← Chapters

ငါးကြီးက ငါးစာကို ဟပ်ပြီ

Vol. 95 Ch. 1327

ငါးကြီးက ငါးစာကို ဟပ်ပြီ

Vol. 95 Ch. 1327

‘မြန်မြန်...မြန်မြန်...မြန်မြန်...’

ကျန်းရီသည် စိတ်ထဲမှ အဆက်မပြတ် အော်ပြောနေသည်။ သေမင်းက သံကြိုးများကိုင်၍ သူ့ကို လိုက်ဖမ်းနေသည်။ အကယ်၍ သေမင်းကို အနားကပ်ခွင့်ပြုလိုက်လျှင် သူက ကျန်းရီကို အညှာအတာမရှိ သတ်သွားပေလိမ့်မည်။ ထို့နောက် ကျန်းရီကို တမလွန်ဘုံသို့ ခေါ်သွားကာ ထာဝရ နှိပ်စက်မည်ဖြစ်သည်။

ထိုအခိုက်တွင် ကျန်းရီသည် ကောင်းကင်နှင့်လူသား ပေါင်းစည်း အခြေအနေသို့ ဝင်ထားပြီး သူ့အနောက်ဘက်မှ လှုပ်ရှားမှုများကို အာရုံခံနေသည်။ သူ အရှိန်ကုန် ပြေးနေခဲ့သည်မှာ ငါးမိနစ်ရှိသွားပြီဖြစ်သည်။ ယခုတွင် မီးကန်နှင့် နီးလာပေပြီ။ သူ့ပတ်ပတ်လည်မှ အပူချိန်ကလည်း မြင့်တက်လာနေသည်။ ခြေထောက်အောက်မျ မြေကြီး၏ အရောင်က မည်းနက်လာသည်။ ပတ်ဝန်းကျင်လေထုမှာ အတန်ငယ် တွန့်ခေါက်နေသည်။ သာမန်နတ်ဘုရားများဆိုလျှင် ဤအပူချိန်ကို ခံနိုင်လောက်မည် မဟုတ်ချေ။

‘ငါ့ကို အချိန် ငါးမိနစ်လောက် ထပ်ပေးပါ။ အဲ့ဒါဆို ငါ ဒီကနေ အသက်ရှင်ရက် ထွက်သွားနိုင်လောက်တယ်’

ကျန်းရီ ရင်ထဲမှ ဆုတောင်းလိုက်သည်။ အပူချိန်က ဆက်မြင့်မားလာလျှင် သူ့အနောက်မှ နတ်ဘုရားစစ်သူကြီးများက နှေးသွားပေလိမ့်မည်။ သို့သော် သူကမူ မီးဝိညာဉ်ပုလဲ၏ ကာကွယ်ပေးမှုကြောင့် ပုံမှန်အတိုင်း ဆက်သွားနိုင်မည်ဖြစ်သည်။ သူ၏ အမြန်နှုန်းက လုံးဝထိခိုက်မည် မဟုတ်ပေ။ သို့ဖြစ်၍ သူ မီးကန်သို့ ရောက်နိုင်မည့် အခွင့်အရေးက ပိုများပေသည်။

သို့သော်...

နှစ်မိနစ်၊ သုံးမိနစ် ကြာပြီးနောက်တွင် ကျန်းရီသည် လေခွင်းသံ တစ်သံကို ကြားလိုက်ရ၏။ အဝေးမှနေ၍ အနက်ရောင်အစက်အပျောက်တစ်ခု ပျံသန်းလာသည်။ ထိုအစက်အပျောက်က စက္ကန့်နှင့်အမျှ အရွယ်အစား ကြီးလာသည်။ ကျန်းရီသည် အာကာပြင်တုန်ခါမှုကို ခံစားလိုက်ရ၏။ သူ ချက်ချင်း မျက်နှာပျက်သွားပြီး အနောက်လှည့်ကြည့်လိုက်သည်။

နတ်ဘုရားလှေတစ်စီး ပျံသန်းလာနေသည်။ ထိုနတ်ဘုရားလှေ၏ အကာအရံက အလွန်အားကောင်းသဖြင့် မြင့်မားသော အပူချိန်ကို ခံနိုင်သည်။ ထို့ကြောင့် ၎င်း၏ အမြန်နှုန်းက လုံးဝ ထိခိုက်မှုမရှိပေ။ ထိုလှေထဲတွင် လော့ထင်နှင့် နတ်ဘုရားစစ်သူကြီး လေး၊ ငါးယောက် ပါလိမ့်မည်ဟု ကျန်းရီ ခန့်မှန်းလိုက်သည်။

‘လခွမ်းပဲ...’

