မင်းက ကျန်းရီ
Vol. 95 Ch. 1326
စစ်နတ်ဘုရားစံအိမ်၏ လော့မျိုးနွယ်မှ ထိုနတ်ဘုရားစစ်သူကြီးက အလွန်နားမလည်နိုင်ဖြစ်နေ၏။ ထိုအခိုက်တွင် ကျန်းရီက လော့ကျီနှင့် တစ်ပုံစံတည်း တူနေပေသည်။ ကျန်းရီ၏ တစ်ခုတည်းသော သံသယဖြစ်စရာမှာ ပျံမလာဘဲ ပြေးလာခြင်းဖြစ်သည်။ ထို့ပြင် ကျန်းရီ၏ အငွေ့အသက်က စစ်နတ်ဘုရားစံအိမ်မှ နတ်ဘုရားစစ်သူကြီးတစ်ယောက်နှင့် မတူဘဲဖြစ်နေသည်။ သူက ဝံ့ကြွားမှု ပျောက်ဆုံးနေသကဲ့သို့ပင်။
လော့ကျီက အထွတ်အထိပ်အဆင့် နတ်ဘုရားစစ်သူကြီးတစ်ယောက် ဖြစ်ပြီး လော့မျိုးနွယ်နှင့် သွေးသားတော်စပ်သည်။ သာမန်နတ်ဘုရားစစ်သူကြီးများသည် သူ့ကို အပြစ်ပြုမိဝံ့မည် မဟုတ်ပေ။ သို့သော် ယခုတွင်မူ နတ်ဘုရားစစ်သူကြီးသည် ‘လော့ကျီ’၏ မျက်ဝန်းများထဲ၌ အံ့အားသင့်မှုနှင့် စိုးရိမ်မှု အရိပ်အယောင်များကို မြင်နေရသည်။ ထို့ကြောင့် သူ နားမလည်နိုင်ဖြစ်သွားခြင်းဖြစ်သည်။
ကျန်းရီ၏ စိတ်ဝိညာဉ်က ဆယ်ဆပို၍ သန်မာနေပြီဖြစ်၍ ထိုအခိုက်တွင် သူ့ဦးနှောက်က အလွန်လျင်မြန်စွာ အလုပ်လုပ်နေပေသည်။ ထို့ကြောင့် သူက အခြေအနေကို ချက်ချင်းတုံ့ပြန်နိုင်လိုက်ပြီး အော်ပြောလိုက်သည်။
“ပြေးတော့... ငါ့အနောက်ကနေ ဟွင့်သွမ့်သားရဲတစ်ကောင် လိုက်လာတယ်။ ငါ ဒဏ်ရာရထားတယ်”
ကျန်းရီသည် ပြောပြောဆိုဆိုဖြင့် နတ်ဘုရားစစ်သူကြီးထံ ပြေးသွားလိုက်သည်။ သူ့မျက်နှာပေါ်တွင် ကြောက်ရွံ့သည့် အရိပ်အယောင်များ ရှိနေသည်။ နတ်ဘုရားစစ်သူကြီးသည် အလိုလို လေပေါ်ပျံတက်မိသွားပြီး ကျန်းရီအနောက်လိုက်၍ မီးကန်ဆီသို့ ဦးတည်သွားလိုက်သည်။ တစ်ချိန်တည်းမှာပင် အနောက်ဘက်သို့လည်း ကောင်းကင်စိတ်အာရုံ ပို့လွှတ်လိုက်သည်။
‘တစ်ခုခုတော့ မှားနေပြီ...’
