အစီအစဉ်အတိုင်း မလုပ်ဆောင်ခြင်း
Vol. 95 Ch. 1321
ကျန်းရီသည် သူ့အိမ်သို့ ပြန်သွားကာ ခေတ္တမျှ ထိုင်နေလိုက်၏။ ထို့နောက် ထွက်သွားလေသည်။ သူသည် ဆန်းကြယ်နတ်ဘုရားချပ်ဝတ်နှင့် သူ့ကြားမှာ ဝိညာဉ်ချိတ်ဆက်မှုကို ဖျက်ကာ ချပ်ဝတ်ကို သူ့အခန်းထဲတွင် ချန်ခဲ့သည်။ ယခု သူ့တွင် အခြားနတ်ဘုရားချပ်ဝတ်တစ်ခု ရှိနေပြီဖြစ်သည်။ သို့သော် သူသည် ဆန်းကြယ်နတ်ဘုရားချပ်ဝတ်ကို ရောင်းမပစ်ရက်ပေ။ ထို့ကြောင့် အနက်ရောင်နတ်ဘုရားအတွက် ချန်ပေးခဲ့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် သူသည် မိစ္ဆာသတ်ဖြတ်စံအိမ်မှနေ၍ နတ်ဘုရားအမြစ်ငါးရာနှင့် ဝယ်ခဲ့သော မိစ္ဆာမျိုးနွယ်တစ်ခု၏ လျှို့ဝှက်ကျင့်စဉ်ကျမ်းနှင့် အနက်ရောင်နတ်ဘုရားအတွက် စာတစ်စောင်ကိုလည်း ချန်ထားခဲ့သည်။
ကျန်းရီသည် အနက်ရောင်နတ်ဘုရားကို နှုတ်မဆက်ခဲ့ပေ။ သူက ထိုကဲ့သို့ ဝမ်းနည်းဖွယ်ခွဲခွာမှုမျိုးကို မုန်းပေသည်။ ကျန်းရီသည် သူက ဆယ်ရက်အတွင်း ပြန်ရောက်မလာလျှင် သူ့ကို သေပြီဟု မှတ်ယူရန်လည်း စာထဲတွင် ရှင်းရှင်းလင်းလင်း ရေသားခဲ့သည်။ ထိုအခါ အနက်ရောင်နတ်ဘုရားက တိရှဘုံတွင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရမည်ဖြစ်ပြီး အခွင့်အရေးရသည်နှင့် ခြင်္သေ့ပြာမြို့ကိုသွား၍ ကျန်းရှောင်နူကို ရှာရပေမည်။ ကျန်းရှောင်နူကို ရှာတွေ့လျှင် သူမ၏ မင်ရည်တောင်ပံမျိုးနွယ်စုကို ရှာ၍ ပြန်သွားရန်လည်း ပြောရမည်ဖြစ်သည်။
မူလတွင် ကျန်းရီသည် ကျန်းရှောင်နူအတွက် မင်ရည်တောင်ပံမျိုးနွယ်အကြောင်းကို စုံစမ်းပေးလိုခဲ့သည်။ သို့သော် သူ့တွင် အချိန်မရှိတော့ပေ။ ကျန်းရီ အမြစ်မဲ့ရေစင်တစ်စက်ကို သောက်လိုက်သည်။ ရုတ်တရက် သူ၏ စိတ်ဝိညာဉ်ပင် အမှန်ပင် ဆယ်ဆပိုသန်မာသွားသည်။ ထို့နောက် ကျန်းရီသည် ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ကို လျင်မြန်စွာသုံး၍ အနက်ရောင်နတ်ဘုရားပုံစံ ပြောင်းကာ မျိုးနွယ်စုတောင်ပိုင်းသို့ သွားလိုက်လေသည်။ မျိုးနွယ်စုတောင်ပိုင်းသို့ ရောက်သောအခါ နောက်ထပ် ခုနစ်ကြိမ်၊ ရှစ်ကြိမ် ရုပ်ပြောင်းပြန်သည်။ သူ၏ လက်ရှိစိတ်ဝိညာဉ်က အလွန်သန်မာနေပြီဖြစ်၍ သာမန်မိစ္ဆာသတ်ဖြတ်စစ်ဘုရင်များပင် သူ ရုပ်ဖျက်ထားသည်ကို ဖောက်မြင်နိုင်မည် မဟုတ်ချေ။ ထို့ကြောင့် ကျန်းရီ အလွန်စိတ်အေးနေပေသည်။
