← Chapters

ပုန်းကွယ်ခြင်းအတတ်

Vol. 95 Ch. 1320

ပုန်းကွယ်ခြင်းအတတ်

Vol. 95 Ch. 1320

ကျန်းရီသည် ဘုန်းကြီးအိုအသွင် ပြန်ပြောင်း၍ စံအိမ်ထဲမှ ထွက်ကာ မျိုးနွယ်စုတောင်ပိုင်းသို့ ပြန်သွားလိုက်သည်။ သူသည် မျိုးနွယ်စုတောင်ပိုင်းတွင် အကြိမ်အနည်းငယ် ရုပ်ထပ်ပြောင်းလိုက်ပြီး နောက်ဆုံး၌ အနက်ရောင်နတ်ဘုရား၏ ရုပ်သွင်အဖြစ် ပြောင်းကာ သူ့အိမ်သို့ ပြန်သွားလိုက်လေသည်။

ကျန်းရီ၏အိမ် အနီးတွင် ထောက်လှမ်းရေးများစွာ ရှိနေသည်။ စစ်နတ်ဘုရားစံအိမ်၏ လောမျိုးနွယ်မှ လူများက သူ အပြင်ထွက်သွားသည်ကို သိထားပြီလော၊ မသိထားသေးဘူးလောကို ကျန်းရီ မသိပေ။ သို့သော် သူက လောချင်းယန်၏ စံအိမ်သို့ ရောက်ခဲ့သည်ဆိုသောသတင်း ပေါက်ကြားသွားမည်ကိုမူ သူ စိုးရိမ်ရန် မလိုချေ။ လောချင်းယန်က အလွန်ဉာဏ်ကောင်းသူတစ်ယောက် ဖြစ်သည်။ သူမသည် ဟာကွက်မရှိစေရန် ပြင်ဆင်ထားပြီးလောက်ပေပြီ။

အိမ်သို့ ပြန်ရောက်သောအခါ အနက်ရောင်နတ်ဘုရားက စိုးရိမ်တကြီး စောင့်ဆိုင်းနေသည်ကို တွေ့ရသည်။ ကျန်းရီက ဘေးကင်းကင်းနှင့် အိမ်ထဲဝင်လာသည်ကို တွေ့လိုက်ရမှ သူ စိတ်အေးသွားသည်။ သူသည် ဖြစ်ပျက်ခဲ့သည်များကို မသိသော်လည်း ယနေ့တွင် ကျန်းရီ၏ ထူးဆန်းသော လှုပ်ရှားမှုများကြောင့် တစ်စုံတစ်ခု ဖြစ်နေပြီဖြစ်ကြောင်း ခန့်မှန်းမိပေသည်။

“ဘာအရေးကြီးကိစ္စမှ မဟုတ်ပါဘူး။ ပြန်ပြီး ကျင့်ကြံနေလိုက်ပါ”

ကျန်းရီသည် ရှင်းမပြလိုပေ။ အနက်ရောင်နတ်ဘုရားက သူ့အခန်းသို့ တိတ်တဆိတ် ပြန်သွားပြီး ကျန်းရီက ပင်မခန်းမသို့ သွားကာ တစ်နာရီမျှ တိတ်ဆိတ်စွာ ထိုင်နေလိုက်သည်။ သူသည် ဖြစ်ပျက်ခဲ့သည်များကို ခေါင်းထဲတွင် အကြိ်မအနည်းငယ် ပြန်တွေးကြည့်နေသည်။ ထို့နောက် သူ၏မူလရုပ်သွင်ကို ပြန်ပြောင်းကာ မိစ္ဆာသတ်ဖြတ်စံအိမ်၏ ရဲတိုက်ဆီသို့ ရဲရင့်သော ခြေလှမ်းများဖြင့် လျှောက်သွားလိုက်လေသည်။

“ကျန်းရီ... ဘာဖြစ်ခဲ့သေးလဲ”

ဟဲဝေက ရဲတိုက်တွင် စောင့်ဆိုင်းနေသည်။ ကျန်းရီသည် ဟဲဝေအား ဖြစ်ပျက်ခဲ့သည်များကို ပြောမပြလိုသဖြင့် ခပ်သဲ့သဲ့ပြုံး၍သာ ပြောလိုက်သည်။

