ခင်ဗျားက မျောက်လွှတ်လိုက်တဲ့ စစ်ကူလား
Vol. 96 Ch. 1333
ရွှေရောင် မြေဗဟိုမီးတောက်များ...
ထိုမီးတောက်များမှာ တိရှဘုံတွင် ကျော်ကြားပေသည်။ ၎င်းတို့က မြေထု၏ အလယ်ဗဟိုတွင်သာ တည်ရှိပြီး မယုံနိုင်လောက်အောင် ပူပြင်းကြသည်။ မီးဓာတ်ဟွင့်သွမ့်သားရဲများစွာက ၎င်းကဲ့သို့သော မီးတောက်များမှ မွေးဖွားလာကြခြင်းဖြစ်သည်။
ရွှေရောင် မြေဗဟိုမီးတောက်များ၏ ကြောက်စရာအကောင်းဆုံးအချက်မှာ ၎င်းတို့က တိုက်စားနိုင်ခြင်းပင်။ မီးတောက်အနည်းငယ်နှင့် တစ်ချက်ထိတွေ့မိလျှင် အလယ်အလတ်အဆင့် နတ်ဘုရားအသုံးအဆောင်များပင် အရည်ပျော်သွားမည်ဖြစ်သည်။ အကယ်၍ ဂူမူက အပြင်းအထန်ဒဏ်ရာမရထားလျှင် ကျန်းရီနားသို့သွားကာ သူ့ကို သတ်ပစ်နိုင်လောက်သည်။
သို့သော် ယခုတွင် ဂူမူသည် ကျန်းရီက ရွှေရောင် မြေဗဟိုမီးတောက်များဆီသို့ သွားနေသည်ကို ရပ်ကြည့်၍သာ နေနိုင်တော့သည်။ သူ အနားသို့ ထပ်တိုးသွားလျှင် ပြင်းထန်သော နာကျင်မှုကြောင့် မလှုပ်မရှားနိုင် ဖြစ်သွားပေလိမ့်မည်။ သူက လှုပ်ပင်မလှုပ်နိုင်လျှင် ကျန်းရီကို မည်သို့ သတ်ရပါမည်နည်း။
‘ငါ ဘာလုပ်သင့်လဲ’
ဂူမူသည် ကျန်းရီကို မသတ်နိုင်တော့ကြောင်း သေချာသွားသောအခါ သူ၏ရှင်သန်ရေးကိုသာ အဓိကထားလိုက်လေသည်။ သူ့ခေါင်းထဲတွင် အတွေးတစ်ခု ပေါ်လာ၏။ ယင်းမှာ အကြံကောင်းတစ်ခုပင်။ သူက အငှားဓားကိုသုံး၍ လူသတ်နိုင်ပေသည်။
ဂူမူက စွမ်းအားကြီး ပုန်းကွယ်ခြင်းအတတ်ကို တတ်သည်။ အကယ်၍ သူ ပုန်းကွယ်နေလိုက်လျှင် ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲက သူ့ကို အာရုံခံနိုင်တော့မည် မဟုတ်ဘဲ ကျန်းရီနောက်သို့ လိုက်ပေလိမ့်မည်။ ထိုအခါ သူ အခွင့်အရေးကို အသုံးချ၍ ထွက်ပြေးနိုင်ပေသည်။
ဟွင့်သွမ့်သားရဲများစွာက ရွှေရောင် မြေဗဟိုမီးတောက်များမှ မွေးဖွားလာကြခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းတို့က ထိုမီးတောက်များကို မကြောက်လောက်ပေ။ ဟွင့်သွမ့်သားရဲများ၏ မျက်လုံးထဲတွင် လူသားအားလုံးက အတူတူပင်ဖြစ်သည်။ ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲသည် ဂူမူကို မတွေ့တော့သည်နှင့် ကျန်းရီနောက်သို့ လိုက်ပေလိမ့်မည်။
“ဟုတ်ပြီ...”
