သက်သေလိုချင်တယ်
Vol. 96 Ch. 1335
ဝှစ်...ဝှစ်...
ဤတစ်ခေါက်တွင် လော့ထင်သည် သူနှင့်အတူ နတ်ဘုရာစစ်သူကြီး အယောက်ရာကျော် ခေါ်လာခဲ့သည်။ သူတို့ထဲမှ အယောက်နှစ်ဆယ်ကျော် အသတ်ခံလိုက်ရပြီး အယောက်ခုနစ်ဆယ်ကျော် ရှင်ကျန်ခဲ့သည်။ ထိုအယောက်ခုနစ်ဆယ်ကျော်သည် ကျန်းရီကို အသည်းအသန် လိုက်ရှာနေကြသည်။ ဆယ်မိနစ်လောက် အားဖြည့်ပြီးနောက် ကျန်းရီနှင့် ဂူမူတို့သည် လူနှစ်ဆယ်ကျော်လောက်က အနားသို့ ရောက်လာကြောင်း သတိပြုမိလိုက်ကြသည်။
“မျိုးနွယ်ခေါင်းဆောင်ငယ်”
ဦးလေးလူ သူ့ကိုယ်သူ ဖောက်ခွဲသွားသော ပေါက်ကွဲသံကြီးက အလွန်ကျယ်လောင်ခဲ့သည်။ ထို့ကြောင့် နတ်ဘုရားစစ်သူကြီးများသည် ထိုနေရာသို့ စိုးရိမ်တကြီးဖြင့် အပြေးအလွှား လာခဲ့ကြသည်။ မြေပြင်ပေါ်ရှိ အလောင်းများနှင့် မီးကျွမ်းနေသော လော့ထင်တို့ကို မြင်လိုက်ရသောအခါ သူတို့ မှင်တက်သွားကြသည်။ သူတို့၏ မျက်နှာများပေါ်တွင်လည်း သွေးရောင်ပျောက်သွားကြသည်။ သူတို့သည် လေထဲတွင် ရပ်ကာ မည်သို့ ဆက်လုပ်ရမည်မသိ ဖြစ်သွားကြသည်။
လော့ထင်က သူတို့၏ မျိုးနွယ်ခေါင်းဆောင်ငယ်ဖြစ်သည်။ တိရှဘုံတွင် မျိုးနွယ်ခေါင်းဆောင်ငယ်တိုင်း မျိုးနွယ်ခေါင်းဆောင် ဖြစ်လာသည် မဟုတ်ပေ။ မျိုးနွယ်ခေါင်းဆောင်ငယ်များက အမြဲပြောင်းလဲနေတတ်သည်။ စစ်နတ်ဘုရားစံအိမ်၏ လော့မျိုးနွယ်က သူတို့၏ တပည့်များကို စည်းကမ်းတင်းတင်းကြပ်ကြပ် အုပ်ချုပ်ပေသည်။ ယခုတွင် လော့ထင်သေသွားပြီဖြစ်၍ သူတို့လည်း သေချာပေါက် သေရမည်ဖြစ်သည်။
ထွက်ပြေးရမည်လော။
နတ်ဘုရားစစ်သူကြီးများစွာ၏ ခေါင်းထဲတွင် အကြံတစ်ခု ထွက်ပေါ်လာသည်။ သို့သော် သူတို့သည် ထိုအကြံကို ချက်ချင်း ခေါင်းထဲမှ ထုတ်ပစ်လိုက်ကြသည်။ သိမ်းငှက်ပြာစီရင်စုနယ်တွင် စစ်နတ်ဘုရားစံအိမ်၏ လော့မျိုးနွယ်က အတော်လေး အင်အားကြီးသည်။ ထို့ပြင် မျိုးနွယ်ကြီးများက သစ္စာဖောက်များကို မုန်းပေသည်။ အကယ်၍ သူတို့ ထွက်ပြေးသွားပါက တိရှစံအိမ်၊ စစ်နတ်ဘုရားစံအိမ်နှင့် မိစ္ဆာသတ်ဖြတ်စံအိမ်တို့က သူတို့ကို ပြန်ဖမ်းရန် ချက်ချင်း တာဝန်များ ထုတ်ပြန်လိုက်ကြမည်ဖြစ်သည်။ သူတို့က မည်သည့်နေရာသို့ ပြေးနိုင်ပါမည်နည်း။ တိရှဘုံတွင် ဒေသများစွာ ရှိသည်။ သို့သော် စစ်နတ်ဘုရားစံအိမ် သို့မဟုတ် မိစ္ဆာသတ်ဖြတ်စံအိမ်မှ လူများ မရှိသော ဒေသဟူ၍ ရှိပါသလော။