“အားလုံး အဆင်ပြေပါတယ်။ ကျွန်တော်က သူ့ကို အမှန်အတိုင်း ပြောပြလိုက်တာ။ သူက ကျွန်တော့်ကို အခက်တွေ့အောင် မလုပ်ပါဘူး။ အစ်ကိုရော တပ်မှူးဟဲရဲ့ မြေးတစ်ဝမ်းကွဲကို အမှန်အတိုင်း ပြောလိုက်သေးလား”

“ဟင့်အင်း... မပြောလိုက်ဘူး”

ဟဲဝေက ခေါင်းခါသည်။ ထို့နောက် လက်မထောင်ကာ ဆက်ပြောလေသည်။

“မင်းက အထင်ကြီးစရာပဲ။ ကျမ်းစာအုပ်အတုလုပ်ပြီး လိမ်ဖို့ စဉ်းစားရဲတယ်ပေါ့လေ။ အခု ညီလေးလျှိုက စိတ်ပျက်နေတုန်းပဲ”

“ထားလိုက်ပါတော့... သူ့ကို အမှန်အတိုင်း မပြောဘဲ နေကြတာပေါ့”

ကျန်းရီက ခါးသက်သက် ပြုံးလိုက်၏။ ထို့နောက် သူ အလေးအနက် မေးလိုက်သည်။

“မိစ္ဆာသားရဲတစ်ကောင်က မိစ္ဆာနတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်ဖို့ ဘာတွေ လိုအပ်လဲ”

ကျန်းရီသည် ဤတစ်ခေါက်တွင် အသက်ရှင်လျက် ပြန်လာချင်မှ ပြန်လာနိုင်မည်ဖြစ်သည်။ ထို့ကြောင့် အနက်ရောင်နတ်ဘုရားအတွက် တစ်ခုခု ချန်ပေးခဲ့ရပေမည်။ ဟဲဝေက တွေးတောကာ ပြန်ဖြေသည်။

“အဲ့ဒါက ရိုးရှင်းပါတယ်။ အထက်ဘုံမှာရှိတဲ့ မိုးမြေဝိညာဉ်စွမ်းအင်က မိစ္ဆာသားရဲတွေကို မိစ္ဆာနတ်ဘုရားဖြစ်သွားအောင် အလွယ်တကူ ပြောင်းပေးနိုင်တယ်။ မင်း ဆန်းကြယ်စွမ်းရည်ခန်းမကို သွားပြီး ကြိုက်တဲ့မိစ္ဆာမျိုးနွယ်တစ်ခုရဲ့ ကျင့်စဉ်တစ်ခုကို ဝယ်လိုက်ရင်ရပြီ။ အဲ့ဒါဆို မင်းရဲ့ မိစ္ဆာသားရဲက မိစ္ဆာနတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်မှာပဲ။ သူက မိစ္ဆာကျင့်စဉ်တစ်ခုကို အချိန်တစ်ခု ကျင့်ကြံလိုက်မယ်ဆိုရင် သေချာပေါက် အဆင့်တက်နိုင်မှာပါ”

“ကျေးဇူးအများကြီးတင်ပါတယ်... ကျွန်တော် သွားကြည့်လိုက်ပါမယ်။ အစ်ကိုဟဲ... ကျွန်တော် လုပ်စရာရှိတာတွေ လုပ်ပြီးမှ အစ်ကို့ကို ထပ်လာရှာပါတော့မယ်”

ကျန်းရီသည် လက်ဆုပ်ကာ နှုတ်ဆက်လိုက်သည်။ ဟဲဝေကလည်း ခေါင်းညိတ်ကာ ထွက်သွားသည်။ ထိုစဉ် ကျန်းရီက ရုတ်တရက် အော်ပြောလိုက်သည်။

“အစ်ကိုဟဲ... အထက်ဘုံမှာ အစ်ကိုက ကျွန်တော့်ရဲ့ တစ်ဦးတည်းသော မိတ်ဆွေပဲ။ အခုရော နောင်ပါ အစ်ကိုက ကျွန်တော့်ရဲ့မိတ်ဆွေ ဖြစ်နေမှာပါ”

“ဟားဟားဟား...”

ဟဲဝေက ကျယ်လောင်စွာ ရယ်လိုက်ပြီး လက်ပြနှုတ်ဆက်၍ ထွက်သွားလေသည်။ သူသည် ထွက်မသွားခင်တွင် ပြောခဲ့သေးသည်။

“ကောင်လေး... အဲ့လိုတွေ မပြောနဲ့။ ငါက ယောက်ျားတွေကို စိတ်မဝင်စားဘူး...”

