← Chapters

အတင်းအကြပ် ရောင်းဝယ်မှု

Vol. 95 Ch. 1317

အတင်းအကြပ် ရောင်းဝယ်မှု

Vol. 95 Ch. 1317

ကျန်းရီသည် အိမ်ပြင်သို့ ရောက်သောအခါ ထင်ထားခဲ့သည့်အတိုင်း ထောက်လှမ်းရေးအချို့ကို တွေ့လိုက်ရသည်။ ထိုထောက်လှမ်းရေးများက အနီးရှိ အိမ်များထဲမှ နေ၍ ကျန်းရီကို ကောင်းကင်စိတ်အာရုံဖြင့် စူးစမ်းနေကြသည်။ ကျန်းရီကသာ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်မထားလျှင် ထိုထောက်လှမ်းရေးများကို သတိပြုမိမည် မဟုတ်ချေ။

မျိုးနွယ်စုအရှေ့ပိုင်းက မိစ္ဆာသတ်ဖြတ်စံအိမ်၏ပိုင်နက် ဖြစ်သော်လည်း လော့မျိုးနွယ်က ကျန်းရီ၏အိမ်အနီးမှ အိမ်များထဲသို့ ထောက်လှမ်းရေးများ ပို့ထားနိုင်သည်ကို ကြည့်လျှင် သူတို့က မည်မျှအင်အားကြီးကြောင်း သိနိုင်ပေသည်။ အနီးရှိ ထင်ပေါ်သော ထောက်လှမ်းရေးများက ထွက်သွားကြပြီဖြစ်သည်။ ယင်းမှာ ကျန်းရီကို သတိလက်လွတ်ဖြစ်သွားစေရန် ဖြစ်နိုင်သည်။ ထိုမှ သူက တာဝန်များ လက်ခံကာ နတ်သိမ်းငှက်မျိုးနွယ်စုထဲမှ ထွက်သွားမည် မဟုတ်ပါလော။

ကျန်းရီသည် ထိုထောက်လှမ်းရေးများက သူ ရုပ်ဖျက်ထားခြင်းကို သိသလော၊ မသိသလောကို မသိပေ။ သူသည် မျိုးနွယ်စုတောင်ပိုင်းသို့ ဦးတည်သွားလိုက်ပြီး လမ်းများကို ကွေ့ပတ် လျှောက်လိုက်သည်။ လူပြတ်သော နေရာတစ်ခုသို့ ရောက်သောအခါတွင် သူ ထပ်မံ၍ ရုပ်ပြောင်းလိုက်သည်။ ထို့နောက်တွင်လည်း ယင်းကဲ့သို့ အကြိမ်ကြိမ် ရုပ်ပြောင်းလိုက်သည်။ နောက်ဆုံးတွင်မူ သူသည် ဝတ်ရုံဝတ်ဆင်ထားသော ဘုန်းကြီးအိုတစ်ယောက်၏ အသွင်ဖြင့် အမည်မဲ့ရဲတိုက်ထဲသို့ ဝင်သွားလိုက်သည်။

ထိုရဲတိုက်က မှောင်ခိုဈေးအသေးလေးတစ်ခု ဖြစ်သလို မျိုးနွယ်စုတောင်ပိုင်းရှိ အစည်ကားဆုံးနေရာလည်း ဖြစ်သည်။ ရဲတိုက်ထဲ၌ အခွန်ခ နတ်ဘုရားအမြစ်တစ်ခု ပေးဆောင်နိုင်လျှင် ဈေးရောင်းနိုင်သည်။ မည်သည့်ပစ္စည်းများ ရောင်းချသည်ကိုမူ မည်သည့် တာဝန်ရှိသူကမှ အရေးမစိုက်ကြပေ။

သို့သော် ထိုမှောင်ခိုဈေးတွင် အတင်းအဓမ္မ အရောင်းအဝယ် ပြုလုပ်၍တော့ မရချေ။ ထိုရဲတိုက်က တိရှစံအိမ်ကပိုင်သော ရဲတိုက်ဖြစ်သည်။ ရဲတိုက်ထဲတွင် တိရှတပ်သားတစ်ယောက်မှ မရှိသော်လည်း အရပ်ဝတ် ဝတ်ဆင်ထားသည့် အစောင့်အနည်းငယ် ရှိပေသည်။ တစ်စုံတစ်ယောက်က ပြဿနာရှာသည်နှင့် တိရှစစ်တပ်က ချက်ချင်း ရောက်လာမည်ဖြစ်သည်။

