သခင်... သခင် ရူးသွားတာလား
Vol. 96 Ch. 1336
ကျန်းရီက အပြင်းအထန် ဒဏ်ရာရထားသည်။ ဂူမူ၏ ဒဏ်ရာများက အခြေအနေပိုဆိုးသည်။ သို့သော် သူတို့နှစ်ယောက်စလုံးက အလွန်သန်မာသူများ ဖြစ်ကြသည်။ အထူးသဖြင့် ဂူမူက ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲတစ်ကောင်နှင့်ပင် ယှဉ်နိုင်သူဖြစ်သည်။ ထို့ကြောင့် အားဖြည့်ဆေးလုံးများ မပါလျှင်ပင် သူ၏ ကိုယ်ပိုင်ကုသစွမ်းရည်များက သူ၏ဒဏ်ရာများကို အနိမ့်ဘုံအချိန် နှစ်ရက်အတွင်း ပျောက်ကင်းသွားစေမည်ဖြစ်သည်။ ဤသေရေးရှင်ရေး အခြေအနေမှ လွတ်မြောက်နိုင်သွားလျှင် မည်သည့်ပြဿနာမှ ရှိတော့မည် မဟုတ်ပေ။
နေ့ဝက်အတွင်းမှာပင် ဂူမူသည် ခါးမတ်မတ်ထိုင်ကာ ကုသနိုင်လာပြီဖြစ်သည်။ ထိုအချိန်အတွင်း ကျန်းရီကလည်း သူတို့၏ ကျိုးနေသော အရိုးများကို ပြန်ဆက်လိုက်သည်။ အမြစ်မဲ့ရေစင်၏ အာနိသင်က ကုန်သွားခဲ့ပေပြီ။ သို့သော် အနားတွင် ဂူမူရှိနေသဖြင့် စိုးရိမ်စရာ မရှိပေ။ ထို့ကြောင့် ကျန်းရီသည် အားနည်းသော အခြေအနေမှာပင် စိတ်အေးအေးဖြင့် ကုသနိုင်နေပေသည်။
ကျန်းရီသည် အားပြန်ပြည့်လာသောအခါတွင် စိတ်လောလာသည်။ တစ်ရက်ကြာပြီးနောက် ကျန်းရီက မျက်လုံးဖွင့်၍ ဂူမူထံသို့ အသံပို့လွှတ်လိုက်သည်။
“ကျွန်တော်တို့ ပုန်းအောင်းဖို့ တခြားနေရာတစ်ခု သွားရှာသင့်လား။ တကယ်လို့ တစ်ယောက်ယောက်က ကျွန်တော်တို့ကို လာသတ်ရင် ပြဿနာတက်သွားလိမ့်မယ်”
“သခင် မစိုးရိမ်ပါနဲ့”
ဂူမူက လေးလေးစားစား ပြန်ဖြေသည်။
“အနီးမှာ စစ်နတ်ဘုရားစံအိမ် လော့မျိုးနွယ်က စွမ်းအားကြီး သိုင်းသမားတွေ တစ်ယောက်မှ မရှိပါဘူး။ ရှေးဦးအဆင့် ဟွင့်သွမ့်သားရဲတွေကလည်း သခင့်ရဲ့ မီးတောက်တွေကို ကြောက်ပြီး အဝေးကို ပြေးသွားကြပါပြီ။ ဒါပေမဲ့ သူတို့တွေက မီးကန်ထဲမှာပဲ ရှိလောက်ပါသေးတယ်။ အဲ့တော့ လော့မျိုးနွယ်က နတ်ဘုရားစစ်သူကြီးတွေက မီးကန်ထဲ ဆင်းမလာရဲလောက်ပါဘူး။ သူတို့ရဲ့ စစ်ကူတွေကလည်း တစ်ရက်ကျော်လောက်နေမှ ရောက်လာမှာပါ။ တိရှစံအိမ် လောမျိုးနွယ်အတွက်လည်း စိုးရိမ်စရာ မလိုပါဘူး။ ဒီတစ်ခေါက်တာဝန်ကို ကျွန်တော်က ကြီးကြပ်ရတာပါ။ ကျွန်တော့်ရဲ့အမိန့် မရရင် တခြားသူတွေက မိစ္ဆာမီးတောင်တောင်နားကို လာမှာ မဟုတ်ပါဘူး”
