အပေးအယူ
Vol. 95 Ch. 1318
အတင်းအကြပ် ရောင်းဝယ်မှုလော။
လူအုပ်တစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်သွားသည်။ ဤနေရာက တိရှစံအိမ်၏ ပိုင်နက်ဖြစ်သည်။ သို့သော် ထိုမိန်းမပျိုက ပြဿနာရှာဝံ့သည်လော။ သူမသည် သူမမိသားစု ဒုက္ခရောက်သွားမည်ကို မကြောက်သလော။ မှောင်ခိုဈေးမှာ ယုံကြည်မှုအပေါ်တွင် အခြေခံရသည်။ အကယ်၍ တစ်ယောက်ယောက်က ဤသို့လာ၍ အလွယ်တကူ ပြဿနာရှာနိုင်လျှင် နောက်တွင် မည်သူက ဤနေရာ၌ စီးပွားရေး လုပ်ဝံ့ပါဦးမည်နည်း။
ကျန်းရီကလည်း အတော်လေး ထူးဆန်းနေသည်။ နတ်ဘုရားအမြစ်တစ်သောင်းမှာ အတော်လေးများပြားသော ပမာဏဖြစ်သည်။ တစ်စုံတစ်ယောက်က သူ၏ခေါ်ဈေးအတိုင်း လာပေးနေသည်ကို အဘယ်ကြောင့် သူက မရောင်းလိုရတော့သနည်း။ သူက ဦးနှောက်ပျက်နေခြင်းလော။
ကျန်းရီက ဦးနှောက်မပျက်ပါ။ ထိုအခိုက်တွင် သူ မျက်နှာရှုံ့မဲ့နေပြီဖြစ်သည်။ လောချင်းယန်က နတ်သိမ်းငှက်မြို့အရှင်၏ တစ်ဦးတည်းသောသမီးဖြစ်၍ မြို့ထဲရှိ မည်သည့်အရာကိုမှ မကြောက်ပေ။ ကျန်းရီက တိရှစစ်တပ်ကို သွားတိုင်ရမည်လော။ တိရှစစ်တပ်မှာ သူမအဖေ၏ အမိန့်ကို နာခံရခြင်းဖြစ်ရာ သွားတိုင်လျှင်လည်း မည်သို့အသုံးဝင်ပါမည်နည်း။
လောချင်းယန်သည် ‘လျှို့ဝှက်ကျမ်း’ကို ယူ၍ နောက်လှည့်ထွက်သွားသည်။ ကျန်းရီသည် ခေတ္တမျှ တွေးတောနေပြီးနောက် ထရပ်ကာ နောက်မှ လိုက်သွားလိုက်ရသည်။ ယခုတွင် သူက နတ်ဘုရားအမြစ်များ အသည်းအသန်လိုအပ်နေပေသည်။ ထိုသခင်မလေးလောချင်းယန်က ကိုယ့်ဒုက္ခကိုယ်ရှာ၍ အတုတစ်ခုအတွက် နတ်ဘုရားအမြစ်တစ်သောင်း ပေးနေခြင်းဖြစ်ရာ သူ များစွာအရေးစိုက်မနေနိုင်တော့ပေ။ အကယ်၍ နောင်တွင် လောချင်းယန်က သူ့ကို ပြဿနာလာရှာလျှင်လည်း နတ်ဘုရားအမြစ်များ အလျော်ပြန်ပေးလိုက်ရုံသာ။
“ကျန်းရီ... မင်း ဒီလိမ်စဉ်ကို လက်လျှော့လိုက်သင့်ပြီ။ အဲ့ကောင်မလေးက မိသားစုကြီးတစ်ခုက ထင်တယ်။ နောက်ကျ ပြဿနာမတက်ရအောင် အခုကတည်းက မင်း သူ့ကို ရိုးရိုးသားသား ပြောလိုက်သင့်တယ်”
ဟဲဝေသည် မူမမှန်မှုတစ်ခုကို သတိပြုမိခဲ့သည်။ အနီးနားမှ အရပ်ဝတ် အစောင့်များသည် အခြေအနေကို ကြည့်၍သာ နေခဲ့ပြီး ဝင်မတားခဲ့ပေ။ ထို့ကြောင့် ဟဲဝေ အတန်ငယ် စိတ်ပူမိလာသည်။ ကျန်းရီက ဩဇာအာဏာကြီးသော လူတစ်ယောက်ကို အပြစ်ပြုမိ၍ မဖြစ်ပေ။
ကျန်းရီသည် ဟဲဝေ၏ အကြံပေးချက်ကို လက်ခံရန် ဆုံးဖြတ်လိုက်သည်။ ထိုသို့ဆုံးဖြတ်ရခြင်းမှာ သူ ကြောက်၍ မဟုတ်ပေ။ သူက စစ်နတ်ဘုရားစံအိမ်ကို အပြစ်ပြုမိခဲ့ပြီးပြီဖြစ်သည်။ တိရှစံအိမ်ကို ထပ်အပြစ်ပြုရမည်ဆိုလျှင်လည်း သူ ဝန်မလေးပေ။ သူက နတ်သိမ်းငှက်မျိုးနွယ်စုထဲတွင် ရှိနေသေးသ၍ မည်သူကမှ သူ့ကို တိုက်ခိုက်၍ မရသည် မဟုတ်ပါလော။ သူ လောချင်းယန်ကို အမှန်အတိုင်း ပြောရန် ဆုံးဖြတ်ခဲ့ရခြင်းမှာ သူမက သူ့အသက်ကို ကယ်ခဲ့ဖူးသောကြောင့်သာ ဖြစ်ပေသည်။
သို့သော်...