ကျန်းရီသည် လမ်းများကို ကွေ့ပတ်လျှောက်ပြီးနောက် လောချင်းယန်က သူ့ကို သွားရန်ပြောထားသော ကုန်သည်အဖွဲ့အစည်းကို ရှာတွေ့လိုက်သည်။ အချိန်က အံကိုက်ကျသည်။ ကျန်းရီသည် နှစ်နာရီသာ စောင့်လိုက်ရပြီး ကုန်သည်အဖွဲ့အစည်း၏ တောင်ဘက်သို့ သွားမည့် နတ်ဘုရားလှေနှင့်အတူ လိုက်သွားနိုင်လိုက်သည်။
ထိုနတ်ဘုရားလှေက တောင်ဘက်ရှိ နတ်မီးတောက်မြို့သို့ ဦးတည်သွားနေခြင်းပင်။ မိစ္ဆာမီးတောက်တောင်သို့ ရောက်ရန် ထိုမြို့ကို ဖြတ်ရမည်ဖြစ်သည်။ လောချင်းရန်သည် ကျန်းရီအတွက် နတ်ဘုရားလှေများ စီစဉ်ထားပေးပြီးပေပြီ။ ထို့ပြင် သူမသည် လူများစေလွှတ်၍ ကျန်းရီ ထွက်ခွာသွားသည့်အကြောင်းကို ဖုံးအုပ်ပေးစေလိုက်သည်။ ထို့ကြောင့် စစ်နတ်ဘုရားစံအိမ်၏ လော့မျိုးနွယ်က တစ်ခုကိုမှ သတိမပြုမိခဲ့ပေ။
ကျီယန်မျိုးနွယ်စုက နတ်သိမ်းငှက်မြို့နှင့် သိပ်မဝေးချေ။ နတ်ဘုရားလှေနှင့်ဆိုလျှင် အနိမ့်ဘုံအချိန် ခြောက်ရက်လောက်သာ သွားရသည်။ နတ်ဘုရားလှေများက အတော်လေး မြန်ပေသည်။ ကျန်းရီသာ သူ့ဘာသူ သွားရမည်ဆိုလျှင် မိစ္ဆာမီးတောက်တောင်ကို ရောက်ရန် လအနည်းငယ်လောက် သွားရပေလိမ့်မည်။ ထို့ပြင် လမ်းတွင် လော့မျိုးနွယ်မှ လူများ၏ သတ်ဖြတ်မှုကိုလည်း ခံရမည်ဖြစ်သည်။
ကျန်းရီသည် လော့ထင်တို့က သူ မိစ္ဆာမီးတောက်တောင်သို့ သွားကြောင်းကို မည်သို့ သိသွားမည် သို့မဟုတ် လော့ထင်ကသူ့အား ကိုယ်တိုင် လာသတ်မည်၊ မသတ်မည်တို့ကို အရေးမစိုက်ပေ။ လောချင်းယန်က အရာအားလုံးအတွက် စီစဉ်ထားပြီးလောက်ပေပြီ။ ကျန်းရီက မိစ္ဆာမီးတောက်တောင်အနားသို့ ရောက်အောင် သွားရန်သာ လိုအပ်သည်။ ထိုမျှဆိုလျှင် လုံလောက်ပြီဖြစ်သည်။
နတ်ဘုရားလှေပေါ်တွင် လူများစွာ ပါလာသည်။ ထိုလူများက နတ်မီးတောက်မြို့သို့ သွားကြမည့်လူများ ဖြစ်နိုင်သည်။ သူတို့အများစုက သာမန်နတ်ဘုရားများ ဖြစ်ကြသည်။ သို့သော် သူတို့ထဲတွင် နတ်ဘုရားစစ်သူကြီး ခုနစ်ယောက်၊ ရှစ်ယောက်လောက်လည်း ပါဝင်ပေသည်။ ကျန်းရီက သူ့ကိုယ်သူ သာမန်အဘိုးအိုတစ်ယောက်အဖြစ် ရုပ်ဖျက်ထားပြီး လှေဝမ်းထောင့်တစ်နေရာတွင် မည်သည့်အရာကိုမှ အရေးမစိုက်ဟန်ဖြင့် တင်ပျဉ်ခွေထိုင်နေလေသည်။