ကျန်းရီ အံကြိတ်၍ ဆက်ပြေးလိုက်သည်။ သူ၏ ဦးနှောက်က အဆက်မပြတ် လည်ပတ်၍ လွတ်လမ်းတစ်ခုကို ရှာနေသော်လည်း ရှာမတွေ့နိုင် ဖြစ်နေသည်။ သူ၏ စွမ်းရည်များဖြင့် ထိုနတ်ဘုရားလှေကို ဖျက်ဆီးနိုင်မည် မဟုတ်ပေ။ သူက နတ်ဘုရားလှေကို ဖျက်ဆီးနိုင်မည် ဆိုလျှင်ပင် လှေထဲမှ နတ်ဘုရားစစ်သူကြီးများက သူ့ကို အလွယ်တကူ သတ်ပစ်နိုင်သေးသည်။

‘‌လောချင်းယန်ရဲ့ လူတွေက ဘယ်မှာလဲ။ အခုလိုအချိန်မှာ ဘာလို့ သူတို့က ငါ့ကို လာမကူသေးတာလဲ။ ငါ သေသွားရင် ဘယ်သူက လော့ထင်ကို မီးကန်ဆီ မျှားခေါ်သွားမှာလဲ’

ကျန်းရီသည် ပတ်ဝန်းကျင်ကို စူးစမ်းလိုက်၏။ လောချင်းယန်က ထိုနေရာတစ်ဝိုက်တွင် စွမ်းအားကြီး သိုင်းသမားတစ်ယောက်ကို ကြို‌ချထားကြောင်း သူသိသည်။ သူ တာဝန်ကို ‌ချောချောမောမော ပြီးမြောက်အောင် ထမ်းဆောင်နိုင်ဖို့ ထိုသိုင်းသမားက ကူညီပေးရမည်ဖြစ်သည်။ သို့သော် သူ၏တာဝန် ပြီးဆုံးသွားသည်နှင့် ထိုလူက သူ့ကို နှုတ်ပိတ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ ယခုတွင် သူက မီးကန်သို့ ရောက်နိုင်လောက်တော့မည် မဟုတ်ပေ။ သို့ပင်လျှင် အဘယ်ကြောင့် ထိုလူက ထွက်မလာရသေးသနည်း။

ဝှစ်...

နတ်ဘုရားလှေသည် အလွန်လျင်မြန်စွာ ပျံသန်းလာ၏။ စက္ကန့်သုံးဆယ်အတွင်းမှာပင် ၎င်းက ကျန်းရီနှင့် ကီလိုမီတာသုံးရာအကွာသို့ ရောက်ရှိလာသည်။ ထိုစဉ် ကျန်းရီသည် အသံပို့လွှတ်မှုတစ်ခုကို လက်ခံရရှိလိုက်သည်။

“မျိုးမစစ်လေး... မင်းက လော့မျိုးနွယ်ရဲ့ ဂုဏ်သတင်းကို ဖျက်ဆီးခဲ့တယ်။ အဲ့ဒါကို မင်းက ပြေးချင်သေးတယ်ပေါ့လေ။ ဒီနေ့ ငါ မင်းကို မသတ်နိုင်ရင် ငါ့ကိုယ့်ငါ လော့ထင်လို့ ထပ်မခေါ်တော့ဘူး”

လော့ထင် ရောက်လာပေပြီ။ ကျန်းရီ သက်ပြင်းလေးလေး ချလိုက်သည်။ ဤတစ်ကြိမ်တွင် လောချင်းယန် ဆင်ထားသော ထောင်ချောက်က ပြီးပြည့်စုံသည်။ လော့ထင်ကို ဤနေရာအထိ မျှားခေါ်လာနိုင်ခဲ့ခြင်းကပင် တိုက်ပွဲတစ်ဝက်ကို အောင်နိုင်သွားခြင်းဖြစ်သည်။ သို့သော် ကျန်းရီသည် တာဝန်ကို ပြီးမြောက်အောင် မလုပ်နိုင်လောက်‌တော့ပေ။ သူက အချိန်မရွေး သေရတော့မည့်ပုံပင်။

ဟိန်း...ဟိန်း...

