မင်းက ငတုံးပဲ
Vol. 96 Ch. 1328
မီးကန်က အလွန်ကြီး၏။ အဘယ်ကြောင့်ဆိုသော် အနီးတွင် မီးတောင်တစ်လုံး ရှိနေ၍ပင်။ အဆက်မပြတ် မီးတောင်ပေါက်ကွဲမှုများက မြေအောက်ထဲမှ ချော်ရည်များကို အပြင်ဘက်သို့ ထွက်လာစေသည်။ ထို့ကြောင့် ထိုမီးတောင်တစ်ခွင်လုံးက ချော်ရည်ကန်တစ်ခု ဖြစ်လာလေသည်။
မီးကန်က အလွန်အန္တရာယ်များသည်။ သာမန်နတ်ဘုရားများသည် ထိုနေရာသို့ သွားလျှင် သေချာပေါက် သေရမည်ဖြစ်သည်။ သာမန်နတ်ဘုရားစစ်သူကြီးများပင် ထိုနေရာအနီးသို့ မကပ်ဝံ့ကြပေ။ သို့သော် နတ်ဘုရားဘုရင်များကတော့ နတ်ဘုရားအမြစ်များနှင့် တိုက်ပွဲအမှတ်များ ရနိုင်ဖို့ ဟွင့်သွမ့်သားရဲများကို သတ်ရန် မီးကန်သို့ မကြာခဏ သွားကြပေသည်။
နေရာအနှံ့တွင် မီးများ ရှိနေသဖြင့် မီးဓာတ် ဟွင့်သွမ့်သားရဲများက မီးကန်တစ်ဝိုက်တွင် ကျက်စားကြသည်။ ထို့ပြင် တစ်နှစ်တစ်ကြိမ် သို့မဟုတ် နှစ်နှစ်တစ်ကြိမ် ဟွင့်သွမ့်သားရဲများက မြေအောက်ချော်ရည်များနှင့်အတူ မြေအောက်မှ ထွက်လာကြသည်။ ထို့ကြောင့် ထိုနေရာတစ်ဝိုက်တွင် ဟွင့်သွမ့်သားရဲ ပြတ်လတ်သည်ဟူ၍ မရှိတော့ပေ။
သို့သော် ဟွင့်သွမ့်သားရဲများက တစ်ခုတည်းသော အန္တရာယ် မဟုတ်ချေ။ မြေအောက်ထဲမှ ထွက်နေသော မီးတောက်များကလည်း အလွန်အန္တရာယ်များသည်။ ထိုနေရာမှ မီးတောက်များက အလွန်ထူးဆန်းသည်။ ဥပမာအားဖြင့် ကျန်းရီ၏ လွန်စွာအေးသော မီးတောက်များကို ကြည့်ပါ။ ၎င်းမီးတောက်များက ထူးဆန်းသော မီးတောက်များဖြစ်ပေသည်။
ထိုအခိုက်တွင် လူတစ်စုက မီးကန်ဆီသို့ လျင်မြန်စွာ သွားနေကြသည်။ ကျန်းရီက လူစု၏ အရှေ့ဆုံးမှ ဦးဆောင်သည်။ သူသည် ရဲရဲနီနေသော ပတ်ဝန်းကျင်ကို တွေ့လိုက်ရသေအခါ အလွန်ဝမ်းမြောက်သွား၏။ နောက်ဆုံးတွင် သူ မီးကန်သို့ ရောက်လာပေပြီ။ ဤနေရာတွင်ဆိုလျှင် သူ အသက်ရှင်နိုင်မည့် အခွင့်အရေးက ပိုများပေသည်။
ဝှစ်....
