← Chapters

လော့ထင်၊ သေပြီ

Vol. 96 Ch. 1330

လော့ထင်၊ သေပြီ

Vol. 96 Ch. 1330

“ဝူ...ဝူ...”

ဧရာမမီးတောင်ကြီး၏ ထိပ်မှနေ၍ ချော်ရည်ပူများ ပန်းထွက်လာသည်။ ၎င်းချော်ရည်ပူများနှင့်အတူ ကျယ်လောင်သော အော်သံကြီးလည်း ပါလာသည်။ ထို့နောက် ဓားခုတ်ကောင်ကဲ့သို့သော ဧရာမသားရဲကြီးတစ်ကောင် ပျံထွက်လာသည်။ ၎င်းက ဓားခုတ်ကောင်နှင့် ဆင်တူခြင်းမှာ ခြေထောက်ခြောက်ချောင်းနှင့် သေးသွယ်ရှည်လျားသောခန္ဓာကိုယ် ရှိခြင်းကြောင့် ဖြစ်သည်။ သို့သော် ၎င်း၏ ‌ရှေ့ခြေနှစ်ချောင်းက ခြေထောက်များဟု ဆို၍မရနိုင်ပေ။ ၎င်းတို့သည် ခြေထောက်များထက် တံစဉ်များနှင့် ပိုတူပေသည်။

ထိုသားရဲကြီး၏ ရှေ့ခြေနှစ်ချောင်းမှာ အနက်ရောင်တံစဉ်နှစ်ခုပင်။ သားရဲက ၎င်းတို့ကို လှုပ်ယမ်းလိုက်တိုင်း လေထုက တုန်ခါသွားပြီး စူးရှသော အသံများ ထွက်ပေါ်လာသည်။ သို့သော် သားရဲကြီး၏ ဦးခေါင်းက ဓားခုတ်ကောင်ဦးခေါင်းကဲ့သို့ မဟုတ်ပေ။ သာမန်သားရဲများနှင့်လည်း ကွာခြားသည်။ ၎င်းက လူသားဦးခေါင်းပုံသဏ္ဌာန်ပင်။ မျက်လုံးများမှာ တြိဂံပုံစံ မဟုတ်လျှင် ၎င်းက သန္ဓေပြောင်းလူသားတစ်ယောက်ကဲ့သို့ပင် ထင်ရမည်ဖြစ်သည်။

“ဝူ...ဝူ...”

သားရဲကြီးက မီးတောင်ထဲမှနေ၍ ပျံထွက်လာသည်။ ၎င်း၏ တြိဂံပုံစံ မျက်ဝန်းတစ်စုံက ပတ်ဝန်းကျင်ကို အေးစက်စက် ဝေ့ဝဲကြည့်နေသည်။ ချက်ချင်းဆိုသလိုပင် ၎င်း၏အကြည့်က အဝေးရှိ နတ်ဘုရားလှေပေါ်သို့ ကျရောက်သွားသည်။ နတ်ဘုရားလှေက အကာအရံများ နှိုးထား၏။ လှေထဲတွင်လည်း အနည်းဆုံး လူနှစ်ဆယ်လောက်၏ အရှိန်အဝါများ ရှိနေသည်။ ထိုအရှိန်အဝါများက သားရဲကြီး၏ မျက်ဝန်းများကို ချက်ချင်း နီရဲသွားစေသည်။ ထို့နောက် သားရဲကြီးသည် ကောင်းကင်ထက်သို့ မော့ကာ အော်လိုက်ပြီး နောက်ခြေလေးချောင်းကို အားပြု၍ ခုန်လိုက်လေသည်။ ၎င်း၏ သွေးနီ‌ရောင် ခန္ဓာကိုယ်ကြီးက အနီရောင်အလင်း လင်းလက်သွားပြီး လေကိုခွင်း၍ နတ်ဘုရားလှေဆီသို့ ဦးတည်ပျံဝင်သွားသည်။

“ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲ”