ဂူမူသည် စိတ်လှုပ်တရှား အော်လိုက်၏။ ထို့နောက် သူ့ခန္ဓာကိုယ်က လင်းလက်လာသည်။ သူသည် အနီရောင် ကျောက်တုံးတစ်တုံးအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားသည်။ သူ့ခန္ဓာကိုယ်မှ အရှိန်အဝါလည်း ပျောက်ကွယ်သွားသည်။ နောက်ဆုံးတွင် ထိုနေရာ၌ သူ၏ အငွေ့အသက်တစ်ခုမှ မကျန်တော့ပေ။ သူက အမှန်တကယ် ကျောက်တုံးတစ်တုံး ဖြစ်သွားသကဲ့သို့ပင်။
“ဝူ...ဝူ...”
ဟွင့်သွမ့်သားရဲကြီးက အော်ဟစ်လိုက်သည်။ ၎င်းသည် ဂူမူရှိနေခဲ့သော နေရာသို့ လျင်မြန်စွာ ရောက်လာပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ သို့သော် ဂူမူကို မည်သည့်နေရာတွင်မှ ရှာမတွေ့ပေ။ ဂူမူ၏ရင်ထဲတွင် ပျော်ရွှင်မှုများ လှိုက်တက်လာပေပြီ။ ဤတစ်ကြိမ်တွင် ကျန်းရီက သေချာပေါက် သေရပေတော့မည်။ ထို့ပြင် သူ့အတွက်လည်း ထွက်ပြေးနိုင်မည့် အခွင့်အရေးတစ်ခု ရနိုင်သည်။ သူ့တာဝန်က အောင်အောင်မြင်မြင် ပြီးဆုံးတော့ပေမည်။
မျှော်လင့်ထားသကဲ့သို့ပင်...
ဟွင့်သွမ့်သားရဲကြီးသည် အတန်ကြာ လှည့်ပတ်ကြည့်နေပြီးနောက် အဝေးရှိ ကျန်းရီကို လှမ်းမြင်သွားသည်။ ရုတ်ခြည်းပင် ၎င်းက ကျန်းရီထံ ဦးတည်သွားလိုက်လေသည်။ ၎င်းသည် ရွှေရောင် မြေဗဟိုမီးတောက်များကို လုံးဝမကြောက်ပေ။ ထိုမီးတောက်များက ၎င်းကို မွေးထုတ်ပေးခဲ့သည့် မီးတောက်များဖြစ်သည်။ ၎င်းနှင့် မီးတောက်တို့က ဓာတ်အတူတူပဲဖြစ်ရာ အဘယ်ကြောင့် ၎င်းက ထိုမီးတောက်များကို ကြောက်ရပါမည်နည်း။
‘ရွှေရောင် မြေဗဟိုမီးတောက်တွေ...’
ယခုတွင် ကျန်းရီသည် မီးတောက်များနှင့် အလွန်နီးကပ်နေပြီဖြစ်သည်။ မီးတောက်လုံးဆယ်လုံးက အချင်းချင်း လှည့်ပတ်နေကြသည်။ ပတ်ပတ်လည်မှ ချော်ရည်ပူများပင် ၎င်းမီးတောက်များအနီးသို့ မကပ်နိုင်ကြပေ။ မီးတောက်များက ရွှေရောင်ဖြစ်သည်။ ထို့ကြောင့် မီးတောက်လုံးများက ရွှေလုံးများကဲ့သို့ ထင်ရပေသည်။ ကျန်းရီသည် သူ့အရှေ့မှ ခမ်းနားသော မြင်ကွင်းကို စိုက်ကြည့်နေ၏။ နတ်ဘုရားဘုရင်သည်ပင် ထိုမီးတောက်များကို ကြောက်ရွံ့ပေသည်။ သို့ဖြစ်ရာ ၎င်းတို့က မည်မျှ ကြောက်မက်ဖွယ်ကောင်းသနည်း။
“ဝူ...ဝူ...”