ကျန်းရီ၏အနောက်တွင် နတ်ဘုရားလှေတစ်စင်းက ကောင်းကင်ကိုဖြတ်၍ ပျံသန်းလာသည်။ ၎င်း၏ အမြန်နှုန်းက အလွန်လျင်မြန်ပေသည်။ လှေနှင့် ကျန်းရီကြားရှိ အကွာအဝေးက လျင်မြန်စွာ နီးကပ်လာသည်။
ကောင်းကင်စိတ်အာရုံများက ကျန်းရီအပေါ် ကျရောက်လာ၏။ လော့ထင်၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်အရှိန်အဝါနှင့် ပြည့်နှက်နေသည်။ သူ၏ နှုတ်ခမ်းစွန်းနှစ်ခုကလည်း တွန့်တက်ကာ ခနဲ့ပြုံး ပြုံးနေသည်။ သူသည် အောက်ဘက်တွင် ပြေးနေဆဲဖြစ်သော ကျန်းရီကို ငုံ့ကြည့်ကာ ရုတ်တရက် အော်ပြောလိုက်သည်။
“မျိုးမစစ်ကောင်... ဆက်ပြေးနေလိုက်။ အရှေ့မှာ မီးကန်ကွ။ အဲ့မှာ ဟွင့်သွမ့်သားရဲတွေ အနည်းဆုံး အကောင်နှစ်ဆယ်လောက် ရှိတယ်။ မင်း သေရမှာ မကြောက်ရင် ဆက်ပြေးပေါ့ကွာ။ အဲ့ဟွင့်သွမ့်သားရဲတွေက မင်းကို အရှင်လိုက် စားပစ်မှာ အသေချာပဲ။ ငါနဲ့ အေးအေးဆေးဆေး ပြန်လိုက်ခဲ့... အဲ့ဒါဆို မင်းမှာ အသက်ရှင်နိုင်မဲ့အခွင့်အရေး ရှိနိုင်သေးတယ်”
ထိုအခိုက်တွင် ကျန်းရီသည် ဆက်ဟန်ဆောင်နေရန်အကြောင်းကို မမြင်တော့၍ မူလပုံစံအဖြစ် ပြန်ပြောင်းထားလိုက်ပြီဖြစ်သည်။ သူ နောက်လှည့်ကာ နတ်ဘုရားလှေကို ကြည့်လိုက်၏။ ထို့နောက် အေးစက်စက် ပြုံးလိုက်သည်။
“မင်းက လော့ထင်မလား။ မင်းက ငါ့ကို အညံ့ခံစေချင်တာလား။ အိပ်မက်မက်နေလိုက်။ မင်းရဲ့ညီ လော့ဟွမ်က စောက်ဖျင်းတစ်ယောက်.. မင်းကလည်း ငတုံးတစ်ယောက်ပဲ။ မင်း ငါ့နောက်ကို လိုက်လာရင် သေချာပေါက် တန်ကြေးပေးရမှာပေါ့”
“ဟားဟားဟား... ရူးနေပြီ၊ မင်းက တကယ်ကို ရူးနေပြီပဲ။ မင်း ဘယ်လို သေမလဲဆိုတာကို ငါ ကြည့်ဦးမယ်”
လော့ထင်က ခြောက်ကပ်ကပ် ရယ်လိုက်သည်။ ယခုတွင် သူတို့ကြား၌ ကီလိုမီတာသုံးဆယ်သာ ခြားတော့သည်။ သို့သော် ဦးလေးလူက တိုက်ခိုက်မည့် အရိပ်အယောင် မပြသေးပေ။ ထို့ကြောင့် လော့ထင်သည် ရွေးချယ်စရာ မရှိတော့ဘဲ နတ်ဘုရားလှေဖြင့်သာ ကျန်းရီအနားသို့ ကပ်သွားရန် ဆုံးဖြတ်လိုက်ရသည်။ သူတို့ကြားတွင် ကီလိုမီတာအနည်းငယ်သာ ခြားတော့လျှင် နတ်ဘုရားစစ်သူကြီး အယောက်နှစ်ဆယ်၊ သုံးဆယ်လောက်က သူ့အစား ကျန်းရီကို သွားဖမ်းနိုင်သည်။
အားလုံးသည် ကျန်းရီက မည်မျှစွမ်းအားကြီးသည်ကို ကောင်းစွာသိထားကြ၏။ သူက သာမန်နတ်ဘုရားအဆင့်တွင်သာ ရှိသည်။ အမြစ်ဆေးလုံးကြောင့်သာ မဟုတ်လျှင် သူက ပုရွက်ဆိတ်တစ်ကောင်နှင့် မခြားပေ။ အကယ်၍ နတ်ဘုရားစစ်သူကြီးဆယ်ယောက်က သူ့ကို တစ်ပြိုင်တည်း တိုက်ခိုက်လိုက်မည်ဆိုလျှင် သူ သေချာပေါက် အဖမ်းခံလိုက်ရပေလိမ့်မည်။
ဆယ့်ငါးကီလိုမီတာ၊ ကိုးကီလိုမီတာ... ခြောက်ကီလိုမီတာ...
