ကျန်းရီ သေရမည်
Vol. 96 Ch. 1331
“ဂူမူ... တပ်မှူးဂူ”
ဦးလေးလူ၏ မျက်ဝန်းထဲတွင် တွေးမကြည့်နိုင်လောက်သည့် အမုန်းတရားနှင့် ပြည့်နှက်နေသည်။ ကြိုးကိုင်သူက တိရှစံအိမ်၏ လောမျိုးနွယ်လော။ ထိုဂူမူသည် တိရှစံအိမ်မှ တပ်မှူးတစ်ယောက်ဖြစ်သည်။ သူက လောမျိုးနွယ်၏ စွမ်းအားကြီး လက်ပါးစေတစ်ယောက်လည်းဖြစ်သည်။ နတ်သိမ်းငှက်မြို့တစ်ခွင်လုံးက သူ့ကို သိကြပေသည်။
အတန်ကြာ တွေးတောပြီးနောက် အရာအားလုံးက ဦးလေးလူအတွက် အဓိပ္ပာယ်ရှိလာသည်။ နတ်သိမ်းငှက်မြို့တွင် လော့ဖူက တိုက်ခိုက်စွမ်းအားအကြီးဆုံးသူ ဖြစ်သည်။ လော့မျိုးနွယ်မှ အခြားပါရမီရှင်တစ်ယောက်ကလည်း သိမ်းငှက်ပြာစီရင်စုနယ်ထဲတွင် ရှိနေသည်။ ထို့ပြင် စစ်နတ်ဘုရားစံအိမ်က အထက်ဘုံတွင် အင်အားအကြီးဆုံးဖြစ်သည်။ စံအိမ်ဝင်များက နေရာတိုင်းတွင် လေးစားခံရသည်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း၌ တိရှစံအိမ်မှ လောမျိုးနွယ်က စစ်နတ်ဘုရားစံအိမ်မှ လော့မျိုးနွယ်၏ ဖိနှိပ်မှုကို တစ်ကြိမ်၊ နှစ်ကြိမ်လောက် ခံခဲ့ရသည်။ ထို့ကြောင့် လောမျိုးနွယ်က မကျေမနပ်ဖြစ်သည်မှာ သဘာဝကျပေသည်။
‘ဟိုကောင်စုတ်က မိစ္ဆာသတ်ဖြတ်စံအိမ်ကပဲ။ တိရှစံအိမ်နဲ့ မိစ္ဆာသတ်ဖြတ်စံအိမ်က အင်အားပူးပေါင်းလိုက်ပြီလား’
ဦးလေးလူ၏ ခေါင်းထဲတွင် အတွေးတစ်ခု ထွက်ပေါ်လာသည်။ သို့သော် ယခုတွင် ထိုအကြောင်းများကို တွေးနေလျှင်လည်း အကျိုးရှိတော့မည် မဟုတ်ချေ။ သူက သေချာပေါက် သေရတော့မည်ဖြစ်သည်။ ဂူမူက အလွန်စွမ်းအားကြီးသည်။ သူက အဆင့်မြင့် တိရှအဆင့်၊ အဆင့်မြင့် နတ်ဘုရားဘုရင်အဆင့်တွင် ရှိသည်။ သူ၏အဆင့်က ဦးလေးလူထက် တစ်ဆင့်ပိုမြင့်ပေသည်။ ထို့ပြင် ဦးလေးလူအနောက်တွင် ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲတစ်ကောင်လည်း ရှိနေသေးသည်။ သူက အလယ်တွင် ပိတ်မိနေခြင်းဖြစ်ရာ ရှင်သန်နိုင်ရန် မည်သို့ မျှော်လင့်နိုင်ပါဦးမည်နည်း။
“ကျုပ် သေရမယ်ဆိုရင်တောင် ခင်ဗျား ဒုက္ခရောက်သွားအောင် လုပ်ခဲ့မယ်”
ဦးလေးလူ၏ မျက်ဝန်းများထဲတွင် ရူးသွပ်သည့်အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။ သူသည် ဓားရှည်ကြီးကို ဝှေ့ယမ်း၍ သူ့အနောက်ရှိ ရှေးဦးအဆင့် ဟွင့်သွမ့်သားရဲများကို ခုတ်ပိုင်းလိုက်သည်။ သားရဲများက ဓားချက်ကြောင့် လွင့်ပျံထွက်သွားကြသည်။ သို့သော် ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲကြီးကတော့ သူ့ထံသို့ ဦးတည်လာနေဆဲပင်။