နတ်ဘုရားစစ်သူကြီး၏ ကောင်းကင်စိတ်အာရုံက ရုတ်ခြည်းပင် ပြဿနာတစ်ခုကို အာရုံခံမိလိုက်သည်။ အနောက်တွင် မည်သည့် လှုပ်ရှားမှုမှ ရှိမနေသလို မည်သည့်ဟွင့်သွမ့်သားရဲမှလည်း ရှိမနေချေ။ ထို့ပြင် လော့ကျီသည် ဤကဲ့သို့သော အခြေအနေအောက်တွင် အစောကကဲ့သို့သော စကားမျိုးကို ပြောလိမ့်မည် မဟုတ်ပေ။ လော့ကျီဆိုလျှင် သူ့အား သေချာပေါက် ခက်ထန်စွာ ဆူပူကြိမ်းမောင်း၍ ဟွင့်သွမ့်သားရဲကို တိုက်ခိုက်ခိုင်းမည်ဖြစ်သည်။ သူ့ကို ပြေးရန် ပြောလိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် နတ်ဘုရားစစ်သူကြီးသည် အောက်ဘက်မှ ‘လော့ကျီ’ကို သံသယဖြင့် ငုံကြည့်လိုက်၏။ သူ သဘောပေါက်သွားပေပြီ။ ‘လော့ကျီ’၏ ခန္ဓာကိုယ်ကို သတ်ဖြတ်အရှိန်အဝါတစ်ခုက လွှမ်းခြုံထားသည်။ ထို့ပြင် ‘လော့ကျီ’က လက်ထဲတွင် မီးနဂါးဓားကို ကိုင်၍ သူ့ထံသို့ သားရဲကြီးတစ်ကောင်ကဲ့သို့ ခုန်လာသည်။ ထို့နောက် ဓားအလင်း လက်သွားပြီး မီးနဂါးကြီးသုံးကောင် ထွက်ပေါ်လာလေသည်။
ဟုတ်၏။
ကျန်းရီက လှုပ်ရှားလိုက်ပေပြီ။ သူသည် ထိုနတ်ဘုရားစစ်သူကြီး၏ မျက်ဝန်းများထဲမှ ပြဿနာတစ်ခုကို တွေ့လိုက်သည်။ ထိုလူက သူ့ကို သံသယဝင်နေပေသည်။ သူ့တည်နေရာကို ပေါ်မသွားစေလိုလျှင်၊ နတ်ဘုရားစစ်သူကြီးများနှင့် နတ်ဘုရားဘုရင်များ၏ လိုက်ဖမ်းမှုကို မခံလိုလျှင် သူ ထိုလူကို သတ်ရပေမည်။
“မင်းက လော့ကျီ မဟုတ်ဘူး။ မင်း ဘယ်သူလဲ”
နတ်ဘုရားစစ်သူကြီးက တုန်လှုပ်တကြီး အော်ပြောလိုက်သည်။ သူ၏ရွှေရောင်စစ်ချပ်ဝတ်က တောက်ပလာပြီး သူ့လက်ထဲတွင် ဓားတစ်ချောင်း ထွက်ပေါ်လာသည်။ သူက တိုက်ခိုက်ရန် ပြင်ဆင်လိုက်ပေပြီ။ သို့သော် နောက်အခိုက်အတန့်တွင် သူ အသက်အန္တရာယ်ကို ခံစားလိုက်ရလေသည်။ သူသည် ပြူးကျယ်သော မျက်လုံးများဖြင့် ကျန်းရီ၏ ဘယ်ဘက်လက်ကို စိုက်ကြည့်လိုက်သည်။
‘အဲ့မီးတောက်တွေက ကြောက်စရာပဲ... ပြေးပေတော့’
ကျန်းရီက ပေါင်းစည်းမီးတောက်များကို ဆင့်ခေါ်လိုက်သည်။ ထိုနတ်ဘုရားစစ်သူကြီး၏စွမ်းအားက လော့ကျီ၏စွမ်းအားကို မမီပေ။ နတ်ဘုရားစစ်သူကြီးသည် ပြန်ဆုတ်ရန် ချက်ချင်း ဆုံးဖြတ်လိုက်သည်။ အရင်ဆုံး ထွက်ပြေးပြီးမှ မည်သို့ ဆက်လုပ်ရမည်ကို စဉ်းစားရပေမည်။ သူ ဤနေရာမှ ထွက်သွားနိုင်သည်နှင့် သူ့အဖော်များကို ပြန်ခေါ်၍ ထိုမျိုးမစစ်လေးကို လိုက်ဖမ်းနိုင်သည်။
