ထွက်ပြေးခြင်း
Vol. 95 Ch. 1325
ဦးလေးလူက ယုံကြည်မှုရှိရှိ ပြောလိုက်သည်။ သူ ထိုသို့ယုံကြည်မှုရှိနေခြင်းမှာ သူ့စွမ်းအားကြောင့်ဖြစ်သည်။ နတ်သိမ်းငှက်မြို့ထဲတွင် ဦးလေးလူ၏ တိုက်ခိုက်စွမ်းအားက ထိပ်တန်းအဆင့်တစ်ရာထဲ ဝင်သည်။ သူက အလယ်အလတ်အဆင့် နတ်ဘုရားဘုရင်ဖြစ်ပေသည်။
နတ်သိမ်းငှက်မြို့ထဲတွင် စွမ်းအားအကြီးဆုံးသူများမှာ လော့ဖူ၊ မြို့အရှင်လောနှင့် မိစ္ဆာသတ်ဖြတ်စံအိမ်အရှင်တို့ဖြစ်သည်။ သူတို့သုံးယောက်စလုံးက အထွတ်အထိပ်အဆင့် နတ်ဘုရားဘုရင်များ ဖြစ်ကြသည်။ သာမန်အခြေအနေများတွင် နတ်ဘုရားဧကရာဇ်များက သာမန်မြို့များ၌ မရှိချေ။ အကယ်၍ တစ်စုံတစ်ယောက်က နတ်ဘုရားဧကရာဇ်အဆင့်၊ တိထျန်းအဆင့် သို့မဟုတ် မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားအဆင့်သို့ ရောက်သွားလျှင် စီရင်စုနယ်၏ မြို့တော်သို့ သို့မဟုတ် ပိုမြင့်သော ဘုံသို့ တိုက်ရိုက် သွားခွင့်ရမည်ဖြစ်သည်။ ဦးလေးလူ၏ အဆင့်က နတ်ဘုရားဘုရင် အလယ်အလတ်အဆင့်ဖြစ်သည်။ ထို့ကြောင့် နတ်သိမ်းငှက်မြို့တွင်ဆိုလျှင် သူက အရေးပါသူတစ်ယောက်ဟု ဆိုနိုင်ပေသည်။ မဟုတ်လျှင် သူက လော့ထင်၏ ကိုယ်ရံတော် ဖြစ်နေမည် မဟုတ်ချေ။
ဦးလေးလူသည် နတ်ဘုရားလှေအပြင်သို့ ရောက်သည်နှင့် ကောင်းကင်စိတ်အာရုံများကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။ သူ၏ ကောင်းကင်စိတ်အာရုံက အလွန်စူးရှသဖြင့် မြေအောက် ကီလိုမီတာငါးသောင်းအကွာအထိပင် အာရုံခံနိုင်ပေသည်။ သူ၏ ကောင်းကင်စိတ်အာရုံကို ထိုထက်ပို၍ အာရုံခံနိုင်သော်လည်း သူသည် ထိုအကွာအဝေးထက်ပို၍ အာရုံမခံလိုက်ပေ။ တိရှဘုံ၏ မြေပြင်က အလွန်မာကြောသည်။ မြေအောက်နက်လာလေလေ၊ မြေကြီးက ပိုမာကြောလာလေလေပင်။ မြေအောက် ကီလိုမီတာငါးသောင်းအကွာသို့ ရောက်လျှင် ကျန်းရီကဲ့သို့သော သာမန်နတ်ဘုရားများ မဆိုထားနှင့် သာမန်နတ်ဘုရားဘုရင်များသည်ပင် မြေဖိအားဒဏ်ကို ပြင်းထန်စွာ ခံရမည်ဖြစ်သည်။
