← Chapters

ငါးစာ

Vol. 95 Ch. 1319

ငါးစာ

Vol. 95 Ch. 1319

တိုက်ပွဲအမှတ်တစ်သောင်းသည် မိစ္ဆာသတ်ဖြတ်စစ်သူကြီးအဆင့်သို့ တက်နိုင်ရန် လုံလောက်သည်။ တပ်မှူးဟဲသည် ထွက်မသွားခင်တွင် အကယ်၍ ကျန်းရီက အချိန်တိုအတွင်း မိစ္ဆာသတ်ဖြတ်စစ်သူကြီးအဆင့်သို့ တက်နိုင်ခဲ့လျှင် ကျန်းရှောင်နူကို ရှာနိုင်ရန်အတွက် ကျန်းရီအား ခြင်္သေ့ပြာမြို့သို့ ခေါ်သွားဖို့ အကောင်းဆုံး ကြိုးစားမည်ဟု ဟဲဝေကို ပြောခဲ့သည်။ ထို့ပြင် ကျန်းရီကို သူ့လက်အောက်သို့ ခေါ်သွင်းမည်ဖြစ်သည်။ ထို့ကြောင့် လောချင်းယန်၏ ကမ်းလှမ်းချက်က ကျန်းရီကို အလွန်ဆွဲဆောင်နိုင်နေပေသည်။

လောချင်းယန်၏ တိုက်ပွဲအမှတ်တစ်သောင်းကို မိစ္ဆာသတ်ဖြတ်စံအိမ်က လက်ခံလိုက်သော တာဝန်များမှတဆင့်သာ ရရှိနိုင်မည်ဖြစ်သည်။ တိုက်ပွဲအမှတ်တစ်သောင်းတန်သည့် တာဝန်ကို ထုတ်ပြန်နိုင်ရန် သူမသည် နတ်ဘုရားအမြစ်များစွာ သုံးဆွဲရမည်ဖြစ်သည်။ တာဝန်ကလည်း အလွန်အန္တရာယ်များသော တာဝန် ဖြစ်ပေလိမ့်မည်။ ယင်းက အသက်အန္တရာယ်ပင် ရှိနိုင်သည်။ သို့သော် ကျန်းရီ နားမလည်နိုင်သည်မှာ သူ၏လက်ရှိအင်အားက အလွန်အားနည်းရာ သူက လောချင်းယန်အတွက် မည်သို့ အသုံးဝင်သနည်းဆိုခြင်းပင်။ ကျန်းရီက နတ်သိမ်းငှက်မျိုးနွယ်စုမှ ထွက်သွားသည်နှင့် ချက်ချင်း အသတ်ခံရနိုင်သည်။ သို့မဟုတ် တာဝန်က မျိုးနွယ်စုအတွင်းမှာပင် ထမ်းဆောင်ရမည့် တာဝန် ဖြစ်နေသည်လော။

ကျန်းရီသည် ဟိုဟိုဒီဒီတွေးတောကာ မျက်နှာသေဖြင့် မေးလိုက်သည်။

“သခင်မလေးလော... အခု ကျွန်တော်က အရမ်းအင်အားနည်းနေပါတယ်။ ကျွန်တော် သခင်မလေးကို စိတ်ပျက်စေမိမှာ စိုးပါတယ်။ သခင်မလေးက ဒီလောက်အဆင့်အတန်း မြင့်တာပဲ.. သခင်မလေး တစ်ခုခု အလိုရှိရင် ကူညီပေးချင်တဲ့သူတွေ အများကြီး ရှိမှာပါ။ ဘာလို့ သခင်မလေးက ကျွန်တော့်ကို အကူအညီတောင်းရလဲဆိုတာကို ကျွန်တော် နားမလည်နိုင်ပါဘူး”

“ဘာလို့ဆို အဲ့တာဝန်ကို ရှင်ပဲ လုပ်နိုင်မှာမလို့ပဲ”