သို့သော် လော့ကျီကလည်း ထိုကဲ့သို့သော အမှားကို ကျူးလွန်မိခဲ့ခြင်းဖြစ်သည်။ နတ်ဘုရားဇီဝိန်ခြွေက မိုးမြေစွမ်းအားကို အသုံးပြု၍ ရန်သူကို ဖိနှိပ်ထားနိုင်ပေသည်။ ယခု နတ်ဘုရားစစ်သူကြီး၏ စွမ်းအားက လော့ကျီ၏စွမ်းအားနှင့် မယှဉ်နိုင်ချေ။ သူ၏အမြန်နှုန်းကလည်း လော့ကျီ၏အမြန်နှုန်းထက် များစွာပိုနှေးသည်။ ထို့ပြင် ကျန်းရီ၏ ပေါင်းစည်းမီးတောက်များ၏ အပူချိန်က သူ့ကောင်းကင်စွမ်းအားကို ရှုပ်ထွေးစေကာ သူ့တစ်ကိုယ်လုံးကို ပူလောင်နေစေသည်။ ထို့ကြောင့် သူ၏အမြန်နှုန်းက ပိုနှေးသွားသည်။
ဝှစ်...
ကျန်းရီ၏လက်ထဲတွင် ကျောက်တုံးများ ထွက်ပေါ်လာသည်။ သူသည် ၎င်းတို့ကို နတ်ဘုရားစစ်သူကြီးထံသို့ ပစ်လွှတ်လိုက်၏။ ပေါင်းစည်းမီးတောက်များက နတ်ဘုရားစစ်သူကြီးကို သတ်နိုင်လောက်မည် မဟုတ်ချေ။ ထို့ကြောင့် မိုးကြိုးသွားကျောက်တုံးများကို သုံး၍ နတ်ဘုရားစစ်သူကြီးကို ဒဏ်ရာရသွားအောင် လုပ်ရပေမည်။
“မိုးကြိုးသွားကျောက်တုံးတွေ.. မင်းက ကျန်းရီပဲ”
နတ်ဘုရားစစ်သူကြီးက အော်ပြောလိုက်သည်။ သူ အလွန်လည်း ထိတ်လန့်သွားသည်။ ထိုအခိုက်တွင် သူသည် တစ်စုံတစ်ခုကို သိရှိသွားပေပြီ။ သူက လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။ ယနေ့တွင် သူ သေချာပေါက် သေရပေတော့မည်။ မီးတောက်များက အလွန်အားကောင်းသည်။ ယင်းကို မိုးကြိုးတန်းမီးတောက်များ၊ ကင်းမြီးကောက်ဝါအဆိပ်မှုန့်များနှင့် ထပ်ပေါင်းလိုက်ရာ သူ မည်သို့ ရှင်သန်နိုင်ပါတော့မည်နည်း။ လော့ကျီပင် ကျန်းရီကို မယှဉ်နိုင်ခဲ့ချေ။ သို့ဖြစ်ရာ သူ၏အစွမ်းလောက်နှင့် မည်သို့ ပြန်တိုက်ခိုက်နိုင်မည်နည်း။
‘မျိုးနွယ်ခေါင်းဆောင်ငယ်ဆီ သတင်းပို့ရမယ်။ ငါ သေရင်တောင် မျိုးနွယ်ခေါင်းဆောင်ငယ်ကို ငါ့အတွက် လက်စားချေခိုင်းရမယ်’
နောက်ဆုံးတွင် နတ်ဘုရားစစ်သူကြီးက ရပ်တန့်လိုက်သည်။ သူသည် စိတ်ဆုံးဖြတ်၍ အချက်ပြမီးပန်းတစ်ခုကို ထုတ်လိုက်၏။ ထို့နောက် ကျန်းရီ၏ တိုက်ခိုက်မှုများကို အရေးမစိုက်တော့ဘဲ စွမ်းအားကုန်သုံးကာ အချက်ပြမီးပန်းကို ကောင်းကင်ထက်သို့ ပစ်လွှတ်လိုက်လေသည်။
ဝုန်း...ဝုန်း...