အကယ်၍ သူတို့ ပြန်သွားပြီး နာခံစွာဖြင့် ခွင့်လွှတ်မှုတောင်းခံလျှင် သူတို့၏ မိသားစုများက ရှင်သန်နိုင်မည့် အခွင့်အရေး ရှိလောက်သေးသည်။ သို့သော် ထွက်ပြေးရန် ဆုံးဖြတ်လိုက်လျှင်မူ အရင်ဆုံး သူတို့၏ မိသားစုများက အသတ်ခံရပေလိမ့်မည်။ ထို့ကြောင့် အားလုံး ချက်ချင်း အသိပြန်ကပ်လိုက်ကြသည်။ အထွတ်အထိပ်အဆင့် နတ်ဘုရားစစ်သူကြီးတစ်ယောက်က ပတ်ဝန်းကျင်ကို လှည့်ပတ်စူစမ်းလိုက်ရာ သိုလှောင်လက်စွပ်တစ်ကွင်းကို တွေ့လိုက်သည်။ ထို့ကြောင့် သူ အော်ပြောလိုက်သည်။
“ဦးလေးလူရဲ့ သိုလှောင်လက်စွပ်... သူ့ရဲ့ စစ်ချပ်ဝတ်ကလည်း ပျက်စီးသွားပြီ။ အစောက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲသွားတဲ့သူက ဦးလေးလူ ဖြစ်ရမယ်”
အထွတ်အထိပ်အဆင့် နတ်ဘုရားစစ်သူကြီး၏ စကားက အားလုံးကို တုန်လှုပ်သွားစေသည်။ ထို့နောက် သူတို့ စိတ်လှုပ်တရှားဖြင့် လှည့်ပတ်ကြည့်လိုက်ကြ၏။ ထိုနတ်ဘုရားစစ်သူကြီး ပြောသည်မှာ မှန်ကန်ကြောင်း သက်သေအထောက်အထားများ တွေ့လိုက်ရသည်။ နတ်ဘုရားစစ်သူကြီး အယောက်နှစ်ဆယ်ကျော်လောက်ကိုမူ ဟွင့်သွမ့်သားရဲက သတ်သွားခြင်းဖြစ်မည်။ လော့ထင်ကိုလည်း ဟွင့်သွမ့်သားရဲက သတ်သွားခြင်းဖြစ်သည်။ သူတို့အလောင်းများ၏ အခြေအနေအရ သူတို့က အရှင်လတ်လတ် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။
“ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲ”
ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲသည်သာ နတ်ဘုရားစစ်သူကြီး အယောက်နှစ်ဆယ်ကျော်လောက်ကို သတ်၍ နတ်ဘုရားလှေကို အစိတ်စိတ်အမွှာမွှာ စုတ်ဖြဲပစ်နိုင်ပေသည်။ သို့သော် သူတို့သည် အနီးနားတွင် ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲ၏ အလောင်းကို ရှာမတွေ့ကြချေ။ ဦးလေးလူက သူ့ကိုယ်သူ ဖောက်ခွဲခဲ့ပြီးပြီဖြစ်သည်။ သို့ဖြစ်ရာ သူက အဘယ်သို့ ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲကို မသတ်နိုင်ခဲ့ဘဲ နေမည်နည်း။