ဤတစ်ကြိမ်တွင် ဦးလေးလူသည် ထိုသားရဲကြီးကို မတိုက်ခိုက်လိုက်ပေ။ ထိုအစား ဂူမူထံသို့သာ ကြောက်မက်ဖွယ်အရှိန်ဖြင့် ပျံသန်းသွားသည်။ တစ်ချိန်တည်းမှာပင် သူသည် ဓားရှည်ကြီးကို ဝှေ့ယမ်း၍ ပတ်ဝန်းကျင်တွင် လေထန်လာအောင် လုပ်လိုက်သည်။ အာကာပြင်က စတင်တုန်ခါလာပြီး သူတို့ပတ်ပတ်လည်တွင် လေဝဲကြီးတစ်ခု ဖြစ်လာသည်။ မကြာခင်မှာပင် ဦးလေးလူကို ဗဟိုပြု၍ ကြောက်မက်ဖွယ် လေမုန်တိုင်းကြီးတစ်ခု ဖြစ်လာလေတော့သည်။
“လေဓာတ်စည်းမျဉ်းဆန်းကြယ်စွမ်းရည် အမြစ်ဖြတ်လေမုန်တိုင်းလား။ ဟားဟား.. လော့လူ... မင်းက သေရတော့မှာကို ရုန်းကန်ချင်နေသေးတာလား”
ဂူမူ၏ မျက်ဝန်းများထဲတွင် လှောင်ပြောင်သည့် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။ ထိုလေဓာတ်စည်းမျဉ်းဆန်းကြယ်စွမ်းရည် အမြစ်ဖြတ်လေမုန်တိုင်းက စွမ်းအားကြီးသည်ဟု မသတ်မှတ်နိုင်ပေ။ ပုံမှန်ဆိုလျှင် ၎င်းအား ရန်သူများကို ဖမ်းချုပ်ရန် အသုံးပြုခြင်းဖြစ်သည်။ ဂူမူကဲ့သို့သော စွမ်းအားကြီး သိုင်းသမားတစ်ယောက်အနေဖြင့် ထိုဆန်းကြယ်စွမ်းရည်ကို မှုရန်မလိုပေ။
“တစ်ခုခုတော့ မှားနေပြီ...”
ဂူမူသည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားသည်။ ဤကဲ့သို့သော အချိန်မျိုးတွင် လော့လူက ထိုဆန်းကြယ်စွမ်းရည်ကို သုံးနေသည်။ ထိုတိုက်ခိုက်မှုက သူ၏ စွမ်းအားအကြီးဆုံး ရွှေဓာတ်စည်းမျဉ်းဆန်းကြယ်စွမ်းရည်ပင် မဟုတ်ချေ။ ဂူမူသည် ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍ လေမုန်တိုင်းကြီးထဲကို အာရုံခံလိုက်ရာ ဦးလေးလူ၏ ခန္ဓာကိုယ်ထဲမှ ကောင်းကင်စွမ်းအားများက အလွန်လျင်မြန်စွာ လည်ပတ်နေကြောင်းကို သိလိုက်ရသည်။ ရုတ်တရက် သူ မျက်နှာထားပြောင်းသွားသည်။ ထို့နောက် ဒေါသတကြီး အော်ပြောလိုက်သည်။
“လော့လူ... မင်းက အရူးပဲ။ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်တော့မလို့လား”
“ဟားဟားဟား...”
လော့လူက အရူးတစ်ယောက်ကဲ့သို့ ရယ်လိုက်၏။ သူ့ခန္ဓာကိုယ်ထဲမှ ကောင်းကင်စွမ်းအားများက ပို၍လျင်မြန်စွာ လည်ပတ်လာသည်။ သူ့နတ်ဘုရားအမြုတေထဲမှ ကောင်းကင်စွမ်းအားများပင် အပြင်သို့ ထွက်လာသည်။ သူသည် သူသေရတော့မည်ကို သေချာသိသဖြင့် ဂူမူကိုပါ သူနှင့်အတူ ခေါ်သွားလိုခြင်းဖြစ်သည်။ သူ့ကိုယ်သူ ဖောက်ခွဲလိုက်ရုံဖြင့် ဂူမူက သေမည်မဟုတ်ကြောင်း သူသိသည်။ သို့သော် သူ့အနောက်တွင် ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲတစ်ကောင် ရှိနေပေသေးသည်။
ဝုန်း...
ဂူမူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် အဝါရောင် စက်ဝန်းပုံ ဒိုင်းတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ဦးလေးလူ၏ ခန္ဓာကိုယ်က မျက်စိကျိန်းလောက်အောင် လင်းလက်လာသည်။ သူက နေတစ်စင်းကဲ့သို့ပင်။ ထိုအခိုက်တွင် သူတို့ပတ်ဝန်းကျင်မှ မိုးမြေစွမ်းအင်ကလည်း တုန်ခါလာသည်။ ယင်းနောက် ပေါက်ကွဲသံကြီးတစ်သံက ကီလိုမီတာရာဂဏန်းအနည်းငယ် အဝန်းအဝိုင်းအတွင်း ပဲ့တင်ထပ်သွားသည်။ ကြောက်မက်ဖွယ် အဟုန်လှိုင်းများကလည်း မီးတောင်ကြီးကို ထိန်းမနိုင်သိမ်းမရ တုန်ခါသွားစေသည်။ ထို့ကြောင့် မီးတောင်ထဲမှနေ၍ ချော်ရည်ပူများ အဆက်မပြတ် ပန်းထွက်လာသည်။ မီးကန်ထဲမှ ချော်ရည်များကလည်း ကန်အပြင်သို့ လျှံထွက်ကုန်ကာ ချော်ရည်တန်းများအဖြစ် အရှေ့ဘက်သို့ စီးဆင်းသွားလေသည်။
ဖုန်း...ဖုန်း...ဖုန်း...ဖုန်း...
ရှေးဦးအဆင့် ဟွင့်သွမ့်သားရဲ အများစုက အရှင်လတ်လတ် မီးကျွမ်းသွားကြသည်။ သွေးစိမ်းရှင်ရှင်များကလည်း အရပ်မျက်နှာအနှံ့သို့ ပန်းထွက်နေကြသည်။ ပေါက်ကွဲမှုနှင့် အလွန်နီးကပ်နေခဲ့သော ဟွင့်သွမ့်သားရဲအချို့သည် ပေါက်ကွဲမှုအဟုန်ကြောင့် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားကြသည်။ ဂူမူ၏ မြေဓာတ်ဒိုင်းကလည်း အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားသည်။ သူသည်လည်း အနောက်သို့ လွင့်ထွက်သွားသည်။ သူသည် မီးတောင်နှင့် သွားဆောင့်ပြီး ပြန်ကန်ထွက်လာကာ မြေကြီးပေါ် ပြုတ်ကျသွားသည်။ မြေကြီးပေါ်တွင် သူ နာကျင်တကြီး လူးလွန့်နေရလေသည်။
“ဝူ...ဝူ...”
ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲကြီးက ဦးလေးလူနှင့် အလွန်နီးကပ်နေခဲ့သည်။ ထို့ကြောင့် ၎င်းသည်လည်း ဒဏ်ရာရသွားခဲ့သည်။ သို့သော် ၎င်း၏ ခံနိုင်ရည်က အလွန်အားကောင်းသဖြင့် ခေါင်းနှင့် ရင်ဘတ်နေရာတွင်သာ ဒဏ်ရာအနည်းငယ် ရသွားခဲ့သည်။ ၎င်း၏ ဒဏ်ရာများက မပြင်းထန်ပေ။
သားရဲကြီးသည် အနောက်သို့ ကီလိုမီတာဆယ်ချီ လွင့်ထွက်သွားခဲ့သည်။ သို့သော် ၎င်းက ဒေါသတကြီး ထပ်မံပျံသန်းသွားသည်။ ၎င်းသည် အလွန်ဒေါသူပုန်ထနေပြီဖြစ်ရာ တွေ့သမျှ လူသားတိုင်းကို အစိတ်စိတ်အမွှာမွှာ စုတ်ဖြဲပစ်လိုနေပေသည်။ ၎င်း၏ မျက်လုံးထဲတွင် ဦးလေးလူနှင့် ဂူမူမှာ တစ်ဘက်တည်းဖြစ်သည်။ ဂူမူက အသက်ရှင်နေဆဲဖြစ်၍ ၎င်း လက်စားချေလိုနေသည်။
“ဖူး...”