အနောက်မှ သားရဲဟိန်းသံကြီးက ကျန်းရီကို အသိပြန်ကပ်လာစေသည်။ သူသည် သူနှင့်နီးကပ်လာသော သားရဲအရှိန်အဝါကို ခံစားလိုက်ရသောအခါ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ နတ်ဘုရားဘုရင်ပင် ထိုမီးတောက်များအနားသို့ မလာဝံ့ပေ။ အဘယ်ကြောင့် ထိုဟွင့်သွမ့်သားရဲက မီးတောက်များကို မကြောက်ရသနည်း။ ၎င်းက မည်သည့်မီးတောက်အမျိုးအစားကိုမှ မကြောက်ခြင်းလော။
“ပေါင်းစည်း...”
ထိုအခိုက်တွင် ကျန်းရီ၏ ဦးနှောက်က ထပ်မံ၍ လျင်မြန်စွာ လည်ပတ်လာ၏။ သူ ဖြေရှင်းနည်းတစ်ခုကိုသာ တွေးမိသည်။ သူ ထိုရွှေရောင် မြေဗဟိုမီးတောက်လုံး ဆယ်လုံးကို နဝမမြောက် ကြယ်စက်လုံးထဲသို့ စုပ်ယူရပေမည်။ ထို့နောက် ၎င်းမီးတောက်လုံးများကို ကြယ်စက်လုံးအတွင်းရှိ ပေါင်းစည်းမီးတောက်များနှင့် ပေါင်းစည်းရမည်။ ထိုမှ သူ၏စွမ်းအားက တိုးပွားလာမည်ဖြစ်သည်။ အကယ်၍ သူက မီးတောက်သုံးမျိုးကို ပေါင်းစည်း၍ မီးတောက်အသစ်တစ်မျိုး ဖန်တီးနိုင်မည်ဆိုလျှင် မျှော်လင့်ချက် ရှိနိုင်သေးသည်။ သို့သော် ထိုမီးတောက်အသစ်ကပင် ဟွင့်သွမ့်သားရဲကို ထိခိုက်အောင် မလုပ်နိုင်လျှင်မူ သူ သေချာပေါက် သေရပေလိမ့်မည်။
ကျန်းရီသည် မီးဝိညာဉ်ပုလဲကို ဆုပ်ကိုင်၍ ရွှေရောင် မြေဗဟိုမီးတောက်များဆီသို့ သွားလိုက်၏။ မီးဝိညာဉ်ပုလဲက မီးတောက်လုံးဆယ်လုံးကို ရုတ်ခြည်း စုပ်ယူလိုက်သည်။ ထို့နောက် ကျန်းရီသည် မီးဓာတ်တာအိုကို အသုံးပြုကာ မီးတောက်များကို သူ့ကိုယ်ထဲသို့ စုပ်ယူလိုက်သည်။ နောက်ဆုံးတွင် ထိုမီးတောက်များကို နဝမမြောက် ကြယ်စက်လုံးထဲသို့ ပို့လိုက်လေသည်။
‘မီးတောက်တွေက ပေါင်းစည်းသွားတယ်’
ကျန်းရီ အလွန်စိတ်လှုပ်ရှားသွားသည်။ ရွှေရောင် မြေဗဟိုမီးတောက်များက ကြယ်စက်လုံးထဲတွင် ကျန်သေးသော ပေါင်းစည်းမီးတောက်များနှင့် ပေါင်းစည်းကာ မီးတောက်အမျိုးအစားအသစ်တစ်မျိုးအဖြစ် ပြောင်းလဲသွား၏။ ထိုမီးတောက်က အပြာရောင်၊ အနီရောင်၊ ရွှေရောင် အရောင်သုံးမျိုးနှင့် ဖြစ်သည်။ သို့သော် မီးတောက်လုံးက ဆယ်လုံးသာ ရှိပေသည်။
ယခုတွင် ဟွင့်သွမ့်သားရဲကြီးက ပို၍နီးကပ်လာပေပြီ။ သားရဲကြီး၏ တံစဉ်ကဲ့သို့သော ရှေ့ခြေနှစ်ချောင်းက အေးစက်စက် သတ်ဖြတ်အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ထိုအခိုက်တွင် ကျန်းရီ အသက်ရှူကြပ်သွားသည်။ သားရဲကြီး၏ ဖိအားက သူ့ကို ဖိနှိပ်ထားသဖြင့် သူ လှုပ်ပင် မလှုပ်နိုင်တော့ချေ။ သေမင်း၏ အရိပ်က သူ့ကို လွှမ်းခြုံထားပေပြီ။ ထိုစဉ် သူ အော်ပြောလိုက်သည်။
“မီးတောက်တွေ ထွက်လာခဲ့...”
