← Chapters

အဲ့ကောင်လေး... ပျောက်သွားပြီ

Vol. 95 Ch. 1324

အဲ့ကောင်လေး... ပျောက်သွားပြီ

Vol. 95 Ch. 1324

ဝုန်း...

ပေါက်ကွဲမှုကြီး ဖြစ်လာချိန်တွင် ကျန်းရီက ကီလိုမီတာငါးဆယ်လောက် ပြေးပြီးသွားပြီဖြစ်သည်။ ပေါက်ကွဲသံကို ကြားလိုက်ရသောအခါ သူ၏ မျက်နှာထားက အေးစက်သွားသည်။ နတ်ဘုရားစစ်သူကြီးက အချက်ပြမီးပန်း ပစ်လွှတ်လိုက်ပေပြီ။ ယခုတွင် စွမ်းအားကြီး သိုင်းသမားများစွာက ဤဘက်သို့ လာနေလောက်ပြီဖြစ်သည်။

အမြစ်ဆေးလုံး၏ အာနိသင်က မကြာခင်တွင် ကုန်တော့မည်ဖြစ်သည်။ ကျန်းရီသည် ပတ်ဝန်းကျင်ကို စူးစမ်း၍ ဆက်ပြေးနေသည်။ နောက်ထပ် ကီလိုမီတာငါးဆယ် ဆက်ပြေးပြီးနောက်တွင် နေရာကောင်းတစ်ခုကို တွေ့လိုက်ရ၍ သူ့မျက်လုံးများ အရောင်လက်သွားလေသည်။

‘မီးတောင်တစ်လုံး...’

အရှေ့တွင် မီးတောင်ဝတစ်ခု ရှိနေသည်။ သို့သော် ထိုမီးတောင်ဝကို ကျယ်ပြောသော မြင်ခင်းပြင်ကြီးက ဖုံးလွှမ်းထားသည်။ ထိုမီးတောက် မပေါက်ကွဲခဲ့သည်မှာ ကြာခဲ့ပြီဖြစ်ကြောင်း သိနိုင်သည်။ ကျန်းရီသည် ပြတ်ပြတ်သားသားဖြင့် မီးတောင်ဝသို့ ပြေးသွားလိုက်ပြီး မီးတောင်ထဲ ခုန်ချလိုက်သည်။ သူသည် အမြစ်မဲ့ရေစင်ကို ထုတ်၍လည်း ရေစင်တစ်စက် သောက်လိုက်သည်။

ဝုန်း...

ထိုမီးတောင်က အလွန်သေးသည်။ ပေထောင်ဂဏန်းအနည်းငယ် ကျဆင်းပြီးနောက် ကျန်းရီ ချော်ရည်များထဲ ရောက်သွားသည်။ ကျန်းရီသည် ချော်ရည်ထဲမှ ထွက်ကာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ မကြာခင်မှာပင် သူ့လိုအပ်ချက်များအတွက် ပြီးပြည့်စုံသော နေရာတစ်ခုကို တွေ့လိုက်ရသည်။ မီးတောင်အတွင်းနံရံပေါ်တွင် ကျောက်စွန်းတစ်ခု ထွက်နေသည်။ ကျန်းရီသည် မီးတောင်နံရံကို ကုပ်တက်ကာ ထိုကျောက်စွန်းဆီသို့ သွားလိုက်သည်။ ထို့နောက် သူက ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ကို အသုံးပြု၍ ရုပ်ပြောင်းလိုက်သည်။ မီးနဂါးဓားကိုလည်း မီးဝိညာဉ်ပုလဲထဲတွင် သိမ်းလိုက်သည်။ ထို့နောက် သူသည် မီးဝိညာဉ်ပုလဲကို ကိုင်၍ ကျောက်စွန်းပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး ပုန်းကွယ်ခြင်းအတတ်ကို ထုတ်လိုက်သည်။ သူ့ခန္ဓာကိုယ်က အဖြူရောင်အလင်း လက်လာပြီး လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ မီးတောင်ထဲတွင်လည်း ပြန်တည်ငြိမ်လာလေသည်။

“ပုန်းကွယ်ခြင်းအတတ်.. အခု အရာအားလုံးက မင်းအပေါ် မူတည်နေပြီ”