ဂူမူသည် မသေသော်လည်း ဒဏ်ရာအပြင်းအထန် ရသွားသည်။ သူသည် သွေးအန်လိုက်ပြီး အလျင်အမြန် ထရပ်လိုက်သည်။ ထို့နောက် သူ့ထံသို့ ပျံသန်းလာနေသော ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲကြီးကို လှမ်းကြည့်လိုက်သည်။ သူ၏အကြည့်ထဲတွင် ဒေါသနှင့် နာကျင်မှုတို့ ရောထွေးနေပေသည်။
ဤတစ်ခေါက်တွင် အစီအစဉ်က အပြည့်အဝ အလုပ်ဖြစ်ခဲ့သည်။ လော့ထင် သေသွားပြီဖြစ်သလို လော့လူလည်း သေသွားပေပြီ။ သူက အပြင်းအထန်ဒဏ်ရာရထားသော်လည်း ထိုရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲတစ်ကောင်က သူ့ကို သတ်နိုင်မည် မဟုတ်ချေ။ သူသာ အချိန်မီ ထွက်ပြေးနိုင်လျှင် အသက်ရှင်နိုင်ဦးမည် ဖြစ်သည်။
တစ်ခုတည်းသော ပြဿနာမှာ... ကျန်းရီက မသေသေးခြင်းပင်။
လောချင်းယန်၏ အစီအစဉ်ထဲတွင် ကျန်းရီ သေရမည်ဟု ပါသည်။ ဂူမူက ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲကြီးကို မျှားထုတ်ပြီးနောက် ချက်ချင်း ပြေးမသွားခဲ့ခြင်းမှာ ကျန်းရီလည်း သေသွားကြောင်း အတည်ပြုရန်ဖြစ်သည်။ ကျန်းရီ အသက်ရှင်နေသေးလျှင် သူတို့အတွက် မလုံခြုံနိုင်ပေ။ ယခုလောက်ဆို စစ်နတ်ဘုရားစံအိမ်၏ လော့မျိုးနွယ်က နတ်ဘုရားစစ်သူကြီးများကို ဤနေရာသို့ စေလွှတ်လိုက်လောက်ပေပြီ။ အကယ်၍ ကျန်းရီက သူတို့လက်ထဲ ရောက်သွားမည်ဆိုလျှင် တိရှစံအိမ်၏ လောမျိုးနွယ်က ပြဿနာတက်သွားပေလိမ့်မည်။
“အဲ့ကောင်စုတ် သေရမယ်”
ဂူမူ၏ အကြည့်က ပြတ်သားလာသည်။ သူ စွန့်စားရန် ဆုံးဖြတ်လိုက်ပေပြီ။ သူ ထွက်မပြေးခင်တွင် ကျန်းရီကို ကိုယ်တိုင်သတ်သွားရပေမည်။ သူသည် သတ္တုတုတ်တစ်ချောင်းကို ထုတ်လိုက်သည်။ ထိုတုတ်က သူ့လက်ထဲတွင် လင်းလက်လာကာ အရွယ်အစား ကြီးလာသည်။ သူသည် တစ်ကိုယ်လုံးတွင် ခံစားနေရသည့် စူးရှသောနာကျင်မှုကို လျစ်လျူရှုကာ သတ္တုတုတ်ကို မွှေ့ယမ်း၍ သူထံသို့ လာနေသော ဟွင့်သွမ့်သားရဲကြီးထဲ ပျံသန်းသွားလိုက်လေသည်။
“ဖူး...”