ဦးလေးလူ၏ ရှာဖွေစူးစမ်းနှုန်းက မြန်လည်းမမြန်သလို၊ နှေးလည်းမနှေးပေ။ လူများစွာက ပတ်ဝန်းကျင် အကြိမ်ကြိမ် ရှာခဲ့သော်လည်း ရှာမတွေ့ခဲ့သဖြင့် ကျန်းရီက စွမ်းအားကြီး ပုန်းကွယ်အတတ်တစ်ခုကို ပိုင်ဆိုင်ထားကြောင်း ထင်ရှားသည်။ ထို့ကြောင့် ဦးလေးလူအနေဖြင့် ရှာဖွေရာတွင် အသေးစိတ်ရှာဖို့ လိုအပ်ပေသည်။ သူသည် တစ်နေရာမှ ချန်ခဲ့မည် မဟုတ်ချေ။
မကြာခင်မှာပင် ဦးလေးလူသည် သဲလွန်စအချို့ကို တွေ့သွား၏။ လော့ကျီက လိမ်ခဲ့ခြင်း မဟုတ်ပေ။ ဦးလေးလူသည် လူနှစ်ယောက် တိုက်ပွဲဖြစ်ခဲ့သော လက္ခဏာများကို တွေ့လိုက်သည်။ မိုးကြိုးသွားကျောက်တုံးတစ်တုံးလည်း အမှန်ပင် ပေါက်ကွဲခဲ့သည်။ ပတ်ဝန်းကျင်တွင်လည်း ကင်းမြီးကောက်ဝါအဆိပ်၏ လက္ခဏာများ ရှိနေသည်။ ထို့ပြင် ကျန်းရီ၏ သွေးစများကိုလည်း ရှာတွေ့ခဲ့သည်။ ဦးလေးလူက သဲလွန်စများအတိုင်း လိုက်သွားရာ တစ်နာရီအတွင်းမှာပင် ကျန်းရီ ပုန်းအောင်းနေသော မီးတောင်အနီးသို့ ရောက်သွားလေသည်။
သို့သော်...
ဦးလေးလူသည် ပတ်ဝန်းကျင်၌ ကျန်းရီ၏ အရိပ်လက္ခဏာများကို မတွေ့ချေ။ ကောင်းကင်စိတ်အာရုံကို သုံး၍ မီးတောင်အတွင်းပိုင်းကို အာရုံခံလိုက်သည်ပင် ကျောက်စွန်းပေါ်၌ တင်ပျဉ်ခွေထိုင်နေသော ကျန်းရီကို အာရုံမခံမိလိုက်ပေ။
ကျန်းရီက သူ့စိတ်ဝိညာဉ်၏ စွမ်းအားကို မြှင့်တင်ထားသည်။ ယင်းအပြင် ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်၊ ပုန်းကွယ်ခြင်းအတတ်နှင့် အမြစ်မဲ့ရေစင်တို့ကိုလည်း အသုံးပြုထားရာ နတ်ဘုရားစစ်သူကြီးများက ကျန်းရီကို ရှာမတွေ့ခဲ့ခြင်းမှာ အံ့အားသင့်စရာ မရှိပေ။ ထို့ပြင် ဦးလေးလူကလည်း သဲလွန်စအမှားများနောက်သို့ လိုက်မိနေပေသည်။
ဦးလေးလူသည် ကျန်းရီ တမင်ချန်ခဲ့သော သဲလွန်စများနောက်သို့ လိုက်လာမိခြင်းပင်။ သို့သော် ကျန်းရီသည် မီးတောင်ထဲတွင် မည်သည့်သဲလွန်စမှ ချန်မထားချေ။ အကယ်၍ သူက မီးတောင်အတွင်းပိုင်း၌ မီးနဂါးဓားကို သုံး၍ ဂူတစ်လုံးတူးကာ ပုန်းအောင်းနေလျှင် ဦးလေးလူက ချက်ချင်း အာရုံခံမိသွားမည်ဖြစ်သည်။ သို့ရာတွင် ယခု၌ မီးတောင်အတွင်းပိုင်းတွင် မည်သည့်လူလုပ်လက္ခဏာမှ ရှိမနေပေ။ ထို့ကြောင့် ဦးလေးလူက ကောင်းကင်စိတ်အာရုံနှင့် တစ်ကြိမ် အာရုံခံပြီးနောက် အခြားနေရာတစ်ခုသို့သွားကာ ဆက်ရှာလိုက်လေသည်။