ကျန်းရီ၏ လက်ထဲတွင် ပြာနီရွှေ မီးတောက်လုံးတစ်လုံး ထွက်ပေါ်လာသည်။ ထိုအခိုက်တွင် အဝေးရှိ ဂူမူသည် ဆက်၍ ပုန်းကွယ်မနေနိုင်တော့ပေ။ သူ နာကျင်တကြီး အော်ဟစ်လိုက်သည်။ ချော်ရည်ပူများကလည်း လည်ပတ်လာသည်။ ထို့နောက် ဟွင့်သွမ့်သားရဲကြီးသည် ၎င်း၏ တံစဉ်ကဲ့သို့သော ခြေထောက်နှစ်ချောင်းကို ကြောက်ရွံ့တကြီး ပြန်ရုတ်လိုက်သည်။ ၎င်းသည် ထွက်ပြေးလိုနေပေပြီ။
“သွား...”
ကျန်းရီသည် ထိုကဲ့သို့သော အခွင့်အရေးကောင်းတစ်ခုကို မည်သို့ လက်လွတ်ခံနိုင်ပါမည်နည်း။ သူသည် မီးနဂါးဓားကို ဝှေ့ယမ်းလိုက်၏။ ဓားချက်က မီးတောက်လုံးကို ဆွဲခေါ်ကာ သားရဲကြီးဆီသို့ ဦးတည်သွားလေသည်။
ဟူး...ဟူး...
ဟွင့်သွမ့်သားရဲကြီးသည် နာကျင်တကြီးဖြင့် စတင်လူးလွန့်လာ၏။ မီးတောက်လုံးက သားရဲ၏ ဝမ်းဗိုက်ကို ထိမှန်သွားပြီး ကြောက်မက်ဖွယ်နှုန်းဖြင့် စတင်တိုက်စားလိုက်သည်။ နှစ်စက္ကန့်၊ သုံးစက္ကန့်အတွင်းမှာပင် သားရဲကြီး၏ ခန္ဓာကိုယ်တစ်ဝက်လောက်က ပျောက်ကွယ်သွားသည်။ ကျန်နေသေးသော ခန္ဓာကိုယ်အပိုင်းကလည်း လူးလွန့်နေသည်။ ခေတ္တမျှကြာပြီးနောက် ၎င်းက ငြိမ်သွားသည်။ ကျန်းရီ၏ ပေါင်းစည်းမီးတောက်အသစ်က ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲကို အရှင်လတ်လတ် လောင်ကျွမ်းပစ်လိုက်ပေပြီ။
‘အဲ့လောက်တောင် ပြင်းထန်တယ်လား’
ကျန်းရီသည် တုန်လှုပ်သွားသလို အလွန်လည်း ဝမ်းသာသွားသည်။ သို့သော် သူ ချက်ချင်း သတိပြန်ကပ်လိုက်သည်။ သူသည် ကျန်နေသေးသော သားရဲအလောင်းကို လက်စွပ်ထဲ ထည့်သိမ်းလိုက်သည်။ ထို့နောက် သူ အထက်သို့ ကူးခတ်သွားလိုက်သည်။ ဂူမူက နာကျင်တကြီး အော်ဟစ်နေဆဲပင်။ သူသည် ကျန်းရီ၏ ပေါင်းစည်းမီးတောက်အသစ်၏ မြင့်မားသော အပူချိန်ကြောင့် ဒဏ်ရာရသွားခြင်းဖြစ်မည်။ ကျန်းရီသည် ထိုကဲ့သို့ အခွင့်အရေးတစ်ခုကိုလည်း မည်သို့ လက်လွတ်ခံနိုင်ပါမည်နည်း။
