ရွှေရောင် မြေဗဟိုမီးတောက်များ
Vol. 96 Ch. 1332
ကျန်းရီသည် အမှန်ပင် လမ်းကြောင်းကိုဖြတ်၍ ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။
မြေပြင်ထက်တွင် နတ်ဘုရားနှစ်ပါး တိုက်ခိုက်နေကြောင်းကို ကျန်းရီ ကောင်းစွာသိသည်။ သူက ပုစွန်လေးတစ်ကောင်သာဖြစ်၍ ဝေလငါးနှစ်ကောင် တိုက်ခိုက်သည့်ကြား ဝင်ပါလျှင် သေချာပေါက် သေရပေလိမ့်မည်။ သူ၏ တစ်ခုတည်းသော လွတ်လမ်းမှာ ထွက်ပြေးရန်သာဖြစ်သည်။ သူ ဝေးဝေးပြေးနိုင်လေလေ၊ ပိုကောင်းလေလေပင်။ လမ်းရှိသ၍ သူ ပြေးရပေမည်။ မြေအောက်လမ်းကြောင်းထဲတွင် မကြာခဏဆိုသလို မီးများ ပန်းထွက်လာတတ်၍ ထိုလမ်းကြောင်းအတိုင်း ထွက်ပြေးလျှင် သူ့အတွက် အန္တရာယ်များနိုင်သော်လည်း ယခုအခြေအနေတွင် သူများစွာ အရေးစိုက်မနေနိုင်ပေ။
လမ်းကြောင်းက အတော်လေးကျယ်ကာ၊ အတော်လေးနက်သည်။ ကျန်းရီသည် ကီလိုမီတာသုံးရာကျော် သွားခဲ့ပြီးဖြစ်သည်။ သို့သော် လမ်းကြောင်းအဆုံးကို မမြင်ရသေးပေ။ သူ မည်မျှကြာကြာ ဆက်သွားရဦးမည်နည်း။ လမ်းကြောင်းထဲတွင် မည်သည့်အရာများကို မြင်ရမည်နည်း။ ကျန်းရီ မသိပေ။ သူ အရှေ့သို့ ဆက်သွားရန်သာ ရှိသည်။
ကျန်းရီ၏ ဒဏ်ရာများကလည်း အတော်လေး ပြင်းထန်သည်။ သူ့တွင် အလယ်အလတ်အဆင့် နတ်ဘုရားချပ်ဝတ်သာ မရှိပါက ယခုဆိုလျှင် သူ ရှင်းမိုနှင့် ပြန်တွေ့ဆုံနေရလောက်ပေပြီ။ သူက အားဖြည့်ဆေးလုံးများစွာ သောက်ထားသဖြင့် သန်မာသောသူ့ခန္ဓာကိုယ်က အလိုလို ပြန်ကောင်းလာနေသည်။ သို့သော် အပြည့်အဝ ပြန်ကောင်းရန် အနည်းဆုံး ရက်အနည်းငယ်တော့ လိုပေလိမ့်မည်။
ကီလိုမီတာတစ်ရာ့ငါးဆယ်... ကီလိုမီတာနှစ်ရာ...
ကျန်းရီသည် လမ်းကြောင်း၏အဆုံးကို မမြင်ရသေးပေ။ ထိုအခိုက်တွင် သဏ္ဌာန်မဲ့ စွမ်းအင်အချို့က သူ့ထံသို့ လာနေသည်ကို သူ ခံစားလိုက်ရသည်။ ထိုစွမ်းအင်က သူ၏ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို တုန်ယင်သွားစေသည်။ တစ်စုံတစ်ယောက်က သူ့နောက်မှ လိုက်လာပေပြီ။ ထိုလူ၏ ကောင်းကင်စိတ်အာရုံက ဦးလေးလူ၏ ကောင်းကင်စိတ်အာရုံထက်ပင် ပိုအားကောင်းသည်။
လော့ထင်၏ဘေးတွင် နတ်ဘုရားဘုရင်တစ်ပါးသာ ပါလာခဲ့သည်။ ထို့ကြောင့် ယခုလိုက်လာသူက မည်သူဖြစ်ကြောင်း ကျန်းရီ ခန့်မှန်းနိုင်လိုက်သည်။ ထိုလူက လောချင်းယန် စေလွှတ်လိုက်သောလူ ဖြစ်ပေလိမ့်မည်။ ယခုတွင် သူမ၏ လူများက သူ့ကိုသတ်ရန် လိုက်ရှာနေလောက်သည်။ သူက သူမအတွက် အသုံးမဝင်တော့သည် မဟုတ်လော။
‘လခွမ်းပဲ...’