လော့ထင်တို့သည် နတ်ဘုရားလှေကို လွှမ်းခြုံလာသော သားရဲအရှိန်အဝါကို ခံစားလိုက်ကြရ၏။ လော့ထင်၏ မျက်နှာပေါ်တွင် ရုတ်ခြည်း သွေးဆုတ်သွားသည်။ ထိုအခိုက်တွင် သူသည် ပြဿနာတစ်ခုကို သိရှိသွားသည်။ သူက ငယ်စဉ်ကတည်းက မျိုးနွယ်ကြီးတစ်ခုထဲတွင် ကြီးပြင်းလာခဲ့သူဖြစ်သည်။ ထို့ကြောင့် လှည့်ကွက်အမျိုးမျိုး၊ အကောက်ကြံနည်းအမျိုးမျိုးတို့နှင့် ရင်းနှီးသည်။ သူ့ခေါင်းထဲတွင် မကြာသေးခင်က ဖြစ်ပျက်ခဲ့သော အရာအားလုံး အလွန်လျင်မြန်စွာ ထွက်ပေါ်လာသည်။ နောက်ဆုံးတွင် ထိုအရာများက ထောင်ချောက်ဖြစ်ကြောင်း သူ နားလည်သွားသည်။ ဤထောင်ချောက်တစ်ခုလုံး၏ ရည်ရွယ်ချက်မှာ ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲက သူ့ကို သတ်စေရန် ဖြစ်သည်။

ကျန်းရီက ငါးစာပင်။ သူ၏ စွမ်းရည်အရဆိုလျှင် သူက အမြစ်မဲ့ရေစင်နှင့် အမြစ်ဆေလုံးများကို မတတ်နိုင်လောက်ချေ။ ဤကိစ္စတစ်ခုလုံး၏ နောက်ကွယ်တွင် ကြိုးကိုင်သူတစ်ယောက် ရှိနေရပေမည်။ သို့သော် ကြိုးကိုင်သူ၏ ရည်ရွယ်ချက် အစစ်အမှန်က အရေးမပါ‌တော့ပေ။ ယခုတွင် အရေးအကြီးဆုံးအရာမှာ သူ(လော့ထင်) မသေရန် ဖြစ်သည်။ ထို့ကြောင့် သူသည် အသံနက်ကြီးဖြင့် အော်ပြောလိုက်သည်။

“အဲ့သားရဲကောင်ကို တားကြ။ အားလုံး အပြင်ကိုထွက်ပြီး အဲ့သားရဲကောင်ကို တားကြ။ ငါ သေရင် မင်းတို့လည်း သေရမှာပဲ”

“သတ်ကြ...”

လော့ထင်၏ အော်သံက အားလုံးကို အသိပြန်ကပ်သွားစေသည်။ သူပြောသည်မှာ မှန်ပေသည်။ သူ အသက်ရှင်နေသေးလျှင် အခြားလူများအတွက် ရှင်သန်နိုင်မည့်အခွင့်အရေး ရှိဦးမည်ဖြစ်သည်။ ထို့ကြောင့် အားလုံးသည် သားရဲကြီးကို တားရန် အစွမ်းကုန် ကြိုးစားလိုက်ကြသည်။ သူတို့သည် လှေထဲမှ ပျံထွက်ကာ သားရဲကို တားကြသည်။ ဦးလေးလူ ပြန်ရောက်လာသည့်အချိန်အထိ လော့ထင် အသက်ရှင်နေအောင် အစွမ်းကုန် ကာကွယ်ရပေမည်။

ရွှီး...

နတ်ဘုရားလှေက အရောင်‌တောက်ပလာ၏။ နတ်ဘုရားလှေကို ထိန်းချုပ်မောင်းနှင်နေသည့် နတ်ဘုရားစစ်သူကြီးမှလွဲ၍ ကျန်လူအားလုံးက မီတာသုံးဆယ်နီးပါး ရှည်သော သားရဲကြီးဆီသို့ ပျံသန်းသွားကြသည်။ သူတို့၏ အကြည့်များက ပြတ်သားနေသည်။ ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲတစ်ကောင်နှင့် ယှဉ်ရလျှင် မည်သူမှ ရှင်နိုင်မည် မဟုတ်ချေ။ ဦးလေးလူပင် ထိုသားရဲကို သတ်နိုင်မည် မဟုတ်ပေ။