လောချင်းယန်က အလွန်သွက်လက်စွာ လျှောက်သွားခြင်း ဖြစ်၍ ယခုတွင် ရဲတိုက်အပြင်ဘက်သို့ ရောက်သွားပြီဖြစ်သည်။ ထို့ပြင် သူမသည် ရဲတိုက်အပြင်သို့ ရောက်သည်နှင့် လှပသောရထားလုံး တစ်ခုပေါ်တက်ကာ ထွက်ခွာသွားလေသည်။ ကျန်းရီက ရထားလုံးထဲ လိုက်ဝင်၍ မရပေ။ ထို့ကြောင့် လောချင်းယန်၏ အမျိုးသမီးကိုယ်ရံတော်များနောက်မှသာ လိုက်သွားရလေသည်။
လောချင်းယန်သည် နတ်သိမ်းငှက်မြို့ထဲကို ပြန်မသွားဘဲ တိရှိစံအိမ်၏ ပိုင်နက်ဖြစ်သော မျိုးနွယ်စုမြောက်ပိုင်းဆီသို့ သွားလိုက်သည်။ နောက်ဆုံးတွင် ရထားလုံးက ခြံဝန်းကျယ်ကြီးတစ်ခုထဲ၌ ရပ်တန့်လိုက်သည်။ ကျန်းရီက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ရာ ထောက်လှမ်းရေးများစွာကို တွေ့လိုက်ရသည်။ ဤခြံဝန်းက နတ်သိမ်းငှက်မျိုးနွယ်စုထဲရှိ လောချင်းယန်၏ ဒုတိယစံအိမ်ဖြစ်လောက်သည်။
လောချင်းယန်က အနောက်ခြံဝန်းထဲသို့ ဝင်သွားသည်။ ကျန်းရီကိုမူ အမျိုးသမီးကိုယ်ရံတော်တစ်ယောက်က ဧည့်ခန်းလေးတစ်ခန်းသို့ ခေါ်သွားသည်။ ကျန်းရီက အခန်းထဲသို့ ရောက်သောအခါ အမျိုးသမီးကိုယ်ရံတော်သည် အခန်း၏ အကာအရံများကို နှိုးလိုက်သည်။ ထို့နောက် ကျန်းရီအတွက် လက်ဖက်ရည်ငှဲ့ပေးကာ စကားတစ်ခွန်းမှ မပြောဘဲ ဘေးတွင် ရပ်နေလေသည်။
“ဒါက ဘာအဓိပ္ပာယ်လဲ”
ကျန်းရီ အတန်ငယ် အံ့အားသင့်သွားသည်။ သို့သော် သောက်စရာ လက်ဖက်ရည်ကောင်းတစ်ခွက် ရှိနေချိန်တွင် အားနာမနေနိုင်တော့ပေ။ သူသည် လက်ဖက်ရည်ခွက်ကိုယူ၍ လက်ဖက်ရည်တစ်ငုံ သောက်လိုက်သည်။ လက်ဖက်ခြောက်က ထိပ်တန်းပင်။ သင်းပျံ့သော ရနံ့လေးက သူ့နှာခေါင်းထဲတွင် ရစ်ဝဲနေသည်။ လျှာပေါ်တွင် စွဲကျန်ခဲ့သော အရသာကလည်း အံ့ဩဖွယ်ပင်။
လောချင်းယန်က ပေါ်မလာသေးသဖြင့် ကျန်းရီ ဆက်စောင့်နေရသည်။ သူသည် လက်ဖက်ရည်ကို တစ်ငုံပြီးတစ်ငုံ ဆက်သောက်လိုက်သည်။ လက်ဖက်ရည်ကုန်သွားသောအခါ အခန်း၏ အကာအရံများက လင်းလက်လာပြီး အလွန်လှပသော မိန်းမပျိုလေးတစ်ယောက်က အနောက်ဘက် စင်္ကြံလမ်းမှနေ၍ အခန်းထဲ ဝင်လာသည်။
ပြစ်မျိုးမှဲ့မထင် လှပသူ...