ထိုစဉ်တွင် ကျန်းရီ၏ အရှေ့မှနေ၍ ကျယ်လောင်သော ဟိန်းသံများ ထွက်ပေါ်လာသည်။ ထို့နောက် ကျန်းရီသည် အားကောင်းသော အရှိန်အဝါနှစ်ခုကို ခံစားလိုက်ရ၏။ ထိုအရှိန်အဝါများ သူ့တစ်ကိုယ်လုံးကို တောင့်တင်းသွားစေသည်။ ရုတ်ခြည်းပင် သူ့မျက်လုံးများ အရောင်လက်လာ၏။ ဟွင့်သွမ့်သားရဲနှစ်ကောင်က ဤကဲ့သို့သော အချိန်မျိုးတွင် ရုတ်တရက်ကြီး ထွက်ပေါ်လာခြင်းလော။ အဘယ်ကြောင့် ၎င်းတို့က အစောက သို့မဟုတ် နောက်မှ ထွက်ပေါ်မလာခြင်းနည်း။ ယင်းမှာ တိုက်ဆိုင်မှု မဟုတ်ပေ။ လောချင်းယန်၏ လူများက ဤအနီးတစ်ဝိုက်တွင် ရှိနေရမည်။ သူတို့သည် ကျန်းရီတစ်ယောက် ထိုအခြေအနေမှ လွတ်မြောက်စေရန် ထိုဟွင့်သွမ့်သားရဲများကို မျှားခေါ်ခဲ့ခြင်းဖြစ်မည်။

‘ဟုတ်ပြီ...’

ကျန်းရီသည် ရုတ်ခြည်း ရပ်တန့်လိုက်ပြီး တင်ပျဉ်ခွေထိုင်ချလိုက်၏။ ထို့နောက် ပုန်းကွယ်ခြင်းအတတ်ကို ထုတ်လိုက်ပြီး ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်၍ သူ့အရှေ့မှ အခြေအနေကို စူးစမ်းလိုက်သည်။

ထိုအခိုက်တွင် ဧရာမသားရဲကြီးနှစ်ကောင်က ကျန်းရီထံ ဦးတည်လာနေသည်။ ၎င်းတို့၏ ခန္ဓာကိုယ်များက အစိမ်းရောင်မီးတောက်များဖြင့် တောက်ပနေသည်။ ကျန်းရီသည် ၎င်းတို့နှစ်ကောင်စလုံးက ရှေးဦးအဆင့် ဟွင့်သွမ့်သားရဲများ ဖြစ်ရမည်ဟု ခန့်မှန်းလိုက်သည်။ ၎င်းတို့သည် ကျားနှင်းတူပြီး ကျောပေါ်၌ အတောင်ပံများရှိကြသည်။ ထို့ကြောင့် ၎င်းတို့က ပျံနိုင်ပေသည်။ သားရဲနှစ်ကောင်သည် ကျန်းရီထံ ဦးတည်နေသော်လည်း ကျန်းရီ၏ အရှိန်အဝါက ရုတ်တရက် ပျောက်သွားသဖြင့် လေကိုခွင်း၍ ပျံသန်းလာသော နတ်ဘုရားလှေကိုသာ အာရုံစိုက်သွားကြသည်။

ဝှစ်...

ဟွင့်သွမ့်သားရဲနှစ်ကောင်သည် ကျန်းရီ၏ခေါင်းပေါ်မှ ဖြတ်ပျံကာ နတ်ဘုရားလှေဆီသို့ ဦးတည်သွားကြသည်။ ၎င်းတို့၏ အသိဉာဏ်က အတော်လေး နိမ့်ကျပေသည်။ ထို့ကြောင့် ၎င်းတို့သည် မြင်ရာလူတိုင်းကို တိုက်ခိုက်ကြသည်။ ၎င်းတို့၏ မျက်လုံးများထဲတွင် ကျန်းရီက နတ်ဘုရားလှေပေါ်မှ လူများနှင့် မည်သို့မှ ကွာခြားမှု မရှိချေ။ ၎င်းတို့၏ပိုင်နက်ထဲကို ဝင်လာဝံ့သူတိုင်းက ၎င်းတို့၏ တိုက်ခိုက်မှုကို ခံရမည်သာ။

‘ဆက်ပြေးမှ...’

