ကျွန်တော့်အလှည့်
Vol. 96 Ch. 1337
ကျန်းရီသည် တစ်စုံတစ်ခုကို ဆုံးဖြတ်ပြီးသည်နှင့် စိတ်ပြောင်းတတ်သူ မဟုတ်ပေ။ သူသည် ဂူမူကို မြေအောက်ချော်ရည်ကန်ထဲတွင် လှည့်ပတ်သွားပြီး ရွှေရောင် မြေဗဟိုမီးတောက်များကို ရှာရန် ခိုင်းလိုက်၏။ သူ့တွင် ပေါင်းစည်းမီးတောက်လုံး ကိုးလုံးသာ ရှိတော့သည်။ ယင်းတို့က စွမ်းအားကြီးလက်နက်တစ်မျိုးဖြစ်ပြီး နတ်ဘုရားဘုရင်များကိုပင် သတ်ပစ်နိုင်စွမ်းရှိသည်။ အကယ်၍ သူသာ မီးတောက်လုံးများ ထပ်ရမည်ဆိုလျှင် လမ်းတွင် နတ်ဘုရားဘုရင်များနှင့် ဆုံလျှင်ပင် ရှင်သန်နိုင်မည့် အခွင့်အရေး ပိုရှိပေလိမ့်မည်။
သို့သော်...
ကျန်းရီနှင့် ဂူမူတို့သည် မြေအောက်ချော်ရည်ကန်ထဲတွင် လှည့်ပတ်ရှာသော်လည်း မြေဗဟိုမီးတောက်များကို ထပ်မတွေ့တော့ပေ။ မီးတောင်ထဲတွင်တော့ မြေဗဟိုမီးတောက်များ ရှိနေနိုင်သည်။ သို့သော် အချိန်အတော်ကြာခဲ့ပြီဖြစ်၍ ယခုလောက်ဆို စစ်နတ်ဘုရားစံအိမ် လော့မျိုးနွယ်မှ နတ်ဘုရားဘုရင်များက စွမ်းအားကြီး နတ်ဘုရားလှေတစ်စင်းဖြင့် မီးကန်နားသို့ ချဉ်းကပ်လာနေလောက်ပေပြီ။ သူတို့ မကြာခင်မှာ ထွက်မသွားလျှင် ထွက်သွားနိုင်မည့် အခွင့်အရေး ထပ်ရတော့မည် မဟုတ်ပေ။
“သွားမယ်...”
ကျန်းရီသည် ဂူမူကို အမိန့်ပေးလိုက်၏။ ဂူမူသည် ကျန်းရီကိုဆွဲခေါ်၍ အထက်သို့ ပျံတက်သွားလိုက်သည်။ အပေါ်ယံကြည့်မည်ဆိုလျှင် ဂူမူက ကျန်းရီကို ဖမ်းခေါ်လာသည့်ပုံ ပေါ်သည်။ ယင်းမှာ ကျန်းရီ၏ အကြံဖြစ်သည်။ ထိုမှသာ သူနှင့် ဂူမူကြားမှ ပတ်သတ်မှုကို လျှို့ဝှက်ထားနိုင်မည်ဖြစ်သည်။
ဟိန်း...ဟိန်း...
မီးကန်ထဲတွင် အမှန်ပင် ရှေးဦးအဆင့် ဟွင့်သွမ့်သားရဲ ဆယ်ကောင်ကျော် ရှိနေသည်။ ၎င်းတို့သည် ကျန်းရီတို့နှစ်ယောက်ကို တွေ့သော်လည်း လိုက်မတိုက်ခိုက်ဝံ့ကြပေ။ ၎င်းတို့က ကျန်းရီကို ကြောက်ကြခြင်းဖြစ်သည်။ ကျန်းရီတွင်ရှိသော မီးတောက်များက အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ ထို့ကြောင့် ၎င်းတို့သည် ကျန်းရီကို မကြောက်ဘဲ မနေနိုင်ကြပေ။
“ထွက်သွားကြစမ်း...”
ကျန်းရီ၏ လက်ထဲတွင် ပေါင်းစည်းမီးတောက်များ ထွက်ပေါ်လာသည်။ မီးတောက်များက အလုံးပုံစံ မပေါ်ခင်မှာပင် ပတ်ဝန်းကျင်အပူချိန်က သိသိသာသာ ထိုးတက်သွားသည်။ ဂူမူသည်ပင် ထိုအပူချိန်ကို မခံနိုင်တော့ပေ။ ဟွင့်သွမ့်သားရဲဆယ်ကောင်ကျော်ကလည်း ကြောက်လန့်တကြား ထွက်ပြေးကြသည်။
“သခင်...”