ကျန်းရီသည် လောချင်းယန်က သူမ၏ဂုဏ်ပုဒ်နှင့် ကိုက်ညီကြောင်း ချီးကျူးလိုက်၏။ သူမသည် ယောက်ျားများ၏ တပ်မက်မှုကို လှုံ့ဆော်နိုင်သော အလှပဂေးလေးတစ်ယောက်ပင်။ ယောက်ျားများသည် သူမနှင့်အတူ အိပ်စက်ခွင့်ရလျှင် ဘဝတွင် အောင်မြင်ခဲ့ပြီဟုပင် လက်ခမောင်းခတ်လောက်ပေသည်။
ယခုတွင် လောချင်းယန်က မျက်နှာ၌ ပဝါကာမထားတော့ပေ။ အဝတ်အစားများလည်း လဲလှယ်ပြီးပြီဖြစ်သည်။ ပန်းရောင်ဝတ်စုံရှည်က သူမ၏ ကိုယ်လုံးကိုယ်ပေါက်နှင့် ကွက်တိတော်နေသည်။ အဝေးမှ ကြည့်လျှင် သူမသည် နတ်မိမယ်တစ်ပါးကဲ့သို့ပင် ထင်ရသည်။ မည်သူကမှ သူမကို မလေးမစားလုပ်ဝံ့မည် မဟုတ်ချေ။ သူမက အနားကပ်လာသည်နှင့် ယောက်ျားတိုင်း ရင်ခုန်ရူးသွပ်သွားကြမည်သာ။
လောချင်းယန်၏ ဆွဲဆောင်မှုအရှိဆုံးအရာမှာ သူမ၏အငွေ့အသက်ဖြစ်သည်။ ထိုအငွေ့အသက်က သူမ၏ အရိုးများထဲမှနေ၍ သဘာဝအတိုင်း ထွက်လာပုံပင်။ လှပကျော့ရှင်းသော မိန်းမပျိုတစ်ယောက်က ယောက်ျားများ၏ စိတ်ဝိညာဉ်အတွင်းမှ အနက်ရှိုင်းဆုံး စိတ်ဆန္ဒများကို လှုံ့ဆော်နိုင်ပေသည်။
ကျန်းရီသည် ခေတ္တမျှ ယစ်မူးသွားသော်လည်း ချက်ချင်း အသိစိတ်ပြန်ကပ်လာသည်။ ထိုသို့ဖြစ်ရခြင်းမှာ သူက လှပသော မိန်းမများကို မကြိုက်၍ မဟုတ်ပေ။ လောချင်းယန်ကို အပြစ်မပြုမိဝံ့သဖြင့် သူ့ခံစားချက်များကို ဖိနှိပ်လိုက်ခြင်းသာဖြစ်သည်။ ထို့ပြင် သူသည် ရီချန်တို့က အထက်ဘုံ၌ မပွေရှုပ်ပါဟု ကတိပေးခဲ့သည်။ ကျန်းရီသည် သူ၏ မိန်းမများ၊ ကိုယ်လုပ်တော်များနှင့်ပင် ကျေနပ်နေပြီဖြစ်သည်။ သူမတို့ နာကျင်ခံစားရမည်ကို သူမလိုလားပေ။ အရေးအကြီးဆုံးမှာ ကောင်းကင်ကြယ်တာရာနယ်နမိတ်၊ ကျန်းရှောင်နူနှင့် ရီဖျောင်ဖျောင်တို့၏ ကံကြမ္မာက သူ့ပခုံးထက်တွင် ရှိနေခြင်းပင်။ သို့ဖြစ်၍ သူသည် မိန်းမပွေလိုစိတ် ရှိမနေပေ။
“အာ...”
