အမဲလိုက်ပွဲစပြီ
Vol. 95 Ch. 1322
ဝှစ်...
ကျန်းရီသည် တောအုပ်ထဲတွင် မရပ်မနား ပြေးလွှားနေသည်။ သူ နတ်ဘုရားလှေထဲမှ ထွက်လာသည့် အခိုက်ကတည်းက အန္တရာယ်မပြတ် ရှိနေပြီဖြစ်သည်။ သူ ရှင်သန်နိုင်မည်၊ မနိုင်မည်က သူ မည်မျှမြန်မြန်ပြေးနိုင်သည်၊ သူကံက မည်မျှကောင်းသည်ဆိုသော အချက်များအပေါ် မူတည်နေသည်။
ကျန်းရီ လောချင်းယန်နှင့် နှစ်ယောက်တည်း တွေ့ပြီးကတည်းက အရာအားလုံးက သူမ၏ အစီအစဉ်အတိုင်း ဖြစ်နေပုံပေါ်သည်။ ကျန်းရီသည် ထိုမိန်းမလှလေး၏ ကြံစည်နိုင်စွမ်းက အလွန်ကြောက်ဖို့ကောင်းသည်ဟု ခံစားနေရသည်။ ထို့ကြောင့် သူ နတ်ဘုရားလှေပေါ်မှနေ၍ နေ့တစ်ဝက်စော၍ ဆင်းလိုက်ခြင်းဖြစ်သည်။ သူက လောချင်းယန်၏ ထိန်းချုပ်မှုအောက်မှ လုံးဝ မလွတ်မြောက်နိုင်လျှင်ပင် ယာယီတော့ လွတ်မြောက်ရမည်ဖြစ်သည်။ ထိုမှ သူ၏ အသက်ရှင်နိုင်ခြေက ပိုများလာပေလိမ့်မည်။
လောချင်းယန်က အရာအားလုံးကို ကြိုတွက်ထားသည်။ ယခုဆိုလျှင် လော့ထင်က ထောင်ချောက်ဆီသို့ ဦးတည်နေလောက်ပေပြီ။ လောချင်းယန်၏အစီအစဉ်အတိုင်း မလုပ်ဆောင်ခြင်းက ကျန်းရီကို နေ့တစ်ဝက်လောက်တော့ အချိန်ရစေသည်။ သို့သော် ထိုအချိန်က မများချေ။ လော့ထင်တို့က အလွန်လျင်မြန်သဖြင့် သူ့ကို အလွယ်တကူ မီလာမည်ဖြစ်သည်။ သူသည် သူတို့လက်မှ လွတ်အောင် ပြေးနိုင်မည် မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ အနည်းဆုံးတော့ သူက အချိန်တစ်ခုအထိ သူတို့ကြားတွင် ကီလိုမီတာ သိန်းဂဏန်းအနည်းငယ်လောက် ခြားထားနိုင်မည်ဖြစ်သည်။
‘ပုန်းကွယ်ခြင်းအတတ်ကို စမ်းကြည့်တာပေါ့’
ကီလိုမီတာငါးရာကျော် ပြေးပြီးနောက်တွင် နတ်ဘုရားလှေက မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။ ကျန်းရီသည် နတ်ဘုရားလှေပေါ်တွင် သူ့ကို စောင့်ကြည့်နေခဲ့သော လူနှစ်ယောက်က လှေပေါ်မှ လိုက်ဆင်းလာသည်ကိုလည်း မတွေ့ခဲ့ရပေ။ သို့သော် သူ စိတ်မအေးနိုင်သေးပေ။ ထို့ကြောင့် သူ့နောက်သို့ လိုက်လာသူ ရှိ၊မရှိ စစ်ဆေးရန်အတွက် ပုန်းကွယ်ခြင်းအတတ်ကို စမ်းသုံးကြည့်ဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ရွှီး...