လောချင်းယန်က တည့်တိုးသာ ပြောလိုက်သည်။

“ကျွန်မ ရှင့်ကို မျိုးနွယ်စုအပြင်ဘက် ထွက်စေချင်တယ်။ ရှင် မျိုးနွယ်စု အပြင်ဘက် ရောက်သွားရင် လော့ထင်က ရှင့်ကို လိုက်သတ်မှာပဲ။ အဲ့ဒါရင် ကျွန်မက ထောင်ချောက်ဆင်ပြီး အဲ့‌လော့ထင်ကို သတ်ပစ်လိုက်မယ်။ သူက ရှင့်ကို ကိုယ်တိုင်သတ်ရမှာလို့ နတ်သိမ်းငှက်မြို့ထဲမှာ လျှောက်ပြောနေတယ်။ အဲ့တော့ ဒီတာဝန်ကို ရှင်ပဲ ကျွန်မကို ကူညီပေးနိုင်မှာ”

‘အဲ့လိုကိုး...’

နောက်ဆုံးတွင် ကျန်းရီ နားလည်သွားပေပြီ။ သူက ငါးစာ ဖြစ်ပေးရမည် ဖြစ်ခြင်းပင်။ ယင်းမှာ အမှန်ပင် သူသာ လုပ်နိုင်သော အရာဖြစ်သည်။ လောချင်းယန်က မှောင်ခိုဈေးသို့ ကိုယ်တိုင်သွား၍ သူ့ကို လာရှာခဲ့ခြင်းမှာ အံ့ဩစရာ မရှိတော့ပေ။ ကျန်းရီသည် ခေတ္တတွေးတောပြီးနောက် စိတ်ဝင်တစား မေးလိုက်သည်။

“လော့ထင်က လော့ဟွမ်ရဲ့ အစ်ကိုလား။ ဘာလို့ သခင်မလေးက သူတို့နှစ်ယောက်စလုံးကို သတ်ချင်နေရတာလဲ။ အဲ.. တကယ်လို့ သခင်မလေးက မဖြေချင်ဘူးဆိုရင်လည်း ကျွန်တော် မမေးခဲ့ဘူးလို့ပဲ သတ်မှတ်လိုက်ပါ”

လောချင်းယန်၏ မျက်ဝန်းများထဲတွင် အမုန်းတရားများ ထွက်ပေါ်လာသည်။ ထို့နောက် သူမက မျက်လုံးမှိတ်ကာ ခါးသက်သက် ပြောလိုက်သည်။

“လော့ထင်က လော့ဟွမ်ရဲ့ အစ်ကိုအရင်းပဲ။ ကျွန်မက ဘာလို့ သူတို့ကို သတ်ချင်ရတာလဲဆိုတာကတော့... သူတို့က ကျွန်မကို အဓမ္မကျင့်လုနီးပါး လုပ်ခဲ့လို့ပဲ။ ဒါပေမဲ့ သူတို့ရဲ့ နောက်မှာ စစ်နတ်ဘုရားစံအိမ်ရဲ့ လော့မျိုးနွယ်ခေါင်းဆောင် လော့ဖူးရှိနေတော့ ကျွန်မက သူတို့ကို ပေါ်ပေါ်ထင်ထင် သတ်လို့ မရဘူး။ အရိပ်ထဲကနေပဲ လုပ်လို့ရတယ်။ လော့ဟွမ်ရဲ့ အကျင့်စရိုက်ကို ရှင် သိမှာပါ.. ဟုတ်တယ်မလား။ လော့ထင်က လော့ဟွမ်ထက် ဆယ်ဆပိုဆိုးတယ်”

“ကျွန်တော် သိပါပြီ...”

