မိုးကြိုးသွားကျောက်တုံးများ
Vol. 95 Ch. 1323
အမြစ်မဲ့ရေစင်၏ အာနိသင်က နေ့ဝက်ကြာ ခံသော်လည်း အမြစ်ဆေးလုံး၏ အာနိသင်ကမူ နှစ်နာရီကြာသာ ခံပေသည်။
သို့သော် နှစ်နာရီက ကျန်းရီအတွက် ကီလိုမီတာသန်းချီ ပြေးနိုင်ရန် လုံလောက်ပေသည်။ ထိုနှစ်နာရီအတွင်း သူက သာမန်ထက် များစွာပိုပြေးနိုင်မည်ဖြစ်သည်။ သူ၏ ဦးတည်ရာအတိုင်း တဖြောင့်တည်း ပြေးသွားလျှင် နှစ်နာရီအတွင်း မီးကန်၏ အနီးပတ်ဝန်းကျင်သို့ ရောက်နိုင်ပေသည်။
သို့သော်...
လော့ထင်၏ လူများက ကျန်းရီကို အလွတ်မပေးခဲ့ပေ။ တစ်နာရီကြာ ပြေးပြီးနောက် ကျန်းရီသည် ယခင်က သူ ဟွင့်သွမ့်သားရဲနှစ်ကောင်နှင့် တွေ့ဆုံခဲ့သော နေရာသို့ ရောက်သွား၏။ ရုတ်တရက် ဘယ်ဘက်မှနေ၍ လေခွင်းသံအချို့ ထွက်ပေါ်လာ၏။ ကျန်းရီသည် သူ့ထံသို့ လျင်မြန်စွာ ချဉ်းကပ်လာသော လူငါးယောက်ကို မြင်လိုက်ရသည်။ အမဲလိုက်သမားများက သူ့ကို ဝန်းရံတော့ပေမည်။
ယခုတွင် ကျန်းရီ၏ ခန္ဓာကိုယ်က အထွတ်အထိပ်အဆင့် နတ်ဘုရားစစ်သူကြီးလောက် သန်မာနေပြီဖြစ်သည်။ ထိုရန်သူငါးယောက်ထဲတွင် အထွတ်အထိပ်အဆင့် နတ်ဘုရားစစ်သူကြီး မပါနိုင်သဖြင့် ကျန်းရီက သူတို့ကို မကြောက်ပေ။ သို့သော် သူက ငါးယောက်တစ်ယောက်တော့ ယှဉ်နိုင်မည် မဟုတ်ကြောင်း သူ ရှင်းလင်းစွာ သိသည်။ ထိုငါးယောက်က သူ့ကို ဝန်းရံမိသည်နှင့် သူ အလွယ်တကူ အသတ်ခံရမည်ဖြစ်သည်။ သူ အသတ်မခံရလျှင်ပင် အတော်ကြာအောင် တိုက်ခိုက်နေရပါက အမြစ်ဆေးလုံး၏ အာနိသင် ကုန်သွားသည်နှင့် အခြေအနေက ဆိုးဝါးသွားပေလိမ့်မည်။
ထို့ကြောင့် ကျန်းရီသည် မီးကန်သို့ ဆက်မသွားတော့ရန် ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ပြီး တောင်ဘက်သို့ အားကုန် ပြေးလေတော့သည်။ သူသည် အရင်ဆုံး ထိုလူငါးယောက်လက်မှ လွတ်အောင် လုပ်ရပေမည်။
‘မကောင်းတော့ဘူး’
ကျန်းရီသည် ငါးမိနစ်ကြာ ဆက်ပြေးပြီးနောက် သူ့နောက်တွင် လူတစ်ယောက် လိုက်လာသေးကြောင်း တွေ့လိုက်ရသည်။ ကျန်းရီ စိတ်ဓာတ်ကျသွားသည်။ ထိုလူက ရန်သူငါးယောက်ထဲမှ အထွတ်အထိပ်အဆင့် နတ်ဘုရားစစ်သူကြီးဖြစ်သည်။ ထိုလူ၏ အမြန်နှုန်းက သူ့အမြန်နှုန်းကို ယှဉ်နိုင်သည်။ ထို့ကြောင့် သူ ထိုလူ့လက်မှ လွတ်အောင် မပြေးနိုင်ပေ။
‘စွန့်စားရမှာပဲ...’