ကျန်းရီသည် ပုန်းကွယ်ခြင်းအတတ်ကို ထုတ်လိုက်၏။ ထို့နောက်တွင် သူ့ခန္ဓာကိုယ်က တဖြည်းဖြည်း ကြည်လာပြီး နောက်ဆုံးတွင် ပျောက်ကွယ်သွားသည်။ ကျန်းရီသည် ကျောက်တုံးကြီးတစ်တုံးနောက်တွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး မျက်လုံးမှိတ်၍ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်ကာ ပတ်ဝန်းကျင်ကို စူးစမ်းလိုက်သည်။
‘အရမ်းဆန်းကြယ်တာပဲ’
ကျန်းရီသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေတွင်ဆိုလျှင် ပတ်ဝန်းကျင်နှင့် တစ်သားတည်းဖြစ်ကာ သူ့ပတ်ပတ်လည်မှ အရာအားလုံးကို အာရုံခံနိုင်ပေသည်။ သို့သော် ယခုတွင် သူသည် သူ့ခန္ဓာကိုယ်ကိုသူ အာရုံမခံနိုင်ပေ။ သူက ခြေရာလက်ရာပင် မကျန်ခဲ့ဘဲ ပတ်ဝန်းကျင်ထဲမှ ပျောက်ကွယ်နေသည်။ အခြားသူများသည် ကျောက်တုံးကြီးနောက်၌ လူတစ်ယောက် ထိုင်နေကြောင်းကို မည်သို့မှ သိနိုင်မည် မဟုတ်ချေ။
ကျန်းရီသည် ပတ်ဝန်းကျင်ကို ဆယ့်ငါးမိနစ်ကြာအောင် စေ့စေ့စပ်စပ် စူးစမ်းလိုက်သည်။ မည်သူကမှ သူ့နောက် လိုက်မလာကြောင်း အတည်ပြုပြီးသွားသောအခါမှ သူ မျက်လုံးဖွင့်ကာ ပုန်းကွယ်ခြင်းအတတ်ကို ရပ်လိုက်သည်။ ထို့နောက် သူသည် အစီအစဉ်အတိုင်း ကိုယ်ပိုင်ရုပ်သွင်ဖြင့် မိစ္ဆာမီးတောက်တောင်ဆီသို့ သွားလိုက်လေသည်။
ကျန်းရီသည် နတ်ဘုရားလှေပေါ်မှ ဆင်းမလာခင်တွင် မြေပုံကို ကြည့်ခဲ့သဖြင့် ယခု သူ မည်သည့်နေရာတွင် ရောက်နေကြောင်းကို သိပေသည်။ ထိုနေရာမှနေ၍ မိစ္ဆာမီးတောက်တောင်သို့ ရောက်ရန် တစ်ရက်ကျော်သာ သွားရတော့မည်ဖြစ်သည်။ အကယ်၍ သူက လောချင်းယန်ပေးလိုက်သော အမြစ်ဆေးလုံးကို အသုံးပြုမည်ဆိုလျှင်မူ လိုအပ်သောအချိန်က သိသိသာသာ လျော့ကျသွားနိုင်ပေသည်။ သို့သော် ကျန်းရီသည် ထိုဆေးလုံးကို မသုံးဝံ့ပေ။ အင်အားကို ယာယီမြှင့်တင်ပေးနိုင်သော ဆေးတိုင်းတွင် ဘေးထွက်ဆိုးကျိုးရှိကြသည်ချည်းသာ။ အကယ်၍ ထိုဘေးထွက်ဆိုးကျိုးက လော့ထင်တို့ မီလာပြီးနောက်မှ ပေါ်လာလျှင် သူ အသက်ဆုံးရှုံးရပေလိမ့်မည်။
ကျန်းရီသည် အစွမ်းကုန်သုံးကာ မြန်နိုင်သမျှ အမြန်ဆုံး ပြေးနေသည်။ လမ်းတစ်လျှောက်တွင် သူသည် တာဝန်အတွက် လိုအပ်သော နွေဦးပန်းနီးများကို ရှာခဲ့သည်။ နွေဦးပန်းနီများ ပြန်ပါမသွားလျှင် တာဝန်က အောင်မြင်သည်ဟု ဆိုနိုင်မည် မဟုတ်ချေ။ သို့ဖြစ်ပါက တိုက်ပွဲအမှတ်တစ်သောင်းလည်း ရတော့မည် မဟုတ်ပေ။
“အာ...”