ယခုတွင် ကျန်းရီကို မီးကန်ဘေးသို့ ရောက်နေပေပြီ။ ကန်ထဲတွင် ချော်ရည်ပူများ တပွက်ပွက်ထနေသည်။ ချော်ရည်လှိုင်းများကလည်း သူ့ကို ပုတ်ခတ်ရန် မာန်ဖီနေသည်။ ထို့ပြင် ကန်ထဲမှနေ၍ အစိမ်းရောင်မီးခိုးငွေ့များ အဆက်မပြတ် ထွက်နေသည်။ အဝေးရှိ မြေကြီးထဲမှနေ၍လည်း အနက်ရောင်မီးတောက်လုံးများ ထွက်လာနေသည်။ ထိုမီးတောက်လုံးများက လေထဲတွင် စက္ကန့်အနည်းငယ် နေကာ ပျောက်ကွယ်သွားကြသည်။
နတ်ဘုရားလှေ၏ အကာအရံများက အလွန်အားကောင်းသဖြင့် အပူလှိုင်းများကို တားဆီးပေးနိုင်သည်။ သို့သော် နတ်ဘုရားလှေ၏ ပတ်ပတ်လည်မှ အပူချိန်က လှေထဲရှိ လေဖိအားကို မြင့်တက်စေနေသေးသည်။ လှေထဲမှ လူများက နတ်ဘုရားစစ်သူကြီးများ မဟုတ်ဘဲ သာမန်နတ်ဘုရားများသာဆိုလျှင် မည်သူမှ လှေအပြင်သို့ ထွက်ဝံ့ကြမည် မဟုတ်ချေ။
“အသင့်ပြင်ထားကြတော့...”
လော့ထင်က လက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။ ဦးလေးလူနှင့် အထွတ်အထိပ်အဆင့် နတ်ဘုရားစစ်သူကြီးတစ်ယောက်မှလွဲ၍ ကျန်လူများအားလုံးက လှေဝမ်းဘေးမှ တံခါးဝတွင် သွားရပ်လိုက်ကြသည်။ သူတို့သည် အပြင်ကို ရောက်သည်နှင့် ကျန်းရီကို ချက်ချင်း တိုက်ခိုက်ကြမည်ဖြစ်သည်။ ကျန်းရီကို အရှင်ဖမ်းရမည်ဆိုသော်လည်း သူ အပြင်းအထန် ဒဏ်ရာရသွားလျှင် ပိုကောင်းမည်ဖြစ်သည်။
“အားလုံးပဲ ဂရုစိုက်ကြပါ။ တကယ်လို့ တစ်ခုခု မှားသွားရင် ချက်ချင်း ပြန်လာပြီး မျိုးနွယ်ခေါင်းဆောင်ငယ်ကို ကာကွယ်ကြပါ။ ပြီးတာနဲ့ ငါတို့ ပြန်ဆုတ်ကြမယ်”
ဦးလေးလူက ရုတ်တရက် အမိန့်ပေးလိုက်သည်။ သူ၏ မျက်နှာထားက အလွန်တည်နေသည်။ သူသည် ကျန်းရီကို ဖမ်းရန် လုံးဝစိတ်လှုပ်ရှားမနေပေ။ တစ်စုံတစ်ခု မှားနေသည်ဟု သူ့အသိစိတ်က သူ့ကို ပြောနေသည်။ ယနေ့တွင် ထူးဆန်းသောအရာများစွာ ဖြစ်ပွားခဲ့ပေသည်။
ကျန်းရီက ထိုကဲ့သို့ မြင့်မားသော အပူချိန်အောက်တွင် အဘယ်သို့ လျင်မြန်စွာ ပြေးနိုင်နေရသနည်း။ ထို့ပြင် သူက အဘယ်ကြောင့် ချွေးပင်ထွက်မနေရသနည်း။ သူသည် မီးကန်တစ်ဝိုက်၌ ဟွင့်သွမ့်သားရဲများ ရှိနေကြောင်းကို သိသော်လည်း မရပ်မနား ပြေးနေဆဲလည်း ဖြစ်သည်။
ထူးဆန်းသောအရာများစွာ ဖြစ်နေ၍ ဦးလေးလူ စိတ်မသက်မသာ ခံစားနေရသည်။ သို့သော် ကျန်းရီက မျက်စိရှေ့တွင် ရှိနေပြီဖြစ်၍ နောက်ပြန်လှည့်ရန် မဖြစ်နိုင်တော့ပေ။ လော့ထင်က မည်သို့မှ သဘောတူမည် မဟုတ်ချေ။ ထို့ကြောင့် ဦးလေးလူသည် ရွေးချယ်စရာမရှိတော့ဘဲ သတိကြီးကြီးထား၍သာ နေရလေတော့သည်။ သူသည် အဆိုးဆုံးအခြေအနေအတွက် အသင့်ပြင်ထားပြီးပေပြီ။