လောချင်းယန်က ကျန်းရီ၏ မျက်နှာထားကို အကဲခတ်နေခဲ့သည်။ ကျန်းရီသည် စက္ကန့်ပိုင်းအတွင်း ဣန္ဒြေဆည်နိုင်လောက်ကြောင်းကို တွေ့လိုက်သောအခါ သူမ အံ့ဩသွားသည်။ သူမသည် သူမအလှတွင် ယစ်မူးရူးသွပ်သွားသော ယောက်ျားပေါင်းများစွာကို တွေ့ခဲ့ဖူးပေပြီ။ သို့သော် ကျန်းရီက သာမန်နတ်ဘုရားအဆင့်နှင့်ပင် စက္ကန့်ပိုင်းအတွင်း အသိစိတ်ပြန်ကပ်နိုင်ခဲ့သည်။ ယင်းအတွက် ရှင်းပြချက်နှစ်ခု ရှိသည်။ သူက အလွန်စိတ်ဓာတ်ခိုင်မာခြင်း သို့မဟုတ် မိန်းမများကို မကြိုက်ခြင်းသာ ဖြစ်နိုင်သည်။
လောချင်းယန်သည်လည်း သူမ၏ မျက်နှာပေါ်မှ အံ့အားသင့်သည့် အရိပ်အယောင်ကို ချက်ချင်း ဖယ်နိုင်လိုက်သည်။ ထို့နောက် သူမသည် ကျန်းရီနားသို့ လျှောက်သွားကာ ထိုင်လိုက်သည်။ သူတို့ကို စားပွဲတစ်လုံးက ခြားထားသော်လည်း သူမ၏ မွှေးပျံ့သော ကိုယ်သင်းရနံ့လေးများက ကျန်းရီကို မသောက်ရဘဲ ယစ်မူးနေစေလေသည်။
အမျိုးသမီးကိုယ်ရံတော်က လက်ဖက်ရည်ခွက် နောက်တစ်လုံးကို ယူပေးပြီးနောက် ထွက်သွားသည်။ ထို့ကြောင့် အခန်းထဲတွင် လောချင်းယန်နှင့် ကျန်းရီတို့နှစ်ယောက်သာ ကျန်ခဲ့သည်။ ကျန်းရီသည် တစ်စုံတစ်ခု မှားနေပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။ ထိုသခင်မလေးလောက အဆင့်အတန်းမြင့်မားသူဖြစ်ရာ သူက အဘယ်သို့ သူမနှင့် နှစ်ယောက်တည်း နေခွင့်ရှိပါမည်နည်း။
တစ်စုံတစ်ခု မှားနေပြီဖြစ်ကြောင်း သံသယဖြစ်စရာ မရှိပေ။
ကျန်းရီသည် ထိုသခင်မလေးက မည်သည်ကို ကြံစည်နေကြောင်း မသိပေ။ ထို့ကြောင့် သူ ထရပ်ကာ အတန်ငယ် ဦးညွှတ်၍ ပြောလိုက်သည်။
“သခင်မလေး.. အစောက အရောင်းအဝယ်ကို ကျုပ်တို့ မေ့လိုက်ကြတာ ကောင်းပါလိမ့်မယ်...”
“ဟင်းဟင်း...”
လောချင်းယန်က ခပ်သဲ့သဲ့ရယ်လိုက်၏။ ထို့နောက် သူမ၏ လက်စွပ်ထဲမှနေ၍ လှပသော လက်စွပ်တစ်ကွင်း ထွက်လာသည်။ သူမသည် ထိုလက်စွပ်ကို ကျန်းရီထံသို့ တွန်းပို့ကာ ပြောလိုက်သည်။
“အဲ့လက်စွပ်ထဲမှာ နတ်ဘုရားအမြစ်တစ်သောင်း ပါတယ်။ ကျွန်မက အဲ့လျှို့ဝှက်ကျမ်းကို ဝယ်လိုက်ပြီ”
“ဟင့်အင်း...”
ကျန်းရီ အံကြိတ်ကာ ပြန်ပြောသည်။
“အဲ့လျှို့ဝှက်ကျမ်းက အတုကြီးပါ။ ဘယ်လောက်မှ မတန်ပါဘူး”
“ကျွန်မ သိပါတယ်...”