‘ဘာလို့ ဦးလေးလူက သူ့ကိုယ်သူ ဖောက်ခွဲသွားရတာလဲ’
နတ်ဘုရားစစ်သူကြီးများစွာ၏ ခေါင်းထဲတွင် မေးခွန်းတစ်ခု ထွက်ပေါ်လာသည်။ ဦးလေးလူက နတ်ဘုရားဘုရင်ဖြစ်သည်။ သူက ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲကို မသတ်နိုင်လျှင်ပင် အလွယ်တကူ ထွက်ပြေးနိုင်မည်ဖြစ်သည်။ သူ့ကဲ့သို့ စွမ်းအားကြီး သိုင်းသမားတစ်ယောက်က ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲကိုပါ သေရွာသို့ အပါခေါ်သွားနိုင်မည်ဟု မသေချာလျှင် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်လိမ့်မည် မဟုတ်ချေ။
ပြဿနာမှာ အဘယ်နည်း။
မည်သူမှ မတွေးနိုင်ပေ။ သို့သော် သူတို့က လော့ထင်တို့၏ အလောင်းများကို လျင်မြန်စွာ သိမ်းဆည်းလိုက်ကြသည်။ ထို့နောက် သူတို့သည် စစ်နတ်ဘုရားစံအိမ်သို့ ပြန်သွား၍ အပြစ်ဝန်ခံရန် ဆုံးဖြတ်လိုက်ကြသည်။ သူတို့အား မည်သို့ စီရင်မည်ကို စစ်နတ်ဘုရားစံအိမ်ကသာ ဆုံးဖြတ်မည်ဖြစ်သည်။
“မဟုတ်သေးပါဘူး... ဦးလေးလူက အရမ်း စွမ်းအားကြီးတဲ့သူတစ်ယောက်ပါ။ မျိုးနွယ်က သူ့ကို တော်တော်မျက်နှာသာပေးတယ်။ မျိုးနွယ်ခေါင်းဆောင်ငယ်က သေသွားပြီဆိုရင်တောင် သူ ပြန်ပြီး အပြစ်ဝန်ခံလိုက်မယ်ဆိုရင် မျိုးနွယ်က သူ့ကို သက်ညှာမှာပဲ။ ဘာလို့ သူက သူ့ကိုယ်သူ ဖောက်ခွဲပစ်လိုက်ရတာလဲ။ ဘယ်လိုပဲဖြစ်ဖြစ် သူက သေရတော့မယ်လို့ သိသွားလို့လား။ ရန်သူကိုပါ အပါခေါ်သွားဖို့ ကြိုးစားခဲ့တာလား။ အဲ့ဒါဆို ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲက နှစ်ကောင်တောင် ရှိနေတာလား”
အထွတ်အထိပ်အဆင့် နတ်ဘုရားစစ်သူကြီးက သူ့ဘာသာ ရေရွတ်နေသည်။ အတော်ကြာ တွေးတောပြီးနောက် သူ တောင့်တင်းသွားကာ ရေရွတ်လိုက်သည်။
“မဟုတ်သေးဘူး... မကြာသေးခင်တုန်းကမှ မျိုးနွယ်က သတင်းအသစ် ရထားခဲ့တာ၊ မီးကန်ထဲမှာ ဘာရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲကိုမှ မတွေ့ဘူးတဲ့။ အဲ့တော့ ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲက နှစ်ကောင် မရှိနိုင်ဘူး။ ထောင်ချောက်... ဒီကိစ္စတစ်ခုလုံးက တစ်ယောက်ယောက်ရဲ့ ထောင်ချောက်ပဲ ဖြစ်ရမယ်”
