိစ္ဆာသတ်ဖြတ်စစ်ဘုရင်တစ်ပါးသည်ပင် သူ့လက်သီးတစ်ချက်ကြောင့် သေသွားနိုင်သည် မဟုတ်လော။
‘ဆိုးတာက ဒီအတတ်ကို တခြားမျိုးနွယ်တွေက မကျင့်ကြံနိုင်တာပဲ။ မဟုတ်ရင် ဒီဆန်းကြယ်စွမ်းရည်က လောကကြီးကို ပြောင်းလဲပစ်နိုင်တယ်’
ကျန်းရီ သက်ပြင်းသဲ့သဲ့ ချလိုက်သည်။ ထို့နောက် သူသည် စူးစမ်းလိုစိတ်ဖြင့် မဟာနတ်ဘုရားမျိုးနွယ်အကြောင်းကို စာကြည့်တိုက်ထဲတွင် ရှာကြည့်လိုက်သည်။ ဤတစ်ကြိမ်တွင် ထိုအကြောင်းကို အလွယ်တကူ ရှာတွေ့ခဲ့သည်။ စာကြည့်တိုက်ထဲ၌ မဟာနတ်ဘုရားမျိုးနွယ်အကြောင်းကို မှတ်တမ်းတင်ထားသော စာအုပ်အနည်းငယ် ရှိပေသည်။
‘ကမ္ဘာဦးခေတ်က အထက်ဘုံရဲ့ ရှေ့အကျဆုံးခေတ်လား။ အဲ့ခေတ်က လွန်ခဲ့တဲ့ အထက်ဘုံအချိန်နှစ်သန်းကျော်တုန်းကလား။ အဲ့ဒါက ဘယ်လောက်တောင် ကြာတာလဲ။ နှစ်တစ်သန်းအတွင်းကို ရှေးဟောင်းခေတ်လို့ခေါ်တယ်။ နှစ်တစ်သောင်းကနေ နှစ်တစ်သိန်းအတွင်းကို ရှေးဦးခေတ်လို့ ခေါ်တယ်...’
ကျန်းရီသည် ခေတ္တမျှ ဖတ်ရှုပြီးနောက် အထက်ဘုံအကြောင်းကို အနည်းငယ်ပို၍ နားလည်လာသည်။ ထို့နောက် ဟွင့်သွမ့်သားရဲများအကြောင်းကို တွေးမိသောအခါ သူ ရင်တုန်သွားသည်။ ဟွင့်သွမ့်သားရဲများကို ရှေးဦး၊ ရှေးဟောင်းနှင့် ကမ္ဘာဦးအဆင့်ဟူ၍ ခွဲထားသည် မဟုတ်လော။ သို့ဆိုလျှင် ကမ္ဘာဦးအဆင့် ဟွင့်သွမ့်သားရဲများက ကမ္ဘာဦးခေတ်တွင် မွေးဖွားလာခြင်းလော။
‘လွန်ခဲ့တဲ့ နှစ်သန်းချီတုန်းက မွေးဖွားလာခဲ့တဲ့ ဟွင့်သွမ့်သားရဲတွေ... အဲ့နှစ်သန်းချီဆိုတာကလည်း အထက်ဘုံအချိန်၊ ကမ္ဘာဦးအဆင့် ဟွင့်သွမ့်သားရဲတွေက ဘယ်လောက်တောင် စွမ်းအားကြီးလိုက်မလဲ’
ကျန်းရီသည် တွေးပင် တွေးမကြည့်ဝံ့ပေ။ သို့သော် မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားအဆင့်သို့ ရောက်ရန် ကမ္ဘာဦးအဆင့် ဟွင့်သွမ့်သားရဲတစ်ကောင်သာ လိုကြောင်း တွေးမိသောအခါ ကျန်းရီ အတန်ငယ် စိတ်အေးသွားသည်။ နတ်သိမ်းငှက်မြို့ရှိ မိစ္ဆာသတ်ဖြတ်စံအိမ်၏ စံအိမ်အရှင်သည်ပင် အထွတ်အထိပ်အဆင့် မိစ္ဆာသတ်ဖြတ်စစ်ဘုရင်သာဖြစ်သည်။ ထို့ကြောင့် မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားများက မည်မျှ စွမ်းအားကြီးကြောင်း သိနိုင်ပေသည်။