ယခုတွင် ဂူမူက ကျန်းရီ၏ ဝိညာဉ်ကျွန်ဖြစ်နေပြီဖြစ်၍ ကျန်းရီကို မလိမ်နိုင်တော့ပေ။ ထို့ကြောင့် ကျန်းရီသည် စိတ်အေးသွားပြီး ဆက်၍ အားဖြည့်နေလိုက်သည်။ တစ်ချိန်တည်းမှာပင် နောက်ခြေလှမ်းအတွက်လည်း တွေးတောလိုက်သည်။ နတ်ဘုရားဘုရင်တစ်ပါးကို ဝိညာဉ်ကျွန်အဖြစ် ရထားလျှင်ပင် အပြည့်အဝ လုံခြုံပြီဟု မဆိုနိုင်သေးပေ။ စစ်နတ်ဘုရားစံအိမ် လော့မျိုးနယ်နှင့် တိရှစံအိမ် လောမျိုးနွယ်တို့၏ လက်အောက်တွင် နတ်ဘုရားဘုရင်များစွာရှိသည်။
ထို့ကြောင့် ဂူမူက ရှေ့မှဦးဆောင်မည်ဆိုလျှင်ပင် အန္တရာယ်ရှိနိုင်သေးသည်။ မျိုးနွယ်နှစ်ခုက ကျန်းရီ လွတ်သွားပြီဖြစ်ကြောင်း သတင်းရလိုက်လျှင် သေချာပေါက် ပြဿနာရှိလာပေလိမ့်မည်။ စစ်နတ်ဘုရားစံအိမ် လော့မျိုးနွယ်က ကြိုးကိုင်သူကို ဖော်ထုတ်ရန် ကျန်းရီအား သက်သေအဖြစ် လိုအပ်သည်။ သူတို့က သူ့ကို လုံးဝအလွတ်ပေးမည် မဟုတ်ချေ။ တိရှစံအိမ်ကမူ ပို၍ပင် ရက်စက်ပေလိမ့်မည်။ မကြာခင်တွင် တိရှစံအိမ်သည် သူ့ကို သတ်ရန် နတ်ဘုရားဘုရင်တစ်စု စေလွှတ်လိုက်လိမ့်မည်ဟု ကျန်းရီ ခန့်မှန်းပေသည်။
အရေးအကြီးဆုံးမှာ ကျန်းရီတွင် ပြေးစရာမြေ မရှိခြင်းပင်။
စစ်နတ်ဘုရားစံအိမ် လော့မျိုးနွယ်နှင့် တိရှစံအိမ် လောမျိုးနွယ်တို့က အလွန်အင်အားကြီးသည်။ သိမ်းငှက်ပြာစီရင်စုနယ်တစ်ခွင်လုံးတွင် သူတို့၏ အဆက်အသွယ်များ ရှိသည်။ အထူးသဖြင့် လော့မျိုးနွယ်၏ စွမ်းအားကြီး သိုင်းသမားတစ်ယောက်က သိမ်းငှက်ပြာစီရင်စုနယ်၏ စစ်နတ်ဘုရားစံအိမ်တွင် ရှိနေသည်။ သူ၏ အမိန့်တစ်ချက်က စစ်နတ်ဘုရားစံအိမ်မှ နတ်ဘုရားဘုရင်များကို ကျန်းရီနောက်သို့ လိုက်စေနိုင်သည်။ ထို့ကြောင့် ကျန်းရီနှင့် ဂူမူတို့က အခြားမြို့တစ်မြို့သို့ပင် သွားနိုင်ရန် မသေချာပေ။ သူတို့ အခြားမြို့တစ်မြို့သို့ သွားနိုင်လျှင်ပင် ထိုမြို့၌ သေသွားနိုင်သေးသည်။