အထွတ်အထိပ်အဆင့် နတ်ဘုရားစစ်သူကြီးသည် ကိစ္စတစ်ခုလုံးကို အစမှအဆုံးအထိ ပြန်စဉ်းစားကြည့်လိုက်သောအခါ ပြဿနာများစွာကို တွေ့လာရသည်။ သူသည် အစောကတည်းက တစ်စုံတစ်ခု မှားနေကြောင်း ခံစားခဲ့ရသည်။ သို့သော် လော့ထင်က သူ့စကားကို နားမထောင်ခဲ့ပေ။ ထို့ကြောင့် သူ ဆက်မပြောဝံ့ခဲ့ခြင်း ဖြစ်သည်။ လော့ထင်က သူ့ကို အပြစ်မြင်သွားလျှင် မခက်ပါလား။ သို့ရာတွင် နောက်ဆုံး၌ သူ အရာအားလုံးကို နားလည်သွားပေပြီ။ အစမှအဆုံးအထိ ဖြစ်ပျက်ခဲ့သော အရာအားလုံးက တစ်စုံတစ်ယောက်၏ အကွက်ဆင်ထားမှုပင်။
ဤကိစ္စတစ်ခုလုံးတွင် ကျန်းရီက ဇာတ်ရံတစ်ယောက်သာ ဖြစ်ရမည်။ သူ တိရှဘုံကို ရောက်လာခဲ့သည်မှာ မကြာသေးပေ။ စစ်နတ်ဘုရားစံအိမ်၏ လော့မျိုးနွယ်က ထိုအကြောင်းကို စုံစမ်းခဲ့ပြီးပေပြီ။ ထို့ကြောင့် သူက ပုရွက်ဆိတ်တစ်ကောင်သာဖြစ်သည်။ သို့သော် ထိုပုရွက်ဆိတ်က လော့မျိုးနွယ်၏ စောင့်ကြည့်မှုအောက်မှာပင် နတ်သိမ်းငှက်မျိုးနွယ်စုမှ လူမသိသူမသိ ထွက်သွားနိုင်ခဲ့သည်။
လော့ထင်သည် ကျန်းရီ မျိုးနွယ်စုမှ ထွက်သွားပြီးနောက် အတော်ကြာမှ သတင်းရခဲ့ခြင်းဖြစ်သည်။ လူများသည် ကျန်းရီက တာဝန်တစ်ခု ထမ်းဆောင်ရန် မိစ္ဆာမီးတောက်တောင်သို့ ထွက်သွားသည်ဟု ပြောခဲ့ကြသည်။ ထို့ကြောင့် လော့ထင်က လူများထပ်စေလွှတ်၍ စုံစမ်းခိုင်းရာ ကျန်းရီက အမှန်ပင် မျိုးနွယ်စုထဲမှ ထွက်သွားခဲ့ပြီဖြစ်ကြောင်း သိခဲ့ရသည်။ ထိုမှ သူတို့သည် ရရှိထားသော သဲလွန်စအနည်းငယ်အပေါ် အခြေခံ၍ ကျန်းရီကို လိုက်ဖမ်းရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။
ယခု ပြန်တွေးကြည့်သောအခါတွင်မူ မိစ္ဆာသတ်ဖြတ်စံအိမ်ထဲတွင် သူတို့ ထည့်ထားသော သူလျှိုက သစ္စာဖောက်သွားခဲ့ပုံပင်။ ကျန်းရီက မိစ္ဆာမီးတောက်တောင်ကို သွားသည်ဆိုသော သတင်းမှာ ရည်ရွယ်ချက်ရှိရှိဖြင့် အဖြန့်ခံရခြင်းဖြစ်သည်။ ထို့ပြင် ကျန်းရီ မိစ္ဆာသတ်ဖြတ်စံအိမ်ထဲ ဝင်ခဲ့သည်မှာ ရက်အနည်းငယ်သာ ရှိသေးသည်။ သို့ဖြစ်ရာ သူက မည်သို့ အမြစ်မဲ့ရေစင်နှင့် အမြစ်ဆေးလုံးများကို ရနိုင်ပါမည်နည်း။