ဟွင့်သွမ့်သားရဲကြီးက အနောက်သို့ လွင့်ထွက်သွားသည်။ သို့သော် ဂူမူကလည်း မသက်သာပေ။ ဟွင့်သွမ့်သားရဲကြီးက အလွန်သန်မာလွန်းနေသည်။ သတ္တုတုတ်၏ တန်ပြန်အဟုန်က ဂူမူ၏ ကိုယ်တွင်းအင်္ဂါများကို ပွင့်ထွက်သွားစေသည်။ ထို့ကြောင့် သူလည်း အနောက်သို့ လွင့်ထွက်သွားသည်။ သို့တစေ သူ အရေးမစိုက်နိုင်ချေ။ သူသည် နှုတ်ခမ်းစွန်းမှ သွေးများကို သုတ်လိုက်ပြီး မီးကန်ထဲသို့ ပျံသန်းသွားလိုက်သည်။ ကျန်းရီက အလွန်အားနည်းသည်။ သူသာ ကျန်းရီကို ရှာတွေ့နိုင်လျှင် သေချာပေါက် စက္ကန့်ပိုင်းအတွင်း သတ်ပစ်နိုင်မည်ဖြစ်သည်။
“ဝူ...ဝူ...”
ဟွင့်သွမ့်သားရဲကြီးကလည်း ခွေးရူးတစ်ကောင်ကဲ့သို့ မီးကန်ထဲ ခုန်ချလိုက်သည်။ တစ်ချိန်တည်းမှာပင် ၎င်းသည် ပါးစပ်ဟကာ မီးတောက်များ မှုတ်ထုတ်လိုက်သည်။ မီးကန်ထဲမှ ချော်ရည်များက အပြင်ဘက်သို့ ပန်းထွက်သွားကြသည်။ ကြောက်မက်ဖွယ် မြင့်မားသောအပူချိန်က ဂူမူကို အလွန်နာကျင်နေစေသည်။ သို့သော် သူက မီးကန်အောက်ခြေသို့ လျင်မြန်စွာ ငုပ်ကူးသွားနေပေသည်။
‘ထွက်သွားစမ်း...’
ဂူမူသည် သတ္တုတုတ်ကို ဒေါသတကြီး ဝှေ့ယမ်း၍ အထက်သို့ ပင့်ရိုက်လိုက်သည်။ သို့သော် ဟွင့်သွမ့်သားရဲကြီးက မကြောက်ပေ။ ၎င်းသည် တံစဉ်ကဲ့သို့သော ရှေ့ခြေနှစ်ချောင်းကို ယမ်းကာ သတ္တုတုတ်ကို ပြန်ခုခံတိုက်ခိုက်လိုက်သည်။ ထိုသို့ အပြန်အလှန်တိုက်ခိုက်ကြရင်းဖြင့် ဂူမူက ကန်ထဲသို့ ပို၍နစ်မြုပ်သွားပြီး ဟွင့်သွမ့်သားရဲအကြီးက အထက်သို့ တွန်းထုတ်ခံနေရပေသည်။
လူသားနှင့် သားရဲက ဆက်၍ တိုက်ခိုက်နေကြသည်။ သူတို့နှစ်ယောက်စလုံးက နာကျင်နေကြပေပြီ။ သူတို့ ရထားသော ဒဏ်ရာများကလည်း ပို၍ ဆိုးဝါးလာသည်။ ထိုနှစ်ယောက်ထဲတွင် ဟွင့်သွမ့်သားရဲ၏ ခုခံစွမ်းအားက ပိုကြီးကြောင်း ထင်ရှားသည်။ ထိုအတိုင်းသာ ဆက်သွားပါက အရင်ဆုံးသေမည့်သူမှာ ဂူမူဖြစ်ကြောင်း သေချာပေသည်။
“အား...”