ကျန်းရီသည် တီးတိုးရေရွတ်၍ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်လိုက်၏။ သူသည် မကျင့်ကြံဝံ့သဖြင့် တိတ်ဆိတ်စွာ တင်ပျဉ်ခွေထိုင်နေလိုက်သည်။ သူက ရန်သူလက်မှလွတ်အောင် ထွက်မပြေးနိုင်သဖြင့် ရန်သူက သူ့ကို ရှာမတွေ့အောင် ပုန်းအောင်း၍သာ နေရတော့မည်ဖြစ်သည်။ ဤမီးတောင်က ပတ်ဝန်းကျင်ရှိ အကောင်းဆုံး ပုန်းအောင်းစရာနေရာဖြစ်သည်။ အကယ်၍ ပုန်းကွယ်ခြင်းအတတ်က အလုပ်မဖြစ်လျှင် သူ၏အဆုံးသတ်က ဆိုးဝါးသွားပေလိမ့်မည်။

***

ဝှစ်...ဝှစ်...

ဆယ်မိနစ်အတွင်းမှာပင် လူဆယ်ယောက်ကျော်လောက်က အစောတွင် တိုက်ပွဲဖြစ်ခဲ့သော နေရာသို့ ရောက်လာကြသည်။ ကျန်လူများက ထိုနေရာကို ဝန်းရံထားကြသည်။ အစောဆုံး ရောက်ရှိလာသော လူဆယ်ယောက်ကျော်သည် ချက်ချင်း လူခွဲကာ မရှာသေးဘဲ ကျန်းရီကြောင့် ဒဏ်ရာရခဲ့သော နတ်ဘုရားစစ်သူကြီးထံသို့ အရင်သွားလိုက်ကြသည်။

“လော့ကျီ.. မင်းက ဘယ်လိုလုပ် ဒဏ်ရာရခဲ့တာလဲ။ ကျန်းရီကရော ဘယ်မှာလဲ”

ထိုလူများသည် အချက်ပြမီးပန်း ထွက်လာသော နေရာသို့ ရောက်လာကြသော်လည်း ကျန်းရီကို မတွေ့ဘဲ ဒဏ်ရာရထားသော နတ်ဘုရားစစ်သူကြီး လော့ကျီကိုသာ တွေ့လိုက်၍ အံ့အားသင့်နေကြသည်။ အကြီးအကဲတစ်ယောက်က လော့ကျီကို လေသံမာမာဖြင့် မေးလိုက်သည်။ လော့ကျီက သူ့ကိုယ်ထဲမှ အဆိပ်ကို ထုတ်နေရာမှ မျက်လုံးများဖွင့်ကာ ပြန်ဖြေလိုက်သည်။

“အဲ့ကောင်လေးဆီမှာ မိုးကြိုးသွားကျောက်တုံးတွေ ရှိနေတယ်။ ပြီးတော့ သူ့မှာ ကြောက်မက်ဖွယ်မီးတောက်တွေကို ထုတ်နိုင်တဲ့ ရတနာတစ်ခုလည်း ရှိတယ်။ သူက မိုးကြိုးသွားကျောက်တုံးပေါ်မှာ ကင်းမြီးကောက်ဝါအဆိပ်မှုန့် ဖြူးထားတာ... ကျွန်တော် အဲ့လှည့်ကွက် မိသွားခဲ့တာပဲ။ ဟွန်း... အဲ့ကောင်လေးက ခင်ဗျားတို့ လာခဲ့တဲ့ ဘက်ကို ပြေးသွားတာပဲ။ လမ်းမှာ ခင်ဗျားတို့ သူ့ကို မတွေ့ခဲ့ဘူးလား”

“အာ...”

အားလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့သည် ကျန်းရီပြေးသွားသည်ဆိုသော ဘက်မှ ရောက်လာကြခြင်းဖြစ်သည်။ အဘယ်သို့ ကျန်းရီက သူတို့လက်မှ လွတ်သွားခြင်းနည်း။

“တစ်ယောက်ဒီမှာ နေခဲ့။ ကျန်တဲ့သူတွေက လူခွဲပြီး ရှာကြ”

အကြီးအကဲက အော်၍ အမိန့်ပေးလိုက်သည်။ လူတစ်ယောက်သည် လော့ကျီကို ကာကွယ်ရန် နေခဲ့ပြီး ကျန်လူများက လူခွဲကာ ပတ်ဝန်းကျင်ကို ရှာဖွေလိုက်ကြသည်။ အကြီးအကဲသည်လည်း ထိုနေရာသို့ ပျံသန်းလာနေပြီဖြစ်သည့် ‌‌လော့ထင်ထံသို့ အခြေအနေကို သတင်းပို့လိုက်သည်။

လော့ထင်သည် သတင်းရသောအခါ တက်ကြွသွားပြီး ချက်ချင်း အမိန့်ပေးလိုက်သည်။

“ဒီနေရာရဲ့ မိုင်တစ်သန်းပတ်လည်အတွင်းကို ဝန်းရံထားပြီး အသေးစိတ်ရှာဖို့ အားလုံးဆီ သတင်းပို့လိုက်။ တစ်နေရာမကျန် ရှာကြ။ အဲ့ကောင်လေးက အမြစ်ဆေးလုံးကို သုံးထားတယ်။ မကြာခင် အဲ့ဆေးလုံးရဲ့ အာနိသင်က ကုန်သွားမှာပဲ။ သူ ဝေးဝေးကို မရောက်နိုင်ဘူး”

လော့ထင်က မျိုးနွယ်ကြီးတစ်ခုမှဖြစ်၍ အမြစ်ဆေးလုံး၏ အာနိသင်အကြောင်းကို ကောင်းစွာသိသည်။ ထိုဆေးလုံးမှာ သိမ်းငှက်ပြာစီရင်စုနယ်ထဲရှိ မျိုးနွယ်ကြီးတစ်ခု၏ အထူးဆေးလုံးဖြစ်သည်။ ၎င်းကို ဈေးကွက်ထဲတွင် မရနိုင်ပေ။ သို့သော် ကျန်းရီတွင် ထိုဆေးလုံး ရှိနေခြင်းမှာ အံ့ဩစရာတော့ မရှိချေ။ ထိုမျိုးနွယ်ကြီးက မိစ္ဆာသတ်ဖြတ်စံအိမ်အပေါ် အမြဲသစ္စာရှိခဲ့သည်။ ထို့ကြောင့် မိစ္ဆာသတ်ဖြတ်စံအိမ်တွင် ထိုဆေးလုံးကို တိုက်ပွဲအမှတ်များနှင့် ဝယ်ယူနိုင်ပေသည်။

လော့ထင်သည် ဤကိစ္စနောက်ကွယ်တွင် ကြိုးကိုင်သူတစ်ယောက် ရှိနေလိမ့်မည်ဟု သံသယမဖြစ်သေးပေ။ ထို့ပြင် သူသည် အရေးကြီးသောအချက်တစ်ခုကိုလည်း မေ့လျော့နေသည်။ အမြစ်ဆေးလုံးတစ်လုံးကို ဝယ်နိုင်ရန် တိုက်ပွဲအမှတ်များစွာ လိုအပ်သည်။ ကျန်းရီတွင် တိုက်ပွဲအမှတ်များစွာ မရှိပေ။ ထိုအခိုက်တွင် လော့ထင်၏ ခေါင်းထဲ၌ ကျန်းရီအား ဖမ်းမိလျှင် မျိုးနွယ်စုအပြင်ဘက်၌ သူ့ကို မည်သို့နှိပ်စက်ကာ သတ်ပစ်ရမည်ဆိုသော အတွေးများသာ ရှိနေပေသည်။ သူသည် မိစ္ဆာသတ်ဖြတ်စံအိမ်နှင့် တပ်မှူးလျှိုကို အရှက်ခွဲလိုနေပေသည်။

လော့ထင်၏ အမိန့်များအောက်တွင် နတ်ဘုရားစစ်သူကြီးတစ်ရာလောက်သည် နေရာတစ်ခွင်လုံးကို ပိုက်စိပ်တိုက် ရှာကြသည်။ သို့သော် နတ်ဘုရားဘုရင်က မလှုပ်ရှားပေ။ သူက ကျန်းရီကို ဖမ်းရန်၊ သတ်ရန် လိုက်လာခဲ့ခြင်းမဟုတ်။ လော့ထင်ကို ကာကွယ်ရန် လိုက်လာခဲ့ခြင်းသာဖြစ်သည်။ ထို့ကြောင့် မလိုအပ်လျှင် နတ်ဘုရားဘုရင်သည် လော့ထင်ဘေးမှ ခွာမည် မဟုတ်ချေ။

ငါးမိနစ်၊ ဆယ်မိနစ်... တစ်နာရီ...