ကျန်းရီသည် မဟာနတ်ဘုရားမျိုးနွယ်အကြောင်းကို ဆက်ဖတ်လိုက်သည်။ ထိုမျိုးနွယ်က ကမ္ဘာဦးခေတ်တွင် အလွန်စွမ်းအားကြီးခဲ့ပြီး ဘုံများစွာကို သိမ်းပိုက်ထားနိုင်ခဲ့၍ အထက်ဘုံတစ်ခွင်လုံးက ထိုမျိုးနွယ်ကို ကြောက်ခဲ့ကြသည်။ ထိုမျိုးနွယ်၏ ဩဇာလွှမ်းမိုးမှုက နှစ်တစ်ထောင် ခံခဲ့သည်။
သို့သော် နောက်ဆုံးတွင် မဟာနတ်ဘုရားမျိုးနွယ်သည် အခြားမျိုးနွယ်ရာကျော်၏ ပူးပေါင်းနှိမ်နှင်းမှုကို ခံခဲ့ရပြီး မိသားစုတစ်စုသာ ရှင်ကျန်ခဲ့သည်။ သို့သော် ရှေးဟောင်းခေတ် ရောက်သောအခါတွင် ထိုမိသားစုကလည်း ရှင်းပစ်ခံလိုက်ရသည်။ သို့ဖြင့် မဟာနတ်ဘုရားမျိုးနွယ်က သမိုင်းရေစီးကြောင်းထဲမှ ပျောက်ကွယ်သွားခဲ့သည်။
စာအုပ်များထဲတွင် မဟာနတ်ဘုရားအတတ်၏ အစွမ်းကိုလည်း မှတ်တမ်းတင်ထားသည်။ အတိတ်တွင် မဟာနတ်ဘုရားမျိုးနွယ်၏ ထိပ်တန်းအဆင့် စွမ်းအားကြီး သိုင်းသမားများက ပြိုင်ဘက်ကင်းခဲ့သည်။ သူတို့က မိုးမြေစွမ်းအားကို သုံးလိုက်သည်နှင့် သူတို့ကို ရင်ဆိုင်သူတိုင်း သေခဲ့ကြရသည်။ ထို့ကြောင့် သူတို့၏ ရန်သူများသည် သူတို့ မိုးမြေစွမ်းအားကုန်သွားပြီး အားနည်းလာသောအချိန်ကို စောင့်ပြီးမှ အလုံးအရင်းဖြင့် တိုက်ခိုက်ကာ သူတို့ကို သတ်ဖြတ်ခဲ့ကြသည်။
‘နှစ်သန်းချီ ကြာခဲ့ပြီဆိုတော့ လူတွေက မဟာနတ်ဘုရားမျိုးနွယ်ကို မေ့သွားလောက်ကြပြီမလား။ ဒီအတတ်က အရမ်းအစွမ်းထက်လွန်းတယ်။ ဒါကို ရောင်းလိုက်ရင် ငါ နတ်ဘုရားအမြစ်ထောင်ကျော် ရနိုင်လောက်တယ်’