“လှေဝမ်းတံခါးကို ဖွင့်လိုက်”
လော့ထင်ကမူ များစွာတွေးတော မနေတော့ပေ။ လှေနှင့် ကျန်းရီကြားတွင် သုံးကီလိုမီတာသာ ခြားတော့သောအခါ သူသည် နတ်ဘုရားလှေ၏ အကာအရံများကို ပိတ်လိုက်ဖို့ ပြောလိုက်၏။ အကာအရံများကို ပိတ်လိုက်သောအခါ လှေထဲသို့ အပူလှိုင်းတစ်လှိုင်း ဝင်လာ၏။ အားလုံးသည် အပြင်းဖျားသလိုမျိုး ခံစားသွားရ၏။ သူတို့၏ ကောင်းကင်စွမ်းအားများလည်း ရှုပ်ထွေးသွားသည်။ သူတို့တစ်ကိုယ်လုံးမှနေ၍လည်း ချွေးသီးချွေးပေါက်များ ထွက်လာသည်။
ဟူး...ဟူး...
နတ်ဘုရားစစ်သူကြီး ဆယ့်ငါးယောက်သည် ကောင်းကင်စွမ်းအား ရှုပ်ထွေးမှုကြောင့် မောဟိုက်လာကြ၏။ သို့သော် သူတို့သည် မသက်မသာဖြစ်မှုကို တောင့်ခံကာ အပြင်ဘက်သို့ ပျံထွက်သွားကြသည်။ သူတို့၏ခန္ဓာကိုယ်များပေါ်မှ စစ်ချပ်ဝတ်များက လင်းလက်လာ၏။ သူတို့သည် လက်ထဲတွင် လက်နက်အမျိုးမျိုး ဆွဲကိုင်ထားကြပြီး ကျန်းရီကို တိုက်ခိုက်ရန် ဟန်ပြင်လိုက်ကြသည်။
သို့သော် နတ်ဘုရားစစ်သူကြီးများသည် ကျန်းရီကို မတိုက်ခိုက်နိုင်သေးခင်မှာပင် တုန်လှုပ်တကြီး မျက်လုံးပြူးသွားကြ၏။ သူတို့သည် ကောင်းကင်စွမ်းအားများ ထုတ်၍ အရပ်မျက်နှာအနှံ့သို့ လူဖြန့်ကျက်လိုက်ကြသည်။
“ဟားဟားဟား...”
နတ်ဘုရားလှေ၏ တံခါး ပွင့်လာသောအခါ ကျန်းရီက အရူးတစ်ယောက်ကဲ့သို့ ရယ်လိုက်သည်။ သူ၏ရယ်သံကို သူ့ကောင်းကင်စွမ်းအားက မြှင့်တင်ပေးထားကြောင်း ထင်ရှားသည်။ သူ့ရယ်သံက ကောင်းကင်တစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွားသည်။ သူ၏လက်စွပ်က လင်းလက်သွားပြီး သူ့လက်နှစ်ဘက်ထဲတွင် မိုးကြိုးတန်းကျောက်တုံးတစ်တုံးစီ ထွက်ပေါ်လာသည်။ သူသည် ဘယ်လက်ထဲမှ မိုးကြိုးတန်းကျောက်တုံးကို နတ်ဘုရားလှေဆီသို့ ပစ်လိုက်ပြီး ညာလက်မှ မိုးကြိုးကျောက်တုံးကို သူ့အရှေ့ရှိ မီးကန်သို့ ပစ်လိုက်သည်။
ကျန်းရီ၏ လှုပ်ရှားမှုက အချိန်ကိုက်ပင်။ နတ်ဘုရားစစ်သူကြီး ဆယ့်ငါးယောက်သည် သူတို့ထံ ပျံဝင်လာသော မိုးကြိုးကျောက်တုံးကို မြင်လိုက်သောအခါ လူစုခွဲ၍ ရှောင်လိုက်ကြသည်။ မိုးကြိုးကျောက်တုံးတစ်တုံးက သူတို့ကို မသတ်နိုင်သော်လည်း ဤနေရာမှ အပူချိန်က အလွန်မြင့်မားနေသည်။ ထို့ပြင် မိုးကြိုးကျောက်တုံးပေါ်၌ ကင်းမြီးကောက်ဝါအဆိပ်လည်း ပါလာသည်။ မီးတောက်များသည်ပင် သူတို့ကို အရှင်လတ်လတ် လောင်ကျွမ်းပစ်ရန် လုံလောက်နေပြီဖြစ်သည်။
ဝုန်း...ဝုန်း...