ကျန်းရီသည် အတန်ငယ် လောင်းကြေးထပ်ရန် ဆုံးဖြတ်လိုက်သည်။ သူ ထိုလူကို ဒဏ်ရာရအောင် မလုပ်နိုင်လျှင် မည်သည့်အခါတွင်မှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။ အမြစ်ဆေးလုံး၏ အာနိသင်က ကုန်တော့မည့်ကို ထည့်မတွက်သေးလျှင်ပင် သူ့တည်နေရာကို ရန်သူများက သိသွားပါက သူတို့အတွက် သူ့ကို ဝန်းရံရန် လွယ်ကူသွားပေလိမ့်မည်။ စစ်နတ်ဘုရားစံအိမ်၏ လော့မျိုးနွယ်က အလွန်အင်အားကြီးသည်။ ဤတစ်ခေါက်တွင် လော့ထင်သည် သေချာပေါက် နတ်ဘုရားစစ်သူကြီး ဆယ်ဂဏန်းလောက် ခေါ်လာလောက်ပေသည်။
ကျန်းရီ၏ အမြန်နှုန်းက တဖြည်းဖြည်း နှေးလာသည်။ သူ၏ မျက်နှာကလည်း ဖြူဖျော့လာသည်။ ရုတ်တရက် သူ၏အမြင်များ ဝေဝါးလာသည်။ အမြစ်ဆေးလုံး၏ ဘေးထွက်ဆိုးကျိုးက ထွက်ပေါ်လာတော့ပေမည်။ နောက်မှ လိုက်လာသော နတ်ဘုရားစစ်သူကြီးက လျင်မြန်စွာဖြင့် သူတို့နှစ်ယောက်ကြားမှ အကွာအဝေးကို ချုံ့လိုက်၏။ ထိုနတ်ဘုရားစစ်သူကြီးသည် ကျန်းရီကို အာရုံခံပြီးသောအခါ စိတ်တက်ကြွသွားပြီး ပို၍ပင် အရှိန်တင်လိုက်သည်။ သူ့လက်ထဲတွင်လည်း အေးစက်စက်အလင်း တောက်ပနေသော အဖြူရောင် ဧရာမစစ်ပုဆိန်ကြီးတစ်လက် ထွက်ပေါ်လာသည်။ သူတို့နှစ်ယောက်ကြားမှာ အကွာအဝေးက ပေတစ်သောင်းသာ ခြားတော့ချိန်တွင် နတ်ဘုရားစစ်သူကြီးက ကျန်းရီကို ချိန်၍ ပုဆိန်ဖြင့် ပြင်းထန်စွာ ခုတ်ချလိုက်သည်။
ရွှက်...ရွှက်...
အဖြူရောင်အလင်းတန်း တစ်တန်းက ငွေရောင်မြစ်တစ်စင်းအလား လေထုကို ဖြတ်သန်း၍ ကျန်းရီ၏ နောက်ကျောပြင်ကို ထိမှန်သွားသည်။ ထိုအခိုက်တွင် ကျန်းရီ၏ ကိုယ်ပေါ်၌ အဖြူရောင်စစ်ချပ်ဝတ် ထွက်ပေါ်လာပြီး ကျန်းရီကို သေစေနိုင်လောက်သော ထိချက်မှနေ၍ ကာကွယ်ပေးလိုက်သည်။ သို့သော် ကျန်းရီက လွင့်ပျံသွားသေးပြီး သွေးအန်လိုက်ရသည်။ သူက အပြင်းအထန် ဒဏ်ရာရသွားပုံပင်။
“ဟွန်း...”
နတ်ဘုရားစစ်သူကြီး၏ မျက်လုံးများက အရောင်လက်လာသည်။ သူသည် အရှေ့သို့ ဆက်ပျံသန်းသွားပြီး ကျန်းရီ လွင့်သွားသော တောင်ဆီသို့ ပုဆိန်ကြီးဖြင့် ထပ်ခုတ်ချလိုက်သည်။
ဝုန်း...