ပေါက်ကွဲမှုနှစ်ခု ဖြစ်ပေါ်လာသည်။ မိုးကြိုးကျောက်တုံးများက နတ်ဘုရားစစ်သူကြီးကို ထိမှန်သွားသည်နှင့် ပေါက်ကွဲထွက်သွားသည်။ သူ့၏ အရိုးများနှင့် ကိုယ်တွင်းအင်္ဂါများက ပျက်စီးသွားပြီး သူက အောက်ဘက်ရှိ တောင်ထွတ်ပေါ်သို့ ပြုတ်ကျသွားသည်။ သူ ပစ်လွှတ်လိုက်သော အချက်ပြမီးပန်းကလည်း ကောင်းကင်ထက်တွင် ပေါက်ကွဲသွားကာ အာကာပြင်ကို ကြောက်မက်ဖွယ် တုန်ခါသွားစေသည်။ ထိုတုန်ခါမှုကို ကီလိုမီတာတစ်သောင်းအကွာမှပင် သိနိုင်လိမ့်မည်ဟု ကျန်းရီ ခန့်မှန်းလိုက်သည်။
“လခွမ်းပဲ...”
ကျန်းရီသည် အာကာပြင်တုန်ခါမှုကို မော့ကြည့်၍ ဆဲလိုက်၏။ နတ်ဘုရားစစ်သူကြီးက အတော်လေး ပြတ်သားပေသည်။ ထိုအချက်ပြမီးပန်းက အနီးရှိ နတ်ဘုရားစစ်သူကြီးအားလုံးကို အာရုံစိုက်သွားစေနိုင်သည်။ မကြာခင်တွင် သူတို့က ဤနေရာသို့ ရောက်လာကြပေလိမ့်မည်။ နတ်ဘုရားဘုရင်ကလည်း အနီးနားတွင်သာ ရှိနေလောက်သည်။ သူ၏အမြန်နှုန်းနှင့်ဆိုလျှင် တစ်ခဏအတွင်း ဤနေရာသို့ ရောက်လာမည်ဖြစ်သည်။
“သတ်ကွာ...”
ကျန်းရီထံတွင် ဆဲဆိုနေရန် အချိန်မရှိပေ။ သူသည် တောင်ထွတ်ဆီသို့ ကျားသစ်နက်တစ်ကောင်အလား ပြေးသွားလိုက်ပြီး သွေးလွှမ်းနေသော နတ်ဘုရားစစ်သူကြီးကို ကြည့်လိုက်သည်။ သူသည် တိုက်ခိုက်မှုများကို မထုတ်ဘဲ ပေါင်းစည်းမီးတောက်လုံးတစ်လုံးကိုသာ ဆင့်ခေါ်လိုက်သည်။ မီးတောက်၏ အပူချိန်ကြောင့် နတ်ဘုရားစစ်သူကြီးသည် တိုက်ခိုက်မှုများကို ခုခံရန် အတွင်းအား မသုံးနိုင်တော့ပေ။ ထို့နောက် ကျန်းရီသည် မီးနဂါးဓားကို လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်ကာ ထိုလူ၏ ခေါင်းကို အားကုန်ခုတ်ချလိုက်သည်။
ရွှမ်း...
ယခုတွင် ကျန်းရီ၏ ရုပ်ခန္ဓာက အထွတ်အထိပ်အဆင့် နတ်ဘုရားစစ်သူကြီးတစ်ယောက်၏ ရုပ်ခန္ဓာလောက် သန်မာနေသည်။ ထို့ကြောင့် ဓားချက်က အလွန်ကြောက်မက်ဖွယ်ပင်။ ဓားသည် နတ်ဘုရားစစ်သူကြီး၏ ခေါင်းဆောင်းကို ဖြတ်၍ သူ့ဦးနှောက်များထဲသို့ ဝင်သွားကာ ခေါင်းကို နှစ်ခြမ်းပိုင်းပစ်လိုက်သည်။ သူ ရုတ်ခြည်း သေဆုံးသွားလေသည်။
ရွှီး...