‘လောချင်းယန်က အစီအစဉ်ကို သေချာဆွဲထားတာပဲ။ ဒီလှေပေါ်မှာ သူ့လူနှစ်ယောက် ပါတယ်။ သူက ငါထွက်ပြေးမှာကို စိုးရိမ်တာလား’
ကျန်းရီသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ဝင်ကာ ပတ်ဝန်းကျင်ကို အာရုံခံနေသည်။ မျှော်လင်ထားသလိုပင် ကောင်းကင်စွမ်းအာရုံတန်းနှစ်တန်းက သူ့အား မသိမသာ အာရုံခံနေကြောင်း သူ သိလိုက်ရသည်။ သူ၏ သန်မာနေသော လက်ရှိစိတ်ဝိညာဉ်ကြောင့်သာ မဟုတ်လျှင် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်လိုက်လျှင်ပင် ကျန်းရီသည် သူ့အား အာရုံခံနေသော ကောင်းကင်စိတ်အာရုံများကို သတိပြုမိမည် မဟုတ်ချေ။
‘ဒါတွေအကုန်လုံးကို လောချင်းယန်က စီစဉ်ထားဆိုရင် သူက နတ်သိမ်းငှက်မြို့ထဲမှာရှိတဲ့ ကြောက်စရာအကောင်းဆုံးလူတစ်ယောက်လို့ သတ်မှတ်ရမှာပဲ’
ကျန်းရီသည် တိတ်တဆိတ် တွေးတောနေသည်။ လောချင်းယန်က အရာအားလုံးကို သေချာထည့်တွက်ထားသည်။ ကျန်းရီ မိစ္ဆာမီးတောက်တောင်သို့ မရောက်သေးခင်မှာပင် လော့ထင်သည် ကျန်းရီက ကုန်သည်အဖွဲ့အစည်းတစ်ခု၏ နတ်ဘုရားလှေကိုစီး၍ မိစ္ဆာမီးတောက်တောင်သို့ သွားနေသည်ဆိုသော သတင်းကို ရလိုက်လောက်သည်။ ထိုအခါ လော့ထင်က ချက်ချင်း ကျန်းရီကို လိုက်သတ်မည်ဖြစ်သည်။
‘အဲ့ဒါက အရေးမပါတော့ပါဘူး’
ကျန်းရီထံတွင် ထွက်ပြေးလိုစိတ် မရှိပေ။ သူသည် သူ့အသက်ကို လောင်းကြေးထပ်၍ တာဝန်ကို အောင်အောင်မြင်မြင် ပြီးမြောက်အောင်လုပ်ကာ တိုက်ပွဲအမှတ်တစ်သောင်း ရယူရန်သာ ကြံရွယ်ထားသည်။ ထိုမှ ခြင်္သေ့ပြာမြို့သို့သွား၍ ကျန်းရှောင်နူကို ရှာနိုင်မည်ဖြစ်သည်။