ကျန်းရီက တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ နတ်ဘုရားအမြစ်များက တိုက်ပွဲအမှတ်များနှင့် အတူတူပင်ဖြစ်သည်။ ၎င်းတို့ကို သုံး၍ လက်နက်များ၊ ချပ်ဝတ်များ၊ ဆန်းကြယ်စွမ်းရည်များနှင့် လျှို့ဝှက်အတတ်များကို ဝယ်ယူနိုင်သည်။ မိုးမြေသဘာဝဆန်းကြယ်စွမ်းရည်များကို လေ့လာရန်အတွက် ဆန်းကြယ်နယ်မြေများထဲ ဝင်ရန်လည်း နတ်ဘုရားအမြစ်များကို အသုံးပြုနိုင်သည်။ လက်ရှိတွင် ကျန်းရီသည် သူ၏အင်အားကို တိုးမြှင့်ရန် လိုအပ်နေသည်။ မဟုတ်လျှင် သူ နတ်သိမ်းငှက်မျိုးနွယ်စုထဲမှ ထွက်နိုင်မည် မဟုတ်ချေ။ ထို့ကြောင့် သူသည် အခြားသူများကို လိမ်လည်လှည့်ဖြားရမည့် နည်းလမ်းကို အသုံးပြုရတော့မည်ဖြစ်သည်။
အတိတ်တွင် ကျန်းရီက လိမ်လည်လှည့်ဖြားခြင်းကို ဆန့်ကျင်ခဲ့သည်။ သို့သော် လက်ရှိတွင် သူ အကြံကုန်နေပြီဖြစ်၍ အခြားရွေးချယ်စရာ မရှိတော့ပေ။
ကျန်းရီသည် သက်ပြင်းချလိုက်ပြီး အစီအစဉ်တစ်ခုကို တွေးတောကာ စာကြည့်တိုက်ထဲတွင် အခြားအရာတစ်ခုကို ဆက်ရှာလိုက်သည်။ တစ်နာရီကြာပြီးနောက် သူလိုအပ်နေသော စာအုပ်ကို တွေ့သည်။ ထိုစာအုပ်မှာ ပစ္စည်းများကို မည်သို့ အတု၊ အစစ်ခွဲရမည်ကို ဖော်ပြထားသော စာအုပ်ဖြစ်သည်။ ထို့ပြင် အတုလုပ်နည်းလမ်းများကိုလည်း ဖော်ပြထားသည်။
နှစ်နာရီကြာ ဖတ်ရှုပြီးနောက် ကျန်းရီသည် စာကြည့်တိုက်ထဲမှ ထွက်ကာ အခြားခန်းမတစ်ခုသို့ သွားလိုက်သည်။ ထိုခန်းမက ပစ္စည်းမျိုးစုံကို ရောင်းချသောနေရာဖြစ်သည်။ စွမ်းအင်ဆေးလုံးများ၊ အားဖြည့်ဆေးလုံးများ၊ အဝတ်အထည်များနှင့် အခြားအရာမျိုးစုံကို ထိုနေရာတွင် ဝယ်ယူရရှိနိုင်သည်။
ကျန်းရီက စာအုပ်အတုတစ်အုပ်နှင့် ဆန်းကြယ်စွမ်းရည်အတုတစ်ခုကို ပြုလုပ်ကာ တစ်စုံတစ်ယောက်ထံမှ နတ်ဘုရားအမြစ်များ လိမ်ယူရန် ကြံစည်နေခြင်းပင်။ သူ နတ်ဘုရားအမြစ် မည်မျှရနိုင်သည်က သူ၏အတုလုပ်စွမ်းရည်အပေါ် မူတည်နေသည်။ ထို ‘မဟာနတ်ဘုရားအတတ်’က အလွန်စွမ်းအားကြီးသော အတတ်တစ်ခု ဖြစ်သည်။ သူ၏ အတုလုပ်စွမ်းရည်က မဆိုးလျှင် သူ ၎င်းကို ဈေးကောင်းကောင်းနှင့် ရောင်းချနိုင်လောက်သည်။ ကံကောင်းလျှင် နတ်ဘုရားအမြစ် သောင်းနှင့်ချီ ရသွားနိုင်သည်။ သို့ဆိုလျှင် သူသည် စွမ်းအားကြီး ဆန်းကြယ်စွမ်းရည်တစ်ခုကို ဝယ်ယူ၍ သူ၏အင်အားကို မြှင့်တင်နိုင်မည်ဖြစ်သည်။