ဦးလေးလူက ကျန်းရီကို ရှာမတွေ့ခဲ့ခြင်းတွင် အခြားအကြောင်းတစ်ခုလည်း ရှိနေသေးသည်။ ကျန်းရီသည်ပင် ထိုအကြောင်းကို မသိပေ။ မီးတောင်ဝမှနေ၍ အဝေးသို့ ဆန့်တန်းသွားသော သွေးတန်းတစ်တန်း ရှိနေသည်။ ပေတစ်ထောင်ပြည့်တိုင်း သွေးစက်တစ်စက် ရှိသည်။ ဦးလေးလူ၏ အားကောင်းသော ကောင်းကင်စိတ်အာရုံက ထိုသွေးစက်များကို အလွယ်တကူ အာရုံခံနိုင်လိုက်သည်။ ထို့ကြောင့် သူက ထိုသွေးစက်များနောက် လိုက်သွားခြင်း ဖြစ်သည်။
ထိုသွေးစက်များက မည်သည့်နေရာမှ ရောက်လာခြင်းနည်း။
အကယ်၍ ကျန်းရီသာ မီးတောင်ဝအနီး၌ သွေးစက်များ ရှိနေသည်ကို သိခဲ့လျှင် ယင်းက လောချင်းယန်၏ လက်ချက်ဟု ခန်းမှန်းပေလိမ့်မည်။ လောချင်းယန်က ကျန်းရီကို ကာကွယ်ရန် လူများ စေလွှတ်ထားသည် မဟုတ်ပါလား။ ကျန်းရီ၏ လက်ရှိစွမ်းအားနှင့် ဆန်းကြယ်စွမ်းရည်များအရ တစ်စုံတစ်ယောက်က သူ့ကို ကူညီပေးမနေလျှင် သူသည် မီးတောင်ထဲမှ အသက်ရှင်လျက် ပြန်ထွက်နိုင်တော့မည် မဟုတ်ချေ။ လောချင်းယန်က သူမ အချိန်များစွာ၊ လူအင်အားများစွာ ရင်း၍ စီစဉ်ထားရသည့် အစီအစဉ်ကို ရှုံးနိမ့်ခံမည် မဟုတ်ပေ။ ကျန်းရီက ငါးစာဖြစ်သည်။ ထို့ကြောင့် သူ မီးကန်သို့ မရောက်မချင်း သေခွင့်မရှိပေ။
ဟူး...ဟူး...
ငါးမိနစ်ကြာပြီးနောက် ဦးလေးလူက အဝေးသို့ ရောက်သွားသောအခါ ကျန်းရီ မျက်လုံးများဖွင့်၍ အသက်ပြင်းပြင်း ရှူထုတ်လိုက်သည်။ ပြီးခဲ့သော နာရီအနည်းငယ်အတွင်းတွင် ကောင်းကင်စိတ်အာရုံများစွာက သူ့ကို ပွတ်တိုက်သွားခဲ့သည်။ ထိုကောင်းကင်စိတ်အာရုံများထဲ၌ အာရုံတစ်ခုက အလွန်ကြောက်မက်ဖွယ်ကောင်းခဲ့သည်။ ယင်းက နတ်ဘုရားဘုရင်တစ်ပါး၏ ကောင်းကင်စိတ်အာရုံ ဖြစ်နိုင်သည်။
‘ငါ ဘာဆက်လုပ်သင့်လဲ’
ကျန်းရီ၏ ဦးနှောက်က လျင်မြန်စွာ လည်ပတ်နေသည်။ အမြစ်မဲ့ရေစင်၏ အာနိသင်က နောက်ထပ်ခြောက်နာရီသာ ခံတော့မည်ဖြစ်သည်။ သို့သော် ထိုနတ်ဘုရားဘုရင်က အလွန်ကြောက်မက်ဖွယ်ကောင်းပုံပင်။ ကျန်းရီသည် နတ်ဘုရားဘုရင်က မီးတောင်နားသို့ ထပ်ရောက်လာမည်ကို စိုးရိမ်နေ၏။ နတ်ဘုရားဘုရင်သည် သံသယဖြစ်ဖွယ် နေရာများသို့ ထပ်သွားကာ ရှာလောက်သည်။ အကယ်၍ နတ်ဘုရားဘုရင် ထပ်ရောက်လာချိန်တွင် အမြစ်မဲ့ရေစင်၏အာနိသင် ကုန်သွားပါက သူ့ကို ရှာတွေ့သွားပေလိမ့်မည်။ ထိုအချိန်ကျလျှင် သူ၏ စိတ်ဝိညာဉ်က အလွန်အားနည်းနေမည်ဖြစ်၍ ထွက်ပြေးနိုင်တော့မည်လည်း မဟုတ်ပေ။