“ဟင်းဟင်း...”

ကျန်းရီသည် ဟဲဝေ၏ နောက်ကျောပြင်ကို ကြည့်ကာ ရေရွတ်လိုက်သည်။

“အစ်ကိုဟဲဝေ.... ဒီတစ်ခေါက် ကျွန်‌တော် မသေခဲ့ဘဲ၊ တစ်နေ့မှာ အင်အာကြီးလာမယ်ဆိုရင် အစ်ကို့ရဲ့ ကြင်နာမှုကို မေ့မှာ မဟုတ်ပါဘူး”

ထို့နောက် ကျန်းရီသည် ဆန်းကြယ်စွမ်းရည်ခန်းမသို့ သွားလိုက်သည်။ သူသည် နတ်ဘုရားအမြစ်နှစ်ထောင် သုံး၍ အနက်ရောင်နတ်ဘုရားအတွက် မိစ္ဆာမျိုးနွယ်တစ်ခု၏ လျှို့ဝှက်ကျင့်စဉ်ကျမ်းတစ်ခု ဝယ်ယူလိုက်၏။ ထိုလျှို့ဝှက်ကျင့်စဉ်ကျမ်းနှင့်ဆိုလျှင် အနက်ရောင်နတ်ဘုရားက မိစ္ဆာနတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်လောက်ပေသည်။ ထိုအခါကျလျှင် အနက်ရောင်နတ်ဘုရားသည် လူသားတစ်ယောက်အဖြစ် ပြောင်းလဲကာ အထက်ဘုံတွင် ပိုကောင်းသောဘဝကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။

ကျန်းရီသည် ဆန်းကြယ်စွမ်းရည်ခန်းထဲရှိ ဒုတိယထပ်သို့ ဆက်သွားကာ လျှို့ဝှက်အတတ်တစ်ခု ပါသော အဝါရောင်သန်းနေသည့် ရှေးဟောင်းစာအုပ်တစ်အုပ်ကိုလည်း ဝယ်လိုက်သည်။ ထိုလျှို့ဝှက်အတတ်မှာ ‘ပုန်းကွယ်ခြင်းအတတ်’ဖြစ်သည်။ ၎င်းသည် အသုံးပြုသူကို ပုတ်သင်ညိုတစ်ကောင်ကဲ့သို့ ပတ်ဝန်းကျင်နှင့် တစ်သားတည်းဖြစ်သွားစေသည်။ သူ မလှုပ်သ၍ ဆယ်မိနစ်အတွင်း ပုန်းအောင်းနေနိုင်မည်ဖြစ်သည်။ အားကောင်းသောစိတ်ဝိညာဉ် မရှိသူများသည် သူ့ကို လုံးဝတွေ့နိုင်မည် မဟုတ်ချေ။

အသုံးပြုသူ၏ စိတ်ဝိညာဉ်က သန်မာလေလေ၊ ထိုလျှို့ဝှက်အတတ်က ပိုစွမ်းအားကြီးလာလေလေပင်။ ကျန်းရီသည် လောချင်းယန်ထံမှ ‘အမြစ်မဲ့ရေစင်’ကို ရလိုက်ကတည်းက ထိုလျှို့ဝှက်အတတ်အကြောင်းကို ချက်ချင်း တွေးခဲ့မိသည်။ အမြစ်မဲ့ရေစင်က အသုံးပြုသူ၏ စိတ်ဝိညာဉ်ကို ယာယီသန်မာသွားအောင် လုပ်ပေးနိုင်သည်။ ယင်းကို ‘ပုန်းကွယ်ခြင်းအတတ်’နှင့် ပေါင်းစည်းလိုက်လျှင် ထွက်ပြေးရန် အကောင်းဆုံးနည်းလမ်း ဖြစ်သွားမည်ဖြစ်သည်။ ကျန်းရီသာ ထိုပုန်းကွယ်ခြင်းအတတ်ကို တတ်မြောက်သွားမည်ဆိုလျှင် အသက်ရှင်နိုင်ရန် အခွင့်အရေးပိုများသွားပေလိမ့်မည်။