အားလုံး၏ လက်ထဲတွင် လက်နက်များ ထွက်ပေါ်လာသည်။ ထို့နောက် သူတို့သည် သူတို့၏ စွမ်းအားအကြီးဆုံး စည်းမျဉ်းဆန်းကြယ်စွမ်းရည်များကို ထုတ်လွှတ်လိုက်ကြသည်။ သို့သော် သူတို့ မတိုက်ခိုက်နိုင်ခင်မှာပင် သားရဲကြီးက အနီရောင်မီးတောက်လုံးတစ်လုံးကို မှုတ်ထုတ်လိုက်ပြီဖြစ်သည်။ ထိုမီးတောက်များ ထွက်ပေါ်လာသည့်အခိုက်တွင် အားလုံး၏ ကောင်းကင်စွမ်းအားက ရှုပ်ထွေးသွားကြသည်။ ကြောက်မက်ဖွယ် မြင့်မားသော အပူချိန်ကလည်း သူတို့၏ သွေးများကို ဆူပွက်သွားစေသည်။ သူတို့၏တစ်ကိုယ်လုံးက မခံမရပ်နိုင်အောင် နာကျင်သွားကြသည်။ သူတို့ အသက်ရှူရလည်း ခက်လာပြီး လေထဲတွင် လူးလွန့်ကုန်ကြသည်။ မည်သူကမှ သားရဲကြီးကို ဆက်မတိုက်ခိုက်နိုင်တော့ပေ။

ဝှစ်...ဝှစ်...

သားရဲကြီးက ထပ်မံ အော်လိုက်ပြီး အနက်‌ရောင်တံစဉ်များနှင့်တူကာ သုံးမီးတာလောက်ရှည်သည့် ရှေ့ခြေနှစ်ချောင်းကို ခက်ထန်စွာ လှုပ်ယမ်းလိုက်သည်။ လေထဲတွင် စူးရှသော အသံများ ပြည့်နှက်သွားသည်။ ထို့နောက် နတ်ဘုရားစစ်သူကြီးတစ်စုသည် ခန္ဓာကိုယ်များ အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားကြလေသည်။ သူတို့ဝတ်ထားသော စစ်ချပ်ဝတ်များကလည်း သူတို့ကို ကာကွယ်မပေးနိုင်ခဲ့ပေ။ အလယ်အလတ်အဆင့် နတ်ဘုရားချပ်ဝတ်ကို ပိုင်ဆိုင်ထားသော အထွတ်အထိပ်အဆင့် နတ်ဘုရားစစ်သူကြီးတစ်ယောက်သာ တစ်ချက်မျှ ခုခံနိုင်ခဲ့သည်။ သို့သော် သူသည်လည်း သားရဲကြီး၏ ပြိုင်ဘက်ကင်းစွမ်းအား၏ ဖိချေမှုကို ခံလိုက်ရသည်သာ။ နောက်ဆုံးတွင် မီးတောက်များနှင့် မြင့်မားသော အပူချိန်က သူ့ကို အသားကင် ဖြစ်သွားစေလေသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ဆယ်ချီသော နတ်ဘုရားစစ်သူကြီးများ အသတ်ခံလိုက်ရသည်။ ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲကြီး၏ စွမ်းအားက လော့ထင်နှင့် နောက်ဆုံးကျန်သည့် နတ်ဘုရားစစ်သူကြီးကို ကူကယ်ရာမဲ့စွာ တုန်ယင်သွားစေသည်။ နတ်ဘုရားစစ်သူကြီးအဆင့် သိုင်းသမားတစ်ယောက်သည် ထိုဧရာမသားရဲကြီး၏ မီးတောက်များကို ခုခံနိုင်မည် မဟုတ်ပေ။ ၎င်း၏ တံစဉ်ကဲ့သို့သော ရှေ့ခြေနှစ်ချောင်းသည်ပင် အလွန်ကြောက်မက်ဖွယ်ကောင်းနေပြီဖြစ်သည်။ ‌လော့ထင်က လိပ်ပြာလွင့်မတတ် ကြောက်ရွံ့နေပေပြီ။ သို့သော် သူ တတ်နိုင်သည်မှာ အော်ရန်သာ ရှိတော့သည်။

“ဦးလေးလူ... ကျွန်တော့်ကို ကယ်ပါ”

ဝုန်း...