ကျန်းရီ ခေါင်းညိတ်လိုက်သည်။ ထိုကိစ္စမှာ အလွန်ရှင်းလင်းသွားပေပြီ။ လော့ဖူက နတ်သိမ်းငှက်မြို့၏ စစ်နတ်ဘုရားစံအိမ်အရှင်ဖြစ်သည်။ လောချင်းယန်၏ အဖေသည်ပင် စစ်နတ်ဘုရားစံအိမ်မှ လော့မျိုးနွယ်ကို မည်သို့မှ မလုပ်နိုင်ပေ။ ထို့ကြောင့် လောချင်းယန်က ပေါ်ပေါ်ထင်ထင် မပြုမူဝံ့ခြင်းဖြစ်သည်။ ခြေရာလက်ရာ ကျန်ခဲ့လျှင် သူမ၏မျိုးနွယ်က ပြဿနာတက်သွားနိုင်သည်။ ထို့ကြောင့် သူမသည် သူမဘာသာ လက်စားချေရန် လုပ်နေခြင်း ဖြစ်မည်။ ကျန်းရီသည် လော့ဟွမ်တို့လို့ လူစားများ၏ အကျင့်စရိုက်ကို ကောင်းစွာ သိသည်။ အကယ်၍ လော့ထင်က လော့ဟွမ်ထက် ဆယ်ဆပိုဆိုးသည်ဆိုလျှင် ကျန်းရီသည် လော့ထင်ကို သတ်ပစ်ရန် ဝန်မလေးပေ။

ကျန်းရီသည် အတော်ကြာ တွေးတောပြီးနောက် ခေါင်းမော့ကာ လောချင်းယန်၏ လှပသော မျက်နှာလေးကို ကြည့်၍ ပြောလိုက်သည်။

“သခင်မလေးလော.. သခင်မလေးက ကျွန်တော့်ကို အဲ့လောက်ယုံတယ်လား။ ကျွန်တော်က ဒီအကြောင်းတွေကို ဖွလိုက်မှာ မကြောက်ဘူးလား”

“ရှင် လုပ်မှာ မဟုတ်ပါဘူး”

လောချင်းယန်က ကျန်းရီကို လေးနက်စွာ ကြည့်၍ ပြောလိုက်၏။

“ရှင်က ဖြောင့်မတ်တဲ့သူပါ.. ကျွန်မအဖေလို လူစားမျိုးပဲ။ ကျွန်မရဲ့ လူအကဲခတ်မှုက မမှားပါဘူး”

နတ်မိမယ်တစ်မျှ လှပသော မိန်းမပျိုလေး၏ ထိုမျှယုံကြည်မှုကို ခံရလျှင် ယောက်ျားတိုင်း ဝမ်းမြောက်ကြမည်သာ။ ကျန်းရီကလည်း ယောက်ျားတစ်ယောက်သာ ဖြစ်၍ ရင်ထဲတွင် ဂုဏ်ယူစိတ်များ ပြည့်တက်လာသည်။ သူသည် ချက်ချင်း လက်ခံလိုက်တော့မလိုပင် ဖြစ်သွားသည်။ ယောက်ျားတစ်ယောက်သည် မိတ်ဆွေရင်းများအတွက် အသက်စွန့်နိုင်သည်။ ထို့ပြင် ယောက်ျားဆိုသည်မှာ အလျင်စလို လုပ်တတ်သူများဖြစ်ပြီး လှပသော မိန်းမတစ်ယောက်အတွက်ဆိုလျှင် ဓားတောင်ကိုကျော်၍ မီးပင်လယ်ဖြတ်နိုင်သူများ ဖြစ်ပေသည်။

‘ဒီမိန်းကလေးသာ စိတ်နှလုံးဖြူစင်ပြီး လူကဲခတ်တော်တဲ့သူတစ်ယောက် မဟုတ်ဘူးဆိုရင် ဒုတိယကျီထင်ယွီ ဖြစ်လာမှာပဲ’