ကျန်းရီ စိတ်ထဲမှ ဆဲလိုက်သည်။ ထို့နောက် အရှေ့သို့ အသည်းအသန် ဆက်သွားလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့လက်ထဲ၌ မိုးကြိုးသွားကျောက်တုံးတစ်တုံး ထွက်ပေါ်လာသည်။ ၎င်းက သူ၏နောက်ဆုံးမိုးကြိုးသွားကျောက်တုံးပင်။ ထိုကျောက်တုံးသည် နတ်ဘုရားဘုရင်တစ်ပါးကို မသတ်နိုင်ပေ။ သို့သော် ကျောက်တုံးပေါ်ရှိ ကင်းမြီးကောက်ဝါအဆိပ်အပေါ်တွင် သူ မျှော်လင့်ချက်ထားနိုင်သေးသည်။ အဆိပ်က ထိုနတ်ဘုရားဘုရင်ကို မသတ်နိုင်လျှင်ပင် နှေးသွားအောင်တော့ လုပ်နိုင်လောက်သည်။
ကျန်းရီသည် နောက်ဆုံးအခိုက်အတန့် ရောက်သည်အထိ အလျှော့ပေးမည် မဟုတ်ချေ။ ကျန်းရှောင်နူက ခြင်္သေ့ပြာမြို့မှာပင် ရှိနေသေးသည်။ ရီချန်၊ စုလောရွှယ်၊ ယဉ်ရို့ပင်းနှင့် အခြားသူများက သူ ပြန်လာမည်ကို စောင့်မျှော်နေကြသည်။ ရီဖျောင်ဖျောင်ကလည်း နတ်ဘုရားတောင်တစ်လုံး၏ ဖိနှိပ်မှုကို ခံထားရဆဲဖြစ်သည်။ ထို့ကြောင့် သူ သေ၍မဖြစ်ပေ။ သူ့တွင် လုပ်စရာကိစ္စများစွာ ရှိနေသေးသည်။
ကျန်းရီသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်လိုက်၏။ ထို့နောက် ချော်ရည်ပူစီးဆင်းမှုကို အသုံးပြု၍ သူနှင့် သူ့နောက်သို့လိုက်လာသောလူ ကြားမှ အကွာအဝေးကို တွက်ချက်လိုက်သည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် ကြမ်းကြုတ်သော စွမ်းအင်ကြီးတစ်ခုက သူ့ကို လွှမ်းခြုံသွား၏။ ထို့ကြောင့် သူ လန့်သွားသည်။ ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲက ထိုနတ်ဘုရားဘုရင်အနောက်သို့ လိုက်လာခြင်းလော။ ယင်းက ကျန်းရီကို မျှော်လင့်ချက်တစ်ခု ပေးလေသည်။
ကီလိုမီတာသုံးဆယ်၊ ဆယ့်ငါးကီလိုမီတာ... ဆယ်ကီလိုမီတာ...