ကျန်းရီသည် ရဲတိုက်ထဲရှိ အခန်းတစ်ခန်းထဲသို့ ဝင်၍ နတ်ဘုရားအမြစ်တစ်ခုပေးကာ ဈေးရောင်းခွင့် ရယူလိုက်၏။ တာဝန်ရှိသူက သူ့ကို အဝတ်နက်တစ်စ ပေးသည်။ ထို့နောက် သူသည် အခန်းထောင့်တစ်နေရာသို့ သွား၍ အဝတ်နက်ကို ခင်းကာ ထိုအဝတ်ပေါ်တွင် ‘လျှို့ဝှက်ကျမ်း’၏ ပထမအပိုင်းကို ပြသထားလိုက်သည်။ ပြီးမှ စာရွက်တစ်ရွက် ထုတ်၍ စာအနည်းငယ် ရေးလိုက်သည်။

‘ဆန်းကြယ်စွမ်းရည်တစ်ခု ရောင်းမည်။ နတ်ဘုရားအမြစ် တစ်သောင်း၊ ဈေးဆစ်ခြင်းသည်းခံပါ’

ရဲတိုက်က အလွန်ကြီးမားပြီး ဘေးဆောင်နှစ်ဆယ် ရှိသည်။ ထိုအခိုက်တွင် ရဲတိုက်ထဲ၌ လူတစ်ထောင်နီးပါးလောက်က ရတနာအမျိုးမျိုးကို ရောင်းချနေကြသည်။ သို့သော် နတ်ဘုရားအမြစ်တစ်သောင်းတန်သည့် ရတနာများကို ရောင်းနေသူများမှာ အနည်းငယ်သာ ရှိပေသည်။ လူတစ်ယောက်တွင် ထိုကဲ့သို့သော ရတနာမျိုးရှိလျှင် ရူးသွပ်နတ်ဘုရားရဲတိုက်တွင်သာ သွားရောင်းကြမည် မဟုတ်ပါလား။ ရူးသွပ်နတ်ဘုရားရဲတိုက်သို့ လာရောက်သည့် ဧည့်သည်များမှာ စွမ်းအားကြီး သိုင်းသမားများနှင့် မျိုးနွယ်ကြီးများ၊ မိသားစုကြီးများမှ လူများသာဖြစ်သည်။ ထို့ကြောင့် ထိုနေရာတွင် ရတနာများကို ဈေးကောင်းကောင်းနှင့် ရောင်းချနိုင်သည်။ ဤရဲတိုက်မှာမူ မှောင်ခိုဈေးအသေးလေးသာဖြစ်သဖြင့် ဈေးကောင်းပေးနိုင်သော ပုဂ္ဂိုလ်များက လာခဲပေသည်။

ကျန်းရီသည် ဆိုင်ကို ခင်းကျင်းပြီးနောက် ဘုန်းတော်ကြီးတစ်ပါးကဲ့သို့ တင်ပျဉ်ခွေထိုင်နေလိုက်သည်။ ရဲတိုက်ထဲတွင် လူထောင်ကျော်လောက် လှည့်ပတ်လျှောက်နေသည်။ လူတော်တော်များများသည် ကျန်းရီ၏ ‘လျှို့ဝှက်ကျမ်း’ကို စိတ်ဝင်စားကြသော်လည်း ဈေးနှုန်းကို တွေ့သာအခါ မျက်နှာရှုံ့သွားကြသည်။ ကျန်းရီသည် သူတို့ကို မည်သို့မှ မဆွယ်ဘဲ သူတို့ဘာသာ လေ့လာခွင့် ပေးထားသည်။ သူသည် ဈေးလည်း ညှိမပေးဘဲ ထောင်ချောက်ထဲ ဝင်လာမည့်သူတစ်ယောက်ကိုသာ စိတ်ရှည်ရှည် စောင့်ဆိုင်းနေပေသည်။