ထို့ပြင် ကျန်းရီက ထွက်ပြေးလိုလျှင်ပင် မည်သည့်နေရာကို ထွက်ပြေးနိုင်ပါမည်နည်း။ သူသာ ထွက်ပြေးသွားလိုက်လျှင် စစ်နတ်ဘုရားစံအိမ်၏ လော့မျိုးနွယ်နှင့် တိရှစံအိမ်၏ လောမျိုးနွယ်တို့က သူ့ကို လိုက်ဖမ်းပေလိမ့်မည်။ ထိုအခါကျလျှင် သူ သေချာပေါက် သေရမည်ဖြစ်သည်။ သူ၏ တစ်ခုတည်းသော လွတ်လမ်းမှာ တာဝန်ကို အောင်အောင်မြင်မြင် ပြီးမြောက်အောင် ထမ်းဆောင်၍ နတ်သိမ်းငှက်မျိုးနွယ်စုသို့ ပြန်သွားခြင်းပင်။ ထိုအခါ သူက မိစ္ဆာသတ်ဖြတ်စစ်သူကြီးအဆင့်ကို တက်၍ တပ်မှူးဟဲအား သူ့ကို ခြင်္သေ့ပြာမြို့သို့ ခေါ်သွားပေးရန် တောင်းဆိုနိုင်ပြီဖြစ်သည်။
တပ်မှူးဟဲက စစ်နတ်ဘုရားစံအိမ်၏ လော့မျိုးနွယ်နှင့် တိရှစံအိမ်၏ လောမျိုးနွယ်တို့၏ မျက်လုံးများအောက်တွင် သူ့ကို ခြင်္သေ့ပြာမြို့ဆီ မည်သို့လျှို့ဝှက်ပို့ဆောင်ပေးမည်ကိုမူ ကျန်းရီ မတွေးနိုင်သေးပေ။ သူသည် ဟဲဝေကို ယုံကြည်ရန်သာ ရွေးချယ်ထားသည်။ ထို့ပြင် တပ်မှူးဟဲက စကားတည်သူတစ်ယောက်ဟုလည်း သူ ခံစားနေရသည်။
‘ကျင့်ကြံရမယ်...’
ကျန်းရီသည် သူ့ခေါင်းထဲမှ အတွေးအားလုံးကို ထုတ်လိုက်ပြီး ပုန်းကွယ်ခြင်းအတတ်ကို လေ့လာရန်နှင့် ကောင်းကင်စွမ်းအား ကျင့်ကြံရန်သာ အာရုံစိုက်လိုက်သည်။ ထိုမှ သူ၏ ရှင်သန်နိုင်ခြေက တိုးလာမည်ဖြစ်သည်။
“အာ...”
ကျန်းရီသည် စတင်ကျင့်ကြံလိုက်သည်နှင့် တစ်ခုခု ကွဲပြားနေကြောင်း ခံစားလိုက်ရ၏။ ယခုတွင် သူ၏စိတ်ဝိညာဉ်က မယုံနိုင်လောက်အောင် သန်မာနေသဖြင့် သူ၏ဦးနှောက်ကလည်း ပုံမှန်ထက် အဆတစ်ထောင်ပိုမြန်စွာ လည်ပတ်နိုင်နေသည်။ ယင်းက လေ့လာခြင်းတွင် အလွန်အကူအညီဖြစ်စေသည်။ ကျန်းရီသည် ကောင်းကင်စွမ်းအား ကျင့်ကြံခြင်းကို ယာယီရပ်တန့်ထားလိုက်ပြီး ပုန်းကွယ်ခြင်းအတတ်အား လေ့လာခြင်းအပေါ်တွင်သာ အပြည့်အဝ အာရုံစိုက်လိုက်သည်။ အမြစ်မဲ့ရေစင်တစ်စက်က သူ၏စိတ်ဝိညာဉ်ကို အနိမ့်ဘုံအချိန် နေ့တစ်ဝက်သာ သန်မာနေစေမည်ဖြစ်သည်။ ထို့ကြောင့် အချိန်တိုင်းက အလွန်အဖိုးတန်ပေသည်။
ကျန်းရီ၏ ဦးနှောက်က အလွန်လျင်မြန်စွာ လည်ပတ်နေသဖြင့် နှစ်နာရီတိုင်းက သာမန်နာရီတစ်ထောင်နှင့် ညီမျှသည်ဟု ခံစားရပေသည်။ ကျန်းရီ၏ သိမြင်နှုန်းကလည်း အလွန်မြန်နေသည်။ အမြစ်မဲ့ရေစင်၏ အာနိသင်က စတင်ပျက်ပြယ်လာပြီး သူ့စိတ်ဝိညာဉ်က ပြန်၍အားနည်းလာသောအခါတွင် ကျန်းရီက ပုန်းကွယ်ခြင်းအတတ်၏ ကနဦးအဆင့်ကို သိမြင်နားလည်သွားပြီဖြစ်သည်။
ဟူး...ဟူး...