ပုန်းကွယ်ခြင်းအတတ်က တိုက်ပွဲအမှတ်သုံးထောင် သို့မဟုတ် နတ်ဘုရားအမြစ်ခြောက်ထောင် တန်ပေသည်။ သို့သော် ကျန်းရီသည် မျက်တောင်တစ်ချက်မခတ်ဘဲ နတ်ဘုရားအမြစ်ခြောက်ထောင်ကိုသုံးကာ ထိုလျှို့ဝှက်အတတ်ကို ဝယ်လိုက်သည်။ နတ်ဘုရားအမြစ်များက အရေးပါသော်လည်း ကျန်းရီ အသက်ဆုံးရှုံးသွားမည်ဆိုလျှင် ၎င်းတို့က မည်သို့မှ အသုံးဝင်တော့မည် မဟုတ်ချေ။ ထို့ကြောင့် သူသည် အလွန်ရက်ရောစွာ သုံးစွဲနေခြင်း ဖြစ်ပေသည်။

ကျန်းရီသည် ပုန်းကွယ်ခြင်းအတတ်ကို ဝယ်ယူပြီးနောက် ပစ္စည်းခန်းမသို့ သွားကာ လိုအပ်သည့်ပစ္စည်းများ ဝယ်လိုက်သည်။ ဥပမာအားဖြင့် သေလောက်သော အဆိပ်များ၊ မိုးကြိုးသွားကျောက်တုံးဟုခေါ်သော အထူးကျောက်တုံးများ စသည်ဖြင့် ဖြစ်သည်။ ထိုမိုးကြိုးသွားကျောက်တုံးများကို အတော်ဆုံး လက်မှုပညာရှင်များကို ပြုလုပ်ထားခြင်းဖြစ်ပြီး ၎င်းကျောက်တုံးများတွင် ရှုပ်ထွေးသော အကန့်အသတ်များနှင့် နတ်ဘုရားအစီအရင်များ ပါဝင်ပေသည်။ ထို့ပြင် စွမ်းအားပမာဏများစွာလည်း ပါဝင်သည်။ ၎င်းနှင့် အပစ်ခံရလျှင် နတ်ဘုရားစစ်သူကြီးအဆင့် သိုင်းသမားတစ်ယောက်သည်ပင် အပြင်းအထန် ဒဏ်ရာရသွားမည်ဖြစ်သည်။

လောချင်းယန်က ကျန်းရီကို နတ်ဘုရားအမြစ်တစ်သောင်း ပေးခဲ့သည်။ ကျန်းရီထံတွင်လည်း နတ်ဘုရားအမြစ် တစ်ထောင်ကျော် ရှိထားသည်။ သို့သော် ယခုတွင် ကျန်းရီသည် ၎င်းတို့အားလုံးနီးပါးကို သုံးပစ်လိုက်ပြီး အရေးပေါ်သုံးရန်အတွက် နတ်ဘုရားအမြစ်တစ်ထောင်သာ ချန်ထားလိုက်သည်။ သူသည် မိုးကြိုးသွားကျောက်တုံး ငါးတုံးနှင့် ကင်းမြီးကောက်ဝါအဆိပ်ဟုခေါ်သော သေစေနိုင်သည့်အဆိပ် ငါးဖုံ ဝယ်ယူခဲ့သည်။

ကျန်းရီသည် ဝယ်ယူစရာရှိသည်များကို ဝယ်ယူပြီးနောက် တာဝန်ရုံးသို့ ဆက်သွားလိုက်၏။ ထင်ထားသလိုပင် အစ်မမေ့သာ တာဝန်ကျနေသည်။ သူမသည် ကျန်းရီကို တွေ့လိုက်သောအခါ ပြုံး၍ အသံပို့လွှတ်လိုက်သည်။

“မောင်လေး... မောင်လေးက မဆိုးဘူးပဲ။ တစ်ယောက်ယောက်က ‌မောင်လေးရဲ့နာမည်နဲ့ တာဝန်တစ်ခု အပ်သွားတယ်။ အဲ့တာဝန်က ထိပ်တန်းအဆင့် တာဝန်တစ်ခုပဲ။ တာဝန်အောင်မြင်ရင် တိုက်ပွဲအမှတ်တစ်သောင်းရမှာ။ ဒါပေမဲ့... အဲ့တာဝန်ကို မယူဖို့ အစ်မ မောင်လေးကို အကြံပေးချင်တယ်။ အဲ့ဒါက ထောင်ချောက်တစ်ခုလို့ အစ်မခံစားနေရတယ်။ အဲ့တာဝန်က မောင်လေးကို သေစေလိမ့်မယ်”

“ဟင်းဟင်း...”