နှစ်နာရီအတွင်းမှာပင် လူတစ်ရာလောက်က လာကြည့်ကြသည်။ သို့သော် နတ်ဘုရားအမြစ်တစ်သောင်းဆိုသော အဆမတန်ဈေးနှုန်းကြောင့် ချက်ချင်း ပြန်ထွက်သွားကြသည်။ မှောင်ခိုဈေးတွင် ပစ္စည်းအတုများစွာ ရှိသဖြင့် လူများသည် မစွန့်စားဝံ့ကြပေ။ သို့သော် သူတို့သည် ကျန်းရီ၏ ‘ဆန်းကြယ်စွမ်းရည်’ကို စိတ်ဝင်စားနေကြသဖြင့် အနားတွင် ရစ်သီရစ်သီ လုပ်နေကြပေသည်။

“နတ်ဘုရားအမြစ် သုံးထောင့်ခြောက်ရာ့ငါးဆယ်.. အဲ့ဒါက ကျွန်တော့်မှာရှိတာ အကုန်ပဲ။ ဘုန်းကြီးအိုကြီး ကျွန်တော့်ကို အဲ့ကျမ်းစာအုပ် ရောင်းပါ။ ပြီးတော့ ကျွန်တော်ပိုင်တဲ့ နတ်ဘုရားအသုံးအဆောင် ခြောက်ခုလုံးလည်းပေးပါမယ်... ကျွန်တော့်ကို ဈေးလျှော့ပေးပါဦး”

မိစ္ဆာသတ်ဖြတ်စံအိမ်မှ တပည့်တစ်ယောက်က သူတွင်ရှိသမျှ နတ်ဘုရားအမြစ်များနှင့် ရတနာများကို ထုတ်၍ ကျန်းရီအ‌ရှေ့တွင် ဒူးထောက်မတတ် တောင်းဆိုနေသည်။ ကျန်းရီက သူအား ‘လေဧကရာဇ်အတတ်’ကို ရောင်းပါစေဟုလည်း မျှော်လင့်နေသည်။ အမှန်တွင် ကျန်းရီသည် နတ်ဘုရားအမြစ်သုံးထောင်ကျော်က မဆိုးလှသောဈေးဟု ခံစားရသည်။ သို့သော် သူ စိတ်ရှည်ရှည်ထပ်စောင့်လျှင် သေချာပေါက် နတ်ဘုရားအမြစ်တစ်သောင်း ရနိုင်လိမ့်မည်ဟုလည်း ခံစားနေရပေသည်။

ကျန်းရီသည် ထိုလူကို အရေးမစိုက်လိုက်ပေ။ ယင်းမှာ ကျန်းရီက လောဘကြီး၍ မဟုတ်ဘဲ ထိုလူက မိစ္ဆာသတ်ဖြတ်စံအိမ်မှ ဖြစ်နေ၍ ဖြစ်သည်။ ယခုတွင် ကျန်းရီသည် သူက မိစ္ဆာသတ်ဖြတ်စံအိမ်မှ လူတစ်ယောက်ဟု ခံစားနေရပြီဖြစ်၍ မိစ္ဆာသတ်ဖြတ်စံအိမ်မှလူများကို သူ့မိသားစုဝင်များအဖြစ် သဘောထားနေပြီဖြစ်သည်။ ထို့ကြောင့် သူသည် မိစ္ဆာသတ်ဖြတ်စံအိမ်မှ တပည့်တစ်ယောက်ကို မလိမ်လိုချေ။

သို့သော် ထို‘လျှို့ဝှက်ကျမ်း’က အတုဖြစ်ကြောင်းကို ထုတ်ပြောရလောက်အောင်အထိတော့ ကျန်းရီ မတုံးအပါပေ။ သူသည် စကားတစ်ခွန်းမှ မပြောဘဲ တင်ပျဉ်ခွေသာ ဆက်ထိုင်နေလိုက်ပြီး ထောင်ချောက်ထဲ ဝင်လာမည့် အခြားလူတစ်ယောက်ကို ဆက်‌စောင့်နေလေသည်။

သို့သော်...