ဂူမူက နာကျင်တကြီး အော်လိုက်သည်။ ဤတစ်ခေါက်တိုက်ပွဲတွင် သူ၏ အရိုးအချို့ ကျိုးသွားခဲ့သည်။ ထိုအတိုင်းဆက်သွားလျှင် သူက မီးကန်ထဲတွင် ထာဝရအိပ်စက်ရတော့မည်ဖြစ်ကြောင်း သူ သိပေသည်။ သို့သော် သူ အခြားဘာတတ်နိုင်သေးသနည်း။ ယခုအခြေအနေတွင် အကောင်းဆုံးကြိုးစားရန်သာ ရှိတော့သည်။
ဂူမူသည် ကောင်းကင်စိတ်အာရုံကို အရိပ်မျက်နှာအနှံ့သို့ ထုတ်လွှတ်၍ ကျန်းရီကို ရှာဖွေနေ၏။ သူ၏စိတ်ဝိညာဉ်က အလွန်သန်မာသည်။ ထို့ကြောင့် သူ၏ကောင်းကင်စိတ်အာရုံက မီးကန်ထဲမှာပင် ကီလိုမီတာသုံးဆယ်ပတ်လည်အတွင်း ရှာဖွေနိုင်သည်။ ယင်းမှာ လော့လူထက် သုံးဆပိုကောင်းပေသည်။ သို့သော် လှည့်ပတ်ရှာဖွေပြီးနောက်တွင်ပင် ကျန်းရီ၏ အရိပ်အယောင်ကို ရှာမတွေ့သေးချေ။ ဂူမူ စတင် တုံ့ဆိုင်းလာသည်။ ကျန်းရီက ချော်ရည်ပူများကြောင့် လောင်ကျွမ်းသေဆုံးသွားပြီလော။ သို့မဟုတ် သူ့ကို ဟွင့်သွမ့်သားရဲများက ဝါးမျိုသွားပြီလော။
‘မဟုတ်ဘူး... သူ အသက်ရှင်နေသေးတယ်’
ဂူမူသည် ပတ်ပတ်လည်တွင် မည်သည့် ဟွင့်သွမ့်သားရဲကိုမှ မတွေ့ပေ။ ထို့ပြင် မည်သည့်နတ်ဘုရားအမြုတေ၊ မည်သည့်သိုလှောင်လက်စွပ်ကိုမှလည်း မတွေ့ရသေးချေ။ စစ်ချပ်ဝတ်များလည်း ရှိမနေပေ။ ကျန်းရီက လော့ဟွမ်၏ အလယ်အလတ်အဆင့် နတ်ဘုရားချပ်ဝတ်ကို ဝတ်ဆင်ထားသည်။ သို့ဖြစ်၍ ရှေးဦးအဆင့် ဟွင့်သွမ့်သားရဲများက သူ့ကို အချိန်တိုအတွင်း သတ်နိုင်မည် မဟုတ်ချေ။
ဂူမူတစ်ယောက် ကန်အောက်ခြေသို့ ဆက်ကူးသွားနေသည်။ ကောင်းကင်စိတ်အာရုံကို သုံး၍လည်း ပတ်ဝန်းကျင်ကို ရှာဖွေနေသည်။ မကြာခင်မှာပင် သဲလွန်စများကို ရှာတွေ့သွားသည်။ ကန်အောက်ခြေတွင် လမ်းကြောင်းတစ်ခု ရှိနေသည်။ ထိုလမ်းကြောင်းက မြေအောက်မှ မီးများ ထွက်လာချိန်တွင် ကျန်ခဲ့သောလမ်းကြောင်း ဖြစ်ရမည်ဟု ဂူမူ ခန့်မှန်းသည်။ ထိုအခိုက်တွင် လမ်းကြောင်းက ကျိုးပဲ့နေသည်။ ကျန်းရီက ထိုလမ်းကြောင်းမှတဆင့် ထွက်ပြေးသွားခြင်းဖြစ်မည်။ ထို့ကြောင့် သူ လမ်းကြောင်းဆီသို့ ကူးခတ်သွားလိုက်သည်။
‘လိုက်မယ်...’
ဂူမူ၏ မျက်နှာပေါ်တွင် ရက်စက်သော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။ သူသည် အထက်မှ ဟွင့်သွမ့်သားရဲကို တစ်ကြိမ်ထပ်မံ တိုက်ခိုက်လိုက်ပြီး ကန်အောက်ခြေရှိ လမ်းကြောင်းထဲသို့ ဝင်သွားလိုက်လေသည်။ ဤတစ်ခေါက်တွင် သူ ဒဏ်ရာအပြင်းအထန် ရထားသည်။ ထို့ကြောင့် ဤကန်ထဲတွင် သူ သေသွားနိုင်ကြောင်းကို သူသိသည်။ သို့သော် သူ့တွင် အခြားရွေးချယ်စရာမရှိပေ။ ကျန်းရီက သေရပေမည်။
***