ပေါက်ကွဲမှုကြီးနှစ်ခု ဖြစ်ပေါ်လာ၏။ မီးကန်ထဲ ကျသွားသော မိုးကြိုးတန်းကျောက်တုံးက ချော်ရည်များကို ကောင်းကင်ထက်သို့ ပန်းထွက်သွားစေသည်။ ပေါက်ကွဲမှုအဟုန်ကလည်း အနီးမှ တောင်များနှင့် မီးတောင်ကို တုန်ခါသွားစေသည်။ ပေါက်ကွဲသံများကလည်း အချိန်အတော်ကြာသည်အထိ လေထဲတွင် ပဲ့တင်ထပ်နေသည်။
‘ချီးပဲ... အဲ့ကောင်လေးက ပတ်ဝန်းကျင်က ဟွင့်သွမ့်သားရဲတွေကို ခေါ်ထုတ်နေတာပဲ’
ဦးလေးလူ မျက်နှာပျက်သွားပြီး ဒေါသတကြီး အော်ပြောလိုက်သည်။
“အားလုံး ဒီကို ပြန်လာခဲ့ကြ။ မျိုးနွယ်စုခေါင်းဆောင်ငယ်ကို အဝေးကို ခေါ်သွားလိုက်ကြ”
ဝှစ်...
ဦးလးလူသည် နတ်ဘုရားလှေထဲမှ ပျံထွက်သွား၏။ သူ ဆက်၍ ရပ်ကြည့်မနေနိုင်တော့ပေ။ သူ၏ ကောင်းကင်စိတ်အာရုံက မီးကန်ထဲနှင့် မီးတောင်ထဲတွင် အနည်းဆုံး ဟွင့်သွမ့်သားရဲဆယ်ကောင်လောက် ရှိကြောင်းကို အာရုံခံမိထားပြီဖြစ်သည်။ မီးတောင်က အစောမှ ပေါက်ကွဲမှုကြောင့် တုန်ခါနေသည်။ အကယ်၍ သူ ယခု မလှုပ်ရှားပါက ထိုနတ်ဘုရားစစ်သူကြီးတစ်ဝက်ကျော်လောက် သေသွားမည်ဖြစ်သလို ကျန်းရီလည်း လွတ်သွားပေလိမ့်မည်။ ထို့ကြောင့် သူသည် ထိုဟွင့်သွမ့်သားရဲများကို သူကိုယ်တိုင် တားဆီးပြီး လော့ထင်ကို ထွက်သွားခိုင်းရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ဦးလေးလူသည် ကျန်းရီကို သူကိုယ်တိုင်သတ်ပစ်ရန်လည်း ဆုံးဖြတ်ထားပြီးဖြစ်သည်။ သူက ကြီးမြတ်သော နတ်ဘုရားတစ်ပါး မဟုတ်ပါလာ။ ယခုတွင် သူသည် ထိုပုရွက်ဆိတ်၏ အရူးလုပ်မှုကို ခံခဲ့ရသည်။ ထို့ကြောင့် သူသည် ဆက်၍ ရပ်ကြည့်မနေနိုင်တော့ချေ။ သူ့ရင်ထဲတွင် ခံစားနေရသည့် ဒေါသကို ဖြေဖျောက်ရန် ကျန်းရီကို သတ်ပစ်ရန်လိုအပ်ပေသည်။
ရွှစ်...ရွှစ်...