ကျန်းရီသည် သူနှင့် သူ့အနောက်မှလူ၏ အကွာအဝေးကို ခန့်မှန်းတွက်ချက်နေသည်။ ဂူမူက ခြောက်ကီလိုမီတာအကွာသို့ ရောက်လာသောအခါ သူ မစွန့်စားဝံ့တော့ပေ။ နတ်ဘုရားဘုရင်၏ တိုက်ခိုက်မှုများက ကြောက်မက်ဖွယ်ကောင်းသည် မဟုတ်ပါလား။ အကယ်၍ နတ်ဘုရားဘုရင်ကို အလွန်နီးကပ်လာခွင့်ပြုလိုက်ပါက သူ သေချာပေါက် အသက်အန္တရာယ်နှင့် ရင်ဆိုင်ရပေလိမ့်မည်။
‘ဟ...’
ကျန်းရီသည် မီးနဂါးဓားကိုသုံး၍ ခက်ထန်စွာ ခုတ်ပိုင်းလိုက်သည်။ သူက နတ်ဘုရားဇီဝိန်ခြွေကို ထုတ်လိုက်ခြင်းပင်။ ရုတ်ခြည်းပင် မီးနဂါးသုံးကောင် ထွက်လာကာ ချော်ရည်ပူများကို ၎င်းတို့နှင့်အတူ အထက်သို့ ဆွဲယူသွားသည်။ သူ ထိုသို့လုပ်လိုက်ခြင်းမှာ ဂူမူကို တိုက်ခိုက်ရန် မဟုတ်ဘဲ မိုးကြိုးသွားကျောက်တုံးက အချိန်မတန်သေးဘဲ ပေါက်ကွဲသွားမည်ကို တားဆီးရန်ဖြစ်သည်။ သူသည် သူ့ကိုယ်သူ မတော်တဆ ဖောက်ခွဲမပစ်လိုပေ။
‘သွား...’
မိုးကြိုးသွားကျောက်တုံးက ရုတ်တရက် အထက်သို့ မြောက်တက်သွားသည်။ ဂူမူက ကျန်းရီကို မျက်ခြည်မပြတ်ကြည့်နေ၍ ကျန်းရီ၏ လှုပ်ရှားမှုတိုင်းကို သိပေသည်။ သူသည် ကျန်းရီမတိုက်ခိုက်ခင်တွင် သူတို့ကြားမှာ အကွာအဝေးကို နီးကပ်သွားအောင် လုပ်လိုနေသည်။ သို့သော် ယခုတွင် သူ ရပ်တန့်လိုက်ရပေပြီ။ မိုးကြိုးသွားကျောက်တုံးက သူ့ကို မသတ်နိုင်ပေ။ သို့သော် ကင်းမြီးကောက်ဝါအဆိပ်က အတော်လေး ပြင်းထန်သည်။ သူက ဒဏ်ရာရမထားခဲ့လျှင် ထိုအဆိပ်ကို စိုးရိမ်ဖို့ မလိုလောက်ပေ။ သို့သော် ယခုတွင် သူက ဒဏ်ရာအပြင်းအထန် ရထားပေသည်။ အကယ်၍ ကင်းမြီးကောက်ဝါအဆိပ်ပါ ထပ်မိသွားပါက အနောက်မှ လိုက်လာသော ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲကြီး၏ သတ်ဖြတ်မှုကို သေချာပေါက် ခံရမည်ဖြစ်သည်။
ဝုန်း...
ဂူမူသည် မီးနဂါးသုံးကောင်ကို လက်တစ်ဘက်တည်းဖြင့် ဖယ်ရှားလိုက်သည်။ မိုးကြိုးသွားကျောက်တုံးကလည်း သူ့အနားသို့ ကပ်မလာနိုင်သေးခင်မှာပင် ပေါက်ကွဲသွားသည်။ ပေါက်ကွဲမှုအဟုန်က အထက်ကိုရော၊ အောက်ကိုပါ ပြန့်ကားသွားသည်။ ထို့ကြောင့် ကျန်းရီနှင့် ဂူမူတို့ကြားတွင် ကီလိုမီတာအနည်းငယ် ခြားသွားပေသည်။
‘မင်းဘိုးအေ...’