ကျန်းရီသည် ဟွင့်သွမ့်သားရဲများက နတ်ဘုရားလှေအနီးသို့ ရောက်သွားသည်အထိ စောင့်ပြီးမှ ပုန်းကွယ်ခြင်းအတတ်ကို ဖယ်လိုက်သည်။ ဟွင့်သွမ့်သားရဲနှစ်ကောင်က သူ့ကို အရေးမစိုက်ကြတော့ပေ။ ၎င်းတို့ကို တိုက်ခိုက်ရန် နတ်ဘုရားလှေထဲမှနေ၍ နတ်ဘုရားစစ်သူကြီး အယောက်နှစ်ဆယ်ကျော် ထွက်လာသည် မဟုတ်ပါလား။

နတ်ဘုရားလှေထဲတွင် နတ်ဘုရားစစ်သူကြီး အယောက်သုံးဆယ် ရှိနေခဲ့သည်။ ဦးလေးလူသည် သူတို့ကို လော့ထင်သာ တစ်ခုခုဖြစ်သွားပါက သူတို့၏ တစ်မိသားစုလုံး သတ်ပစ်ခံရမည်ဟု ပြောခဲ့သည်။ ထိုအခိုက်တွင် ဟွင့်သွမ့်သားရဲနှစ်ကောင်က သူတို့၏ နတ်ဘုရားလှေဆီသို့ လာနေကြသည်။ ထို့ကြောင့် သူတို့သည် လော့ထင်ကို ကာကွယ်ရန်အတွက် နတ်ဘုရားလှေထဲမှ ထွက်လာကြခြင်းဖြစ်သည်။

ဝုန်း...ဝုန်း...ဝုန်း...

လူနှစ်ဆယ်ကျော်သည် တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ကြ၏။ ကောင်းကင်ထဲတွင် တိုက်ခိုက်မှုများမှ အလင်းများနှင့် ပြည့်နှက်သွားသည်။ ကြောက်မက်ဖွယ် ဖိအားတစ်ခုက ထွက်ပြေးနေသော ကျန်းရီကို ဖိချလိုက်၏။ ဟွင့်သွမ့်သားရဲနှစ်ကောင်သည်လည်း အနောက်သို့ လွင့်ထွက်သွားသည်။ သို့သော် ၎င်းတို့၏ ခံနိုင်ရည်က ကြောက်မက်ဖွယ်ကောင်းလောက်အောင် အားကောင်းသည်။ တိုက်ခိုက်မှုမျိုးစုံကို ခံလိုက်ရသော်လည်း ၎င်းတို့က ထိခိုက်မသွားပေ။

ဟူး...ဟူး...

သားရဲနှစ်ကောင်စလုံးသည် ပါးစပ်ဟ၍ အစိမ်းရောင်မီးတောက်လုံးများကို မှုတ်ထုတ်လိုက်ကြ၏။ မီးတောက်လုံးများသည် သားရဲများ၏ ပါးစပ်ထဲမှ ထွက်လာသည်နှင့် အလိုလို ကွဲထွက်သွားကြသည်။ မီးတောက်များသည် တိမ်များအလား အရပ်မျက်နှာအနှံ့သို့ ပျံထွက်သွားသည်။ ပတ်ဝန်းကျင် အပူချိန်က မယုံနိုင်လောက်အောင် မြင့်တက်လာ၏။ နတ်ဘုရားစစ်သူကြီးအားလုံး လိပ်ပြာလွင့်မတတ် ကြောက်ရွံ့သွားကြသည်။ ထို့နောက် တစ်ယောက်ပြီးတစ်ယောက် ပုန်းအောင်းရန် ကြိုးစားလိုက်ကြသည်။ မီးတောက်များက သူတို့ကို မသတ်နိုင်သော်လည်း ထိုမီးတောက်များနှင့် ထိမှန်ခံလိုက်ရလျှင် သူတို့၏ အရေပြားများက ပြင်းထန်စွာ လောင်ကျွမ်းသွားမည်ဖြစ်သည်။ ထိုအခါ ပြင်းထန်သော နာကျင်မှုကို ခံစားရပေလိမ့်မည်။