ကျန်းရီသည် ထိုသို့တွေးမိသောအခါ ချက်ချင်း စိတ်တည်ငြိမ်သွားသည်။ သို့သော် လောချင်းယန်က ဒုတိယကျီထင်ယွီ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကျန်းရီသည် များစွာအရေးစိုက်နိုင်သော အခြေအနေတွင် ရှိမနေပေ။ ထို့ကြောင့် သူ သိလိုသည်ကိုသာ လေသံတိုးတိုးဖြင့် မေးလိုက်သည်။

“သခင်မလေးလော... ကျွန်တော့်ရဲ့ စွမ်းရည်တွေက အားနည်းလွန်းပါတယ်။ ကျွန်တော် မျိုးနွယ်စုထဲက ထွက်လိုက်တာနဲ့ ချက်ချင်း အသတ်ခံရမှာပါ။ အဲ့လိုဖြစ်လာရင် လော့ထင်က သခင်မလေးရဲ့ ထောင်ချောက်ထဲကို ရောက်တော့မှာ မဟုတ်ပါဘူး။ အဲ့တော့ ကျွန်တော် အလိုက်အထိုက် လုပ်ဆောင်လို့ ရအောင် သခင်မလေးရဲ့ အစီအစဉ်ကို သိထားချင်ပါတယ်။ ပြီးတော့... ကျွန်တော် ရှင်းရှင်းပဲ ပြောထားပါမယ်.. ဒီတစ်ခေါက် ကျွန်တော် သေသွားလို့ရှိရင် နတ်ဘုရားအမြစ်တွေ၊ တိုက်ပွဲအမှတ်တွေက ကျွန်တော့်အတွက် အသုံးဝင်တော့မှာ မဟုတ်ပါဘူး”

“ရှင်က ဉာဏ်ကောင်းတာပဲ”

လောချင်းယန်သည် ပြုံး၍ ကျန်းရီကို လေးစားစွာ ကြည့်လိုက်သည်။

“ကျွန်မက ထောင်ချောက်ဆင်ပြီးထားပါပြီ... ရှင် မသေစေရပါဘူး။ လော့ထင်ကလည်း ငါးစားကို ဟပ်မယ်ဆိုတာ ကျွန်မ သေချာသိပါတယ်။ ရှင့်မှာ ရုပ်သွင်ကို ပြောင်းလဲနိုင်တဲ့ အရမ်းထူးခြားတဲ့ ဆန်းကြယ်စွမ်းရည်တစ်ခု ရှိတယ်မလား...”

“ဒါပေမဲ့ ရှင့်ရဲ့ စိတ်ဝိညာဉ်က အရမ်းအားနည်းလွန်းနေတယ်။ စိတ်ဝိညာဉ် သန်မာတဲ့ နတ်ဘုရားစစ်သူကြီးတိုင်းက ရှင်ရုပ်ဖျက်ထားတာကို တန်းသိနိုင်တယ်။ ကျွန်မမှာ ရှင့်ရဲ့ စိတ်ဝိညာဉ်ကို နတ်ဘုရားစစ်သူကြီး အထွတ်အထိပ်အဆင့်အထိ ယာယီမြှင့်တင်ပေးနိုင်မဲ့ အမြစ်မဲ့ရေစင်တစ်ပုလင်း ရှိတယ်။ စိတ်ဝိညာဉ်အားကောင်းတဲ့ နတ်ဘုရားဘုရင်တွေကလွဲပြီး တခြားလူတွေက ရှင်ရုပ်ဖျက်ထားတာကို ဖောက်မြင်နိုင်တော့မှာ မဟုတ်ဘူး...”