“မလုပ်ပါနဲ့... ကျန်းရီ.. ငါ့ကို မသတ်ပါနဲ့။ မင်း ငါ့ကို သတ်လိုက်ရင်တောင် ထွက်ပြေးနိုင်မှာ မဟုတ်ပါဘူး”
ယခုတွင် ဂူမူက သေလုမျောပါး ဒဏ်ရာရထားပြီဖြစ်သည်။ သူ၏အရေပြားနှင့် ကြွက်သားအားလုံးက မီးကျွမ်းထားသည်။ သူသည် လှုပ်ပင် မလှုပ်နိုင်တော့ပေ။ သူ့သွေးနှင့် ကောင်းကင်စွမ်းအားများကလည်း မလည်ပတ်နိုင်တော့ချေ။ အကယ်၍ ကျန်းရီက ပေါင်းစည်းမီးတောက်လုံး နောက်တစ်လုံး ထပ်ထုတ်လိုက်လျှင် သူ အသားကင်ဖြစ်သွားပေတော့မည်။
ဂူမူသည် ကျန်းရီကဲ့သို့ ပုရွက်ဆိတ်တစ်ကောင်က အဘယ်သို့ ရုတ်တရက်ကြီး စွမ်းအားကြီးလာကြောင်းကို မသိပေ။ သို့သော် သူသည် အသက်ရှင်နိုင်ရန် မျှော်လင့်နေဆဲပင်။ သူက ခေတ္တမျှ ချီတုံချတုံဖြစ်နေပြီးနောက် အော်ပြောလိုက်သည်။
“ကျန်းရီ... ငါ မင်းကို ငါနဲ့အတူ ခေါ်သွားနိုင်တယ်။ ငါ မင်းကို အခြားမြို့တစ်မြို့ဆီ ခေါ်သွားပေးနိုင်တယ်။ ငါတို့ စစ်နတ်ဘုရားစံအိမ်က လော့မျိုးနွယ်နဲ့ တိရှစံအိမ်က လောမျိုးနွယ်တို့ရဲ့ လက်ထဲကနေ ထွက်ပြေးလို့ရတယ်။ ပြီးတော့ မင်း ငါ့ကို မသတ်ဘူးဆိုရင် ငါ မင်းကို ထိပ်တန်းအဆင့် နတ်ဘုရားအသုံးအဆောင်တစ်ခုလည်း ပေးမယ်။ အခု ငါ့မှာ နတ်ဘုရားအမြစ်ခြောက်သိန်းရှိတယ်။ အဲ့နတ်ဘုရားအမြစ်တွေ အကုန်လုံးကိုလည်း မင်းကို ပေးမယ်”
“ခင်ဗျားက မျောက်လွှတ်လိုက်တဲ့ စစ်ကူလား” (ယင်းမှာ အနောက်သို့ခရီးသွား ဇာတ်လမ်းတွဲမှ ကျော်ကြားသော စကားဖြစ်သည်။ ထိုစကားကို တစ်ယောက်ယောက်အား လှောင်ပြောင်လိုသော အခါတွင် အသုံးပြုသည်)
ကျန်းရီသည် ဂူမူထံသို့ လျင်မြန်စွာသွားလိုက်၏။ သူ့လက်က လင်းလက်နေဆဲပင်။ သူသည် ပေါင်းစည်းမီးတောက်များကို အချိန်မရွေး ထုတ်လွှတ်နိုင်ရန် အသင့်ဖြစ်နေပေပြီ။ ထို့နောက် သူက လှောင်ပြုံးပြုံး၍ ပြောလိုက်သည်။
“ကျွန်တော် ခင်ဗျားကို သတ်လိုက်ရင် ခင်ဗျားရဲ့ သိုလှောင်လက်စွပ်က ကျွန်တော့်ဟာ ဖြစ်လာမှာပဲ မဟုတ်ဘူးလား။ ခင်ဗျားရဲ့ ဦးနှောက်က ပျက်သွားပြီလား”