“အရူးတွေ... မင်းတို့ထဲက သုံး၊လေးယောက်လောက်က အဲ့ဟွင့်သွမ့်သားရဲနှစ်ကောင်ကို အဝေးဆီ မျှားခေါ်သွားလေ။ ပြီးတော့ ဟိုမျိုးမစစ်ကောင်ကို လွတ်မသွားစေနဲ့”

လော့ထင်က ဒေါသတကြီး အော်ပြောလိုက်သည်။ သူသည် ဦးလေးလူ၏ စကားကို နားမထောင်ခဲ့သော်လည်း အလွန်သတိရှိနေဆဲဖြစ်သည်။ သူကိုယ်တိုင် နတ်ဘုရားစစ်သူကြီးအချို့ကို ဦးဆောင်၍ ကျန်းရီကို လိုက်မဖမ်းပေ။ သူ့အသက်က အဖိုးတန်သည် မဟုတ်လော။

လော့ထင်၏ အော်သံကြောင့် နတ်ဘုရားစစ်သူကြီးများ အသိပြန်ကပ်လာကြသည်။ သူတို့ထဲမှ လေးယောက်သည် အုပ်စုမှခွဲထွက်ကာ ဟွင့်သွမ့်သားရဲများကို တိုက်ခိုက်၍ ဆန့်ကျင်ဘက်အရပ်သို့ မျှားခေါ်သွားလိုက်လေသည်။

“သွား...”

အခြားနတ်ဘုရားများသည် နတ်ဘုရားလှေပေါ်သို့ ပြန်သွားလိုက်ကြ၏။ ထို့နောက် နတ်ဘုရားလှေက ကျန်းရီနောက်သို့ ဆက်လိုက်သွားသည်။ ကျန်းရီက မနှေးပေ။ သူနှင့် နတ်ဘုရားလှေကြားမှာ အကွာအဝေးက ထပ်မံ၍ ကီလိုမီတာ ရာချီသွားပြီဖြစ်သည်။

“ရပ်လိုက်...”

အနောက်မှနေ၍ လူတစ်ယောက်က အော်ပြောလိုက်သည်။ နောက်ဆုံးတွင် ဦးလေးလူ ရောက်လာပေပြီ။ သူသည် နတ်ဘုရားလှေက ကျန်းရီနောက်သို့ လိုက်သွားကြောင်းကို မြင်လိုက်သောအခါ ချက်ချင်း အော်ပြောလိုက်သည်။ ဦးလေးလူ၏ အသံက အလွန်ဩဇာအာဏာကြီး၏။ နတ်ဘုရားလှေက ရုတ်ခြည်း ရပ်တန့်သွားသည်။ ထို့နောက် လှေဝမ်းမှ တံခါးကြီး ပွင့်လာပြီး ဦးလေးလူက ထိုတံခါးမှနေ၍ လှေထဲ ဝင်သွားလိုက်လေသည်။

ဦးလေးလူသည် လှေဝမ်းထဲ ရောက်သည်နှင့် လော့ထင်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“မျိုးနွယ်ခေါင်းဆောင်ငယ် အရှေ့မှာ မီးကန်ရှိတယ်။ အဲ့မီးကန်တစ်ဝိုက်မှာ ဟွင့်သွမ့်သားရဲတွေ အများကြီးရှိတယ်။ စွန့်စားပြီးတော့ ဝင်မသွားပါနဲ့။ တကယ်လို့ မင်းတစ်ခုခု ဖြစ်သွားရင် ငါတို့အကုန်လုံး အပြစ်ပေးခံရမှာ”