“ပြီးတော့ ကျွန်မမှာ အမြစ်ဆေးလုံးလည်း ရှိတယ်။ အဲ့ဆေးလုံးကလည်း ရှင့်ရဲ့ ရုပ်ခန္ဓာအင်အားကို နတ်ဘုရားစစ်သူကြီး အထွတ်အထိပ်အဆင့်အထိ မြှင့်တင်ပေးနိုင်တယ်။ အဲ့တော့ ရှင်ရဲ့ အမြန်နှုန်းက အရမ်းမြန်သွားမှာပါ။ အဲ့နှစ်ခုနဲ့ဆိုရင် ရှင်ရဲ့ အသက်ရှင်နိုင်ခြေက အများကြီး ပိုမြင့်သွားလိမ့်မယ်။ ဒါပေမဲ့ ရှင် သေချာပေါက် အသက်ရှင်လိမ့်မယ်လို့တော့ ကျွန်မ အာမမခံနိုင်ဘူး။ အရာအားလုံးက ရှင့်ရဲ့ ကံတရားအပေါ် မူတည်တယ်...”

“ကျွန်မရဲ့ အစီအစဉ်ကတော့ အရမ်းရိုးရှင်းပါတယ်။ ရှင်က လော့ထင်ကို တောင်ဘက်မှာရှိတဲ့ မိစ္ဆာမီးတောက်တောင်ဆီ မျှားခေါ်ခဲ့ဖို့ပါပဲ။ အို့.. ဟုတ်သား... ရှင် အဲ့တောင်ကို အရင်က ရောက်ခဲ့ဖူးတယ်လေ။ အဲ့တောင်က ကျီယန်မျိုးနွယ်စုရဲ့ အရှေ့မြောက်ဘက် ကီလိုမီတာငါးသောင်းအကွာမှာပဲ။ ကျွန်မက ရှင့်ကို အဲ့နေရာရဲ့ မြေပုံလည်း ပေးလိုက်မှာပါ။ မိစ္ဆာမီးတောက်တောင်ထဲမှာ မိစ္ဆာမီးတောက်တွေ ရှိတယ်။ အဲ့ဒါကြောင့် အဲ့တောင်မှာ ရှေးဦးအဆင့် မီးဓာတ်ဟွင့်သွမ့်သားရဲတွေ ရှိတယ်...”

“မကြာသေးခင်က ကျွန်မ သတင်းတစ်ခု ရခဲ့တယ်... အဲ့က ရှေးဦးအဆင့် ဟွင့်သွမ့်သားရဲတစ်ကောင်က ဆင့်ကဲပြောင်းလဲပြီး ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲဖြစ်သွားတယ်တဲ့။ ‌လော့ထင်သာ အဲ့တောင်ကို သွားရင် သေချာပေါက် သေမှာပဲ။ ရှင့်ရဲ့ လုံခြုံရေးအတွက်တော့ စိတ်ချပါ။ အဲ့တောင်တစ်ဝိုက်မှာ ကျွန်မရဲ့ လူတွေ စောင့်နေမှာပါ။ ရှင် လော့ထင်ကို အဲ့တောင်ဆီ မျှားခေါ်ပြီးသွားတာနဲ့ ကျွန်မရဲ့ လူတွေက ရှင့်ကို လာတွေ့ပြီး မျိုးနွယ်စုထဲ ပြန်ခေါ်လာပေးမှာပါ”

လောချင်းယန်သည် မည်သည့်အရာကိုမှ လျှို့ဝှက်မထားခဲ့ပေ။ သူမက ကျန်းရီအား အစီအစဉ်တစ်ခုလုံးကို ရှင်းပြလိုက်သည်။ သူမတွင် ရွေးချယ်စရာ မရှိတော့သည့်ပုံပင်။ သူမက အစီအစဉ်ကို သေချာမပြောပြ၍ ကျန်းရီက ပူးပေါင်းရန် ငြင်းလိုက်လျှင် ထိုထောင်ချောက်မှာ အလကားဖြစ်သွားမည် မဟုတ်ပါလော။ လော့ထင်က သေချာပေါက် သူ၏ကိုယ်ရံတော်များ ခေါ်လာမည်ဖြစ်သည်။ သို့ဖြစ်၍ သူက မိစ္ဆာမီးတောက်တောင်ထဲ မဝင်လျှင်၊ ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲနှင့် မတွေ့လျှင် သေမည်မဟုတ်ပေ။

အငှားဓားဖြင့် လူသတ်ခြင်း...