အမြစ်ဆေးလုံး၏အာနိသင် ကုန်သွားပြီးနောက်တွင် ကျန်းရီ၏ခန္ဓာကိုယ်က အလွန်ပင်ပန်းနွမ်းနယ်နေခဲ့သည်။ သို့သော် ရုပ်ခန္ဓာ ပင်ပန်းမှုက စိတ်ပင်ပန်းမှုလောက် အန္တရာယ်မကြီးပေ။ စိတ်ဝိညာဉ်အားနည်းလာလျှင် ပုန်းကွယ်အတတ်က ပျက်ပြယ်သွားနိုင်သည်။ ထိုအချိန်ကျလျှင် သာမန်နတ်ဘုရားစစ်သူကြီးများပင် သူ့ကို ရှာတွေ့နိုင်လာပေလိမ့်မည်။
ယခု ကျန်းရီ ပုန်းအောင်းနေခဲ့သည်မှာ နာရီများစွာ ကြာခဲ့ပြီဖြစ်၍ ရုပ်ခန္ဓာ အားနည်းမှုက ပျောက်ကွယ်သွားပြီဖြစ်သည်။ ထို့ကြောင့် ကျန်းရီသည် အမြစ်ဆေးလုံး နောက်တစ်လုံး ထပ်သောက်၍ နည်းလမ်းရှာကာ မီးကန်သို့ ဆက်ပြေးနိုင်ပေပြီ။ သူ မီးကန်သို့ ရောက်သွားလျှင် အသက်ရှင်နိုင်မည့်အခွင့်အရေး ရနိုင်သည်။ မီးကန်နားတွင် မီးဓာတ် ဟွင့်သွမ့်သားရဲများစွာ ရှိသည်။ ကျန်းရီသည် မီးကို လုံးဝမကြောက်ပါပေ။
‘သွားမယ်ကွာ...’
ကျန်းရီသည် ခေတ္တမျှ တွေးတောပြီးနောက် ထိုနေရာက မလုံခြုံတော့ကြောင်း ခံစားလာရသည်။ ထို့ကြောင့် စွန့်စားရန် ဆုံးဖြတ်လိုက်သည်။ အမြစ်မဲ့ရေစင်၏ အာနိသင် ကုန်သွားချိန်၌ သူက ထိုနေရာတွင် ဆက်ရှိနေသေးလျှင် သေချာပေါက် သေရပေလိမ့်မည်။ သူ ယခု လှုပ်ရှားမည်ဆိုလျှင်မူ အသက်ရှင်နိုင်မည့်အခွင့်အရေး ရှိနိုင်ပေသေးသည်။
ရွှီး...
ကျန်းရီသည် ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ကို အသုံးပြု၍ လော့ကျီအဖြစ် ရုပ်ပြောင်းလိုက်သည်။ သူ၏ စစ်ချပ်ဝတ်၊ ရုပ်သွင်နှင့် ကိုယ်လုံးကိုယ်ပေါက်တို့က လော့ကျီနှင့် တစ်ထပ်တည်းနီးပါး တူညီသွားသည်။ လော့ကျီကို ကောင်းစွာသိသောသူမှ မဟုတ်လျှင် မည်သူကမှ ကျန်းရီနှင့် လော့ကျီအစစ်ကို ခွဲနိုင်မည် မဟုတ်ချေ။ သူတို့၏ စိတ်ဝိညာဉ်အရှိန်အဝါတွင် ကွဲပြားမှု အနည်းငယ် ရှိနေသော်လည်း အမြစ်မဲ့ရေစင်၏ အာနိသင်က မကုန်သေးသဖြင့် နတ်ဘုရားဘုရင်မှ မဟုတ်လျှင် သာမန်နတ်ဘုရားစစ်သူကြီးများက သူတို့ကို ခွဲခြားနိုင်မည် မဟုတ်ပေ။
ဝှစ်...