ဂူမူသည် သူနှင့် ကျန်းရီကြားမှ အကွာအဝေးက ပိုတိုးသွားပြီး သူနှင့် ဟွင့်သွမ့်သားရဲကြားမှ အကွာအဝေးက နီးကပ်သွားကြောင်းကို သိလိုက်ရသောအခါ စိတ်ထဲမှ ဆဲဆိုလိုက်သည်။ သူသည် သတ္တုတုတ်ကို အထက်သို့ ပင့်ရိုက်၍ ဟွင့်သွမ့်သားရဲကို ထပ်မံတိုက်ခိုက်လိုက်ရသည်။ လမ်းကြောင်းက သူ့အတွက် ကြီးသည်ဟု မဆိုသာပေ။ အချင်း မီတာသုံးရာလောက်သာ ရှိသည်။ ထို့ကြောင့် သူသည် သတ္တုတုတ်ကို အလွန်ရှည်အောင် ဆန့်ထုတ်၍ မရပေ။ မဟုတ်လျှင် သတ္တုတုတ်၏ တန်ပြန်သက်ရောက်က ပို၍အားကောင်းသွားပေလိမ့်မည်။
ဟူး...ဟူး...
ဤတစ်ကြိမ်တွင် သက်ရောက်မှုက ပိုဆိုးသည်။ ဟွင့်သွမ့်သားရဲကြီးက သွေးနီရောင်မီးတောက်လုံးတစ်လုံးကို မှုတ်ထုတ်လိုက်သည်။ ၎င်းနှင့် ဂူမူကြားမှ အကွာအဝေးက နီးကပ်နေသဖြင့် မီးတောက်လုံးက ဂူမူ၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။ သူ့အရေပြားမှနေ၍ အနက်ရောင်အခိုးအငွေ့များ ထွက်လာပြီး သွေးများကလည်း ပတ်ပတ်လည်သို့ ပန်းထွက်သွားသည်။ သူ၏ ကောင်းကင်စွမ်းအားများလည်း ရှုပ်ထွေးသွား၏။ ထို့ပြင် သူ့ကိုယ်တွင်းအင်္ဂါများက ပို၍ပင် ပွင့်ထွက်လာသည်။ မြင့်မားသော အပူချိန်က သူ့ကို အရှင်လတ်လတ် မီးကင်ခံနေရသကဲ့သို့ ခံစားနေရစေလေသည်။
“အား...အား...အား...”
သတ္တုတုတ်က သားရဲကြီး၏ တံစဉ်ကဲ့သို့သော ခြေထောက်များကို ထပ်မံ ထိသွား၏။ ဂူမူ လမ်းကြောင်းအောက်ဘက်သို့ လွင့်သွားသည်။ သူက အသံနက်ကြီးဖြင့် အော်ဟစ်နေသည်။ သူ၏မျက်ဝန်းများထဲတွင်လည်း သေလိုသော အရိပ်အယောင်များနှင့် ပြည့်နှက်နေသည်။ သူ မလွတ်မြောက်နိုင်တော့ပေ။ ဤနေရာတွင် သေချာပေါက် သေရတော့မည်ဖြစ်သည်။ သို့သော သူ မသေခင်တွင် ကျန်းရီကို ရအောင်သတ်သွားရပေမည်။ လောချင်းယန် ပေးအပ်လိုက်သော တာဝန်ကို သူ ကျေပွန်အောင် ဆောင်ရွက်ရမည်ဖြစ်သည်။
ဂူမူ၏ ကောင်းကင်စိတ်အာရုံက ကျန်းရီပေါ်တွင် ရှိနေဆဲပင်။ ထို့နောက် သူ ဒေါသတကြီး အော်ဟစ်လိုက်သည်။ အသံထဲတွင် ကောင်းကင်စွမ်းအားပါသဖြင့် ချော်ရည်ပူများထဲမှာပင် ထိုအသံကို ကြားနိုင်ပေသည်။
“ကျန်းရီ... မင်း ပြေးလို့မလွတ်ပါဘူး။ သခင်မလေးက မင်းကို သေစေချင်တယ်ဆိုတော့ မင်း ဒီမီးကန်ထဲမှာ သေရလိမ့်မယ်”