နှစ်နာရီကျော်ကြာ ပြေးပြီးနောက်အထိ ကျန်းရီသည် နွေဦးပန်းနီတစ်ပင်ကိုပင် မတွေ့ရသေးချေ။ ပုံမှန်ဆိုလျှင် ထိုလမ်းတစ်လျှောက်၌ နွေဦးပန်းနီများစွာ ရှိနေရမည်ဖြစ်သည်။ ကျန်းရီသည် ပတ်ဝန်းကျင်ကို စူးစမ်းကြည့်လိုက်ရာ နေရာတော်တော်များများတွင် မကြာသေးခင်ကမှ ရှင်းလင်းခံထားရသည့် လက္ခဏာများကို တွေ့လိုက်ရသည်။ လောချင်းယန်က အမှန်ပင် အရာအားလုံးကို ထိန်းချုပ်ထားပေသည်။ သူမသည် ကျန်းရီက မိစ္ဆာမီးတောက်တောင်အထိ မသွားဘဲ လမ်းတွင်တွေ့သည့် နွေဦးပန်းနီများကို ယူကာ ပြန်လာမည်ကို တားဆီးရန် လမ်းတစ်လျှောက်ရှိ နွေဦးပန်းနီများကို ကြိုဖျက်ဆီးထားခြင်းပင်။ သို့ဖြစ်၍ ကျန်းရီက နွေဦးပန်းနီများကို လိုချင်လျှင် မိစ္ဆာမီးတောက်တောင်သို့ သွားကိုသွားရတော့မည်ဖြစ်သည်။
‘တော်သားပဲ...’
ကျန်းရီ အမှန်ပင် အထင်ကြီးသွားသည်။ ထိုမိန်းမလှလေးက အလွန်ဉာဏ်ကောင်းကာ ဉာဏ်နီဉာဏ်နက်များသည်။ သူမလက်ထဲမှနေ၍ မည်သည့်အရာမှ မလွတ်နိုင်ပေ။ သူမက အရာအားလုံးကို ထိန်းချုပ်ထားပေသည်။ ထို့ကြောင့် ကျန်းရီသည် များစွာတွေးတောမနေတော့ဘဲ အရှေ့သို့သာ ဆက်ပြေးလိုက်သည်။ နေ့တစ်ဝက်ကြာပြီးနောက် ကျန်းရီက ထူးဆန်းသော အရာတစ်ခုကို သတိပြုမိသွားသည်။ ထိုနေ့တစ်ဝက်အတွင်း သူက ကီလိုမီတာတစ်သန်းကျော် သွားခဲ့သည်။ သို့သော် လမ်းတွင် ဟွင့်သွမ့်သားရဲတစ်ကောင်နှင့်ပင် မကြုံခဲ့ရချေ။ သာမန်တောရိုင်းတိရစ္ဆာန်များကိုလည်း မတွေ့ခဲ့ရပေ။
‘ပတ်ဝန်းကျင်မှာ လူတွေ ရှိနေလောက်တယ်’
ကျန်းရီသည် မျက်လုံးဝေ့ဝဲ၍ ကြည့်လိုက်သည်။ လောချင်းယန်သည် သူ မိစ္ဆာမီးတောက်တောင်သို့ အောင်အောင်မြင်မြင် ရောက်နိုင်ရန်အတွက် လူများစေလွတ်၍ လမ်းရှင်းပေးထားခြင်း ဖြစ်နိုင်သည်။ မဟုတ်ပါက လမ်းတစ်လျှောက်တွင် သူ ဟွင့်သွမ့်သားရဲတစ်ကောင်ကောင်၏ သတ်ဖြတ်မှုကို ခံရနိုင်သည်။ သို့ဆိုလျှင် အားထုတ်ထားမှုအားလုံး သဲထဲရေသွန်ဖြစ်သွားမည်ဖြစ်သည်။
‘အရမ်းကောင်းတယ်...’