သိုင်းသမားတစ်ယောက် သေသွားသည်နှင့် သူ၏ စစ်ချပ်ဝတ်၊ နတ်ဘုရားအသုံးအဆောင်များနှင့် သိုလှောင်လက်စွပ်တို့က အလိုလို ကျွတ်သွားကြမည်ဖြစ်သည်။ ကျန်းရီသည် ထိုပစ္စည်းအားလုံးကို သိမ်းယူ၍ သူ့လက်စွပ်ထဲ ထည့်လိုက်သည်။ ထို့နောက် သူသည် နောက်ထပ်မီးတောက်လုံးတစ်လုံးကို ထုတ်ကာ အလောင်းကို မီးရှို့ပစ်လိုက်သည်။ လုပ်စရာရှိသည်များကို လုပ်ပြီးသွားသည်နှင့် သူ မီးကန်ဆီသို့ အမြန်ဆုံး ဆက်ပြေးသွားလိုက်လေသည်။
ကျန်းရီသည် ပြေးနေရင်းဖြင့် မြေပုံကို ထုတ်ကာ ကြည့်လိုက်သည်။ သူ၏ ခန့်မှန်းချက်အရ မီးကန်ကို ရောက်ရန် နာရီပိုင်းလောက် ကြာပေလိမ့်ဦးမည်။ လမ်းတွင် သူ့ကို နတ်ဘုရားစစ်သူကြီးများက မီလာလျှင် ပြဿနာမရှိသော်လည်း နတ်ဘုရားဘုရင်သာ မီလာပါက သူ သေချာပေါက် ပြဿနာတက်သွားမည်ဖြစ်သည်။
***
အချက်ပြမီးပန်းက ပတ်ဝန်းကျင်ရှိ သိုင်းသမားအားလုံးကို အာရုံစိုက်သွားစေသည်။ အချက်ပြမီးပန်း ပစ်လိုက်သည်နှင့် ကီလိုမီတာတစ်သောင်း အဝန်းအဝိုင်းအတွင်းရှိ လူတိုင်း သိလိုက်ရမည်ဖြစ်သလို အချက်ပြမီးပန်းက စစ်နတ်ဘုရားစံအိမ်၏ လော့မျိုးနွယ်မှ တပည့်တိုင်းသို့လည်း အချက်ပြမှုများ ပို့လိုက်မည်ဖြစ်ကြောင်းကို ကျန်းရီ မသိပေ။ နဂါးပုံစံ ကျောက်စိမ်းတံဆိပ်ပြားက ထိုအချက်ပြများကို ဖမ်းယူနိုင်ပေသည်။
အချက်ပြမီးပန်းကို စစ်ကူလိုသော အချိန်မှ အသုံးကြသည်။ ၎င်းကို အမှန်တကယ် မလိုအပ်ဘဲ အသုံးပြုမိလျှင် အသုံးပြုသူသည် စစ်နတ်ဘုရားစံအိမ်၏ အပြင်းအထန် အပြစ်ပေးခြင်းကို ခံရသည်။ ယခုတွင် လူတစ်ယောက်က မီးကန်အနီး၌ အချက်ပြမီးပန်းကို အသုံးပြုခဲ့သည်။ ထိုအချက်ပြမှုက လူများစွာကို စိတ်လှုပ်ရှားသွားစေသည်။ သူတို့အများစုသည် တူညီသောအတွေးတစ်ခုကို တွေးမိလိုက်ကြသည်။ တစ်စုံတစ်ယောက် ကျန်းရီကို မီးကန်နားတွင် ရှာတွေ့ခဲ့ပေပြီ။
နေရာအနှံ့တွင် ရှာဖွေနေကြသော သိုင်းသမားများသည် ချက်ချင်း မီးကန်သို့ ဦးတည်သွားလိုက်ကြသည်။ ဦးလေးလူကလည်း အမှန်ပင် အနီးနား၌ ရှိနေခဲ့သည်။ သူသည် မီးကန်ဘက်သို့ အေးစက်စက် ငေးကြည့်လိုက်၏။ သူ့မျက်နှာပေါ်တွင် တုံ့ဆိုင်းမှုတစ်ခုမှ ရှိမနေပေ။