ဤရဲတိုက်သို့ လာသူတိုင်းက လူချမ်းသာများ မဟုတ်ကြပေ။ ထို့ပြင် နတ်ဘုရားစစ်သူကြီးအဆင့် သိုင်းသမားများကလည်း အနည်းငယ်သာ ရှိသည်။ ထို့ကြောင့် ခြောက်နာရီကြာ ထပ်စောင့်ပြီးနောက်တွင်ပင် တိရှစံအိမ်မှ လူတစ်ယောက်ကသာ နတ်ဘုရားအမြစ်တစ်ထောင်ကျော်ပေးခဲ့သည်။ ထိုလူသည် တစ်နာရီကြာအောင် အသည်းအသန် တောင်းဆိုခဲ့သည်။ သို့သော် ကျန်းရီက သဘောမတူခဲ့ပေ။ ကျန်းရီသည် နတ်ဘုရားအမြစ်များကို နည်းနည်းချင်းစီ စု၍ မဖြစ်ပေ။ မှောင်ခို‌ဈေး၌ အတုများ အကြိမ်ကြိမ်လာရောင်းနေရလျှင် အလွယ်တကူ ပြဿနာတက်နိုင်သည်။ ထို့ကြောင့် သူသည် ချမ်းသာသော အရူးတစ်ယောက်ကို စောင့်ဆိုင်းရမည်ဖြစ်သည်။

နောက်ထပ်ခြောက်နာရီ ထပ်မံကုန်ဆုံးသွားသည်။

သို့သော် ကျန်းရီ၏ ဆိုင်အနီးတွင် လူမလျော့သွားသည့်အပြင် ပိုတိုးလာသည်။ ယခုတွင် လူ လေးဆယ်ကျော်၊ ငါးဆယ်လောက် ဝိုင်းအုံနေပြီဖြစ်သည်။ ထိုလူများသည် မီးဝင်းဝင်းတောက်နေသော မျက်ဝန်းများဖြင့် ကျန်းရီအရှေ့ရှိ ‘လျှို့ဝှက်ကျမ်း’ကို ကြည့်နေကြသည်။ ထို‘လျှို့ဝှက်ကျမ်း’ကို လူတစ်ထောင်လောက်က ကြည့်ပြီးသွားပြီဖြစ်သည်။ သို့သော် ဈေးအမြင့်ဆုံး ပေးခဲ့သူမှာ မိစ္ဆာသတ်ဖြတ်စံအိမ်မှ တပည့်သာဖြစ်သည်။ ‌တော်သေးသည်မှာ ထိုတပည့်က နှစ်နာရီကြာ စောင့်နေပြီးနောက် ကျန်းရီက သဘောတူမည့်ပုံ မပေါ်၍ စိတ်ပျက်လက်ပျက်ဖြင့် ပြန်ထွက်သွားခြင်းပင်။

“ဘုန်းကြီးအိုကြီး.. ဘုန်းကြီးအိုကြီး...”

နောက်ထပ်တစ်နာရီ ကြာပြီးနောက် ထို မိစ္ဆာသတ်ဖြတ်စံအိမ်မှ တပည့်က ပြန်ရောက်လာသည်။ ထိုတပည့်က ဟဲဝေကို ခေါ်လာသဖြင့် ကျန်းရီ ဆွံ့အသွားသည်။ ဟဲဝေက ပေါင်းသင်းဆက်ဆံရေးကောင်းပြီး မိတ်ဆွေဖွဲ့ရသည်ကို သဘောကျသူတစ်ယောက်ဖြစ်သည်။ သူ့အဖေကလည်း တပ်မှူးလျှိုနှင့် ကောင်းမွန်သောဆက်ဆံရေးရှိသည်။ ထို့ကြောင့် ဟဲဝေသည် မိစ္ဆာသတ်ဖြတ်စံအိမ်တွင် မျက်နှာသာပေးခံရသည်။ ထိုတပည့်က ဟဲဝေထံမှ နတ်ဘုရားအမြစ်များ သွားချေးခြင်းဖြစ်မည်။ ဟဲဝေ၏အဖေက ဟဲဝေကို နတ်ဘုရားအမြစ်များစွာ ပေးခဲ့ပေသည်။