အကယ်၍ တစ်စုံတစ်ယောက်က စာအုပ်က အတုဖြစ်ကြောင်း သိသွားပြီး ကျန်းရီကို လာရှာလျှင် မည်သို့ ဖြစ်မည်နည်း။
ကျန်းရီသည် ထိုအတွက် လုံးဝစိတ်မပူပေ။ မျိုးနွယ်စုတောင်ပိုင်းရှိ အမည်မဲ့ရဲတိုက်ထဲတွင် လူများစွာသည် အတုများကို ရောင်းချနေသည် မဟုတ်ပါလား။ အားလုံးသည် ကိုယ်တိုင်ဆုံးဖြတ်၍ ရောင်းဝယ်ကြခြင်းဖြစ်သည်။ အကယ်၍ အတုများကို ဝယ်မိလျှင်ပင် မည်သူ့ကိုမှ အပြစ်တင်နိုင်မည် မဟုတ်ပေ။ ကျန်းရီကိုယ်တိုင်လည်း ‘မီးဓာတ်တာအို’ကို ဝယ်ခဲ့မိသည်။ ထိုစာအုပ်က သုံးစားမရသော စာအုပ်ဖြစ်သည်။ သို့သော် သူသည် စာအုပ်ရောင်းသူကို ပြဿနာသွားမရှာခဲ့ချေ။
ထို့ပြင် တစ်စုံတစ်ယောက်က ကျန်းရီကို ပြဿနာလာရှာလျှင်လည်း ဘာအရေးနည်း။ မျိုးနွယ်စုထဲတွင် တိုက်ခိုက်ခြင်းကို တားမြစ်ထားသည်။ ထိုတားမြစ်ချက်ကို ဖောက်ဖျက်သူများက တိရှစစ်တပ်၏ သတ်ဖြတ်ခြင်းကို ခံရပေလိမ့်မည်။ ကျန်းရီသည် စစ်နတ်ဘုရားစံအိမ်မှ လော့မျိုးနွယ်ကိုပင် အပြစ်ပြုခဲ့ပြီးပြီဖြစ်၍ ရန်သူအနည်းငယ် ထပ်ရှိလာမည်ကို စိုးရိမ်မနေတော့ပေ။
ကျန်းရီသည် ခန်းမထဲမှ ပစ္စည်းများကို လှည့်ပတ်ကြည့်ရှုပြီးနောက် ရင်နာနာဖြင့် နတ်ဘုရားအမြစ်နှစ်ရာကို သုံးကာ ရှားပါးဟွင့်သွမ့်သားရဲသားရေနှစ်ချပ်ကို ဝယ်ယူလိုက်သည်။ ငွေရှာရန် ငွေကို သုံးရမည်ဖြစ်သည်။ စွမ်းအားကြီးအတတ်တစ်ခု ပါဝင်သော စာအုပ်ကို သာမန်စက္ကူများပေါ်တွင် ရေး၍မဖြစ်ပေ။ ထို့ပြင် စက္ကူများကို အသုံးပြုပါက အချိန်ကြာလာသည်နှင့် စာလုံးများ ဝေဝါးလာကာ စာအုပ်ကလည်း ယိုယွင်းလာမည်ဖြစ်သည်။
ကျန်းရီက တိုလီမိုလီပစ္စည်းလေးများကိုလည်း ဝယ်သေးသည်။ ထို့ကြောင့် သူသည် စုစုပေါင်း နတ်ဘုရားအမြစ်သုံးရာကျော် သုံးခဲ့ရသည်။ ထို့ကြောင့် သူ နှမြောနေမိပေသည်။ အကယ်၍ စာအုပ်အတုက ရောင်းမထွက်လျှင် သူ များစွာဆုံးရှုံးနစ်နာသွားမည်ဖြစ်သည်။