မီးတောင်ထဲမှ ချော်ရည်ပူများက အရပ်မျက်နှာအနှံ့သို့ ဆက်ပန်းထွက်နေသည်။ ထို့နောက် မီးကန်ထဲမှနေ၍ လူတစ်ယောက် ပျံထွက်လာသည်။ သူသည် ကန်ပြင်သို့ ရောက်ရောက်ချင်းမှာပင် အော်ပြောလိုက်သည်။

“သားရဲကောင်... မင်းရဲ့ ပြိုင်ဘက်က ငါပဲ”

သို့သော် ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲက ထိုလူကို တစ်ချက်ပင် မကြည့်ချေ။ ၎င်းက အသိဉာဏ်အနည်းငယ် ရှိသော်လည်း လူများကို ခွဲခြား၍ မမြင်တတ်ပေ။ အရှေ့တွင် လူနှစ်ယောက် ရှိနေပြီး အနောက်တွင်မူ လူတစ်ယောက်သာ ရှိနေသည်။ ထို့ကြောင့် သားရဲကြီးသည် အရှေ့မှ လူနှစ်ယောက်ကိုသာ ရွေးချယ်မည်ဖြစ်သည်။ အနောက်ကို ပြန်လှည့်လျှင် ပိုဝေးဝေးလည်း သွားရမည်ဖြစ်သလို၊ လူတစ်ယောက်သာ သတ်ရမည်ဖြစ်သည်။ သို့ဖြင့် သားရဲကြီးသည် တံစဉ်ကဲ့သို့ ရှေ့ခြေနှစ်ချောင်းကို ဝှေ့ယမ်းကာ နတ်ဘုရားလှေဆီသို့ ဦးတည်သွားလိုက်လေသည်။

ဝုန်း...

နတ်ဘုရားလှေ၏ အကာအရံက အတော်လေး ခိုင်ခန့်သည်။ သို့သော် ဟွင့်သွမ့်သားရဲကြီး၏ မီးတောက်များက လှေ၏အကာအရံကို သိသိသာသာ အားနည်းစေခဲ့ပြီဖြစ်သည်။ ထို့ကြောင့် သားရဲကြီးက တစ်ချက် တိုက်ခိုက်လိုက်သောအခါ နတ်ဘုရားလှေသည် နှစ်ပိုင်းပြတ်လုနီးပါး ဖြစ်သွားသည်။ သစ်သားစများက အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားသည်။ လော့ထင်သည် သူ့ထံသို့ ပျံဝင်လာသော တံစဉ်ပုံစံ ပုံရိပ်နှစ်ခုကို မြင်လိုက်ရသောအခါ ကြောက်ရွံ့တကြီး အော်ပြောလိုက်သည်။

“မဟုတ်ဘူး...”

ဝုန်း...

နောက်ဆုံးကျန်သော နတ်ဘုရားစစ်သူကြီး၏ ခန္ဓာကိုယ်က နှစ်ပိုင်းပြတ်သွားသည်။ သွေးများက နေရာအနှံ့သို့ ပန်းထွက်သွားသည်။ လော့ထင်က အလယ်အလတ်အဆင့် နတ်ဘုရားချပ်ဝတ်ကို ဝတ်ဆင်ထားသဖြင့် နှစ်ပိုင်းတော့ ပြတ်မသွားပေ။ သို့သော် တံစဉ်ပုံရိပ်များ၏ စွမ်းအားက အလွန်ကြီးသဖြင့် သူ့ဦးနှောက်က ရုတ်ခြည်း အစိတ်စိတ်အမွှမွှာ ဖိချေခံလိုက်ရပေသည်။

လော့ထင်၏ အစွမ်းက မဆိုးလှဟု သတ်မှတ်နိုင်သည်။ သို့သော် သူက လက်တွေ့တိုက်ပွဲအတွေ့အကြုံ အလွန်နည်းပေသည်။ နောက်ဆုံးအခိုက်အတန့်တွင် သူသည် ရှောင်လည်းမရှောင်လိုက်သလို မိမိကိုယ်ကိုယ်လည်း မခုခံခဲ့ပေ။ ကြောက်ရွံ့တကြီး ငိုကြွေးနေရန်သာ သိခဲ့သည်။ အကယ်၍ ရှောင်လိုက်လျှင် သို့မဟုတ် စွမ်းအားထုတ်၍ ခုခံခဲ့လျှင် သူ အသက်ရှင်ချင် ရှင်နေလောက်သေးပေသည်။

“မျိုးနွယ်ခေါင်းဆောင်ငယ်...”