ထိုအစီအစဉ်မှာ သေချာကြံစည်ထားသော အစီအစဉ်တစ်ခုပင်။ စစ်နတ်ဘုရားစံအိမ်က ထိုကိစ္စကို စစ်ဆေးမည်ဆိုလျှင်ပင် လောချင်းယန်ကို ခြေရာခံနိုင်မည် မဟုတ်ချေ။ လော့ဖူက ထိုကိစ္စ၏ နောက်ကွယ်မှ ကြိုးကိုင်သူမှာ လောချင်းယန်ဖြစ်ရမည်ဟု ခန့်မှန်းမိလျှင်ပင် သက်သေအထောက်အထား မရှိဘဲနှင့် မည်သို့မှ လုပ်နိုင်မည် မဟုတ်ပေ။ လောမျိုးနွယ်ကလည်း အင်အားမနည်းပါချေ။ ထို့ကြောင့် မျိုးနွယ်နှစ်ခုသည် အလွယ်တကူ ထိပ်တိုက်တွေ့မည် မဟုတ်ပေ။

ထို့ပြင် ၎င်းအစီအစဉ်က ကျန်းရီအတွက်လည်း ထည့်တွက်ထားသည်။ ကျန်းရီက လော့ထင်တို့ကို မိစ္ဆာမီးတောက်တောင်သို့ မျှားခေါ်ပြီးသည်နှင့် နတ်သိမ်းငှက်မျိုးနွယ်စုသို့ ချက်ချင်း ပြန်ခေါ်သွားခံရမည်ဖြစ်သည်။ အပေါ်ယံတွင် ထိုအစီအစဉ်က ဟာကွက်ကင်းသည်ဟု ထင်ရသည်။ ကျန်းရီနေရာတွင် အခြားသူတစ်ယောက်ဆိုပါက ထိုအစီအစဉ်ကို လုပ်ဆောင်ရန် သေချာပေါက် စိတ်လှုပ်ရှားနေမည်ဖြစ်သည်။

‘ဒီအစီအစဉ်ကို လောချင်းယန် ဆွဲထားတာဆိုရင် သူက အရမ်းကြောက်ဖို့ကောင်းတဲ့သူတစ်ယောက်ပဲ။ သူ့ရဲ့ ကြံစည်နိုင်စွမ်းက ကျီထင်ယွီထက် မနိမ့်ဘူး’

ကျန်းရီသည် ရင်ထဲမှ သက်ပြင်းချလိုက်သည်။ ထို့နောက် ခေါင်းငုံ့ကာ မိနစ်အနည်းငယ်မျှ တွေးတောလိုက်သည်။ ပြီးမှ ရုတ်တရက် ခေါင်းမော့၍ လောချင်းယန်၏ လှပသော မျက်ဝန်းများကို စိုက်ကြည့်ကာ နှစ်လိုဖွယ်မထီပြုံး ပြုံးလိုက်လေသည်။

ကျန်းရီက နတ်ဆိုးအပြုံးကို အသုံးပြုလိုက်ခြင်းပင်။ လောချင်းယန်သည် အမှန်ပင် မှင်တက်သွားပြီး ခေတ္တမျှ အသိစိတ်လွတ်သွားသည်။ ကျန်းရီသည် ယင်းကို အခွင့်ကောင်းယူ၍ ချက်ချင်း ဆွဲဆောင်မှုရှိသောလေသံဖြင့် မေးလိုက်လေသည်။

“သခင်မလေးလော... ကျွန်တော်က အသုံးမဝင်တော့ဘူးဆိုရင် ကျွန်တော့်ကို ကန်ထုတ်မှာတော့ မဟုတ်ပါဘူးနော်”