သိမ်းငှက်ပြာစီရင်စုနယ်ထဲမှ ထွက်သွားရမည်လော။
ထိုခရီးက အလွန်ရှည်လွန်းသည်။ တည်နေရာပြောင်းရွှေ့အစီအရင်များကို မသုံးနိုင်လျှင် သူတို့ နှစ်နှင့်ချီ၍ သွားရမည်ဖြစ်သည်။ သို့သော် တည်နေရာပြောင်းရွှေ့အစီအရင်များ၏ အသုံးပြုခက အလွန်ဈေးကြီးသည်။ ဂူမူတွင်ရှိသော နတ်ဘုရားအမြစ်များက သူတို့ကို အဝေးသို့ရောက်သွားစေရန် မလုံလောက်ပေ။ ထို့ကြောင့် သူတို့ သိမ်းငှက်ပြာစီရင်စုနယ်ထဲ၌ ထွက်နိုင်မည် မဟုတ်ချေ။
ကျန်းရီသည် ခေတ္တမျှ တွေးတောပြီးနောက် အားဖြည့်ရာတွင်သာ အာရုံစိုက်ထားရန် ဆုံးဖြတ်လိုက်သည်။ သူတို့ ပိုကောင်းလာမှ လွတ်လမ်းတစ်ခုကို စဉ်းစားရပေမည်။
တစ်ရက်ကြာ ကုသအားဖြည့်ပြီးနောက် ကျန်းရီတစ်ယောက် အတော်လေး ပြန်ကောင်းလာသည်။ အနည်းဆုံးတော့ သူ၏ ဒဏ်ရာများက သူ၏ ပြေးခြင်း၊ တိုက်ခိုက်ခြင်းတို့အပေါ် သက်ရောက်တော့မည် မဟုတ်ပေ။ ဂူမူ၏ ဒဏ်ရာပျောက်နှုန်းက ပိုမြန်သည်။ ယခုတွင် သူသည် ခုနစ်ဆယ်ကျော် ရှစ်ဆယ်ရာခိုင်နှုန်းလောက် ပြန်ကောင်းနေပြီဖြစ်သည်။
“ဂူမူ...”
ကျန်းရီသည် ဂူမူအနားသို့ လျှောက်သွားကာ သူ့ဘေးတွင် ဝင်ထိုင်လိုက်သည်။ ထို့နောက် လေသံတိုးတိုးဖြင့် မေးလိုက်သည်။
“အခု ကျွန်တော်တို့ ဘာလုပ်သင့်လဲ။ ဘယ်ကိုသွားသင့်လဲ”
ဂူမူသည် ကုသအားဖြည့်နေခြင်းကို ရပ်လိုက်ပြီး မျက်ခုံးပင့်၍ ခေတ္တမျှ တွေးတောလိုက်သည်။ ထို့နောက် သူ ပြန်ဖြေလိုက်သည်။
“သခင်.. သခင့်ရဲ့ အခြေအနေက အရမ်းအန္တရာယ်များနေပါတယ်။ အခု သခင် မျိုးနွယ်စုတစ်ခုကို ရှာပြီး အဲ့မှာကျင့်ကြံနေဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိပါဘူး။ ပြီးတော့ သခင် အားပြန်ပြည့်လာမှ ထွက်သွားဖို့ ကြိုးစားသင့်ပါမယ်။ မဟုတ်ရင် သေသွားပါလိမ့်မယ်။ သခင်သေရင် ကျွန်တော်လည်း သေမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ မျိုးနွယ်စုတစ်ခုထဲ ဝင်နိုင်လိုက်ရင် ဘယ်သူကမှ ကျွန်တော်တို့ကို လုပ်ကြံရဲမှာ မဟုတ်တော့ပါဘူး။ နတ်သိမ်းငှက်မျိုးနွယ်စုမှာ ဆိုရင်တောင် ကျွန်တော်တို့ လုံခြုံမှာပါ။ အဲ့ဒါက စည်းမျဉ်းပါပဲ။ တိရှစံအိမ် လောမျိုးနွယ်တောင် အဲ့စည်းမျဉ်းကို မဖောက်နိုင်ပါဘူး”