ဟဲဝေသည် ‘လျှို့ဝှက်ကျမ်း’ကို အသေးစိတ်ကြည့်ရှုပြီးနောက် အံကြိတ်ကာ ပြောလိုက်သည်။

“ညီလေးလျှို... ငါ ဒီကျမ်းစာကို နားမလည်ဘူး။ ဒါပေမဲ့ မင်းက အရမ်းဝယ်ချင်နေရင် ငါ မင်းကို နတ်ဘုရားအမြစ်သုံးထောင် ချေးပေးပါမယ်”

“အစ်ကိုဟဲက တကယ့်ကို အစ်ကိုကောင်းတစ်ယောက်ပဲ”

မိစ္ဆာသတ်ဖြတ်စံအိမ်မှ တပည့်က ဟဲဝေ၏ ပခုံးကို စိတ်လှုပ်တရှားပုတ်ကာ ကျန်းရီကို လှည့်ကြည့်၍ ပြောလိုက်သည်။

“ဒီလိုဆို ကျွန်တော့်မှာ နတ်ဘုရားအမြစ်ရှစ်ထောင် ရှိသွားပြီ။ ဘုန်းကြီးအိုကြီး... ဒီကျမ်းစာအုပ်ကို ကျွန်တော့်ကို ရောင်းပါ။ အဲ့ဒါက ကျွန်‌တော် ချေးငှားလို့ရနိုင်သမျှ အကုန်ပဲ”

‘လခွမ်းနဲ့ကွာ...’

ကျန်းရီ လုံးဝဆွံ့အသွားသည်။ ထိုနတ်ဘုရားအမြစ်ရှစ်ထောင်ထဲမှ သုံးထောင်က ဟဲဝေထံမှလာကြောင်းကို ထည့်မတွက်သေးလျှင်ပင် ကျန်းရီသည် မိစ္ဆာသတ်ဖြတ်စံအိမ်မှ တပည့်တစ်ယောက်ကို လိမ်မည် မဟုတ်ပေ။ မိစ္ဆာသတ်ဖြတ်စံအိမ်မှ လူတစ်ယောက်က သူ့ကို နတ်ဘုရားအမြစ်တစ်သောင်းပေးမည်ဆိုလျှင်ပင် သူက ‘လျှို့ဝှက်ကျမ်း’ကို ရောင်းမည် မဟုတ်ချေ။ ထို့ကြောင့် ကျန်းရီသည် ပြတ်ပြတ်သားသား ပြောလိုက်သည်။

“မရောင်းနိုင်ဘူး။ ငါက နတ်ဘုရားအမြစ်တစ်ခု‌တောင် လျှော့ပေးမှာ မဟုတ်ဘူး”

ကျန်းရီက အသံကိုပါ ပြောင်းထားသဖြင့် ဟဲဝေသည် သူ့အရှေ့မှ ဘုန်းကြီးအိုကြီးမှာ ကျန်းရီဖြစ်ကြောင်း မသိပေ။ သို့သော် ကျန်းရီက ဟဲဝေကို မျက်နှာရိပ်မျက်နှာကဲ လှမ်းပြလိုက်သည်။

ဟဲဝေနှင့် ကျန်းရီတို့က မိတ်ဆွေဖြစ်နေသည်မှာ အချိန်တစ်ခု ရှိခဲ့ပြီဖြစ်၍ ဟဲဝေက ထိုအကြည့်ကို အလွန်ရင်းနှီးနေပြီဖြစ်သည်။ သူသည် ခေတ္တမျှ မှင်တက်သွားပြီးနောက် အသံပို့လွှတ်လိုက်သည်။