ထိုတောင်လေးက နှစ်ပိုင်းပြတ်သွားပြီး ကျန်းရီက တောင်အောက်ခြေသို့ ပြုတ်ကျသွားသည်။ သူ့ပါးစပ်မှနေ၍ သွေးများ အဆက်မပြတ် စီးကျနေရာ ကိုယ်ပေါ်မှ ချပ်ဝတ်က အနီရောင်သွေးများ စွန်းထင်းနေလေသည်။ သူ၏ မျက်နှာက ကြောက်မက်ဖွယ်ကောင်းအောင် ဖြူဖျော့နေပေပြီ။ သူ့မျက်ဝန်းများထဲတွင်လည်း မျှော်လင့်ချက်ကင်းမဲ့သော အရိပ်အယောင်များ ရှိနေသည်။ ထိုစဉ် ရုတ်တရက် သူ့လက်ထဲတွင် မီးနဂါးဓား ထွက်ပေါ်လာသည်။ ထို့နောက် သူသည် အားတင်း၍ ပြန်ထကာ နတ်ဘုရားဇီဝိန်ခြွေကို ထုတ်လွှတ်လိုက်သည်။ မီးနဂါးသုံးကောင်က အရှေ့သို့ ပျံထွက်သွားလေသည်။
“မဖြစ်စလောက်လေး...”
နတ်ဘုရားစစ်သူကြီးသည် သွေးအလိမ်းလိမ်းဖြစ်နေသော ကျန်းရီကို လှမ်းကြည့်၍ လှောင်ပြုံး ပြုံးလိုက်သည်။ ထိုအခိုက်တွင် ကျန်းရီ၏ အရှိန်အဝါက သာမန်နတ်ဘုရားအဆင့်သို့ ပြန်ရောက်နေပြီဖြစ်သည်။ ထို့ကြောင့် ကျန်းရီ ထုတ်လွှတ်လိုက်သော တိုက်ခိုက်မှုကလည်း အလွန်အားနည်းနေပေသည်။ နတ်ဘုရားစစ်သူကြီးသည် ကျန်းရီက ပုရွက်ဆိတ်တစ်ကောင်ဟု ခံစားနေရပြီး ကျန်းရီကို သူ့စိတ်ကြိုက် သတ်ပစ်နိုင်သည်ဟုလည်း ယုံကြည်နေလေသည်။
ရွှီး...
နတ်ဘုရားစစ်သူကြီး၏ စစ်ချပ်ဝတ်က တောက်ပလာ၏။ ၎င်းက အလယ်အလတ်အဆင့် နတ်ဘုရားအသုံးအဆောင် ဖြစ်သည်။ သူ၏ ပုဆိန်ကလည်း ထပ်မံလင်းလက်လာသည်။ သို့သော် ကျန်းရီ၏ ရင်ဘတ်တွင် သွေးများရွှဲနေသည်ကို မြင်လိုက်ရသောအခါ နတ်ဘုရားစစ်သူကြီး တုံ့ဆိုင်းသွားသည်။ သူ ထပ်မံတိုက်ခိုက်လိုက်၍ ကျန်းရီက သေသွားလျှင် မည်သို့လုပ်မည်နည်း။ သို့ဖြင့် သူသည် ပုဆိန်ကို သိမ်းလိုက်ပြီး ကြာပွတ်တစ်ချောင်းကို ထုတ်ယူလိုက်သည်။ သူက ကျန်းရီကို ကြာပွတ်ဖြင့် တုတ်နှောင်၍ ဖမ်းရန် တွေးနေခြင်းပင်။
“ဟုတ်ပြီ...”