ထိုအရာအားလုံးက နတ်ဘုရားစစ်သူကြီး၏ သံသယကို ပိုနက်ရှိုင်းလာစေသည်။ သူ၏ မျက်စံများက ရွေ့လျားနေပြီး သူ၏ ဦးနှောက်က လျင်မြန်စွာ လည်ပတ်နေသည်။ ထို့နောက် သူ ရုတ်တရက် ပြောလိုက်သည်။
“မျိုးနွယ်ဆီ ချက်ချင်း သတင်းပြန်ပို့လိုက်။ မျိုးနွယ်ခေါင်းဆောင်ငယ်က အသတ်ခံလိုက်ရပြီလို့ ပြောလိုက်။ သူ့ကို သတ်ဖို့ အခြားမျိုးနွယ်ကြီးတစ်ခုက အကွက်ဆင်ခဲ့တာပဲ။ သဲလွန်စတွေစုံစမ်းဖို့ ဒီကို စွမ်းအားကြီး သိုင်းသမားတွေ ချက်ချင်း လွှတ်လိုက်ဖို့လည်း ပြောလိုက်ပါ။ ငါတို့က ကီလိုမီတာငါးရာ ပြန်ဆုတ်ပြီး ဒီနေရာကို ဝိုင်းထားပြီးတော့ မျိုးနွယ်က အကူတွေ ရောက်လာတဲ့အထိ စောင့်ရမယ်”
ထိုအထွတ်အထိပ်အဆင့် နတ်ဘုရားစစ်သူကြီးက စစ်နတ်ဘုရားစံအိမ်၏ လော့မျိုးနွယ်တွင် အတော်လေး လေးစားခံရသူတစ်ယောက်ဖြစ်သည်။ ယခုတွင် ဦးလေးလူနှင့် လော့ထင်တို့က သေသွားပြီဖြစ်ရာ အားလုံးသည် သူ့အမိန့်များကို နာခံကြမည်ဖြစ်သည်။ သို့ဖြင့် အားလုံးသည် ချက်ချင်းပင် ထိုနေရာတစ်ဝိုက်ကို လျင်မြန်စွာ ရှာ၍ သူတို့မျိုးနွယ်ဝင်များ၏ အလောင်းများကို သိမ်းဆည်းလိုက်ကြသည်။ ထို့နောက် သူတို့ ပြန်ဆုတ်သွားကြသည်။ ယခု ဦးလေးလူက သေသွားပြီဖြစ်၍ သူတို့၏ အရည်အချင်းမျှဖြင့် ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲ သို့မဟုတ် စွမ်းအားကြီး သိုင်းသမားများကို ယှဉ်နိုင်တော့မည် မဟုတ်ပေ။
နတ်ဘုရားစစ်သူကြီးတစ်ယောက်သည် သူ၏ သတင်းပို့ကျောက်စိမ်းပြားကို ထုတ်၍ လော့မျိုးနွယ်ဆီသို့ သတင်းလှမ်းပို့လိုက်သည်။ ထိုကျောက်စိမ်းပြားက အလွန်ဆန်းကြယ်သည်။ ၎င်းကိုသုံး၍ သတင်းပို့နေစဉ်တွင် အာကာပြင်က သိမ်မွေ့စွာ တုန်ခါနေသည်။ သတင်းက ရည်ရွယ်ရာသို့ ရောက်သွားသည်နှင့် ကျောက်စိမ်ပြားက အလိုလို ပေါက်ကွဲသွားမည်ဖြစ်သည်။ ထိုကျောက်စိမ်းပြားသည် တစ်ကြိမ်သတင်းပို့ရန်သာ လုပ်ထားသောအရာဖြစ်ကြောင်း ထင်ရှားပေသည်။