လေကိုခွင်း၍ အသည်းအသန် ပျံသန်းလာသော ဦးလေးလူက အသံနက်ကြီးဖြင့် အော်ကာ လေထဲတွင် ရပ်တန့်လိုက်သည်။ သူသည် ဦးခေါင်းကြေမွနေသော လော့ထင်ကို ငေးကြည့်နေသည်။ သူ၏ ကောင်းကင်စိတ်အာရုံက လော့ထင်၏ ကိုယ်ထဲမှ အသက်က ဖြည်းဖြည်းချင်း ထွက်သွားကြောင်းကို အာရုံခံမိလိုက်သည်။ ထို့နောက် သူသည်လည်း အသိစိတ်လွတ်သွားသကဲ့သို့ ငူငူကြီး ရပ်နေမိလေသည်။

အရာအားလုံး ပြီးဆုံးသွားပြီဖြစ်ကြောင် ဦးလေးလူ သိသည်။ သူနှင့် သူ့မိသားစုကလည်း အဆုံးသတ်ပေပြီ။ ဤကိစ္စအားလုံးက အကွက်စင်ထားခြင်း ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ လော့မျိုးနွယ်၏ စည်းမျဉ်းများအရ လော့ထင်၏ သေဆုံးခြင်းမှာ သူ့တစ်မိသားစုလုံး၏ သေဆုံးခြင်းပင်။ သူ၏ တာဝန်မကျေပွန်မှုကို သူ့မိသားစုက အသက်ဖြင့် ပေးဆပ်ရမည်ဖြစ်သည်။

“ဝူ...ဝူ...”

ယခုတွင် သားရဲကြီးက အော်ဟစ်ကာ ဦးလေးလူထံသို့ လာနေပေပြီ။ သို့သော် ဦးလေးလူက မည်သို့မှ မတုံ့ပြန်ချေ။ သူသည် ဟွင့်သွမ့်သားရဲကြီးကို သတ်လိုစိတ်ပင် မရှိတော့ပေ။ သူ ထိုသားရဲကြီးကို အနိုင်ယူနိုင်ခဲ့လျှင်လည်း ဘာအကျိုးရှိမည်နည်း။ လော့ထင်က အသက်ပြန်သွင်းနိုင်မည်လော။ သူက သူ့ကိုယ်သူနှင့် သူ့မိသားစုကို ကယ်တင်နိုင်မည်လော။

သို့သော် ဦးလေးလူ အသိပြန်ကပ်လာသည်။ သူ့တွင် ရှင်သန်လိုစိတ် အနည်းငယ် ကျန်နေသေးသည်။ ဤကိစ္စတစ်ခုလုံးက လူတစ်ယောက်၏ အကွက်စင်ထားမှုဖြစ်ကြောင်းကို သက်သေပြနိုင်ရန် သူ သက်သေအထောက်အထားများ ရှာရပေမည်။ သူ ကြိုးကိုင်သူကို ရှာရမည်။ သူ၏ အကြည့်က အေးစက်ခက်ထန်သွားသည်။ ရုတ်တရက် သူ အော်လိုက်သည်။

“သတ်မယ်...”

ဦးလေးလူသည် သူ့အရှေ့မှ ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲကို သတ်ရန် မကြိုးစားသလို ကျန်းရီကို ရှာရန်အတွက် မီးကန်ထဲသို့လည်း ပြန်မငုပ်လိုက်ပေ။ ထိုအစား မီးတောင်ဆီသို့သာ လျင်မြန်စွာ ပျံသန်းသွားလိုက်သည်။ အစောတွင် သူသည် မီးတောင်မှ ထွက်ပေါ်လာသော ပေါက်ကွဲသံတစ်သံကို ကြားခဲ့ရသည်။ ထိုပေါက်ကွဲမှုမှာ တစ်စုံတစ်ယောက်က ရည်ရွယ်ချက်ရှိရှိ ဖောက်ခွဲခဲ့သော ပေါက်ကွဲမှုဖြစ်ကြောင်း ထင်ရှားသည်။ ထိုလူက ထိုရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲကို မျှားထုတ်လိုခြင်းပင်။ ထို့ကြောင့် သူ ထိုလူကို ရှာရပေမည်။ ထိုလူကို ဖမ်းနိုင်လျှင်ဖမ်း၊ မဖမ်းနိုင်လျှင် သတ်ပစ်ရမည်။ သို့မှသာ ဤကိစ္စတစ်ခုလုံး၏ နောက်ကွယ်မှ ကြိုးကိုင်သူကို သက်သေပြနိုင်မည်ဖြစ်သည်။ ကြိုးကိုင်သူကို သက်သေပြနိုင်လျှင် လော့မျိုးနွယ်အား သူ့မိသားစုများကို ချမ်းသာပေးဖို့ အသနားခံနိုင်လောက်သည်။

ရွှီး...