“လခွမ်း... မင်းလားဟ။ မင်းက အဲ့လိုစွမ်းအားကြီး ဆန်းကြယ်စွမ်းရည်တစ်ခုကို ဘယ်ကနေ ရလာခဲ့တာလဲ။ မဟုတ်သေးပါဘူး... အဲ့ဒါက အတုမလား။ ဟားဟား.. အနည်းဆုံးတော့ မင်းက အသိတရားရှိသေးတာပဲ။ ညီလေးလျှိုက တပ်မှူးလျှိုရဲ့ မြေးတစ်ဝမ်းကွဲပဲ။ တကယ်လို့ မင်း သူ့ကို လိမ်လိုက်ရင် တပ်မှူးလျှို မင်းကို ကယ်ခဲ့တာက အလကားဖြစ်သွားမှာပဲ”

ဟဲဝေက အလွန်ဉာဏ်ကောင်းသည်။ သူသည် ကျန်းရီနှင့် ခေတ္တမျှ အကြည့်ချင်းဖလှယ်လိုက်သည်နှင့် ကျန်းရီ၏အကြံအစည်များကို သိသွားသည်။ သို့ဖြင့် ဟဲဝေသည် တပ်မှူးလျှို၏ မြေးတစ်ဝမ်းကွဲကို အားပေးအားမြှောက် မလုပ်တော့ဘဲ ဘေးမှသာ ရပ်ကြည့်နေလိုက်သည်။ ထို့ပြင် ကျန်းရီက အရူးတစ်ယောက်ကို လှည့်ဖြားနိုင်မည်၊ မနိုင်မည်ကိုလည်း သူ သိလိုနေသည်။

ရှပ်...ရှပ်...ရှပ်...

ထိုအခိုက်တွင် အဝေးမှနေ၍ မိန်းမပျိုတစ်စု လျှောက်လာသည်။ သူမတို့အားလုံးက သူမတို့၏ မျက်နှာများကို ပဝါပါးများဖြင့် ကာထားကြသည်။ ထို့ကြောင့် သူမတို့၏ မျက်လုံးများကိုပင် မမြင်နိုင်ချေ။ ထို့ပြင် ဟဲဝေ၏ ကောင်းကင်စိတ်အာရုံကလည်း သူမတို့၏ ရုပ်သွင်ကို အာရုံမခံနိုင်ခဲ့ပေ။ ကျန်းရီသည် ထိုအုပ်စုကို ကြည့်၍ သူမတို့ထဲမှတစ်ယောက်ကို မှတ်မိသွားသည်။

ထိုမိန်းမပျိုက အလွန်ထင်ရှားပေသည်။ သူမ၏ အငွေ့အသက်က နတ်တောင်ပေါ်တွင် ပေါက်ရောက်သော နှင်းကြာပွင့်တစ်ပွင့်ကဲ့သို့ အဆင့်အတန်းမြင့်သည်။ မည်သူကမှ သူမအနားသို့ ချဉ်းကပ်ဝံ့မည် မဟုတ်ပေ။

လောချင်းယန်...

နတ်သိမ်းငှက်မြို့အရှင်၏ တစ်ဦးတည်းသောသမီးက ဤမှောင်ခိုဈေးသို့ လာခဲ့သည်လော။ ဤမှောင်ခိုဈေးက ဆင်းရဲသောရပ်ကွက်တစ်ခုထဲတွင် လျှို့လျှို့ဝှက်ဝှက် တည်ရှိနေခြင်းပင်။ သူမကဲ့သို့သော သခင်မလေးတစ်ယောက်က မှောင်ခိုပစ္စည်းများ ဝယ်လိုလျှင်ပင် ရူးသွပ်နတ်ဘုရားရဲတိုက်သို့ သွားသင့်သည် မဟုတ်လော။

ကျန်းရီသည် အဘယ်ကြောင့် လောချင်းယန်က ထိုရဲတိုက်ထဲသို့ ရောက်နေရကြောင်း နားမလည်နိုင်ပေ။ လောချင်းယန်နှင့် သူမ၏ ကိုယ်ရံတော်များက ထိုနေရာရှိ လူများ၏ အာရုံစိုက်မှုကို ခံလိုက်ရသည်။ မိန်းမပျိုအချို့က လူအုပ်ကို ရှင်းပေးလိုက်ပြီး လောချင်းယန်က အရှေ့သို့ ကျော့ရှင်းစွာ လျှောက်လာသည်။ သူမသည် သူမ၏ ကိုယ်ရံတော်တစ်ယောက်ကို ကြည့်လိုက်၏။ ထိုကိုယ်ရံတော်က ‘လျှို့ဝှက်ကျမ်း’ကို သွားယူ၍ သူမကို ပေးလိုက်သည်။ သူမသည် ‘လျှို့ဝှက်ကျမ်း’ကို ခေတ္တမျှ ဖတ်ရှုပြီး‌နောက် အလွန်ပြတ်သားစွာ ပြောလိုက်သည်။