ထိုအခိုက်အထိ ကျန်းရီက မူးဝေနေပုံ ပေါ်နေခဲ့သည်။ ယခုတွင် သူ၏ မျက်ဝန်းများက မီးနဂါးဓားမှ ထွက်လာသော မီးတောက်များကြောင့် တလက်လက် တောက်ပလာသည်။ ထို့နောက် သူ မီးနဂါးဓားကို ဝှေ့ယမ်းလိုက်သည်။ ဓားချက်က မီးတောက်များကို သယ်ဆောင်၍ နတ်ဘုရားစစ်သူကြီးထံ ပျံဝင်သွားသည်။ တစ်ချိန်တည်းမှာပင် သူ၏ လက်စွပ်က လင်းလက်လာပြီး ကျောက်တုံးများ ထွက်လာသည်။ ကောင်းကင်ထဲတွင် အနက်ရောင်ကျောက်တုံးများနှင့် ပြည့်နှက်သွားသည်။ ကျန်းရီကလည်း နောက်သို့ လျင်မြန်စွာ ပြန်ဆုတ်လိုက်သည်။
“ဒီမီးတောက်တွေ...”
နတ်ဘုရားစစ်သူကြီး ထိတ်လန့်သွား၏။ သူသည် ကြာပွတ်ဖြင့် မတိုက်ခိုက်နိုင်သေးခင်မှာပင် မျက်နှာပျက်သွားသည်။ သူ့ထံသို့ ပျံဝင်လာသော မီးတောက်များက အလွန်အားကောင်းသည်။ ၎င်းတို့၏ ကြောက်မက်ဖွယ် အပူချိန်က သူနှင့် နီး၍နီး၍ လာသည်။ သူ အတန်ငယ်ပင် မွန်းကြပ်လာလေသည်။
သို့သော် နတ်ဘုရားစစ်သူကြီးသည် အလယ်အလတ်အဆင့် နတ်ဘုရားအသုံးအဆောင် စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားသဖြင့် ထိုမီးတောက်များက သူ့ကို လောင်ကျွမ်းနိုင်လိမ့်မည်ဟု မထင်ပေ။ သို့သော် သူ နောက်တော့ ဆုတ်လိုက်သည်။ ထိုအချိန်တွင် နတ်ဘုရားဇီဝိန်ခြွေက မိုးမြေစွမ်းအားကို အသုံးပြု၍ သူ့ကို ဖိနှိပ်ထားပြီဖြစ်သည်။ ထို့ကြောင့် သူ၏ အမြန်နှုန်းက နှေးသွားသည်။ ထိုဖိအားက သူ့ကဲ့သို့ အဆင့်မြင့် သိုင်းသမားတစ်ယောက်ကို လုံးဝလှုပ်မရအောင် မဖိနှိပ်ထားနိုင်သော်လည်း သူ့အမြန်နှုန်းကို သိသိသာသာ လျော့ကျစေပေသည်။
မီးတောက်များက နတ်ဘုရားစစ်သူကြီးနှင့် ပို၍ နီးကပ်လာပြီဖြစ်သည်။ သူ၏သွေးများ စတင် ဆူပွက်လာပြီး သူ့ကောင်းကင်စွမ်းအားကလည်း ရှုပ်ထွေးသွားသည်။ ထို့ကြောင့် သူ ပို၍ပင် နှေးသွားသည်။ ထို့ပြင် သူသည် မီးတောက်များကို အာရုံစိုက်နေခဲ့၍ ကောင်းကင်ထဲတွင် ပြည့်နှက်နေသော အနက်ရောင်ကျောက်တုံးများကို မေ့လျော့နေလေသည်။
“အန်...”
နတ်ဘုရားစစ်သူကြီးက အဆင့်မြင့် သိုင်းသမားတစ်ယောက်ဖြစ်၍ သူ၏တုံ့ပြန်နိုင်စွမ်းမှာ အမှန်ပင် လျင်မြန်ပေသည်။ နောက်ဆုံးတွင် သူသည် ကောင်းကင်ထက်တွင် ပြည့်နှက်နေသော ကျောက်တုံးများနှင့် ကျန်းရီက နောက်သို့ လျင်မြန်စွာ ဆုတ်သွားခြင်းကို သတိပြုမိသွားသည်။ ထိုစက္ကန့်ဝက်အတွင်းမှာပင် သူက ကျန်းရီ၏ ထောင်ချောက်အတွင်း ရောက်သွားပြီဖြစ်ကြောင်း သိသွားလေသည်။ ကျန်းရီ၏ အမြစ်ဆေးလုံးက အာနိသင် မကုန်သေးပေ။ ကျန်းရီသည် သူ့ကို မျှားခေါ်လို၍ ဆေးအာနိသင်ကုန်သွားသလိုမျိုး ဟန်ဆောင်ခဲ့ခြင်းသာဖြစ်သည်။
‘အဲ့ကျောက်တုံးတွေက ပြဿနာရှိတယ်...’