“ကျင့်ကြံရမှာလား”
ကျန်းရီ၏ မျက်နှာက ရှုံ့တွသွားသည်။ အကယ်၍ ကောင်းကင်ကြယ်တာရာနယ်နမိတ်က အန္တရာယ်ကြုံမနေလျှင် သူသည် အထက်ဘုံတွင် ဆယ်နှစ်၊ နှစ်တစ်ရာကြာ ကျင့်ကြံလိုပေသည်။ ထိုမှ သူ မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရား ဖြစ်လာမည်ဖြစ်သည်။ သူသာ ထိုအဆင့်သို့ ရောက်သွားလျှင် တိရှဘုံထဲတွင် စိတ်ကြိုက်သွားလာနိုင်ပြီဖြစ်သည်။
သို့သော် ကောင်းကင်ကြယ်တာရာနယ်နမိတ်က ပျက်သုဉ်းခြင်းချောက်ကမ်းပါးထိပ်သို့ ရောက်နေသည်။ သို့ဖြစ်ရာ သူက အဘယ်သို့ နှစ်ပေါင်းများစွာ ကျင့်ကြံနေနိုင်ပါမည်နည်း။
ကျန်းရီသည် ထိုသို့လုပ်မည့်အစား အသေသာခံမည်ဖြစ်သည်။ သို့ဆိုလျှင် အနည်းဆုံးတော့ သူ နာကျင်ခံစားနေရတော့မည် မဟုတ်ပေ။ ကျန်းရီ သက်ပြင်းရှည်ကြီးချလိုက်ပြီး မျှော်လင့်ချက်ဖြင့် မေးလိုက်သည်။
“ခင်ဗျား ကျွန်တော့်ကို ခြင်္သေ့ပြာမြို့ဆီ ခေါ်သွားနိုင်လား။ ကျွန်တော် ကျင့်ကြံနေရမယ်ဆိုရင် ခြင်္သေ့ပြာမြို့မှာ ကျင့်ကြံချင်တယ်”
ကျန်းရှောင်နူက ခြင်္သေ့ပြာမြို့တွင် ရှိနေသည်။ သူသာ ထိုသို့သွားလိုက်လျှင် အနည်းဆုံးတော့ သူမနှင့် ပြန်ဆုံနိုင်ပေလိမ့်မည်။ ကောင်းကင်ကြယ်တာရာနယ်နမိတ်၏ ပြဿနာကိုမူ ခြင်္သေ့ပြာမြို့သို့ရောက်မှ တွေးတောနိုင်သည်။ ကျန်းရှောင်နူက ဖြူစင်ရိုးသားသော မိန်းမပျိုလေးတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ကျန်းရီသည် သူမကို ခြင်္သေ့ပြာမြို့တွင် တစ်ယောက်တည်းထားရခြင်းကို စိုးရိမ်ပေသည်။
“မခေါ်သွားနိုင်ပါဘူး”
ဂူမူ၏ အဖြေက ကျန်းရီကို လုံးဝစိတ်ဓာတ်ကျသွားစေသည်။ ထို့နောက် ဂူမူက မချင့်မရဲဖြင့် ဆက်ပြောသည်။
“ကျွန်တော့်ရဲ့ စွမ်းရည်တွေက စွမ်းအားကြီးတယ်လို့ မဆိုနိုင်ပါဘူး။ ခြင်္သေ့ပြာမြို့က အရမ်းဝေးပါတယ်။ ကျွန်တော်တို့ အဲ့ကို ပျံသွားမယ်ဆိုရင် လမ်းမှာတင် အသတ်ခံလိုက်ရနိုင်ပါတယ်...”