ဦးလေးလူ၏ လက်ထဲတွင် နတ်ဘုရားဓား ထပ်မံထွက်ပေါ်လာ၏။ ရုတ်ခြည်းပင် ဓားက ဆယ်မီတာကျော် ရှည်ထွက်သွားသည်။ ထို့နောက် သူသည် သူထံသို့ လျင်မြန်စွာ ဦးတည်လာနေသော ဟွင့်သွမ့်သားရဲကြီးကို အားကုန် ခုတ်ချလိုက်သည်။ ယခုတွင် မီးကန်ထဲမှ ဟွင့်သွမ့်သားရဲ ဆယ်ကောင်လောက်ကလည်း သူ့နောက်သို့ လိုက်လာပေပြီ။ သူသည် ဓားရှည်ကြီးကို ဘယ်ညာဝှေ့ယမ်းကာ ဟွင့်သွမ့်သားရဲများနှင့် မတိုက်ခိုက်ရအောင် တတ်နိုင်သမျှ အကောင်းဆုံး ကြိုးစားနေသည်။ သူ၏ ရည်ရွယ်ချက်မှာ ထိုသားရဲများကို ပြန်ဆုတ်သွားအောင်လုပ်ရန် ဖြစ်သည်။ သူသည် ဓားရှည်ကြီးကို ဝှေ့ယမ်းရင်း မီးတောင်ဆီသို့ ဆက်သွားနေသည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်၍လည်း သူ့ပစ်မှတ်ကို ရှာနေလေသည်။

‘တကယ်ပဲ အဲ့မှာ တစ်ယောက်ယောက် ရှိနေတယ်’

ဦးလေးလူသည် အသက်ရှင်ရန် ရည်ရွယ်ချက် ရထားပြီဖြစ်၍ အတွေးများ ကြည်လင်နေသည်။ သူက မီးတောင်နားတွင် သဲလွန်စတစ်ခု ရှာတွေ့လိုက်သည်။ ထိုသဲလွန်စအတိုင်း ဆက်အာရုံခံလိုက်ရာ ပုန်းအောင်းနေသော စွမ်းအားကြီး သိုင်းသမားတစ်ယောက်ကို တွေ့သွားသည်။

ထိုစွမ်းအားကြီး သိုင်းသမားက ပုန်းကွယ်အတတ်တွင် အလွန်တော်သည်။ ဦးလေးလူ၏ ကောင်းကင်စိတ်အာရုံက မီးတောင်နားသို့ ရောက်သောအခါ ကျောက်တုံးအချို့ကိုသာ အာရုံခံမိခဲ့သည်။ ထိုနေရာတစ်ဝိုက်တွင် မည်သည့် သက်ရှိမှ ရှိနေပုံမပေါ်ပေ။ သို့သော် ထိုလူက အမှားတစ်ခုကို ကျူးလွန်ခဲ့မိ၍ ပေါ်သွားခြင်းဖြစ်သည်။ ထိုမီးတောင်မှာ မကြာခဏ ပေါက်ကွဲတတ်ရာ မီးတောင်အနီး၌ မည်သည့်ကျောက်တုံးမှ မတည်ရှိနိုင်ပေ။

“ဟင်းဟင်း...”

ဦးလေးလူ၏ ကောင်းကင်စိတ်အာရုံအောက်တွင် ထိုကျောက်တုံးများက ရုတ်တရက် ရွေ့လျားလာ၏။ ထို့နောက် ၎င်းတို့က လင်းလက်လာပြီး ဆံပင်ဖြူ၊ မျက်ခုံးဖြူနှင့် အဘိုးအိုတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။ အဘိုးအိုက ဦးလေးလူဆီ ပျံသန်းသွားပြီး ထီမထင်ဟန်ပြုံးကာ ပြောလိုက်သည်။

“ဦးလေးလူ... လက်လျှော့လိုက်ပါတော့။ ဒီနေ့ ခင်ဗျား သေရတော့မယ်”

***

All Chapters