လောချင်းယန်က လက်ဖက်ရည်ခွက်လေးကို ကျော့ရှင်းစွာ မြှောက်၍ တစ်ငုံသောက်လိုက်သည်။ ထို့နောက် ပြုံးကာ ဆက်ပြောသည်။
“ဒါက မဟာနတ်ဘုရားအတတ်မလား။ ရှင့်ရဲ့ အတုလုပ်စွမ်းရည်က အတော်လေးမြင့်ပါတယ်။ ကျွန်မသာ မဟာနတ်ဘုရားအတတ်ကို အရင်က မမြင်ဖူးထားရင် ဒါကို အစစ်လို့ ထင်မိမှာပဲ”
“အာ...”
ကျန်းရီ နားမလည်နိုင်တော့ပေ။ ထိုသခင်မလေးလောက လျှို့ဝှက်ကျမ်းကို အတုဖြစ်ကြောင်း သိလျှင် အဘယ်ကြောင့် အတင်းအကြပ် ဝယ်ယူခဲ့ရသနည်း။ အဘယ်ကြောင့် သူမက သူ့ကို နတ်ဘုရားအမြစ်တစ်သောင်း ပေးနေရသေးသနည်း။ သူမက အလွန်ချမ်းသာသဖြင့် နတ်ဘုရားအမြစ်များကို အခြားဖြုန်းစရာနေရာ မရှိတော့ခြင်းလော။ ထို့ပြင် သူမက သူ့ကို တမင် ဤနေရာသို့ ခေါ်လာခဲ့ခြင်းမှာ ကောင်းသောအကြံနှင့်တော့ မဟုတ်နိုင်ပေ။
ကျန်းရီသည် အထက်ဘုံစံနှုန်းများအရ အင်အားနည်းသော ပမွှားလေးတစ်ယောက်သာဖြစ်သည်။ ထိုလောချင်းယန်က သူ့ထံမှ မည်သည်ကို အလိုရှိနေခြင်းနည်း။
ကျန်းရီ ကြက်သီးထနေသည်။ အဘယ်ကြောင့် အထက်ဘုံမှ မိန်းမများက ထိုမျှဆာလောင်နေကြခြင်းနည်း။ ပထမတွင် အစ်မမေ့၊ ယခု လောချင်းယန်။ သို့သော် အကယ်၍ ထိုမိန်းမပျိုလေးက အမှန်ပင် ကျန်းရီနှင့် ပျော်ပါးလိုနေခြင်းဆိုလျှင် ကျန်းရီသည် ငြင်းဆန်နေမည် မဟုတ်ချေ။
“အဲ့နတ်ဘုရားအမြစ်တွေကို ယူထားလိုက်ပါ။ အဲ့ဒါက ကျွန်မ ရှင့်ကို အလျော်ပေးတာပဲ”
လောချင်းယန်က လက်ဖက်ရည်ခွက်ကို ပြန်ချ၍ ကျန်းရီအား လပ်စွပ် ထပ်ပေးလိုက်သည်။ ထို့နောက် လေးနက်စွာ ဆက်ပြောလိုက်သည်။
“လော့ဟွမ်ကိုသတ်ရမဲ့ တာဝန်ကို ပေးခဲ့တဲ့သူက ကျွန်မပဲ။ ရှင်က ကျွန်မအတွက် လော့ဟွမ်ကို သတ်ပေးခဲ့တယ်။ အဲ့ဒါရဲ့ ရလဒ်အနေနဲ့ ရှင်က စစ်နတ်ဘုရားစံအိမ်ရဲ့ လော့မျိုးနွယ်ကို အပြစ်ပြုမိခဲ့တယ်။ အခု ရှင်က မျိုးနွယ်စုထဲကတောင် ထွက်လို့မရတော့ဘူး။ ရှင်က အင်အားမြှင့်တင်ဖို့ နတ်ဘုရားအမြစ်တွေ အရေးတကြီး လိုအပ်နေတယ်ဆိုတာကို ကျွန်မ သိပါတယ်။ နတ်ဘုရားအမြစ်တစ်သောင်းဆိုတာ ကျွန်မအတွက် မများပါဘူး။ အဲ့နတ်ဘုရားအမြစ်တွေက ရှင့်ရဲ့ အခက်အခဲကို ပြေလည်စေဖို့ ကျွန်မ မျှော်လင့်ပါတယ်”
ကျန်းရီ မျက်လုံးများ အရောင်တောက်သွားသည်။ ကြည့်ရသည်မှာ ထိုသခင်မလေးကို မည်သည့်အရာမှ ဖုံးကွယ်ထား၍ မရပုံပင်။ ကျန်းရီ၏ ခန့်မှန်းချက်က မှန်ခဲ့ပေသည်။ သူ လော့ဟွမ်ကို သတ်ခဲ့သည့်နေ့တွင် လောချင်းယန်က ရူးသွပ်နတ်ဘုရားရဲတိုက်အနီးတွင်း စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်နိုင်သည်။ သူမသည် လော့ဟွမ်အသတ်ခံရသည်ကို ကိုယ်တိုင်မြင်လိုခဲ့ခြင်းဖြစ်မည်။ ထို့ကြောင့် နောက်ဆုံးအခိုက်အတန့်တွင် သူမက ကျန်းရီကို ဝင်ကူညီခဲ့ခြင်း ဖြစ်ပေမည်။
ရွှီး...