ကျန်းရီက လက်မလျှော့သေးပေ။
“ကျွန်တော်တို့ တည်နေရာပြောင်းရွှေ့အစီအရင်တွေ သုံးနိုင်တယ်မလား။ ခင်ဗျားရဲ့ နတ်ဘုရားအမြစ်တွေက ကျွန်တော်တို့ကို ခြင်္သေ့ပြာမြို့ဆီတော့ ရောက်စေလောက်မှာပါ။ မစိုးရိမ်ပါနဲ့... ကျွန်တော် အခွင့်အရေးရရင် ခင်ဗျားရဲ့ နတ်ဘုရားအမြစ်တွေကို ပြန်ပေးမှာပါ”
“သခင်... နတ်ဘုရားအမြစ်တွေက ပြဿနာမဟုတ်ပါဘူး။ တည်နေရာပြောင်းရွှေ့အစီအရင်တွေ အကုန်လုံးကို တိရှစံအိမ်က ထိန်းချုပ်ထားတာပါ”
ဂူမူက ခြောက်ကပ်ကပ် ရယ်လိုက်သည်။
“တကယ်လို့ ကျွန်တော်က သခင်နဲ့အတူ တခြားမြို့တစ်မြို့ကို သွားမယ်ဆိုရင် တိရှစံအိမ်က ကျွန်တော်တို့ အကြောင်းကို သိသွားမှာပါ။ သူတို့က ကျွန်တော့်ကိုလည်း သစ္စာဖောက်အဖြစ် သတ်မှတ်ကြပါလိမ့်မယ်။ ကျွန်တော်က တခြားမြို့တစ်မြို့မှာ ရှိနေရင် သူတို့က ကျွန်တော့်ကို သတ်ရဲမှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်တို့ကို တည်နေရာပြောင်းရွှေ့အစီအရင်တွေ သုံးခွင့်ပေးမှာလည်း မဟုတ်ပါဘူး။ ပြီးတော့... ဒီကနေ အနီးဆုံးမြို့က နတ်မီးတောက်မြို့ပါ။ အဲ့မြို့ကိုရောက်ဖို့ အနည်းဆုံး နေ့တစ်ဝက်လောက်တော့ သွားရပါလိမ့်မယ်။ အဲ့အချိန်လောက်ဆို တိရှစံအိမ် လောမျိုးနွယ်က စွမ်းအားကြီး သိုင်းသမားတွေက ကျွန်တော့်တို့ကို အဲ့မြို့ပြင်မှာ စောင့်နေလောက်ပြီ။ ကျွန်တော်တို့ မြို့ထဲဝင်နိုင်လိုက်မှာတောင် မဟုတ်ဘူး”
“နောက်ထပ်လမ်းပိတ်တစ်ခုလား”
ကျန်းရီ မျက်မှောင်ကြုတ်လိုက်သည်။ နတ်ဘုရားဘုရင်တစ်ပါး၏ သူ၏ဝိညာဉ်ကျွန်အဖြစ် ရှိနေလျှင် အလွယ်တကူ သွားလာနိုင်လိမ့်မည်ဟု သူ ထင်ခဲ့သည်။ ယခုတွင်မူ သူက အလကားသက်သက် မျှော်လင့်ခဲ့မိခြင်းဖြစ်ကြောင်း သိလိုက်ရပေပြီ။ ထို့ကြောင့် သူ့ရင်ထဲတွင် ဒေါသနှင့် ကူကယ်ရာမဲ့မှုတို့ လျှံတက်လာသည်။ ဤလောကထဲတွင် သူက မည်မျှကြိုးစားပါစေ ပုရွက်ဆိတ်တစ်ကောင်သာ ဖြစ်နေမည့်ပုံပင်။