ဂူမူ၏ စကားများက ကျန်းရီ၏ ဦးနှောက်ကို စတင် အလုပ်လုပ်လာစေသည်။ သူသည် ဂူမူနှင့် သုံးကီလိုမီတာအကွာသို့ ရောက်သောအခါ ရပ်တန့်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ခင်ဗျားက မသေချင်ဘူးဆိုတော့ ကျွန်တော် ခင်ဗျားကို အခွင့်အရေးတစ်ခုပေးမယ်။ ကျွန်တော့်ရဲ့ကျွန် လုပ်လိုက်ပါ။ ကျွန်တော်က ခင်ဗျားရဲ့ သစ္စာစောင့်သိမှုကို ငါးနှစ်ပဲ လိုအပ်တာပါ။ ငါးနှစ်ပြည့်တာနဲ့ ခင်ဗျားရဲ့ လွတ်လပ်ခွင့်ကို ပြန်ပေးမယ်။ ကဲ... ဘယ်လိုလဲ။ ခင်ဗျား ရွေးချယ်ပါ.. သေမလား ဒါမှမဟုတ် ကျွန်တော့်ရဲ့ကျွန် လုပ်မလား”
“အာ...”
ဂူမူ တုန်ယင်သွားသည်။ ထိုကောင်စုတ်လေးက သူ့ကို သူ့၏ကျွန် လုပ်ခိုင်းနေခြင်းလော။ သူက သာမန်နတ်ဘုရားအဆင့်သာ ရှိသေးသော်လည်း နတ်ဘုရားဘုရင်တစ်ပါးကို သူ၏ကိုယ်ပိုင်ကျွန်အဖြစ် ထားလိုနေသည်လော။ ယင်းမှာ လောကထဲရှိ အရယ်ရဆုံးဟာသပင်။ ငါးနှစ်... ငါးနှစ်မှာ တိုတောင်းသော အချိန်ပင်။ သို့သော် ထိုငါးနှစ်အတွင်းတွင် သူ့ဘဝက ကျန်းရီ၏ လက်ထဲ၌ ရှိနေမည်ဖြစ်သည်။ ထို့ပြင် ငါးနှစ်မှနေ၍ နှစ်ငါးရာ ဖြစ်မသွားဟု မည်သူက အာမခံနိုင်မည်နည်း။
“ကောင်းပြီ...”
ဂူမူသည် အတော်ကြာတွေးတောပြီးနောက် ဆုံးဖြတ်ချက်ချလိုက်၏။ ကျန်းရီက သာမန်နတ်ဘုရားအဆင့်တွင်သာ ရှိသေးရာ သူ၏စိတ်ဝိညာဉ်က မည်မျှသန်မာနိုင်ပါမည်နည်း။ အခွင့်အရေးရလျှင် ဂူမူက သူ၏စွမ်းအားကြီးစိတ်ဝိညာဉ်ကို အသုံးပြု၍ ကျန်းရီ၏စိတ်ဝိညာဉ်ကို လွှမ်းမိုးပစ်နိုင်ပေသည်။ သူသာ ထိုသို့လုပ်နိုင်လိုက်လျှင် ရှင်သန်နိုင်ရုံသာမက ကျန်းရီ၏ အဖိုးဆန် မီးဝိညာဉ်ပုလဲကိုလည်း ရလိုက်မည်ဖြစ်သည်။
ဂူမူသည် ဆုံးဖြတ်ချက်ချပြီးနောက် ရှုံ့မဲ့သော မျက်နှာထားဖြင့် မေးလိုက်သည်။