အသုံးပြုသူ၏ အင်အားနှင့် စွမ်းရည်များကို ယာယီတိုးမြှင့်ပေးနိုင်စွမ်းရှိသည့် ဆေးရည်တိုင်း၊ ဆေးလုံးတိုင်းက ဘေးထွက်ဆိုးကျိုးရှိပေသည်။ အမြစ်မဲ့ရေစင်၏ အာနိသင် ကုန်သွားသည်နှင့် ကျန်းရီ၏ စိတ်ဝိညာဉ်က အလွန်ပင်ပန်းနွမ်းနယ်လာသည်။ သူသည် အလွန်မူးဝေလာပြီး နေရာမှာပင် မေ့လဲသွားတော့မလို ဖြစ်သွားသည်။
ကျန်းရီသည် အံကြိတ်၍ သတိမေ့မသွားစေရန် အတင်း စိတ်တင်းလိုက်သည်။ ဤကဲ့သို့သော အချိန်မျိုးတွင် သူ သတိမေ့သွား၍ မဖြစ်ပေ။ သူ သတိမေ့သွားလျှင် ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်က ပျက်သွားပေလိမ့်မည်။ ထို့ကြောင့် ကျန်းရီသည် မျက်လုံးများမှိတ်၍ လှေနံရံကို မှီကာ အနားယူလိုက်သည်။ ရှစ်နာရီကြာ အနားယူပြီးမှ သူ၏ ပင်ပန်းနွမ်းနယ်နေသော စိတ်ဝိညာဉ်က ပြန်လည် လန်းဆန်းလာသည်။ ထို့နောက် ကျန်းရီသည် မျက်လုံးပြန်ဖွင့်ကာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်လေသည်။
ပုန်းကွယ်ခြင်းအတတ်၏ ကနဦးအဆင့်ကို သိမြင်နားလည်သွားပြီဖြစ်၍ ကျန်အဆင့်များကို သိမြင်နားလည်ရန်မှာ လွယ်ကူသွားပြီဖြစ်သည်။ ယခုတွင် ကျန်းရီ၏ စိတ်ဝိညာဉ်က အင်အားနည်းသွားပြီဖြစ်သော်လည်း ကနဦးအဆင့်ကို ရောက်ပြီးဖြစ်ရာ ပုန်းကွယ်ခြင်းအတတ်ကို အပြည့်အဝ သိမြင်နားလည်ရန် အချိန်တစ်ခုသာ လိုတော့မည်ဖြစ်သည်။
အချိန်က အလွန်လျင်မြန်စွာ ကုန်ဆုံးသွားသည်။ အနိမ့်ဘုံအချိန် ငါးရက် ကုန်ဆုံးသွားပေပြီ။
နတ်ဘုရားလှေ၏ လမ်းခရီးက အလွန်ချောမွေ့နေခဲ့သည်။ လမ်းတွင် ဟွင့်သွမ့်သားရဲတစ်ကောင်နှင့် တွေ့ခဲ့သော်လည်း နတ်ဘုရားလှေ၏ အစောင့်များက ၎င်းကို အဝေးသို့ အလွယ်တကူ မျှားခေါ်သွားနိုင်ခဲ့သည်။ လောချင်းယန်၏ စီစဉ်မှုများက အလွန်အသေးစိတ်ပေသည်။ ပြီးခဲ့သော ငါးရက်အတွင်း သိုင်းသမားတစ်ယောက်မှ လိုက်မလာခဲ့ချေ။ စစ်နတ်ဘုရားစံအိမ်၏ လော့မျိုးနွယ်ကဲ့သို့သော အင်အားကြီးမျိုးနွယ်တစ်ခုက အချိန်အတော်ကြာသည်အထိ ကျန်းရီနောက်သို့ လိုက်မလာသေးခြင်းမှာ လောချင်းယန်၏ အားထုတ်မှုများကြောင့် ဖြစ်ကြောင်း သံသယဖြစ်စရာ မရှိပေ။