ကျန်းရီ ခပ်သဲ့သဲ့ ပြုံးလိုက်သည်။ ဤကစားပွဲက ပို၍ ပို၍ ပျော်စရာကောင်းလာပေပြီ။ သေရေးရှင်ရေးအခြေအနေက ကျန်းရီကို သွေးဆူလာစေသည်။ သူသည် မျက်လုံးမှိတ်ကာ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်၍ လျင်မြန်စွာ ဆက်ပြေးသွားလိုက်လေသည်။
နှစ်နာရီ၊ လေးနာရီ... ခြောက်နာရီ...
ဝုန်း...
ခြောက်နာရီကြာပြီးနောက် ကျန်းရီ၏ နောက်ကျောဘက်မှနေ၍ ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာသည်။ ပေါက်ကွဲမှုက အတော်လေးဝေးသောနေရာမှ ဖြစ်သော်လည်း ပေါက်ကွဲသံကြီးကို ရှင်းလင်းပြတ်သားစွာ ကြားလိုက်ရသည်။ စွမ်းအားကြီး သိုင်းသမားများက တိုက်ခိုက်နေကြခြင်းဖြစ်ကြောင်း သံသယဖြစ်စရာ မရှိပေ။ ကျန်းရီက အချို့ကိစ္စများကို အနည်းနှင့်အများဆိုသလို နားလည်နေပြီဖြစ်သည်။
ဝှစ်...
ကျန်းရီသည် အမြစ်ဆေးလုံးကို ထုတ်၍ တုံ့ဆိုင်းခြင်းမရှိ သောက်လိုက်သည်။ ထိုဆေးလုံးက ကျန်းရီ၏ပါးစပ်ထဲ ရောက်သွားသည်နှင့် ပျော်သွား၏။ အပူလှိုင်းတစ်ခုကလည်း ကျန်းရီ၏တစ်ကိုယ်လုံးသို့ စီးဆင်သွားသည်။ ထိုအခိုက်တွင် ကျန်းရီသည် အကန့်အသတ်မဲ့သော စွမ်းအင်ပမာဏကို ခံစားလိုက်ရ၏။ သူ၏ကြွက်သားအားလုံးနှင့် အရိုးအားလုံးက အလွန်သန်မာလာသည်။ ထိုခံစားချက်က အံ့မခန်းပင်။ ယခုတွင် သူက ဟွင့်သွမ့်သားရဲတစ်ကောင်ကိုပင် လက်သီးတစ်ချက်တည်းနှင့် သတ်ပစ်နိုင်လောက်သည့်ပုံပင်။
ရွှီး...
အဝေးမှနေ၍ သဏ္ဌာန်မဲ့ အဟုန်လှိုင်းများ ရောက်ရှိလာပြီး ကျန်းရီ၏ခန္ဓာကိုယ်ကို ရိုက်ခတ်သွားသည်။ ရုတ်တရက် တိုက်ခတ်လာသော လေအေးတစ်ချက်က ကျန်းရီ၏စိတ်ကို နိုးကြားသွားစေ၏။ ကျန်းရီ အနောက်ကို လှည့်ကြည့်လိုက်သည်။ အနက်ရောင်အစက်အပျောက်လေးများက အဝေးမှနေ၍ သူ့ထံသို့ အလွန်လျင်မြန်သော အမြန်နှုန်းဖြင့် လာနေကြောင်းကို တွေ့လိုက်ရသည်။
‘နောက်ဆုံးတော့ သူတို့ ရောက်လာပြီ’
ကျန်းရီ၏ မျက်လုံးများ အရောင်လက်သွား၏။ သူ၏ ခန့်မှန်းချက်က မှန်ကန်ခဲ့ပေသည်။ အစောမှ ပေါက်ကွဲမှုက သူ့အား လော့ထင်တို့ ရောက်လာပြီဖြစ်၍ အမြစ်ဆေးလုံးကို သုံးရန် အချက်ပြခြင်းဖြစ်သည်။
“ပြေးတာပေါ့ကွာ...”
ကျန်းရီသည် အားကုန်သုံး၍ အရှေ့သို့ ခုန်လိုက်၏။ ထိုခုန်ချက်က သူ့ကို ကောင်းကင်ထက်သို့ မြောက်တက်သွားစေသည်။ ထို့နောက် သူက အမြောက်ဆံတစ်လုံးအလား မြေပေါ်သို့ ပြန်ကျလာသည်။ တစ်ချက်ခုန်လိုက်မှုက သူ့ကို ပေတစ်သောင်းအကွာသို့ ရောက်သွားစေပေသည်။
ဝုန်း...