နတ်ဘုရားစစ်သူကြီးသည် ထိုကျောက်တုံးများကို ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံကြည့်ပြီးနောက် လန့်သွားလေသည်။ ထိုကျောက်တုံးများကြားတွင် မိုးကြိုးသွားကျောက်တုံးတစ်တုံး ပါနေပေသည်။ သို့သော် သူ သိလိုက်သည့်အချိန်က အလွန်နောက်ကျသွားပေပြီ။ မီးတောက်များက အလွန်နီးကပ်နေပြီဖြစ်ပြီး သူ့အမြန်နှုန်းက အလွန်နှေးကွေးနေသည်။ ထို့ပြင် ကျန်းရီက မိုးကြိုးသွားကျောက်တုံးကို အားကုန်သုံး၍ ပစ်လွှတ်လိုက်ခြင်းဖြစ်သည်။ မိုးကြိုးသွားကျောက်တုံးသည် နတ်ဘုရားစစ်သူကြီးကို ထိမှန်သွား၏။ ထို့နောက် မိုးကြိုးသွားကျောက်တုံးအတွင်းမှ အားကောင်းသော စွမ်းအင်တစ်ခု ထွက်လာပြီး ပေါက်ကွဲမှုကြီးတစ်ခုလည်း ဖြစ်သွားသည်။
ဝုန်း...
ပတ်ဝန်းကျင်မှ အာကာပြင်သည် ပေါက်ကွဲမှုကြောင့် တွန့်ခေါက်သွား၏။ သို့သော် အထက်ဘုံ၏ အာကာပြင်က အလွန်ခိုင်မာပေရာ ထိုမျှပြင်းထန်သော ပေါက်ကွဲမှုကြီးသည်ပင် အာကာပြင်ကို စုတ်ပြဲမသွားစေပေ။
နတ်ဘုရားစစ်သူကြီးသည် ပေါက်ကွဲမှုကို ပြင်းထန်စွာ ခံလိုက်၏။ ထို့ပြင် မိုးကြိုးသွားကျောက်တုံးထဲမှ စွမ်းအင်က သူ၏ အလယ်အလတ်အဆင့် နတ်ဘုရားချပ်ဝတ်ကို ဖြတ်ကာ သူ့ကိုယ်ထဲသို့ ဝင်သွားသည်။ သူ လွင့်ပျံ ထွက်သွားပြီး သူ့တစ်ကိုယ်လုံးက အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားသလို ခံစားလိုက်ရ၏။
အထွတ်အထိပ်အဆင့် နတ်ဘုရားစစ်သူကြီးများ၏ ရုပ်ခန္ဓာက အလွန်သန်မာသည်။ ထိုပေါက်ကွဲမှုကို ခံလိုက်ရသည်ပင် သူ၏ အရိုးများက ကျိုးမသွားသေးပေ။ သူ့ကိုယ်အင်္ဂါအစိတ်အပိုင်းများသာ အနည်းငယ် ဒဏ်ရာရသွားသည်။ သို့သော် သူ့အရေပြားကတော့ မီးကျွမ်းကာ ညှော်နံ့ထွက်နေပေသည်။ သူသည် အကြိမ်အနည်းငယ် နာကျင်တကြီး အော်ဟစ်ကာ မြေပြင်တွင် လူးလိမ့်နေသည်။ သို့သော် သူက ပြင်းထန်စွာ ထိခိုက်မသွားကြောင်း အတည်ပြုပြီးသောအခါ လေထဲသို့ ဒေါသတကြီး ပျံတက်လိုက်ပြီး ကျန်းရီကို တန်းသတ်ပစ်ရန် ဟန်ပြင်လိုက်လေသည်။
လော့ထင်က ကျန်းရီကို အရှင်ဖမ်းရန် အမိန့်ပေးခဲ့သည်။ သို့သော် ယခုတွင် ထိုအထွတ်အထိပ်အဆင့် နတ်ဘုရားစစ်သူကြီးက ဒေါသူပုန်ထနေပြီဖြစ်သည်။ သူက သာမန်နတ်ဘုရားအဆင့် ပမွှားလေးတစ်ယောက်၏ လှည့်ဖြားမှုကို ခံရကာ ဒဏ်ရာရခဲ့ခြင်းလော။ ထိုကိစ္စသာ လူသိရှင်ကြား ဖြစ်သွားလျှင် သူသည် စစ်နတ်ဘုရားစံအိမ်တွင် မျက်နှာပြနိုင်တော့မည် မဟုတ်ပေ။
‘တစ်ခုခုတော့ မှားနေပြီ...’