‘ကောင်းပြီ... ပုန်းကွယ်ခြင်းအတတ်ကို သိမြင်နားလည်သွားပြီ။ အဲ့အတတ်ကို လှေပေါ်မှာ စမ်းကြည့်လို့မရတာတော့ စိတ်ပျက်စရာပဲ’
ကျန်းရီသည် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် မျက်လုံးများဖွင့်လိုက်၏။ ထိုလျှို့ဝှက်အတတ်က မိစ္ဆာသတ်ဖြတ်စံအိမ်မှဖြစ်၍ မည်သည့်ပြဿနာမှတော့ မရှိလောက်ပေ။ ကျန်းရီသည် နတ်ဘုရားလှေ၏ လှေနံရံအကြည်မှတဆင့် အပြင်ဘက်ကို ကြည့်ကာ သူ့တွင်ရှိသော မြေပုံပေါ်၌ သူ၏လက်ရှိတည်နေရာကို ရှာရန် ကြိုးစားလိုက်သည်။ ခေတ္တကြာပြီးနောက် သူက မိစ္ဆာမီးတောက်တောင်နှင့် မဝေးတော့ကြောင်း အတည်ပြုနိုင်လိုက်သည်။ သူတို့ ထိုတောင်သို့ တစ်ရက်အတွင်း ရောက်နိုင်လောက်ပေသည်။
အစီအစဉ်များအရ ကျန်းရီက တစ်ရက်နေလျှင် နတ်ဘုရားလှေပေါ်မှ ဆင်းရမည်ဖြစ်သည်။ ထိုအချိန်ဆိုလျှင် လော့ထင်လည်း ရောက်နေလောက်ပေပြီ။ ထိုအခါ လိုက်တမ်းပြေးတမ်း စပေလိမ့်မည်။ ကျန်းရီသည် မိစ္ဆာမီးတောက်တောင်၏ နက်ရှိုင်းသော အတွင်းပိုင်းရှိ မီးကန်သို့ ရောက်ရန် နေ့တစ်ဝက်ကြာအောင် ပြေးရပေမည်။
မီးကန်မှာ ချော်ရည်ကန်ဖြစ်သည်။ မီးကန်အနီးတွင် မကြာခဏပေါက်ကွဲတတ်သော မီးတောင်တစ်လုံး ရှိသည်။ ရှေးဦးအဆင့်မှနေ၍ ရှေးဟောင်းအဆင့်သို့ ဆင်ကဲ့ပြောင်းလဲသွားသော ဟွင့်သွမ့်သားရဲက ထိုမီးတောင်ထဲတွင် နေသည်။ ထို့ပြင် မီးတောင်အနား၌ ရှေးဦးအဆင့် ဟွင့်သွမ့်သားရဲဆယ်ကောင်ကျော်လည်း ကျက်စားနေထိုင်ကြောင်း သတင်းရထားသည်။ သို့သော် လော့ထင်နှင့် သူ့ကိုယ်ရံတော်များအတွက် ထိုရှေးဦးအဆင့် ဟွင့်သွမ့်သားရဲများကို ရင်ဆိုင်နိုင်ရန် မခက်လောက်ပေ။ လော့ထင်က အနည်းဆုံး နတ်ဘုရားအဆင့် ကိုယ်ရံတော်တစ်ယောက်ကိုတော့ ခေါ်လာလိမ့်မည်ဟု ကျန်းရီ ခန့်မှန်းသည်။ ထို့ကြောင့် ကျန်းရီက သူတို့ကို မီးကန်နားသို့ ရောက်သည်အထိ မျှားခေါ်မသွားနိုင်လျှင် သူတို့က သေဆုံးမည်မဟုတ်ချေ။
လော့ထင်တို့က မသေလျှင် ကျန်းရီက သေရမည်ဖြစ်သည်။ သူ့တွင်ရှိသော အမြစ်မဲ့ရေစင် ကုန်သွားသည်နှင့် လော့ထင်တို့သည် သူ မည်သူဖြစ်ကြောင်း သိသွားကာ သူ့ကို ချက်ချင်း သတ်ပစ်ကြပေလိမ့်မည်။ ထို့ကြောင့် ကျန်းရီသည်လည်း လောချင်းယန်ကဲ့သို့ပင် လော့ထင်တို့ကို သေစေလိုပေသည်။
သို့သော်...