ကျန်းရီက မြေပေါ်သို့ ပြင်းထန်စွာ ပြန်ကျလာသည်။ ထို့နောက် သူ အရှေ့သို့ ဆက်ခုန်သွားသည်။ သူသည် ရှေးခေတ်လူရိုင်းတစ်ယောက်အလား မိစ္ဆာမီးတောက်တောင်သို့ သွားနေလေသည်။
“အာ...”
ကျန်းရီထံသို့ ချဉ်းကပ်လာကြသော နတ်ဘုရားစစ်သူကြီးလေးယောက်က ရုတ်တရက် အံ့အားသင့်သွားကြသည်။ ကျန်းရီ၏ အမြန်နှုန်းက အဘယ်သို့ ထိုမျှ လျင်မြန်သွားရသနည်း။ သူက နတ်ဘုရားစစ်သူကြီး အထွတ်အထိပ်အဆင့်သို့ ရောက်သွားပြီလော။ သူက အရှေ့သို့ လျင်မြန်စွာ သွားနေပြီး မကြာခင်မှာပင် သူတို့၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားလေသည်။
“သူက ပစ်မှတ် ဟုတ်တယ်။ သူ အမြစ်ဆေးလုံးတွေ ရထားတာ ထင်တယ်။ မဟုတ်ရင် အခုလို ခုန်သွားနေမဲ့အစား ပျံသွားမှာပေါ့။ သူ သူ့ရဲ့စွမ်းအင်ကို ထိန်းချုပ်နေတဲ့ပုံကို ကြည့်လိုက်... သူက အမြစ်ဆေးလုံးကို အခုမှ ပထမဆုံးအကြိမ် စသုံးဖူးတာဖြစ်မယ်”
“အမှန်ပဲ... မျိုးနွယ်ခေါင်းဆောင်ငယ်ဆီ သတင်းပို့လိုက်။ သူ့ကို ဒီနေရာကို ပတ်သွားခိုင်းလိုက်။ ပစ်မှတ်က အမြစ်ဆေးလုံးကို သုံးထားတာဆိုတော့ အဲ့ဆေးလုံးရဲ့အာနိသင် ကုန်သွားတာနဲ့ အရမ်းအားနည်းသွားလိမ့်မယ်။ အဲ့ကျရင် သူ သေရမှာပဲ”
နတ်ဘုရားစစ်သူကြီး လေးယောက်သည် ဆွေးနွေးပြောဆိုလိုက်ကြ၏။ ထို့နောက် သူတို့ထဲမှ တစ်ယောက်က နဂါးပုံစံ သတင်းပို့ ကျောက်စိမ်းတံဆိပ်ပြားကို ထုတ်၍ သတင်းပို့လိုက်၏။ ကျန်သုံးယောက်က ကျန်းရီနောက်သို့ လျင်မြန်စွာ ဆက်လိုက်သွားသည်။ အစောတွင် သူတို့လေးယောက်က ကောင်းကင်စိတ်အာရုံများ ထုတ်လွှတ်၍ ကျန်းရီကို အာရုံခံခဲ့သည်။ ကျန်းရီသည် အမြစ်မဲ့ရေစင်ကို အသုံးမပြုထားဘဲ မူလရုပ်သွင်ကို ပြန်ပြောင်းထားပြီးဖြစ်သည်။ ယင်းမှာ လောချင်းယန်၏ အစီအစဉ်ပင်ဖြစ်သည်။ ထိုမှ လော့ထင်၏ လူများက ကျန်းရီက ဤပတ်ဝန်းကျင်တစ်ဝိုက်တွင် ရှိနေကြောင်း အတည်ပြုနိုင်မည် မဟုတ်ပါလား။
***
“ကျွန်တော်တို့ အဲ့မျိုးမစစ်ကို ရှာတွေ့ပါပြီ”