နတ်ဘုရားစစ်သူကြီးသည် ကောင်းကင်ထက်သို့ ပျံတက်ပြီးနောက် တစ်စုံတစ်ခု မှားနေကြောင်း ရုတ်ခြည်း သတိပြုမိသွား၏။ သူ့ကိုယ်တွင်း၌ စွမ်းအင်တစ်ခု စီးဆင်းနေသည်။ ထိုစွမ်းအင်သည် သူ့သွေးကြောများထဲ ဝင်ကာ သူ့တစ်ကိုယ်လုံးသို့ ဖြန့်ကျက်နေပေသည်။
“လခွမ်း... အဲ့ကောင်လေးက မိုးကြိုးသွားကျောက်တုံးအပေါ်မှာ ကင်းမြီးကောက်ဝါအဆိပ်မှုန့်တွေ ဖြူးထားတာပဲ။ ငါ မင်းကို သတ်မယ်... မင်းကို သတ်မယ်”
နတ်ဘုရားစစ်သူကြီးက ဒေါသတကြီး အော်ပြောလိုက်သည်။ သို့သော် သူသည် ကျန်းရီက ဝေးသထက်ဝေးဝေး ပြေးကာ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်ကို ကြည့်၍သာ နေရလေတော့သည်။
ကင်းမြီးကောက်ဝါအဆိပ်မှုန့်က အလွန်သေစေနိုင်သော အဆိပ်ဖြစ်သည်။ သို့သော် အထွတ်အထိပ်အဆင့် နတ်ဘုရားစစ်သူကြီးတစ်ယောက်အတွက် ထိုအဆိပ်က မသေစေနိုင်ပေ။ သူ အဆိပ်ကို ခန္ဓာကိုယ်ထဲမှ ထုတ်ပစ်ရန် အချိန်တစ်ခဏသာ လိုအပ်သည်။ ပြဿနာမှာ ထိုတစ်ခဏအတွင်း၌ ကျန်းရီက အဝေးကြီးသို့ ပြေးသွားနိုင်ခြင်းဖြစ်သည်။
ဝုန်း...
နတ်ဘုရားစစ်သူကြီးသည် ကျန်းရီကို လိုက်ဖမ်းမည့်အစား သူ၏အဖိုးတန်အသက်ကိုသာ ရွေးချယ်ခဲ့သည်။ သူ အောက်သို့ ပျံဆင်းလိုက်သည်။ ထို့နောက် သူ့လက်စွပ်က လင်းလက်လာကာ အနက်ရောင်အလုံးလေးတစ်လုံး ထွက်လာသည်။ သူက ထိုအနက်ရောင်အလုံးကို ကောင်းကင်ထက်သို့ ပစ်လွှတ်လိုက်၏။ အလုံးသည် ပေါက်ကွဲထွက်သွားပြီး အရပ်မျက်နှာအနှံ့သို့ အားကောင်းသော အဟုန်လှိုင်းများ ထွက်သွားစေသည်။ ပြီးမှ သူ ခပ်သဲ့သဲ့ပြုံးကာ ပြောလိုက်သည်။
“မျိုးမစစ်လေး... မျိုးနွယ်ခေါင်းဆောင်ငယ်နဲ့ တခြားသူတွေက ဒီပတ်ဝန်းကျင်မှာပဲ။ မင်းရဲ့ အမြစ်ဆေးလုံးက အာနိသင်ကုန်တော့မှာမလား။ မင်း ဘယ်ကို ထွက်ပြေးနိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့”
***