ကျန်းရီ၏ ခန္ဓာကိုယ်က အဖြူရောင်အလင်း တောက်ပသွားပြီး မူလရုပ်သွင် ပြန်ပြောင်းသွားသည်။ သူ မည်သူဖြစ်ကြောင်း ပေါ်သွားပြီဖြစ်၍ ဆက်ရုပ်ဖျက်ထားစရာအကြောင်း မရှိတော့ပေ။ ကျန်းရီသည် ခေတ္တမျှ တွေးတောပြီးနောက် လက်စွပ်ကို ယူ၍ လက်ဆုပ်ကာ ပြောလိုက်သည်။
“ကျေးဇူးအများကြီးတင်ပါတယ် သခင်မလေးလော။ ကျွန်တော်က တကယ်ပဲ နတ်ဘုရားအမြစ်တွေ အသည်းအသန် လိုအပ်နေပါတယ်။ ဒါပေမဲ့ ဒီနတ်ဘုရားအမြစ်တစ်သောင်းကို ကျွန်တော့်ဆီ ချေးလိုက်တယ်လို့ သဘောထားပေးပါ။ ကျွန်တော့်အတွက် တာဝန်ကို ဘယ်သူပေးတယ်ဆိုတာက အရေးမပါပါဘူး။ သခင်မလေးက ကျွန်တော့်ကို ရူးသွပ်နတ်ဘုရားရဲတိုက် အပြင်ဘက်မှာ ကူညီခဲ့တာနဲ့တင် ကျွန်တော်က သခင်မလေးအပေါ် ကျေးဇူးကြွေးတင်နေပါပြီ။ ကျွန်တော် သခင်မလေးရဲ့ အကူအညီကို အလကား ထပ်မယူနိုင်တော့ပါဘူး”
“ရှင်က တကယ့်ကို စိတ်ဓာတ်ခိုင်မာတာပဲ”
လောချင်းယန်က ခပ်သဲ့သဲ့ပြုံးကာ ပြောလိုက်သည်။
“ကျွန်မက ရှင့်လို စိတ်ဓာတ်ခိုင်မာတဲ့လူငယ်တွေကို သဘောကျတယ်။ ရှင် ဒီနတ်ဘုရားအမြစ်တွေကို ပြန်ဆပ်ဖို့ မလိုပါဘူး။ အဲ့အစား... ကျွန်မကို ကိစ္စတစ်ခု ကူညီပေးပေါ့။ အဲ့ကိစ္စကို လုပ်ပြီးသွားရင် ကျွန်မ ရှင့်ကို တိုက်ပွဲအမှတ်တစ်သောင်း ထပ်ပေးမယ်”
‘လာပါပြီဗျာ...’
နောက်ဆုံးတွင် လောချင်းယန်က ရည်ရွယ်ချက်အစစ်အမှန်ကို ထုတ်ပြပေပြီ။ ထိုအခါမှ ကျန်းရီလည်း စိတ်အေးသွားသည်။ သူသည် ဉာဏ်များခြင်းများ၊ လှည့်ဖြားခြင်းများကို မကြိုက်ဆုံးဖြစ်သည်။ အပေးအယူကို ပေါ်ပေါ်ထင်ထင် ဆွေးနွေးခြင်းမျိုးကိုသာ သူ သဘောကျပေသည်။
***