လော့ထင်၏ နတ်ဘုရားလှေက လော့ကျီရှိနေသော နေရာသို့ ရောက်လာသည်။ လော့ကျီက သူ့ကိုယ်ထဲမှ အဆိပ်များကို ထုတ်နိုင်လိုက်ပြီဖြစ်၍ အခြားလူများနှင့်အတူ ကျန်းရီကို လိုက်ရှာနေပြီဖြစ်သည်။ သို့သော် လူတစ်ရာလောက်က တစ်နာရီကြာအောင် ရှာသည်ပင် ကျန်းရီကို ရှာမတွေ့သေးသဖြင့် လော့ထင်တစ်ယောက် ဒေါသထွက်နေလေသည်။

“ဘာတွေဖြစ်နေတာလဲ”

လော့ထင်သည် နတ်ဘုရားဘုရင်နှင့် အထွတ်အထိပ်အဆင့် နတ်ဘုရားစစ်သူကြီးငါးယောက်ကို ခေါ်ကာ နတ်ဘုရားလှေထဲမှ ပျံထွက်လာသည်။ သူသည် သူ့ထံသို့ ပျံသန်းလာသော လော့ကျီကို ဒေါသတကြီးကြည့်၍ အေးစက်စက် ပြောလိုက်သည်။

“လော့ကျီ... အဲ့ကောင်လေးက ဒီပတ်ဝန်းကျင်မှာလို့ မင်း မပြောဘူးလား။ သူက ဘယ်မှာလဲ”

“မျိုးနွယ်ခေါင်းဆောင်ငယ်ကို တင်ပြပါတယ်...”

လော့ကျီနှင့် အခြားနတ်ဘုရားစစ်သူကြီးတစ်ယောက်သည် မျက်စိပျက်မျက်နှာပျက်ဖြင့် ခေါင်းငုံ့ကာ ပြန်ဖြေလိုက်သည်။

“ကျွန်တော်တို့ ဒီပတ်ဝန်းကျင်ကို နှစ်ကြိမ် ရှာပြီးသွားပါပြီ။ အဲ့ကောင်လေးက... ပျောက်သွားပါတယ်”

ရွှမ်း...

လော့ထင်၏ လက်ထဲတွင် လှပေသာ ဓားရှည်တစ်ချောင်း ထွက်ပေါ်လာသည်။ လော့ထင်သည် ထိုဓားရှည်ဖြင့် ပြင်းထန်စွာ ခုတ်ချလိုက်ရာ လော့ကျီတစ်ယောက် လွင့်ပျံထွက်သွားသည်။ ထို့နောက် သူ ဒေါသတကြီး အော်ပြောလိုက်လေသည်။

“မင်းက ငါ့ကို အရူးလို့ ထင်နေလား။ သူက အမြစ်ဆေးလုံး သောက်ထားတယ်လို့ မင်း ပြောခဲ့တယ် မဟုတ်ဘူးလား။ ပြီးတော့ မင်းက သူနဲ့ တိုက်ခိုက်ခဲ့ပေမဲ့ ဒဏ်ရာရခဲ့တယ်ပေါ့လေ။ အမြစ်ဆေးလုံးရဲ့ အာနိသင်က ကုန်တာ ကြာလောက်ပြီ။ အခုလောက်ဆို သူက လမ်းမလျှောက်နိုင်လောက်အောင် အားနည်းနေလောက်ပြီ။ ဒါပေမဲ့ မင်းက သူ ပျောက်သွားတယ်ဆိုပြီး ငါ့ကို လာပြောနေတာလား။ သူက ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံးပြီး ထွက်ပြေးသွားနိုင်တာလား။ ဒါမှမဟုတ်... မင်းက လိမ်နေတာလား”

လော့ကျီ သွေးအန်သွား၏။ သို့သော် သူသည် ပါးစပ်မှ သွေးများကိုပင် မသုတ်အားဘဲ လျင်မြန်စွာ ထပ်မံပျံတက်၍ ပြောလိုက်သည်။