“နတ်ဘုရားအမြစ်တစ်သောင်းမလား... ကျွန်မ ဒီကျမ်းစာအုပ်ကို ဝယ်မယ်”

“အာ...”

ကျန်းရီနှင့် ဟဲဝေတို့ မသိမသာ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့ အတန်ငယ် မျက်မှောင်ကြုတ်သွားကြသည်။

ဟဲဝေသည် ခပ်ရေးရေး ပြုံးလိုက်သည်။ သူသည် လောချင်းယန်ကို မမှတ်မိသော်လည်း ထိုမိန်းမပျိုလေးက ချမ်းသာသော မိသားစုတစ်ခုမှ ဖြစ်ကြောင်း သိပေသည်။ သူမသည် ထိုကျမ်းစာအုပ်က အတုဖြစ်ကြောင်း သိသွားလျှင်ပင် ကျန်းရီကို ပြဿနာလာရှာလောက်မည် မဟုတ်ချေ။ သူမကဲ့သို့သော သခင်မလေးများတွင် သုံးဖြုန်းရန် နတ်ဘုရားအမြစ်များစွာ ရှိပေသည်။ အကယ်၍ သူမက အတုကိစ္စကို လူသိရှင်ကြားလုပ်လိုက်လျှင် သူမကိုယ်သူမ အတု၊ အစစ် မခွဲခြားနိုင်သည့် အရူးတစ်ယောက်ဟု ပြောလိုက်သလိုသာ ဖြစ်သွားပေလိမ့်မည်။

သို့သော် ကျန်းရီက တုံ့ဆိုင်းနေသည်။ လောချင်းယန်က သူ့ကို ရူးသွပ်နတ်ဘုရားရဲတိုက်တွင် ကူညီပေးခဲ့သည်။ သူမကြောင့်သာ မဟုတ်လျှင် သူသည် မျိုးနွယ်စုသို့ ပြန်ရောက်လာနိုင်ခဲ့မည် မဟုတ်ဘဲ သေနေလောက်ပြီဖြစ်သည်။ သူက သူ့ကိုကူညီခဲ့သော လူတစ်ယောက်ကို လိမ်ရမည်လော။ ကျန်းရီသည် ထိုသို့သော ကိစ္စမျိုးကို မလုပ်နိုင်ပေ။ ထို့ကြောင့် သူ ပြတ်ပြတ်သားသား ပြောလိုက်သည်။

“ကျုပ် စိတ်မကောင်းပါဘူး။ ကျုပ် ဒီလျှို့ဝှက်ကျမ်းကို မရောင်းချင်တော့ပါဘူး”

“ရှင်က မရောင်းဘူးလား”

လောချင်းယန်သည် ရုတ်တရက် အေးစက်သွားပြီး ဩဇာသံအပြည့်ဖြင့် ပြောလိုက်သည်။

“ဒီနေ့ ကျွန်မက အဲ့လျှို့ဝှက်ကျမ်းကို သေချာပေါက် ဝယ်မှာ။ ပြီးတော့ ကျမ်းစာအုပ်က ကျွန်မလက်ထဲကို ရောက်နေပြီ။ ရှင် နတ်ဘုရားအမြစ်တွေ လိုချင်ရင် ကျွန်မရဲ့ စံအိမ်ကိုသွားပြီး ယူလိုက်။ တကယ်လို့ ရှင် မကျေနပ်သေးဘူးဆိုရင် တိရှစစ်တပ်ကို ခေါ်ပြီး ကျွန်မကို အတင်းအကြပ် ရောင်းဝယ်မှုနဲ့ တိုင်လိုက်ပေါ့”

***

All Chapters