***
နတ်သိမ်းငှက်မြို့၏ အရှေ့ပိုင်းတွင် ရွှေရောင်ရဲတိုက်ဝန်းတစ်ခု တည်ရှိသည်။ ထိုရဲတိုက်ဝန်းထဲရှိ ရဲတိုက်တစ်လုံးမှနေ၍ အလင်းတန်းတစ်ခု ထိုးထွက်လာသည်။ ခေတ္တကြာပြီးနောက် နတ်ဘုရားစစ်သူကြီးတစ်ယောက်သည် ဖြူဖျော့သော မျက်နှာထားဖြင့် ပြေးထွက်လာပြီး ရဲတိုက်ဝန်းထဲရှိ အကြီးဆုံး ရဲတိုက်ကြီးဆီသို့ ဦးတည်သွားလိုက်လေသည်။
စစ်နတ်ဘုရားစံအိမ်အရှင် လော့ဖူသည် လက်အောက်ငယ်သားတစ်ယောက်က ရဲတိုက်ထဲသို့ အကြောင်းမကြား၊ ခွင့်မတောင်းဘဲ ပြေးဝင်လာသည်ကို တွေ့လိုက်သောအခါ မျက်မှောင်ကြုတ်လိုက်၏။ ထိုလက်အောက်ငယ်သားက စည်းမျဉ်းများကို အလေးထားသူတစ်ယောက်ဖြစ်သည်။ သူက ကြိုတင်အကြောင်းမကြားဘဲနှင့် အသည်းအသန် ပြေးဝင်လာခြင်းမှာ အရေးကြီးကိစ္စတစ်ခု ဖြစ်နေပြီဆိုသော အဓိပ္ပာယ်ပင်။
ဒုန်း...
ထိုနတ်ဘုရားစစ်သူကြီးသည် ရဲတိုက်ထဲသို့ ရောက်သောအခါ ချက်ချင်း ဒူးထောက်၍ လက်ဆုပ်ကာ ပြောလိုက်သည်။
“မျိုးနွယ်ခေါင်းဆောင်... မျိုးနွယ်ခေါင်းဆောင်ငယ်က မီးကန်မှာ အသတ်ခံလိုက်ရပြီလို့ ကျွန်တော် သတင်းရလိုက်ပါတယ်။ လော့လူက သူ့ကိုယ်သူ သတ်သေသွားခဲ့ပါတယ်။ နတ်ဘုရားစစ်သူကြီး အယောက်နှစ်ဆယ်ကျော်လည်း သေခဲ့ပါတယ်။ မျိုးနွယ်ခေါင်းဆောင်ငယ်ကို သတ်ဖို့ မျိုးနွယ်ကြီးတစ်ခုက အကွက်ဆင်ထားခဲ့တာလို့ လော့ထျန်းက ပြောပါတယ်။ သူတို့က ကျွန်တော်တို့ကို အဲ့ကိစ္စစုံစမ်းဖို့အတွက် စွမ်းအားကြီး သိုင်းသမားတွေ စေလွှတ်ပေးဖို့ တောင်းဆိုထားပါတယ်”
“ဝိုး...”
ရဲတိုက်ခန်းမထဲတွင် စစ်နတ်ဘုရားစံအိမ်၏ လော့မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမား အယောက်ငါးဆယ်လောက် ထိုင်နေသည်။ သူတို့ထဲတွင် နတ်ဘုရားဘုရင် အယောက်သုံးဆယ်ကျော်လည်း ပါသည်။ ထိုအခိုက်တွင် သူတို့အားလုံး ဒေါသထွက်သွားကြသည်။ သူတို့ထဲမှ အများစုက သတ်ဖြတ်အရှိန်အဝါများဖြင့် ထရပ်လိုက်ကြသည်။ အခြားမျိုးနွယ်ကြီးတစ်ခုက သူတို့၏ မျိုးနွယ်ခေါင်းဆောင်ငယ်ကို သတ်ဖြတ်ရန် အကွက်ဆင်ခဲ့ခြင်းလော။ ယင်းမှာ စစ်ခေါ်ခြင်းပင်။ စစ်နတ်ဘုရားစံအိမ်၏ လော့မျိုးနွယ်သည် သိမ်းငှက်ပြာစီရင်စုနယ်ထဲရှိ အင်အားအကြီးဆုံး မျိုးနွယ်ဆယ်ခုမှလွဲ၍ အခြားမည်သည့်မျိုးနွယ်များကို ကြောက်ရပါမည်နည်း။
“ပြန်ထိုင်ကြ...”