ဦးလေးလူ၏ လက်ထဲတွင် ဓားတစ်ချောင်း ထွက်ပေါ်လာသည်။ သို့သော် သူသည် သူ၏ စွမ်းအားအကြီးဆုံး စည်းမျဉ်းဆန်းကြယ်စွမ်းရည်များကို မထုတ်လွှတ်လိုက်ဘဲ ကောင်းကင်စွမ်းအား ထုတ်၍သာ ဓားကို လင်းလက်လာစေလိုက်သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ဓားက သုံးကီလိုမီတာကျော် ရှည်သွား၏။ ဦးလေးလူက အတော်လေး ထွားကြိုင်းသူဖြစ်သည်။ သို့သော် ထိုအခိုက်တွင် ဓားနှင့်ယှဉ်သောအခါ သူက အလွန်သေးငယ်သည်ဟု ထင်နေရပေသည်။ ယင်းမှာ အတော်လေးထူးခြားသော မြင်ကွင်းပင်။ ဦးလေးလူက ဓားရှည်ကြီးကို ယမ်း၍ ကျန်းရီကို ပြင်းထန်စွာ ခုတ်ချလိုက်သည်။
‘လခွမ်း...’
ကျန်းရီသည် နောက်လှည့်ကြည့်လိုက်ပြီး အလွန်တုန်လှုပ်သွား၏။ ထိုဓားကြီးက ဖျက်ဆီး၍ မရနိုင်သည့်ပုံပင်။ သူ၏ အလယ်အလတ်အဆင့် နတ်ဘုရားချပ်ဝတ်ကလည်း ထိုဓားချက်ကို မခံနိုင်လောက်ချေ။ ထိုဓားက ထိပ်တန်းအဆင့် နတ်ဘုရားလက်နက် ဖြစ်ရမည်။
ဓားကြီးက အလွန်လျင်မြန်စွာ ကျဆင်းလာသည်။ ကျန်းရီသည် အလင်းတစ်ချက်ကိုသာ မြင်ရ၏။ ထိုအခိုက်တွင် သူက ဓားကြီး၏ ပစ်မှတ်ထားမှုကို ခံနေရသည်။ သူ မည်သည့်ဘက်သို့ ပြေးရန်ကြိုးစားပါစေ ဓားကြီးက သူ့အပေါ် ကျရောက်လာမည်သာ။ အသက်အန္တရာယ်နှင့် ရင်ဆိုင်ရသောအခါ သူ၏ဦးနှောက်က အလွန်လျင်မြန်စွာ လည်ပတ်လာသည်။ နောက်ဆုံးတွင် သူသည် ဖြေရှင်းနည်းတစ်ခုကို တွေးလိုက်မိသည်။ သို့သော် ယင်းက ဖြေရှင်းနည်းဟုတော့ မဆိုသာပေ။
ထိုဓားကို ပြန်တိုက်ရပေမည်။
ကျန်းရီ၏ ကိုယ်ထဲမှ နဝမမြောက် ကြယ်စက်လုံးက လင်းလက်လာ၏။ ထို့နောက် သူ့လက်ထဲတွင် ပေါင်းစည်းမီးတောက်လုံးများ ထွက်ပေါ်လာသည်။ သူသည် ထိုမီးတောက်လုံးများကို အသုံးပြု၍ မီးတောက်နတ်ဘုရားဒိုင်းတစ်ခု ဖန်တီးလိုက်၏။ နောက်ဆုံးတွင် သူသည် ပြန်ခုခံရန် မီးနဂါးဓားကို ဆင့်ခေါ်လိုက်လေသည်။
တမလွန်ဘုံစစ်သူကြီးက မီးနဂါးဓားမှာ ထိပ်တန်းအဆင့် နတ်ဘုရားလက်နက်တစ်ခုဟု ပြောခဲ့သည်။ ထို့ကြောင့် ကျန်းရီသည် သူ၏မျှော်လင့်ချက်အားလုံးကို မီးနဂါးဓားအပေါ်တွင် ထားလိုက်သည်။ အကယ်၍ ထိုဓားက ကျိုးသွားလျှင် သူ သေချာပေါက် သေရမည်ဖြစ်သည်။
***