အခြေအနေက ပြောင်းလဲသွားပေပြီ။ ဦးလေးလူသည် လော့ထင်၏အနားသို့ အမြန်ဆုံး ပြန်သွားလိုနေသည်။ သူ၏ တစ်ခုတည်းသော တာဝန်က လော့ထင်ကို ကာကွယ်ရန်ဖြစ်သည်။ အကယ်၍ ရန်သူတစ်ယောက် ထွက်ပေါ်လာလျှင် သို့မဟုတ် ယခုအခြေအနေက လော့ထင်ကို သတ်မည့် ထောင်ချောက်တစ်ခု ဖြစ်နေလျှင် အကျိုးဆက်များက ဆိုးဝါးသွားနိုင်သည်။
သို့သော် ဦးလေးလူသည် လော့ထင်ဘေးသို့ ပြန်မသွားဘဲ မီးကန်ဆီသို့သာ ပြေးသွားလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူက လော့ထင်၏ အကျင့်စရိုက်ကို ကောင်းစွာသိထား၍ပင်။ အချိန်များစွာ ကြာခဲ့ပြီဖြစ်၍ ယခုတွင် လော့ထင်က အလွန်ဒေါသူပုန်ထနေလောက်ပေပြီ။ လက်ရှိအခြေအနေများအရ လော့ထင်သည် နတ်ဘုရားလှေနှင့် မီးကန်ဆီသို့ သွားနေလောက်ပြီဖြစ်သည်။ နတ်ဘုရားလှေက ဦးလေးလူလောက် မြန်သည်။ ထို့ကြောင့် သူသည် မီးကန်သို့သာ တိုက်ရိုက်သွားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပေသည်။
အကယ်၍ ကောင်းကင်ထက်ရှိ တစ်စုံတစ်ယောက်က အောက်ဘက် ကီလိုမီတာတစ်ရာအဝန်းအဝိုင်းအတွင်းရှိ အရာအားလုံးကို မြင်နိုင်မည်ဆိုလျှင် စိတ်ဝင်စားဖွယ် မြင်ကွင်းတစ်ခုကို မြင်ရပေလိမ့်မည်။ အရှေ့ဘက်တွင် ဧရာမချော်ရည်ကန်ကြီးတစ်ကန် ရှိနေပြီး လူတစ်ယောက်က ၎င်းကန်ဆီသို့ အားကုန်ပြေးသွားနေသည်။ သူ့အနောက်ဘက် အရပ်မျက်နှာသုံးခုမှနေ၍ လူများနှင့် နတ်ဘုရားလှေတစ်စီးက လျင်မြန်စွာ ပျံသန်းနေကြသည်။ အားလုံးသည် မျှားခေါင်းပုံစံ ရွေ့လျားနေကြသည်။ ဧရာမမျှားခေါင်းကြီးတစ်ခုက မီးကန်ဆီသို့ ဦးတည်နေသကဲ့သို့ပင်။
သို့သော် ထိုပုံစံက အမြဲပြောင်းလဲနေသည်။ နတ်ဘုရားလှေနှင့် ဦးလေးလူတို့၏ အမြန်နှုန်းက အလွန်လျင်မြန်သည်။ ထိုအတိုင်းသာ ဆက်သွားပါက ဆယ်မိနစ်အတွင်းမှာပင် နတ်ဘုရားလှေနှင့် ဦးလေးလူတို့က အရှေ့ရှိ ကျန်းရီကို မီသွားတော့မည်ဖြစ်သည်။ ကျန်းရီကမူ မီးကန်ဆီ မည်သို့မှ ဆယ်မိနစ်အတွင်း မရောက်နိုင်ချေ။
***