ကျန်းရီသည် အထက်သို့ မော့ကြည့်လိုက်ပြီး သရော်သော မျက်နှာထားဖြင့် ကောင်းကင်စွမ်းအားသုံးကာ ပြန်အော်ပြောလိုက်သည်။
“ဟားဟားဟား.. ခင်ဗျားက သေလုမျောပါး ဒဏ်ရာရထားတာပဲ။ ဒီနေရာမှာ သေရမဲ့သူက ခင်ဗျားဖြစ်နေမှာ ကျွန်တော်စိုးမိတယ်။ မပူပါနဲ့... ကျွန်တော်အသက်ရှင်နေသ၍ ခင်ဗျား ဒီမှာ သေသွားတယ်ဆိုတဲ့သတင်းက လောချင်းယန်ဆီ ရောက်သွားစေရပါမယ်။ ပြီးတော့ ကျွန်တော်က ခင်ဗျားရဲ့ သခင်မလေးကို သေချာပေါက် အဓမ္မကျင့်ပစ်မယ်။ အဲ့ဒါက သူ ကျွန်တော့်ကို အသုံးမလိုတော့တာနဲ့ သတ်ပစ်ဖို့ ကြိုးစားတဲ့အတွက် လက်စားချေမှုပဲ”
“မင်းအရည်အချင်းလောက်နဲ့လား... အိပ်မက်ဆက်မက်နေလိုက်”
ဂူမူက ဒေါသတကြီး အော်ပြောလိုက်ပြီး မြန်နိုင်သမျှ အမြန်ဆုံး ကူးခတ်လာသည်။ သို့သော် ကျန်းရီက မီးနဂါဓားကို ယမ်း၍ သူ့ကို နှေးသွားစေလိုက်သည်။ ထို့နောက် ကျန်းရီ၏ လက်ဝါးထဲမှနေ၍ အပြာရောင်မီးတောက်များ ထွက်လာသည်။ ၎င်းမီးတောက်များက အထက်သို့ လျင်မြန်စွာ တက်သွားလေသည်။
မီးတောက်များ၏ အပူချိန်က အလွန်မြင့်မားသည်။ သို့သော် ၎င်းတို့သည် ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲကြီး၏ မီးတောက်များနှင့် ယှဉ်လျှင်မူ အားနည်းနေသေးပေသည်။ မည်သို့ပင်ဖြစ်စေ ဂူမူ၏ အရေပြားက မီးကျွမ်းနေပြီးဖြစ်သည်။ အကယ်၍ သူ ထပ်မံ မီးလောင်ကျွမ်းခံရလျှင် သေချာပေါက် အသားကင်ဖြစ်သွားတော့ပေမည်။
ဂူမူသည် ချက်ချင်း ရပ်တန့်လိုက်ပြီး အောက်ဘက်သို့ လက်ဝါးရိုက်ချက်တစ်ချက် ထုတ်လွှတ်လိုက်သည်။ လက်ဝါးရိုက်ချက်ကြောင့် မီးတောက်များက လွင့်ပြယ်သွားသည်။ ထို့နောက် သူ ကျန်းရီနောက်သို့ ဆက်လိုက်သွားလိုက်လေသည်။ ကျန်းရီက အစောမှ လက်ဝါးရိုက်ချက်၏ အဟုန်ကို အသုံးချ၍ အောက်ဘက်သို့ ပိုလျင်မြန်စွာ ကူးခတ်သွားသည်။ သို့သော် လမ်းကြောင်း၏ အဆုံးကို မမြင်ရသေးချေ။ ထို့ကြောင့် ကျန်းရီ စိတ်ဓာတ်ကျလာသည်။ သူ၏စွမ်းအားများက အလွန်အားနည်းလွန်းနေပေသည်။
“ကျန်းရီ.. ငါ့ကို အပြစ်မတင်နဲ့။ မင်း အပြစ်တင်ချင်ရင် လောဘကြီးတဲ့ ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်။ တိုက်ပွဲအမှတ်တစ်သောင်းဆိုတာ လူတိုင်းရနိုင်တာ မဟုတ်ဘူး။ တိုက်ပွဲအမှတ်တစ်သောင်းပေးဖို့ နတ်ဘုရားအမြစ်တစ်သန်းလိုတယ်။ သခင်မလေးက မင်းလိုကောင်အတွက် နတ်ဘုရားအမြစ်တစ်သန်း သုံးချင်မယ်လို့ ထင်လား။ အိပ်မက်မက်နေလိုက်”