ဂူမူက နာကျင်တကြီး အသံပို့လွှတ်လိုက်၏။ ကျန်းရီသည် သူ့မီးတောက်များကို ရုတ်ခြည်း ပြန်သိမ်းလိုက်သည်။ ဂူမူက အံကြိတ်၍ ဆက်ပျံတက်နေပြီး ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍လည်း ပတ်ဝန်းကျင်ကို မပြတ်အာရုံခံနေသည်။ သို့သော် မီးကန်ထဲတွင် မည်သူကိုမှ ရှာမတွေ့ပေ။
“ဒီမှာ စစ်နတ်ဘုရားစံအိမ် လော့မျိုးနွယ်က နတ်ဘုရားစစ်သူကြီးတွေ ရှိနေတယ်”
မီးကန်ထဲမှ ထွက်သည်နှင့် ဂူမူက ပြောလိုက်သည်။ ကျန်းရီက လှည့်ပတ်ကြည့်ကာ ခေါင်းညိတ်လိုက်သည်။ လော့ထင်နှင့် နတ်ဘုရားစစ်သူကြီး နှစ်ဆယ်ကျော်လောက်၏ အလောင်းများက ပျောက်သွားပေပြီ။ ဂူမူက ရင်မအေးဟန်ဖြင့် သက်ပြင်းသဲ့သဲ့ချလိုက်၏။
“ကျွန်တော်က လောလိုက်မိတာပါ။ လော့ထင်ရဲ့ သိုလှောင်လက်စွပ်ထဲမှာ ရတနာတွေနဲ့ နတ်ဘုရားအမြစ်တွေ အများကြီးရှိလောက်တယ်...”
“အများကြီး တွေးမနေပါနဲ့တော့။ ကျွန်တော်တို့ သွားမှရမယ်။ သတိထားပါ... ကျွန်တော်တို့ကို ဘယ်သူမှ တွေ့သွားလို့ မဖြစ်ဘူး”
ကျန်းရီက တီးတိုးပြောလိုက်သည်။ ဂူမူသည် ရုတ်ခြည်း မြောက်ဘက်သို့ ဦးတည်သွားလိုက်သည်။ သူက မြန်၏။ သို့သော် ပျံသန်းသွားခြင်း မဟုတ်ပေ။ သူသည် ကန္တာရ မီးမြေခွေးတစ်ကောင်ကဲ့သို့ လျင်မြန်စွာ ပြေးလွှားနေ၏။ သူ၏ ကောင်းကင်စိတ်အာရုံကလည်း ကီလိုမီတာသုံးရာပတ်လည်အတွင်းကို မပြတ်အာရုံခံနေပေသည်။
“အနီးမှာ စစ်နတ်ဘုရားစံအိမ် လော့မျိုးနွယ်က လူတွေ ရှိတယ်”
မကြာခင်မှာပင် ဂူမူသည် အရှေ့ရှိ နတ်ဘုရားစစ်သူကြီးနှစ်ယောက်ကို အာရုံခံမိလိုက်သည်။ မီးကန်တစ်ဝိုက်တွင် အခြားလူများစွာ ရှိနေနိုင်သေးသည်ဟုလည်း သူ ခန့်မှန်းလိုက်သည်။ ထို့ကြောင့် သူ ခပ်သွက်သွက် ပြောလိုက်သည်။
“သခင်... ကျွန်တော့်ရဲ့ သိုလှောင်လက်စွပ်ကို သန့်စင်လိုက်ပါ။ အဲ့ထဲမှာ သခင်ဝင်နေနိုင်မယ့် လေဟာနယ်နတ်ဘုရားအသုံးအဆောင်တစ်ခု ရှိပါတယ်။ ဒါပေမဲ့ အဲ့ဒါက သခင့်ရဲ့ အရှိန်အဝါကိုတော့ ဖုံးကွယ်မပေးထားနိုင်ဘူး။ ကျွန်တော်တို့ ဒီနေရာကနေ သူတို့မသိအောင် ထွက်သွားနိုင်ဖို့က ခက်မှာပဲ”
“ကျွန်တော် ခင်ဗျားကို လက်စွပ်ပြန်ပေးမယ်”
ကျန်းရီက ဂူမူထံသို့ လက်စွပ်ပြန်ပေးလိုက်၏။ ထို့ကြောင့် ဂူမူ အတန်ငယ် အံ့အားသင့်သွားသည်။ သူသည် ကျန်းရီက သိုလှောင်လက်စွပ်ကို သိမ်းထားလိမ့်မည်ဟု ထင်ခဲ့သည်။ အဖိုးတန်ပစ္စည်းများနှင့် ရတနာအားလုံးက ထိုလက်စွပ်ထဲတွင် ရှိနေသည် မဟုတ်ပါလား။ ထို့ကြောင့် ကျန်းရီက သူ့ကို လက်စွပ်ပြန်ပေးလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