လောချင်းယန်က မြန်မြန်ဆန်ဆန်ပင် လုပ်ဆောင်ခဲ့ပေပြီ။ ကျန်းရီသည် လက်ဆန့်၍ ပြောလိုက်သည်။

“ကျွန်တော့်ကို အဲ့တာဝန်ပေးပါ”

အစ်မမေ့က စာလိပ်တစ်လိပ် ယူလိုက်သည်။ ကျန်းရီသည် တာဝန်ကို ဖတ်ရှုပြီးသောအခါ ရယ်လိုက်၏။ ထိုတာဝန်မှ အလွန်ရိုးရှင်းပေသည်။ သူက မိစ္ဆာမီးတောက်တောင်သို့ သွား၍ နွေဦးပန်းနီဟုခေါ်သော ဝိညာဉ်ဆေးပင် အပင်တစ်ရာ သွားနှုတ်ပေးရုံသာ။ စာလိပ်ထဲတွင် ထိုဝိညာဉ်ဆေးပင်နှင့် ပတ်သတ်သော အချက်အလက်များကိုလည်း ရေးသားပေးထားသည်။ ကျန်းရီသည် ကျီယန်မျိုးနွယ်စု၏ မြောက်ဘက်သို့ ရောက်နေခဲ့ဏည်က ထိုဝိညာဉ်ဆေးပင်များကို အကြိမ်များစွာ တွေ့ခဲ့ဖူးသည်။ ထိုဝိညာဉ်ဆေးပင်မှာ အလွန်ပေါများပြီး သိပ်လည်း အသုံးဝင်ပုံ မပေါ်ချေ။

ထိုတာဝန်က အလွန်ထူးဆန်းသည်။ မျက်မမြင်တစ်ယောက်သည်ပင် တစ်ခုခု မူမမှန်ကြောင်း သိနိုင်ပေလိမ့်မည်။ သို့သော် ကျန်းရီသည် ခေတ္တမျှ တွေးတောပြီးနောက် စိတ်အေးသွားသည်။ ယင်းတာဝန်မှာ တရားဝင်တာဝန်ဖြစ်သဖြင့် မိစ္ဆာသတ်ဖြတ်စံအိမ်အနေဖြင့် ငြင်းစရာအကြောင်း မရှိပေ။

‘တစ်ခုခုတော့ မဟုတ်သေးဘူး...’

ကျန်းရီသည် ရုတ်တရက် ပြဿနာတစ်ခုကို တွေးမိသွား၏။ သူက လောချင်းယန် သတ်မှတ်ထားသော မိစ္ဆာမီးတောက်တောင်သို့ မသွားဘဲ လမ်းတွင်တွေ့သည့် နွေဦးပန်းနီများကို နှုတ်၍ နတ်သိမ်းငှက်မျိုးနွယ်စုသို့ ပြန်လာမည်ဆိုလျှင်လည်း တိုက်ပွဲအမှတ်တစ်သောင်းကို ရနိုင်သည် မဟုတ်လော။ လောချင်းယန်က သူ စကားမတည်မည်ကို မကြောက်သည်လော။

မည်သို့ပင်ဖြစ်စေ...

ကျန်းရီသည် တာဝန်ကို လက်ခံရန် ဆုံးဖြတ်လိုက်ပြီဖြစ်သည်။ သူက တာဝန်ကို ငါးရက်အတွင်း ပြီး‌မြောက်အောင် ထမ်းဆောင်ရမည်ဟု စာလိပ်ထဲတွင် ဖော်ပြထားသည်။ ကျန်းရီသည် မိစ္ဆာမီးတောက်တောင်သို့ ငါးရက်အတွင်းရောက်အောင် မည်သို့သွားရမည်နည်း။ ကျန်းရီ မစိုးရိမ်ပေ။ လောချင်းယန်က လိုအပ်သည်များကို စီစဉ်ထားပြီးပေပြီ။

“‌မောင်လေး...”

အစ်မမေ့သည် ကျန်းရီက စာလိပ်ထဲသို့ သူ၏ကောင်းကင်စွမ်းအား ထည့်သွင်းတော့မည်ကို မြင်လိုက်သောအခါ သက်ပြင်းချ၍ ပြောလိုက်သည်။

“မောင်လေးက တကယ်ပဲ အသက်ကိုရင်းတော့မလို့လား။ မောင်လေးက မိစ္ဆာသတ်ဖြတ်စစ်သူကြီးအဆင့်ကို အမြန်ဆုံး တက်ချင်နေတယ်ဆိုတာ အစ်မသိပါတယ်။ အဲ့အတွက် ‌မောင်လေး အသက်ကိုရင်းပြီး စွန့်စားဖို့ မလိုပါဘူး။ မောင်လေးသာ အစ်မအကြိုက်ကို လိုက်မယ်ဆိုရင် အစ်မက မောင်လေးကို အကောင်းဆုံး ကူညီပေးမှာပါ”

“ဟားဟား...”