ယခုတွင် ဂူမူနှင့် ကျန်းရီတို့ကြားမှ အကွာအဝေးက ဆယ်မီတာကျော်သာ ခြားတော့သည်။ ထိုစဉ် ဂူမူ၏ လက်ထဲမှ သတ္တုတုတ်က လင်းလက်လာ၏။ သူသည် ကိုယ်ပိုင် စည်းမျဉ်းဆန်းကြယ်စွမ်းရည်ကို ဆင့်ခေါ်၍ ကျန်းရီကိုသတ်ရန် ဟန်ပြင်လိုက်သည်။
‘အာ... လမ်းကြောင်းက ပိုကျယ်လာတာလား။ အရှေ့မှာလည်း မြေအောက်ကန်တစ်ကန် ရှိနေတာလား။ အဲ့ဒါက ဘာလဲ...’
ထိုအခိုက်တွင် ကျန်းရီသည် လမ်းကြောင်းကို ပိုကျယ်လာကြောင်း သိလိုက်၏။ လမ်းကြောင်းအောက်ခြေက အဆုံးမဲ့သော ချော်ရည်ကန်ကြီးကဲ့သို့ပင်။ ထိုစဉ် သူသည် သူနှင့် ကီလိုမီတာအနည်းငယ် အကွာရှိ ရွှေရောင်အလင်းကို မြင်လိုက်ရသည်။ ပုံမှန်ဆိုလျှင် ချော်ရည်ပူများ၏အရောင်က အနီရောင်ဖြစ်သည်။ သို့သော် ယခုတွင် ချော်ရည်ပူများကြား၌ ထင်ရှားသော ရွှေရောင်အလင်း ရှိနေပေသည်။
‘အာ...’
ဂူမူသည်လည်း ရွှေရောင်အလင်းကို တွေ့လိုက်သည်။ အောက်ဘက်သို့ ရောက်လာလေလေ၊ အပူချိန်က ပိုမြင့်လာလေလေ ဖြစ်ကြောင်းလည်း သူ သတိပြုမိလိုက်သည်။ သူသည် ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍ ရွှေရောင်အလင်းကို အာရုံခံလိုက်၏။ ရုတ်ခြည်းပင် သူ ကြောက်ရွံ့တကြီး အော်ပြောလိုက်သည်။
“ရွှေရောင် မြေဗဟိုမီးတောက်တွေလား”
‘ရွှေရောင် မြေဗဟိုမီးတောက်တဲ့လား’
ကျန်းရီ မျက်ခုံးပင့်လိုက်၏။ အဘယ်ကြောင့် နတ်ဘုရားဘုရင်က ထိုစကားကို ကြောက်ရွံ့တကြီး အော်ပြောရသနည်း။ အဘယ်ကြောင့် သူကမူ မည်သည့်အပူကိုမှ မခံစားရသနည်း။ ကျန်းရီ၏ မျက်လုံးများ တောက်ပလာသည်။ ယနေ့တွင် သူ မသေလောက်တော့ပေ။ သူ ထိုရွှေရောင် မြေဗဟိုမီးတောက်များကို မှီခိုနိုင်ပေပြီ။ ထိုမီးတောက်များ ရှိနေလျှင် နတ်ဘုရားဘုရင်က သူ့နောက်သို့ ဆက်လိုက်ဝံ့တော့မည် မဟုတ်ပေ။
ကျန်းရီ၏ လက်ထဲတွင် ကျောက်တုံးလေးများ ထွက်ပေါ်လာ၏။ တစ်ချိန်တည်းမှာပင် သူ မီးနဂါးဓားကို ဝှေ့ယမ်း၍ နတ်ဘုရားဇီဝိန်ခြွေ ထုတ်လွှတ်လိုက်သည်။ မီးနဂါးသုံးကောင်က ချော်ရည်ပူများကို ဆွဲယူ၍ အထက်သို့ ပျံတက်သွားသည်။ ထို့နောက် ကျန်းရီသည် ကျောက်တုံးလေးများကို အထက်သို့ ပစ်လွှတ်ကာ အော်ပြောလိုက်သည်။
“ကျွန်တော် သေရမယ်ဆိုရင် ခင်ဗျားကိုလည်း အပါခေါ်သွားမယ်။ ပေါက်ကွဲ...”