ကျန်းရီသည် သူ့အိမ်သို့ ပြန်ရောက်သောအခါ အကာအရံများကို နှိုး၍ အတုလုပ်ခြင်းကို စတင်လိုက်သည်။ ပထမဆုံး သူသည် ‘မဟာနတ်ဘုရားအတတ်’ဟူသော အမည်ကို ပို၍ရှိန်ဖွယ်ကောင်းသည့် အမည်အဖြစ် ပြောင်းလဲလိုက်သည်။ ယခုတွင် ၎င်းက ‘လေဧကရာဇ်အတတ်’ ဖြစ်သွားပေပြီ။ ထိုအတတ်၏ အစွမ်းမှာ မိုးမြေစွမ်းအားကို လေနတ်ဘုရားမသေမျိုးစွမ်းအားအဖြစ် ပြောင်းလဲနိုင်သည်။ ထိုလေနတ်ဘုရားမသေမျိုးစွမ်းအားက အသုံးပြုသူ၏ ခုခံစွမ်းရည်နှင့် အမြန်နှုန်းကို မြှင့်တင်ပေးနိုင်သည်။
ကျန်းရီသည် အထက်ပါအကြောင်းအရာများမှလွဲ၍ ကျန်စာသားများကို စာလုံးတစ်လုံးပင် မပြောင်းခဲ့ပေ။ ကျင့်စဉ်မှာ အတူတူပင် ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်က ထိုကျင့်စဉ်ကို ကျင့်ကြံရန် ကြိုးစားလျှင် အောင်မြင်မည် မဟုတ်ပေ။ ကျန်းရီသည် ပြင်စရာရှိသည်များကို ပြင်ပြီးနောက် သူ့ဘာသာ ပြန်ဖတ်ကြည့်လိုက်သည်။ သူပင် စာအုပ်ထဲရှိအတတ်က အမှန်ပင် စွမ်းအားကြီးအတတ်တစ်ခုဖြစ်သည်ဟု ယုံကြည်သွားမိသည်။
ကျန်းရီသည် ရေးသားရမည့် စာသားများကို အတည်ပြုပြီးသောအခါ အထူးမင်ရည်နှင့် စုတ်တံကို ယူ၍ ဟွင့်သွမ့်သားရဲသားရေချပ်ပေါ်တွင် ရေးသားလိုက်သည်။ ကျန်းရီက အနုပညာဧကရာဇ်ဖြစ်၍ သူ၏ လက်ရေးလှရေးနည်းမှာ ကောင်းမွန်သည်။ ထို့ကြောင့် စာလုံးများက အလွန်လှပကာ အသက်ဝင်ပေသည်။ ထို့ပြင် သူသည် ၎င်းစာလုံးများအတွင်းသို့ တာအိုပုံသဏ္ဌာန်အရှိန်အဝါတစ်ခုကို တမင် ထည့်သွင်းလိုက်သေးသည်။ တစ်စုံတစ်ယောက်က ထိုစာသားများကို ဖတ်ကြည့်မည်ဆိုလျှင် နက်ရှိုင်းမှုတစ်ခုကို ခံစားရမည်ဖြစ်သည်။
ကျန်းရီသည် သားရေချပ်ပေါ်တွင် ကျင့်စဉ်ကို ရေးသားပြီးနောက် ထူးခြားသော အဝါရောင်အမှုန့်များကို ထုတ်ယူလိုက်သည်။ ထိုအမှုန့်များက အဆိပ်ဖြစ်သည်။ အဆိပ်ရှိသတ္တဝါများကို သန့်စင်ရန် ထိုအဆိပ်က မရှိမဖြစ်ပင်။