ကျန်းရီသည် လောချင်းယန်၏ အစီအစဉ်အတိုင်း အတိအကျ လိုက်မလုပ်လိုက်ပေ။ နေ့ဝက်ကြာပြီးနောက်တွင် ကျန်းရီက နတ်ဘုရားလှေပေါ်ရှိ ကုန်သည်အဖွဲ့အစည်း၏ တာဝန်ရှိသူကို အော်ခေါ်ကာ ပြောလိုက်သည်။
“လှေကို ရပ်ပေးပါ။ ကျွန်တော် ဒီမှာ ဆင်းမယ်”
“အန်...”
ကျန်းရီကို စောင့်ကြည့်နေသော လောချင်းယန်၏ လူနှစ်ယောက်က အံ့အားသင့်သွားကြပြီး အကြည့်ချင်းဖလှယ်လိုက်ကြ၏။ တာဝန်ရှိသူက များစွာမတွေးတောဘဲ အရှေ့လှေဝမ်းကို သတင်းပို့လိုက်သည်။ ထိုအခါ နတ်ဘုရားလှေက ရပ်တန့်သွားလေသည်။ ထို့နောက် လှေဝမ်းဘေးမှ တံခါးကြီးက ပွင့်လာသည်။ ကျန်းရီသည် တံခါးမှနေ၍ အောက်ဘက်ရှိ တောင်များပေါ်သို့ ခုန်ချလိုက်သည်။
“မျိုးမစစ်လေး...”
လောချင်းယန်၏ လူတစ်ယောက်က ထရပ်ကာ ဆဲလိုက်သည်။ ကျန်းရီက အစီအစဉ်အတိုင်း မလုပ်ဘဲ သူ့စိတ်ကြိုက် လုပ်နေသည်။ အကယ်၍ ကျန်းရီကြောင့် အစီအစဉ်ပျက်သွားလျှင် လောချင်းယန် အားထုတ်ခဲ့ရမှုများက သဲထဲရေသွန်ဖြစ်သွားပေလိမ့်မည်။
“မလောပါနဲ့”
အခြားလူက ကောက်ကျစ်စွာရယ်၍ အသံပို့လွှတ်လိုက်သည်။
“လော့ထင်က လမ်းမှာ ရောက်နေပြီ။ အဲ့ကောင်လေးက အမြန်မသွားနိုင်ပါဘူး။ လော့ထင်က သူနဲ့အတူ နတ်ဘုရားစစ်သူကြီး အယောက်တစ်ရာနဲ့ နတ်ဘုရားဘုရင်တစ်ပါး ခေါ်ခဲ့တယ်လို့ သတင်းရထားတယ်။ သူတို့က အဲ့ကောင်လေးကို ရှာနိုင်မှာပါ။ အခုလောလောဆယ် တပ်မှူးဂူဆီပဲ သတင်းပို့ပြီး အခြေအနေကို တင်ပြထားလိုက်။ လိုအပ်တော့မှ ငါတို့ အဲ့ကောင်လေးကို ဝင်ကူညီမယ်။ သူက မီးကန်ကို မရောက်မချင်း သေလို့မဖြစ်ဘူး။ ငါးစာမရှိတော့ရင် ငါးကို ဘယ်လိုဖမ်းနိုင်မှာလဲ...”
***