ကျန်းရီက ကျယ်လောင်စွာရယ်၍ စာလိပ်ထဲသို့ သူ၏ကောင်းကင်စွမ်းအား ထည့်သွင်းလိုက်သည်။ စာလိပ်က တောက်ပလာ၏။ တာဝန်က တရားဝင် စတင်ပေပြီ။ ထိုအခါမှ ကျန်းရီက ပခုံးတွန့်ကာ ပြောလိုက်သည်။

“ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော့်ရဲ့ အသက်က ဈေးပေါပါတယ်.. ဒါပေမဲ့ ကျွန်တော့်ရဲ့ မာနကတော့ ဈေးမ‌ပေါပါဘူး။ အစ်မမေ့ တခြားတစ်ယောက်ကိုသာ ရှာလိုက်ပါ”

ကျန်းရီသည် ပြောပြီးနောက် စာလိပ်ကို သူ့လက်စွပ်ထဲ ထည့်ကာ တာဝန်ရုံးထဲမှနေ၍ ပြတ်သားသော ခြေလှမ်းကျဲကြီးများနှင့် ထွက်သွားလိုက်လေသည်။ သူ၏ နောက်ကျောပြင်က အလွန်ဖြောင့်မတ်နေသည်။ သူသည် စစ်ထွက်ရတော့မည့် သူရဲကောင်းတစ်ယောက်ကဲ့သို့ပင်။

“အရူး...”

ကျန်းရီ ထွက်သွားသောအခါ အစ်မမေ့၏ မျက်ဝန်းများအတွင်းမှ သနားမှုက အေးစက်မှု၏ အစားထိုးနေရာယူမှုကို ခံလိုက်ရသည်။ ထို့နောက် သူမ တီးတိုးရေရွတ်လိုက်သည်။

“နင်က နင့်ကိုယ်နင် ဉာဏ်ကောင်းတယ်လို့ ထင်နေသေးတာလား။ တိုက်ပွဲအမှတ်တစ်သောင်းက တကယ်ပဲ လိုချင်စရာကောင်းပါတယ်.. ဒါပေမဲ့ နင် သေသွားရင် အဲ့တိုက်ပွဲအမှတ်တွေက ဘာအသုံးဝင်ဦးမှာလဲ။ ငါ နင့်ကို နှိပ်စက်ဖို့ အခွင့်အရေးမရခဲ့တာ နှမြောစရာပဲ။ နင်က မကြာခင် သေရ‌တော့မယ်။ ဟီးဟီး.. လော့ထင်က လော့မျိုးနွယ်ရဲ့ မျိုးနွယ်ခေါင်းဆောင်ငယ်ပဲ။ သူ သေတာနဲ့ လော့ဖူက တွေးကြည့်လိုမရလောက်အောင် ဒေါသထွက်သွားမှာ...”

“အဲ့ကျရင်... သူက သေချာပေါက် မိစ္ဆာသတ်ဖြတ်စံအိမ်ကို ပြဿနာရှာမှာပဲ။ အဲ့ဒါဆို မိစ္ဆာသတ်ဖြတ်စံအိမ်က ‌ရွေးချယ်စရာမရှိတော့ဘဲ တိရှစံအိမ်နဲ့ ပူးပေါင်းရလိမ့်မဘ်။ သခင်မလေးချင်းယန်က တကယ့်ကို တော်တာပဲ။ ဟွန်း... ဒီတစ်ခေါက်တော့ စစ်နတ်ဘုရားစံအိမ်ရဲ့ လော့မျိုးနွယ်က အဆုံးသတ်ပြီပဲ။ နတ်သိမ်းငှက်မြို့က စစ်နတ်ဘုရားစံအိမ်ရဲ့ ထိန်းချုပ်တာကို ခံစရာလိုတော့မှာ မဟုတ်ဘူး... တရားဝင် အုပ်ချုပ်သူဖြစ်တဲ့ တိရှစံအိမ်ကပဲ အာဏာအပြည့်အဝ ရတော့မယ်”

***

All Chapters