လောချင်းယန်၏ မျက်လုံးများက အရောင်လက်သွား၏။ သူမ အသိပြန်ကပ်လာပေပြီ။ သို့သော် သူမသည် အသက်ရှူမြန်ကာ ရင်တုန်နေဆဲဖြစ်ပြီး ကျန်းရီ၏ မေးခွန်းကိုလည်း မည်သို့ ပြန်ဖြေရမည်မသိ ဖြစ်နေပေသည်။ ကျန်းရီ၏ အပြုံးက ပိုထင်ရှားလာပြီး ရယ်သံကလည်း ပိုကျယ်လာသည်။ သူက အရူးတစ်ယောက်လိုပင် ထင်လာရသည်။ သူသည် လောချင်းယန်၏ အဖြေကို မစောင့်ဘဲ ကျယ်လောင်စွာ ရယ်၍ ဆက်ပြောလိုက်သည်။

“ဟားဟား.. ကျွန်တော်က သခင်မလေးလောကို စလိုက်တာပါ။ ကျွန်တော် သခင်မလေးရဲ့ ကိုယ်ကျင့်တရားကို ယုံကြည်ပါတယ်။ သခင်မလေးလည်း ကျွန်တော့်ကို ယုံကြည်စေချင်တယ်။ ကျွန်တော် ဒီအစီအစဉ်ကို သေချာပေါက် လှလှပပ လုပ်ဆောင်မှာပါ။ သခင်မလေးသာ ကျွန်တော့်ကို လိုအပ်တာတွေ ပေးမယ်ဆိုရင် ဘာပြဿနာမှရှိမှာ မဟုတ်ပါဘူး။ လော့ထင် သေစေရမယ်လို့လည်း ကျွန်တော် အာမခံပါတယ်”

လောချင်းယန်၏ တုံ့ဆိုင်းခဲ့မှုက ဤအခြေအနေမှာ သေရမည့်အခြေအနေဖြစ်ကြောင်း ကျန်းရီကို သိသွားစေခဲ့သည်။ ကျန်းရီက သေရမည်ဖြစ်သည်။ မိစ္ဆာမီးတောက်တောင်တွင် သူ့ကို လာတွေ့မည့်လူ တစ်ယောက်မှ ရှိမနေလောက်ပေ။ ရှိနေလျှင်ပင် ထိုလူက ကျန်းရီကို သေလမ်းသို့ ပို့ပေးမည့်သူသာ ဖြစ်နိုင်သည်။ ကျန်းရီကို အသက်ရှင်ခွင့်ပေး၍ မဖြစ်ချေ။ အကယ်၍ သူက စစ်နတ်ဘုရားစံအိမ်၏ လက်ထဲသို့ ရောက်သွားလျှင် ခိုင်မာသော သက်သေအထောက်အထား ဖြစ်သွားပေလိမ့်မည်။

သို့ပင်လျှင်...

ကျန်းရီသည် သူ့အပေါ်သူ လောင်းကြေးထပ်လိုနေသေးသည်။ တိုက်ပွဲအမှတ်တစ်သောင်းက အလွန်ဆွဲဆောင်မှု ရှိပေသည်။ ထို့ပြင် သေရမည့်အခြေအနေက သူ့အတွက် အခွင့်အရေးတစ်ခုလည်း ဖြစ်သည်။ မိစ္ဆာမီးတောက်တောင်မှ ဟွင့်သွမ့်သားရဲများက မီးဓာတ်ဟွင့်သွမ့်သားရဲများဖြစ်သည်။ ကျန်းရီသည် မီးကို လုံးဝမကြောက်ပေ။

လောချင်းယန်က ဖူးပွင့်စ ပန်းလေးတစ်ပွင့်ကဲ့သို့ လှပစွာပြုံး၍ ထရပ်ကာ အလေးအနက် ပြောလိုက်သည်။

“သခင်လေး အောင်အောင်မြင်မြင်၊ ဘေးကင်းကင်းနဲ့ ပြန်လာတာကို ချင်းယန် စောင့်နေပါမယ်”

***

All Chapters