ကျန်းရီသည် အမြစ်ဆေးလုံး နောက်တစ်လုံးကို သောက်လိုက်၏။ သူ၏ ရုပ်ခန္ဓာက ပုံမှန်ထက် ဆယ်ဆပို၍ သန်မာသွားသည်။ ထို့နောက် သူသည် သားရဲကြီးတစ်ကောင်အလား မီးတောင်ဝသို့ ခုန်တက်လိုက်သည်။ အပြင်သို့ ရောက်သောအခါ သူ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပြီး မီးကန်ရှိရာဘက်သို့ အားကုန် ပြေးသွားလိုက်လေတော့သည်။
ယခုတွင် ကျန်းရီ၏ ရုပ်ခန္ဓာက အလွန်သန်မာနေသည်။ သို့သော် သူ ပျံတော့ မပျံနိုင်သေးပေ။ နတ်ဘုရားစစ်သူကြီးအဆင့်ကို မရောက်သေးသ၍၊ လုံလောက်သော ကောင်းကင်စွမ်းအား မရှိသေးသ၍ သူက တိရှဘုံ၏ အားကောင်းသော မြေဆွဲအားကို ဆန့်ကျင်နိုင်မည် မဟုတ်ချေ။ ဤတစ်ကြိမ်တွင် ကျန်းရီသည် တစ်စုံတစ်ယောက်က သူ့ကို လှမ်းတွေ့သွားမည်စိုး၍ မြင့်မြင့်မခုန်ဝံ့တော့ဘဲ လျင်မြန်စွာသာ ပြေးသွားနေသည်။ ထို့ပြင် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်၍လည်း ပတ်ဝန်းကျင်ကို စူးစမ်းနေပေသည်။
‘အရှေ့ ဘယ်ဘက်မှာ လှုပ်ရှားမှုတစ်ခု ရှိနေတယ်’
ကျန်းရီသည် ကီလိုမီတာငါးရာ ပြေးပြီးနောက် ရုတ်တရက် ရပ်တန့်လိုက်၏။ သူသည် ရုတ်ခြည်း သူ့အရှိန်အဝါကို ရုတ်သိမ်းလိုက်ပြီး သစ်ပင်ကြီးတစ်ပင်အောက်တွင် တင်ပျဉ်ခွေထိုင်ကာ ပုန်းကွယ်ခြင်းအတတ်ကို ထုတ်လိုက်သည်။
မျှော်လင့်ထားသကဲ့သို့ပင်...
ဆယ့်ငါးမိနစ်အတွင်းမှာပင် ကောင်းကင်စိတ်အာရုံတန်းတစ်တန်း ရောက်ရှိလာသည်။ သို့သော် ၎င်းသည် ကျန်းရီအနားတွင် ရစ်ဝဲမနေဘဲ အဝေးသို့ ဆက်ရွေ့လျားသွားသည်။ ထို့နောက် အဝေးမှနေ၍ စူးရှသော အသံတစ်သံ ထွက်ပေါ်လာပြီး နတ်ဘုရားစစ်သူကြီးတစ်ယောက်က ကျန်းရီကို ဖြတ်ကျော်ကာ အဝေးသို့ ပျံသန်းပျောက်ကွယ်သွားလေသည်။
‘ဆက်သွားမယ်...’
ကျန်းရီတစ်ယောက် ဇောချွေးများ ပြန်နေသည်။ သူက ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်ထားပြီး အမြစ်မဲ့ရေစင်က သူ့စိတ်ဝိညာဉ်ကို ဆယ်ဆပိုသန်မာနေစေ၍သာ ကံကောင်းသွားခြင်းဖြစ်သည်။ မဟုတ်လျှင် သူသည် ရန်သူလာနေခြင်းကို ကြိုသိခဲ့မည်မဟုတ်ပေ။ သူ၏ ပြတ်သားမှုနှင့် လျင်မြန်စွာ ပြုမူလိုက်မှုတို့ကလည်း သူ့ကို ကယ်သွားခြင်းဖြစ်သည်။ သူသာ စက္ကန့်အနည်းငယ်လောက် တုံ့ဆိုင်းခဲ့ပါက သေချာပေါက် ရှာတွေ့ခံလိုက်ရမည်ဖြစ်သည်။
ကျန်းရီသည် ပို၍ စိတ်လှုပ်ရှားလာပေပြီ။ ထို့ပြင် နတ်ဘုရားစစ်သူကြီး တစ်ယောက်ကို အောင်အောင်မြင်မြင် ရှောင်နိုင်လိုက်၍လည်း သူ ပို၍ ယုံကြည်မှု ရှိလာသည်။ ထိုနေရာက မီးကန်နှင့် သိပ်မဝေးတော့ပေ။ သူသာ အားကုန်ပြေးသွားမည်ဆိုလျှင် အမြစ်မဲ့ရေစင်၏ အာနိသင်မကုန်ခင်တွင် မီးကန်သို့ သေချာပေါက် ရောက်သွားနိုင်ပေသည်။
ဝှစ်...