‘မဖြစ်ဘူး... ငါ ခြင်္သေ့ပြာမြို့ကို ရောက်အောင် သွားရမယ်။ ငါ သေရမယ်ဆိုရင်တောင် ကျန်းရှောင်နူ အဆင်ပြေရဲ့လားဆိုတာကို အတည်ပြုချင်တယ်။ သူ့ကို အဝေးကပဲ ကြည့်ခွင့်ရမယ်ဆိုရင်တောင် ငါ အရေးမစိုက်ဘူး’
ကျန်းရီ၏ အကြည့်များက ရူးသွပ်သွားသည်။ ထို့နောက် သူ ခပ်မဲ့မဲ့ပြုံးလိုက်သည်။ သူ့ပုံစံက မိစ္ဆာတစ်ကောင်ကဲ့သို့ပင်။ သူသည် တောက်ပသော မျက်ဝန်းများဖြင့် ဂူမူကို ကြည့်လိုက်၏။ ထို့ကြောင့် ဂူမူ ရင်တုန်သွားပြီး မကောင်းသော နမိတ်ကို ခံစားလိုက်ရလေသည်။
အမှန်ပင် ကျန်းရီက ထပ်မံပြောလိုက်သည်။
“ဂူမူ... တကယ်လို့ ငါတို့က လောချင်းယန်ကို ဓားစာခံလုပ်လိုက်မယ်ဆိုရင် ခြင်္သေ့ပြာမြို့ကို သွားဖို့ တည်နေရာပြောင်းရွှေ့အစီအရင်တွေကို သုံးနိုင်မှာလား”
“ဗျာ.. သခင်... သခင် ရူးသွားတာလား”
ဂူမူက မျက်လုံးပြူးမျက်စံပြူးဖြင့် ပြောလိုက်သည်။
“သခင်... ကျွန်တော်တို့ အဲ့လိုလုပ်လို့ မဖြစ်ပါဘူး။ သခင်မလေးလောက နတ်သိမ်းငှက်မြို့အရှင်ရဲ့ တစ်ဦးတည်းသော သမီးပါ။ သူ့ကို သွားထိရင် မြို့အရှင်က သေချာပေါက် ဒေါသူပုန်ထသွားမှာပဲ။ အဲ့ကျရင် သူက ကျွန်တော်တို့ကို မရရအောင် သတ်ပါလိမ့်မယ်။ အဲ့ဒါက ကျွန်တော့်တို့ကို ပိုအန္တရာယ်များစေမှာပါ။ ကျွန်တော်တို့ တခြားမြို့တစ်မြို့ကို ရောက်သွားရင်တောင် လွတ်မှာ မဟုတ်ပါဘူး။ သူက မြို့အရှင်၊ ပြီးတော့ သူ့အဖေက သိမ်းငှက်ပြာစီရင်စုနယ်အရှင်ရဲ့ အစေခံတစ်ယောက် ဖြစ်ခဲ့ဖူးတယ်။ တခြားမြို့မှာဆိုရင်တောင် သူက ကျွန်တော်တို့ကို သတ်ပစ်နိုင်ပါတယ်။ သူ စည်းမျဉ်းဖောက်လိုက်ရင်တောင် စီရင်စုနယ်အရှင်က အလွန်ဆုံးမှ သူ့ကို ဆူပူတာလောက်ပဲ လုပ်မှာပါ...”
“ဟင်းဟင်း...”
ကျန်းရီက ရယ်လိုက်ပြီး မည်သည်ကိုမှ အရေးမစိုက်ဟန်ဖြင့် ပြန်ပြောသည်။
“ကျွန်တော်က လောချင်းယန်ကို ဓားစာခံလုပ်ထားရင် မြို့အရှင်လောက သူ့သမီးကို ပြန်မရသေးဘဲ ကျွန်တော်တို့ကို သတ်ပစ်နိုင်မှာလား...”