သို့သော် လော့ထင်က ဒေါသတကြီးဖြင့် ပြန်အော်ပြောလိုက်၏။

“ဦးလေးလူ... ဦးလေး ရှိနေတာကို အဲ့ရှေးဦးအဆင့် ဟွင့်သွမ့်သားရဲတွေက ကျွန်တော့်ကို ထိခိုက်အောင် လုပ်နိုင်မှာလား။ မျိုးမစစ်ကောင်က အရှေ့မှာ ရှိနေတယ်။ ကျွန်တော် သူ့ကို အချိန်မီ လိုက်မဖမ်းဘူးဆိုရင် သူ လွတ်သွားလိမ့်မယ်။ ဒီတစ်ခေါက် ကျွန်တော်တို့က သူ့ကို လိုက်ဖမ်းကြတယ်ဆိုတာကို နတ်သိမ်းငှက်မြို့တစ်မြို့လုံး သိတယ်။ ကျွန်တော်တို့က လူအများကြီးနဲ့ သွားတာတောင် အဲ့သာမန်နတ်ဘုရား မျိုးမစစ်လေးကို မသတ်နိုင်ခဲ့ဘူးဆိုရင် နောက်ကျ နတ်သိမ်းငှက်မြို့ထဲမှာ ကျွန်တော် ဘယ်လိုမျက်နှာပြရမှာလဲ။ လော့မျိုးနွယ်ရဲ့ ဂုဏ်သိက္ခာကရော ဘာဖြစ်သွားမလဲ။ အဲ့လိုဆို နောက်ကျရင် စစ်နတ်ဘုရားစံအိမ်က မိစ္ဆာသတ်ဖြတ်စံအိမ်အရှေ့မှာ ခေါင်းမော့နိုင်တော့မှာ မဟုတ်ဘူး”

နောက်ဆုံးစကားက ဦးလေးလူကို ဖျောင်းဖျနိုင်လိုက်ပုံပေါ်၏။ ဦးလေးလူ အံကြိတ်ကာ ပြောလိုက်သည်။

“အဲ့ဒါဆိုလည်း သွားပါ။ ဒါပေမဲ့ မျိုးနွယ်ခေါင်းဆောင်ငယ်... မလောပါနဲ့။ ငါ့ရဲ့ အမိန့်တွေကို နာခံပါ.. မဟုတ်ရင် သူ့ကို လိုက်ဖမ်းဖို့ ငါ မင်းကို ကူညီပေးမှာ မဟုတ်ဘူး။ ပြီးတော့ ငါ မင်းကို နတ်သိမ်းငှက်မြို့ဆီ ချက်ချင်း ပြန်ခေါ်သွားမှာ”

“ဟုတ်ကဲ့ပါ...”

လော့ထင်က ခေါင်းညိတ်လိုက်သည်။ သို့ဖြင့် နတ်ဘုရားလှေက အရှေ့သို့ ဆက်ပျံသန်းသွားလေသည်။ သို့သော် ဦးလေးလူကြောင့် နှောင့်နှေးသွားမှုက ကျန်းရီကို ပိုဝေးဝေး ရောက်သွားစေခဲ့သည်။ နတ်ဘုရားလှေက ကျန်းရီနောက်သို့ လိုက်သွားသော်လည်း ကျန်းရီကို မမီခင်မှာပင် မီးကန်အနီးသို့ ရောက်သွားလေသည်။

“ဟင်းဟင်း...”

နတ်ဘုရားလှေက မီးကန်အနီးသို့ ရောက်သွားသောအခါ အဝေးရှိ ‌တောင်ကြားတစ်ခုထဲတွင် လူတစ်ယောက် ထွက်ပေါ်လာသည်။ ထိုလူက မုတ်ဆိတ်မွေးများ ဖြူကာ ခါးကိုင်းနေသော အဘိုးအိုတစ်ယောက်ပင်။ ထူးဆန်းသည်မှာ သူ့ထံတွင် သိုင်းသမားတစ်ယောက်၏ အရှိန်အဝါ လုံးဝမရှိခြင်း ဖြစ်သည်။ သူက သာမန်လူတစ်ယောက်နှင့်သာ တူသည်။ သူ၏ ဝါကျင့်ကျင့် မျက်လုံးများက မီးကန်ကို ကြည့်နေသည်။ ထို့နောက် သူသည် အေးစက်စက် ပြုံးကာ တီးတိုး ရေရွတ်လိုက်လေသည်။

“သခင်မလေးရဲ့ ခန့်မှန်းချက်တွေက အတိအကျကို မှန်တာပဲ။ ငါးကြီးက ငါးစာကို ဟပ်လိုက်ပြီ...”

All Chapters