ကီလိုမီတသန်းချီအကွာရှိ နတ်ဘုရားလှေတစ်စင်းအပေါ်တွင် လော့ဟွမ်နှင့် ရုပ်ချင်းဆင်သော လူငယ်တစ်ယောက် ရှိနေ၏။ သို့သော် သူ၏ ဘယ်ဘက် မျက်ခုံးအထက်တွင် မှဲ့တစ်လုံး ရှိပေသည်။ ထိုအခိုက်တွင် သူက ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ့လက်ထဲမှ ကျောက်စိမ်းတံဆိပ်ပြားက လင်းလက်လာသောအခါ သူ့မျက်ဝန်းများက စိတ်လှုပ်ရှားမှုဖြင့် အရောင်လက်သွားလေသည်။ ထို့နောက် သူက လက်ဝှေ့ယမ်းကာ အော်ပြောလိုက်သည်။
“အားလုံး အရှေ့ကို ဆက်ပျံသန်းပြီး အဲ့လူကို ဖမ်းမယ်။ သူ့ကို အရပ်မျက်နှာတိုင်းက ဝန်းရံထားဖို့ အားလုံးဆီ သတင်းပို့လိုက်။ သူ့ကို ဖမ်းမိရင် မသတ်ပစ်ကြနဲ့ဦး။ ငါက သူ့ကို မျိုးနွယ်စုဆီ ပြန်ခေါ်သွားပြီး မျိုးနွယ်စုအပြင်ဘက်မှာ သူ သေတဲ့အထိ ဖြည်းဖြည်းချင်း နှိပ်စက်ချင်တာ။ အဲ့ဒါမှ စစ်နတ်ဘုရားစံအိမ်ရဲ့ လော့မျိုးနွယ် ခံစားခဲ့ရတဲ့ အရှက်ရမှုကို ဖယ်ရှားနိုင်မှာ”
နတ်ဘုရားလှေထဲတွင် လူအယောက်နှစ်ဆယ် ထိုင်နေသည်။ သူတို့အားလုံးက ရွှေရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားကြသည်။ သို့သော် သူတို့ချပ်ဝတ်များ၏ နောက်ကျောဘက်တွင် စစ်နတ်ဘုရားစံအိမ်၏ တံဆိပ်ဖြစ်သော နတ်နဂါးပုံ မရှိချေ။ ချပ်ဝတ်ရင်ဘတ်တွင်သာ အညိုရောင်ဓားမြှောင်ပုံစံ တံဆိပ်တစ်ခုပါသည်။ သူတို့ထဲမှ ဆယ့်ကိုးယောက်က နတ်ဘုရားစစ်သူကြီးများဖြစ်ပြီး ကျန်တစ်ယောက်မှာ နတ်ဘုရားဘုရင် ဖြစ်သည်။ သူတို့သည် လော့ထင်၏ အမိန့်များကို ရရှိသောအခါ ဦးညွှတ်၍ အော်ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ မျိုးနွယ်ခေါင်းဆောင်ငယ်”
ရွှီး...
နတ်ဘုရားလှေက တောက်ပသွားပြီး ကျန်းရီနေရာဘက်သို့ အရှိန်တင်ကာ ပျံသန်းသွားလေသည်။
မကြာခင်မှာပင် ကီလိုမီတာတစ်သန်း အဝန်းအဝိုင်းအတွင်းရှိ ရွှေရောင်ချပ်ဝတ် ဝတ်ဆင်ထားသော လူအယောက် ခုနစ်ဆယ်ကျော် ရှစ်ဆယ်တို့၏ ကျောက်စိမ်းတံဆိပ်ပြားများလည်း လင်းလက်လာကြသည်။ ရုတ်ခြည်းပင် သူတို့အားလုံးသည် သတ်ဖြတ်အရှိန်အဝါများဖြင့် ကျန်းရီရှိနေရာဘက်သို့ ဦးတည်ချက်ပြောင်းလိုက်ကြသည်။ သူတို့က ကျန်းရီကို အရပ်မျက်နှာအနှံ့မှနေ၍ ဝန်းရံပိတ်ဆို့ရပေမည်။
အမဲလိုက်ပွဲ စတင်ပေပြီ။
***