“အာ...”
ဂူမူသည် ရွှေရောင် မြေဗဟိုမီးတောက်များကို အာရုံစိုက်နေသော်လည်း ကျန်းရီ၏ စကားက သူ့ကို အသိပြန်ကပ်သွားစေသည်။ သူသည် ကျောက်တုံးလေးများကို မြင်လိုက်သောအခါ ထိတ်လန့်သွားပြီး ချက်ချင်း ရပ်တန့်လိုက်သည်။ သို့သော် ၎င်းကျောက်တုံးလေးများကို ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံပြီးသောအခါ သူ ထပ်မံ ဒေါသထွက်သွားသည်။ ၎င်းတို့က သာမန်ကျောက်တုံးလေးများသာဖြစ်ပြီး လမ်းမှာပင် အရည်ပျော်သွားသည်။ ၎င်းတို့သည် မိုးကြိုးသွားကျောက်တုံးများ မဟုတ်ချေ။
ဝှစ်...
ထိုစက္ကန့်အနည်းငယ်အတွင်း၌ ကျန်းရီက ရွှေရောင် မြေဗဟိုမီးတောက်ဆီသို့ ဦးတည်သွားလိုက်သည်။ ဂူမူကလည်း အနောက်မှ ဆက်လိုက်လာသည်။ သို့သော် ကီလိုမီတာအနည်းငယ် ဆက်သွားပြီးနောက် အပူချိန်က ပို၍ပင် မြင့်မားလာကြောင်း သူ သိလိုက်ရသည်။ ထို့ကြောင့် သူ ဆက်သွားရန် ချီတုံချတုံဖြစ်လာသည်။ ထိုစဉ် သူသည် ကျန်းရီ၏လက်ထဲရှိ မီးဝိညာဉ်ပုလဲကို အာရုံခံမိသွား၏။
“ကောင်စုတ်... မင်းမှာ အဲ့လိုစွမ်းအားကြီး မီးဒဏ်ခံရတနာတစ်ခု ရှိလိမ့်မယ်လို့ ငါ မထင်ခဲ့ဘူး။ မင်းက ရွှေရောင် မြေဗဟိုမီးတောက်တွေကိုတောင် မကြောက်ဘူးပေါ့လေ”
“ဟားဟားဟား”
ကျန်းရီသည် ဂူမူက အနားသို့ ကပ်မလာဝံ့တော့ကြောင်းကို သိလိုက်သောအခါ စိတ်လှုပ်တရှား ရယ်လိုက်သည်။
“ကျွန်တော့်မှာ ရတနာတွေ အမျာကြီး ရှိတယ်။ ခင်ဗျားက အရမ်းစွမ်းအားကြီးတယ် မဟုတ်ဘူးလား။ ခင်ဗျားက တိရှအဆင့် တပ်မှူးတစ်ယောက် မဟုတ်ဘူးလား။ လာ.. လာပါ.. ကျွန်တော့်ကို လာသတ်လေ...”
***