အတုလုပ်နည်းလမ်းများ ဖော်ပြထားသော စာအုပ်ထဲတွင် ထိုအဆိပ်မှုန့်က သားရေကို အချိန်တိုအတွင်း အဝါရောင်ပြောင်းသွားအောင် လုပ်ပေးနိုင်သည်ဟု ရေးထားသည်။ ကျန်းရီသည် ဟွင့်သွမ့်သားရဲသားရေချပ်ပေါ်သို့ အဆိပ်မှုန့်အနည်းငယ် ဖြူးချလိုက်သည်။ မကြာခင်မှာပင် အဝါရောင်အဆိပ်မှုန့်များ တဖြည်းဖြည်း ပျောက်ကွယ်လာကာ ဟွင့်သွမ့်သားရဲသားရေချပ်က အဝါရောင်သန်းလာသည်။ သားရေချပ်သည် ရှေးကျသည့်ပုံစံ ပေါက်သွားပေပြီ။ အဝေးမှကြည့်မည်ဆိုလျှင် ထိုသားရေချပ်က နှစ်ပေါင်းများစွာ တည်ရှိခဲ့သော သားရေချပ်တစ်ချပ်ဟု ထင်ရပေသည်။
ကျန်းရီသည် ကျင့်စဉ်အကုန်လုံးကို သားရေချပ်တစ်ချပ်တည်းပေါ်တွင် မရေးလိုက်ပေ။ သူက ကျင့်စဉ်ကို နှစ်ပိုင်းခွဲ၍ သားရေချပ်နှစ်ချပ်ပေါ်တွင် ရေးသားလိုက်သည်။ ထို့ကြောင့် သူက သားရေချပ်နှစ်ချပ် ဝယ်ခဲ့ခြင်းဖြစ်သည်။ ပထမသားရေချပ်ကို အားလုံး ကြည့်ရှုနိုင်ရန် ပြသထားမည်ဖြစ်သည်။ သို့သော် ဒုတိယအပိုင်းမရှိလျှင် ကျင့်စဉ်ကို ကျင့်ကြံနိုင်မည် မဟုတ်ချေ။ ထိုသို့မလုပ်ထားဘဲ ကျင့်စဉ်တစ်ခုလုံးကို ပြသထားလျှင် ဉာဏ်ကောင်းသူတစ်ယောက်က ကျင့်စဉ်ကို မှတ်သားသွားနိုင်သည်။ ထိုအခါ ကျန်းရီက ၎င်းကို ရောင်းနိုင်တော့မည် မဟုတ်ပေ။
ကျန်းရီသည် ဆယ်နာရီကြာ လုပ်ဆောင်ခဲ့ပြီးနောက် အတုကို အောင်အောင်မြင်မြင် လုပ်နိုင်လိုက်သည်။ သူသည် ထိုအတုကို အကြိမ်များစွာ စစ်ဆေးပြီးနောက် ၎င်းတွင် မည်သည့်ဟာကွက်မှ မရှိကြောင်း အတည်ပြုလိုက်သည်။ ထို့နောက် သူသည် ကျင့်ကြံနေသေးဆဲဖြစ်သော အနက်ရောင်နတ်ဘုရားကို နှိုးရန် အခန်းထဲမှ ထွက်သွားလိုက်သည်။
ကျန်းရီသည် အနက်ရောင်နတ်ဘုရားကို မျိုးနွယ်စုတောင်ပိုင်းသို့ သွား၍ ပစ္စည်းအသေးအဖွဲလေးများဝယ်ရန် ခိုင်းလိုက်သည်။ အနက်ရောင်နတ်ဘုရားက ထိုသို့ ခုနစ်ကြိမ်၊ ရှစ်ကြိမ် လုပ်ပြီးနောက်တွင် ကျန်းရီသည် ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ကို အသုံးပြု၍ သူ့ကိုယ်သူ အနက်ရောင်နတ်ဘုရားအဖြစ် ရုပ်ဖျက်ကာ အိမ်ထဲမှ ထွက်၍ မျိုးနွယ်စုတောင်ပိုင်းသို့ သွားလိုက်လေတော့သည်။
***