“မျိုးနွယ်ခေါင်းဆောင်ငယ်... ကျွန်တော်ပြောခဲ့တဲ့ အရာအားလုံးက အမှန်ဆိုတာကို ကျွန်‌တော့်အသက်နဲ့ရော၊ ကျွန်တော့်မိသားစုတစ်ခုလုံးရဲ့အသက်နဲ့ပါ ကျိန်ဆိုရဲပါတယ်။ အဲ့ကောင်လေးက ဘယ်လိုလုပ် ပျောက်သွားလဲဆိုတာကိုတော့ ကျွန်တော်လည်း မသိပါဘူး။ ကျွန်တော် အသုံးမကျပါဘူး။ တကယ်လို့ မျိုးနွယ်ခေါင်းဆောင်ငယ်က ကျွန်တော့်ကို အပြစ်ပေးချင်ရင် ဒါမှမဟုတ် သတ်ချင်တယ်ဆိုရင်လည်း ကျွန်တော့်မှာ အတွန့်တက်စရာ မရှိပါဘူး”

“ရှာကြ... အားလုံး လိုက်ရှာကြ။ တကယ်လို့ မင်းတို့ အဲ့မျိုးမစစ်လေးကို ရှာမတွေ့ဘူးဆိုရင် ပြန်မလာခဲ့ကြနဲ့”

‌လော့ထင်က ဒေါသတကြီး လက်ဝှေ့ယမ်းလိုက်ရာ သူ့အနောက်မှ အထွတ်အထိပ်အဆင့် နတ်ဘုရားစစ်သူကြီးငါးယောက်လည်း ပျံထွက်သွားလေသည်။ လော့ကျီနှင့် သူ့အဖော်သည်လည်း မြန်နိုင်သမျှ အမြန်ဆုံး ပျံထွက်သွားကြသည်။ နတ်ဘုရားဘုရင်သည်သာ လော့ထင်၏ အနောက်တွင် ရပ်၍ ကျန်ခဲ့ပေသည်။

လော့ထင်သည် နတ်ဘုရားလှေထဲသို့ ပြန်သွားလိုက်ပြီး သတင်းကို စောင့်ဆိုင်းနေလိုက်သည်။ သို့သော် အချိန်သာကုန်လာသော်ငြား မည်သည့် သတင်းမှ ရောက်မလာခဲ့ပေ။ သူ မစောင့်နိုင်တော့သဖြင့် သတင်းပို့ကျောက်စိမ်းပြားကို သုံးကာ အခြေအနေ လှမ်းမေးလိုက်သည်။ သို့သော် ကြားရသော သတင်းက မကောင်းသေးချေ။

ရှစ်နာရီကြာအောင် အချည်းနှီးစောင့်ဆိုင်းပြီးနောက် လော့ထင် ပြန်၍ စိတ်တည်ငြိမ်လာသည်။ သူ သက်ပြင်းချလိုက်ပြီး သူ့နားမှ အသက်လတ်ပိုင်းအရွယ် နတ်ဘုရားဘုရင်ကို ပြောလိုက်သည်။

“ဦးလေးလူ... အဲ့ဒါက အဓိပ္ပာယ်မရှိဘူး။ အဲ့ကောင်လေးက သေချာပေါက် သာမန်နတ်ဘုရားအဆင့်မှာပဲ ရှိသေးတာပါ။ မဟုတ်ရင် သူက ရူးသွပ်နတ်ဘုရားရဲတိုက်မှာတုန်းက ရဲတိုက်အစောင့်တွေ ဖမ်းတာကို ခံလိုက်ရမှာ မဟုတ်ဘူး... တန်းပြီး ပျံပြေးသွားမှာပေါ့။ လော့ကျီကလည်း လိမ်နေတာ မဟုတ်ဘူး။ အဲ့တော့ ဖြစ်နိုင်ခြေက တစ်ခုပဲ ရှိတယ်... သူက ထွက်ပြေးသွားတာ မဟုတ်ဘူး... ပုန်းကွယ်အတတ်တစ်ခုကို သုံးပြီး ပုန်းနေတာပဲ...”