“ငါးနှစ်ဟုတ်လား.. ငါးနှစ်ပြည့်သွားပေမဲ့ မင်းက ငါ့ကို လွတ်လပ်ခွင့် ပြန်မပေးရင် ငါ ဘယ်လိုမှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ငါက တိရှစံအိမ်ကလူပဲ။ တကယ်လို့ ငါက မင်းရဲ့ကျွန် ဖြစ်နေတဲ့အကြောင်းကို တစ်ယောက်ယောက် သိသွားရင် ငါ သေရလိမ့်မယ်”
ကျန်းရီ ပြုံးလိုက်သည်။
“ကျွန်တော် ကျန်းရီက ပြတ်သားတဲ့စိတ်ဓာတ်ရှိတယ်။ ကတိပေးပြီးရင် သေချာပေါက် တည်တယ်။ ပြီးတော့ ခင်ဗျားမှာ ကျွန်တော့်ကို ယုံကြည်ဖို့ကလွဲပြီး တခြားရွေးချယ်စရာမရှိဘူး။ ခင်ဗျားက ကျွန်တော့်ကျွန် ဖြစ်နေတယ်ဆိုတာကို တခြားသူတွေ သိသွားမလားဆိုတာကတော့... အဲ့ကြောင်းကို ကျွန်တော်ရော၊ ခင်ဗျားပါ ထုတ်မပြောဘူးဆိုရင် ဘယ်သူက သိနိုင်မှာလဲ။ အဲ့ဒါက ခင်ဗျားရယ်၊ ကျွန်တော်ရယ်နဲ့ မိုးမြေသာ သိတဲ့ကိစ္စပဲ။ ကျွန်တော်တို့ရဲ့ ပတ်သတ်မှုကို တခြားဘယ်သူက သိနိုင်ဦးမှာလဲ။ မစိုးရိမ်ပါနဲ့။ ကျွန်တော် ခင်ဗျားကို အလွယ်တကူ အသေခံမှာ မဟုတ်ပါဘူး။ ခင်ဗျားက ကျွန်တော့်ကျွန်ဖြစ်နေရင် ကျွန်တော် လုံခြုံနေမှာ မဟုတ်လား”
ဂူမူက ကျန်းရီ ထိုသို့ပြောမည်ကို စောင့်နေခြင်းဖြစ်သည်။ သို့သော် သူသည် စိတ်ပျက်ဟန်ဆောင်၍ ပြောလိုက်သည်။
“ကျန်းရီ... ငါးနှစ်ပြည့်တာနဲ့ ငါ့ကို လွတ်လပ်ခွင့်ပြန်ပေးမယ်လို့ မင်း ကောင်းကင်ဘုံဧကရာဇ်သွေးသစ္စာဆိုမယ်ဆိုရင် ငါ မင်းဆီမှာ ငါးနှစ် ကျွန်ခံမယ်”
“ကောင်းပြီ...”
ကျန်းရီ စိတ်လှုပ်ရှားနေသည်။ ဂူမူကဲ့သို့သော နတ်ဘုရားဘုရင်တစ်ပါးက သေရမည်ကို ထိုမျှ ကြောက်ရွံ့နေလိမ့်မည်ဟု မည်သူက ထင်ခဲ့မည်နည်း။ သူသာ ထိုနတ်ဘုရားဘုရင်ကို သူ၏ကျွန်အဖြစ် ထားနိုင်မည်ဆိုလျှင် အလွန်အင်အားကြီးလာမည်ဖြစ်သည်။ ထိုအခါ ခြင်္သေ့ပြာမြို့သို့သွား၍ ကျန်းရှောင်နူကို ရှာရန်မှာလည်း များစွာပို၍ လွယ်ကူသွားပေလိမ့်မည်။ ကျန်းရီ၏ အတွေးမှာ ထိုသို့ဖြစ်သည်။ သို့သော် သူ့အရှေ့တွင် အန္တရာယ်များ ရှိနေကြောင်းကိုမူ သူ မသိပေ။
***