လော့ဖူက အေးစက်စက် အော်ပြောလိုက်သည်။ သူ့အသံ၏ အေးစက်မှုက အားလုံးကို တောင့်တင်းသွားစေသည်။ ထို့ကြောင့် ထရပ်လိုက်သော လူများသည် ခပ်သွက်သွက် ပြန်ထိုင်လိုက်ကြပြီး လော့ဖူကို ကြည့်လိုက်ကြသည်။ လော့ဖူ၏ မျက်နှာထားက တည်နေသည်။ သူသည် မျက်လုံးမှိတ်ကာ သူ့ဘာသာ တီးတိုးရေရွတ်နေသည်။ ငါးမိနစ်ကြာပြီးနောက်မှ သူ မျက်လုံးပြန်ဖွင့်ကာ အေးစက်စက်လေသံဖြင့် အမိန့်များ ပေးလိုက်လေသည်။
“လော့ကဲတိ... တိုက်ပွဲခန်းမကလူတွေကို ခေါ်ပြီး မိစ္ဆာမီးတောက်တောင်ကိုသွား။ သက်သေတစ်ခုမှ မကျန်ခဲ့စေနဲ့။ ဒီကိစ္စကို တိရှစံအိမ် ဒါမှမဟုတ် မိစ္ဆာသတ်ဖြတ်စံအိမ်က ကြံစည်ခဲ့တာပဲ ဖြစ်ရမယ်။ ဒါပေမဲ့... သက်သေမရှိဘဲနဲ့ သူတို့ကို စွပ်စွဲလို့ မရဘူး။ ဒီတော့ ဒီတစ်ခေါက် မင်း အဲ့ကို သွားရတဲ့ ရည်ရွယ်ချက်က သက်သေတွေ ရှာဖို့ပဲ”
“နားလည်ပါပြီ”
အဆင့်မြင့် နတ်ဘုရားဘုရင်တစ်ပါးသည် အခြားနတ်ဘုရားဘုရင် ဆယ်ပါးကို ဦးဆောင်၍ ရဲတိုက်ထဲမှ ထွက်သွားလိုက်သည်။ အပြင်သို့ ရောက်သောအခါ သူ အော်ပြောလိုက်သည်။
“တိုက်ပွဲခန်းမကလူတွေ အကုန်လုံး စုဝေးကြ”
“လော့မင်းထုံ...”
လော့ဖူက ထပ်မံ အော်ပြောလိုက်သည်။
“ငါတို့မျိုးနွယ်ရဲ့ လျှို့ဝှက်ထောက်လှမ်းရေးတွေနဲ့ သူလျှိုတွေအားလုံးကို အမိန့်ပေးလိုက်။ ဒီမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာကို တတ်နိုင်သမျှ စုံစမ်းရမယ်။ ငါ ထပ်ပြောမယ်... ငါ သက်သေလိုချင်တယ်။ ငါတို့မှာသာ သက်သေရှိရင် မိစ္ဆာသတ်ဖြတ်စံအိမ်ဖြစ်ဖြစ်၊ တိရှစံအိမ် လောမျိုးနွယ်ဖြစ်ဖြစ်... ဒီကိစ္စအတွက် တာဝန်ရှိတဲ့သူက စစ်နတ်ဘုရားစံအိမ် လော့မျိုးနွယ်ရဲ့ အမျက်ကို ရင်ဆိုင်ရမယ်”
***