“သူ့မှာ အမြစ်မဲ့ရေစင်နည်းနည်း ကျန်လိမ့်ဦးမယ်လို့ ကျွန်တော် ထင်တယ်။ မဟုတ်ရင် စွမ်းအားကြီး ပုန်းကွယ်အတတ် ရှိနေရင်တောင် နတ်ဘုရားစစ်သူကြီး အယောက်တစ်ရာလောက်ရဲ့လက်က လွတ်အောင် ပုန်းနိုင်မှာ မဟုတ်ဘူး။ သူ့ကို သွားရှာပေးဖို့ ကျွန်‌တော် ဦးလေးကို ဒုက္ခပေးလို့ရမလား...”

ဦးလေးလူဆိုသော နတ်ဘုရားဘုရင်က လော့ထင်ကို အသိအမှတ်ပြုဟန်ဖြင့် ကြည့်လိုက်သည်။ သူသည် ကျန်းရီက ပုန်းနေခြင်း ဖြစ်ရမည်ဟု အစောကတည်းက ခန့်မှန်းခဲ့မိသော်လည်း လော့ထင်ကို မည်သို့မှ မပြောခဲ့ပေ။ ဤတစ်ခေါက် သူ၏တာဝန်က လော့ထင်ကို ကာကွယ်ရန်သာ မဟုတ်ဘဲ စမ်းသပ်ရန်လည်း ဖြစ်သည်။

“ငါ သူ့ကို သွားရှာပေးနိုင်ပါတယ်”

ဦးလေးလူက ခေတ္တမျှ တွေးတောပြီးနောက် ပြန်ဖြေလိုက်သည်။

“ဒါပေမဲ့... မင်းကို ကာကွယ်ဖို့ လူသုံးဆယ်တော့ ပြန်ခေါ်ရမယ်။ ပြီးတော့ ငါ ပြန်မလာမချင်း ဒီနေရာက မခွာပါဘူးလို့လည်း မင်း ကတိပေးရမယ်။ မဟုတ်လို့... မင်း တစ်နည်းနည်းနဲ့ သေသွားရင် ငါတို့မိသားစုတစ်စုလုံးကို မင်းတို့မျိုးနွယ်ခေါင်းဆောင်က ရှင်းပစ်လိမ့်မယ်”

“ကျွန်တော် အဲ့ကိစ္စတွေကို ကောင်းကောင်းသိပါတယ်။ ကျွန်တော် လှည့်ဖြားခံမှာ မဟုတ်ပါဘူး”

လော့ထင်က ခေါင်းညိတ်ကာ ပြောလိုက်ပြီး နဂါးပုံစံ သတင်းပို့ကျောက်စိမ်းတံဆိပ်ပြားကို ထုတ်ကာ သတင်းပို့လိုက်သည်။ တစ်နာရီအတွင်းမှာပင် နတ်ဘုရားစစ်သူကြီး အယောက်သုံးဆယ် ပြန်ရောက်လာသည်။ ဦးလေးလူက ထိုအယောက်သုံးဆယ်ကို အေးစက်စက်ကြည့်၍ ပြောလိုက်သည်။

“မင်းတို့အကုန်လုံး နားထောင်ကြ။ ငါ ပြန်မလာမချင်း မျိုးနွယ်ခေါင်းဆောင်ငယ်ရဲ့ လုံခြုံရေးက မင်းတို့ရဲ့ လက်ထဲမှာပဲ။ တကယ်လို့ သူ တစ်ခုခု ဖြစ်သွားမယ်ဆိုရင် ငါ မင်းတို့ရဲ့ မိသားစုတွေကို သတ်ပစ်မယ်။ မျိုးနွယ်ခေါင်းဆောင်ငယ်... စိတ်မပူပါနဲ့။ မကြာခင် ငါ ပြန်လာခဲ့မယ်။ ငါ မှန်းတာသာ မှန်ရင် အဲ့ကောင်လေးက ကီလိုမီတာငါးသောင်းပတ်လည်အတွင်းမှာပဲ ရှိလိမ့်မယ်။ ငါ့ရဲ့ ‌ကောင်းကင်စိတ်အာရုံနဲ့ဆိုရင် သူ့ကို အလွယ်လေး ရှာတွေ့မှာပါ”

***

All Chapters