“ပြီးတော့...”
ကျန်းရီက အေးစက်စက် မျက်ဝန်းများဖြင့် ဆက်ပြောသည်။
“အခု အခြေအနေမှာ ကျွန်တော်တို့က နတ်မီးတောက်မြို့ကိုတောင် မသွားနိုင်ဘူး။ အဲ့တော့ နတ်သိမ်းငှက်မျိုးနွယ်စုကို ပြန်သွားဖို့ပဲရှိတယ်။ ဒါပေမဲ့ အဲ့မျိုးနွယ်စုက တိရှစံအိမ် လောမျိုးနွယ်နဲ့ စစ်နတ်ဘုရားစံအိမ် လော့မျိုးနွယ်ရဲ့ ပိုင်နက်ထဲမှာ။ ကျွန်တော်တို့က အဲ့မှာ လုံခြုံလိမ့်မယ်လို့ ခင်ဗျား သေချာရဲ့လား...”
“သူတို့က ကျွန်တော့်တို့ကို ပေါ်ပေါ်ထင်ထင် မသတ်ဝံ့ရင်တောင် လျှို့ဝှက်လုပ်ကြံမှာပဲ။ မိစ္ဆာသတ်ဖြတ်စံအိမ်က ကျွန်တော့်လို ပမွှားလေးတစ်ယောက်အတွက် မျိုးနွယ်ကြီးနှစ်ခုနဲ့ တိုက်ခိုက်လိမ့်မယ်လို့ ခင်ဗျားထင်လား။ မြို့အရှင်လောက ကျွန်တော့်ကို တမလွန်ဘုံက သူလျှိုတစ်ယောက်လို့ စွပ်စွဲပြီး ဖမ်းခိုင်းမယ်ဆိုရင် ဘယ်သူက သူ့ကို ဆန့်ကျင်ရမှာလဲ။ ကျွန်တော်သေရင် ခင်ဗျားရော ရှင်နိုင်ပါ့မလား”
“ဒါက...”
ဂူမူသည် ခေတ္တမျှ တွေးတောလိုက်၏။ ကျန်းရီ၏ စကားများက အဓိပ္ပာယ်ရှိပေသည်။ မြို့အရှင်လောက မြို့အရှင်ဖြစ်သည်။ အကယ်၍ သူက ကျန်းရီကို သတ်လိုသည်ဆိုလျှင် မိစ္ဆာသတ်ဖြတ်စံအိမ်က ဝင်တားနိုင်မည် မဟုတ်ပေ။ သို့သော် ဂူမူက ချီတုံချတုံဖြင့် ပြန်ပြောလိုက်သည်။
“သခင်... မလောပါနဲ့။ ကျွန်တော်တို့ တခြားနည်းလမ်းတစ်ခုကို ဖြည်းဖြည်းချင်း စဉ်းစားရပါမယ်...”
“ခင်ဗျားဘာသာပဲ ဖြည်းဖြည်းချင်း စဉ်းစားနေလိုက်”
ကျန်းရီက ဒေါသသံဖြင့် ပြောလိုက်၏။
“ကျွန်တော်တို့မှာ အချိန်သိပ်မရှိတော့ဘူး။ တကယ်လို့ ကျွန်တော်တို့ နတ်သိမ်းငှက်မျိုးနွယ်စုကို ပြန်ရောက်တဲ့အထိ ခင်ဗျား တခြားနည်းလမ်းတစ်ခု မစဉ်းစားနိုင်သေးဘူးဆိုရင် လောချင်းယန်ကို ဓားစာခံလုပ်မယ်။ ဟင်းဟင်း... အဲ့မိန်းမက အကုန်လုံးကို ဟာကွက်မရှိ စီစဉ်ထားတာပဲ။ ကျွန်တော်တို့ သူ့ကို ဖမ်းနိုင်ပါ့မလား”
***