ကျန်းရီသည် သိုသိုဝှက်ဝှက်ဖြင့် ဆက်ပြေးသွား၏။ ဤတစ်ခေါက်တွင် သူ ပို၍သတိထားနေပေသည်။ အာကာပြင်လှုပ်ခတ်မှုကို အာရုံခံမိသည်နှင့် ချက်ချင်းရပ်တန့်ကာ ပုန်းကွယ်ခြင်းအတတ်ကို သုံးသည်။
‘ခြောက်ယောက်မြောက်...’
လေးနာရီကြာပြီးနောက် ကျန်းရီသည် သူ့ကို ရှာဖွေနေသော အခြားနတ်ဘုရားစစ်သူကြီးတစ်ယောက်ကို ထပ်ရှောင်နိုင်လိုက်သည်။ ခရီးလမ်းက အတော်လေး အေးချမ်းနေသည်။ သူသည် နတ်ဘုရားစစ်သူကြီး ခြောက်ယောက်ကို အောင်အောင်မြင်မြင် ရှောင်နိုင်ခဲ့ပြီး မီးကန်သို့ ရောက်တော့မည်ဖြစ်သည်။
ကျန်းရီသည် မြေပုံကို မကြည့်ဘဲနှင့် အရှေ့တွင် မီးကန်ရှိနေကြောင်းကို ပြောနိုင်၏။ ပတ်ဝန်းကျင်က တဖြည်းဖြည်းဖြင့် အနီရောင်ကန္တာရတစ်ခုကဲ့သို့ ဖြစ်လာပြီဖြစ်သည်။ ပတ်ပတ်လည်တွင် မည်သည့်သစ်ပင်ချုံပုတ်မှ မရှိတော့ဘဲ နီညိုရောင် မြေတုံးများနှင့် ကျောက်တုံးများသာ ရှိနေသည်။
မီးကန်မှ အပူဒဏ်ကြောင့် ပတ်ဝန်းကျင်က ခြောက်ကပ်နေခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။ မြေတုံးများနှင့် ကျောက်တုံးများကလည်း အပူဒဏ်ကို ကြာရှည်ခံရပြီးနောက်တွင် နီညိုရောင်ပြောင်းသွားခြင်းဖြစ်သည်။ ထိုနေရာတစ်ဝိုက်၌ မည်သည့်အပင်မှလည်း မရှင်သန်နိုင်ချေ။ ကျန်းရီသည် မီးဝိညာဉ်ပုလဲကို သူ့လက်စွပ်ထဲတွင်သာ သိမ်းထားလိုသေးသော်လည်း ချွေးပြိုက်ပြိုက်ကျကာ သွေးများဆူပွက်နေပြီဖြစ်သည်။
‘ငါ မီးကန်ကို တစ်နာရီအတွင်း ရောက်သွားလောက်တယ်’
ကျန်းရီသည် မီးဝိညာဉ်ပုလဲကို ထုတ်၍ စိတ်လှုပ်တရှား ဆက်ပြေးသွားလိုက်၏။ သို့သော် ဆယ်မိနစ်ကြာပြီးနောက်တွင် သူ ထပ်မံရပ်တန့်လိုက်ရပြန်သည်။ သူ့မျက်နှာပေါ်တွင်လည်း တုန်လှုပ်မှုများနှင့် ပြည့်နှက်နေသည်။
အရှေ့ရှိ တောင်ခြေတစ်ခုတွင် လူတစ်ယောက် ထိုင်နေသည်။ ထိုလူက ပျံသန်းနေရာမှ မော၍ ထိုင်နားနေပုံပင်။ ယင်းသို့ ထိုင်နားနေခဲ့၍လည်း ကျန်းရီက အာကာပြင်တုန်ခါမှုကို အာရုံမခံနိုင်ခဲ့ခြင်းဖြစ်သည်။
ထိုလူက နတ်ဘုရားစစ်သူကြီးတစ်ယောက်ပင်။ ထို့ပြင် ကျန်းရီသည် ထိုနတ်ဘုရားစစ်သူကြီးကို သိသည်။ ၎င်းနတ်ဘုရားစစ်သူကြီးမှာ လော့ကျီနှင့်အတူ သူ့ကို လိုက်ဖမ်းခဲ့သူပင်။
***