သို့သော် ဂူမူသည် မကြာခင်မှာပင် ကျန်းရီ၏ လုပ်ရပ်ကို နားလည်သွားသည်။ ယခုတွင် သူက ကျန်းရီ၏ ဝိညာဉ်ကျွန် ဖြစ်နေပြီဖြစ်သည်။ ထို့ကြောင့် သူပိုင်ဆိုင်သောအရာအားလုံးကို ကျန်းရီကလည်း ပိုင်ဆိုင်ပေသည်။ လက်စွပ်ကို မည်သူက သိမ်းထားသည်ဖြစ်စေ မည်သည့်ပြောင်းလဲမှုမှရှိမည် မဟုတ်ပေ။ ကျန်းရီက သူ့၏ လက်စွပ်ကို မသန့်စင်ခဲ့ပေ။ ထို့ကြောင့် ဂူမူသည် လက်စွပ်ကို ဖမ်းယူ၍ လက်စွပ်ထဲမှ အဝါရောင်ပုလဲလုံးတစ်လုံးကို အလွယ်တကူ ထုတ်လိုက်နိုင်သည်။ လျှပ်တစ်ပြက်အတွင်းမှာပင် ပုလဲလုံးက ကျန်းရီကို စုပ်ယူလိုက်သည်။
‘ဒီလေဟာနယ်နတ်ဘုရားအသုံးအဆောင်က တော်တော်သေးတာပဲ’
ကျန်းရီသည် ပုလဲလုံးထဲ ရောက်သည်နှင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်၏။ ထိုနေရာတစ်ခုလုံးမှ အချင်းသုံးမီတာလောက်သာ ကျယ်သည်။ ဤပုလဲသည် ဆန်းကြယ်နတ်ဘုရားနန်းတော် မဆိုထားနှင့် ဧကရာဇ်နန်းတော်နှင့်ပင် မယှဉ်နိုင်ချေ။
“သခင်... ဒီလေဟာနယ်နတ်ဘုရားအသုံးအဆောင်ကို အထင်မသေးပါနဲ့။ ဒါက ဟွင့်သွမ့်ချီပုလဲပါ။ ဒီပုလဲကို ရောင်းမယ်ဆိုရင် နတ်ဘုရားအမြစ်တစ်သောင်းလောက် အသာလေးရနိုင်ပါတယ်။ တိရှဘုံက အာကာပြင်က အရမ်းခိုင်မာပါတယ်။ အဲ့တော့ ဒီဘုံမှာ သာမန်လေဟာနယ်နတ်ဘုရားအသုံးအဆောင်တွေက အလုပ်မဖြစ်ပါဘူး။ အဲ့အသုံးအဆောင်တွေက ဒီဘုံရဲ့ လေဖိအားကြောင့် အလွယ်တကူ ပျက်စီးသွားမှာပါ။ ဒီဟွင့်သွမ့်ချီပုလဲကို ကျွန်တော် နတ်ဘုရားဘုရင်တစ်ပါးကို သတ်ခဲ့တုန်းက ရခဲ့တာပါ”
ဂူမူက ကျန်းရီထံသို့ အသံပို့လွှတ်လိုက်၏။ ထို့ကြောင့် ကျန်းရီ အတန်ငယ် အံ့အားသင့်သွားသည်။ သူ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ရီချန်အား ပေးခဲ့ခြင်းမှာ မှန်သွားသည့်ပုံပင်။ အထက်ဘုံတွင် ဆန်းကြယ်နတ်ဘုရားနန်းတော်က အသုံးမဝင်လောက်ပေ။ မဟုတ်လျှင် ဤလေဟာနယ်နတ်ဘုရားအသုံးအဆောင်လေးက တိရှဘုံ၌ ထိုမျှအဖိုးတန်နေလောက်မည် မဟုတ်ပါချေ။
ဂူမူသည် ကျန်းရီရှိနေသော ပုလဲလုံးကို လက်စွပ်ထဲ ပြန်ထည့်၍ ဆက်ပြေးသွားလိုက်သည်။ သူ့ကိုယ်ပေါ်မှ အရှိန်အဝါကလည်း တဖြည်းဖြည်း အားနည်းလာကာ နောက်ဆုံးတွင် လုံးဝပျောက်ကွယ်သွားသည်။ ထို့ပြင် သူ၏ အသက်အငွေ့အသက်ကလည်း ပျောက်ကွယ်သွားသည်။ သို့သော် သူက နှေးမသွားဘဲ ကန္တရာ မီးမြေခွေးတစ်ကောင်ကဲ့သို့ လျင်မြန်စွာ ပြေးသွားနေပေသည်။
ဂူမူ၏အရှေ့တွင် နတ်ဘုရားစစ်သူကြီးနှစ်ယောက် ရှိနေသည်။ သူတို့နှစ်ယောက်စလုံးက ကောင်းကင်စိတ်အာရုံများ အသုံးပြု၍ ပတ်ဝန်းကျင်ကို ရှာဖွေနေကြသည်။ သို့သော် ဂူမူအတွက် သူတို့၏ ကောင်းကင်စိတ်အာရုံများက အလွန်အားနည်းပေသည်။ ထိုကောင်းကင်စိတ်အာရုံများ ရောက်လာတိုင်း ဂူမူ၏ ခန္ဓာကိုယ်က လင်းလက်လာကာ ကျောက်တုံးအဖြစ် ပြောင်းလဲသွားသည်။ သူထံမှနေ၍ မည်သည့် သက်ရှိအငွေ့အသက်မှ ထွက်မနေပေ။ ထို့ကြောင့် ထိုသာမန်နတ်ဘုရားစစ်သူကြီးများသည် သူ့ကို ရှာမတွေ့ကြချေ။
ကျန်းရီ ပုန်းကွယ်နေခဲ့စဉ်တွင် ဂူမူက တစ်ချိန်လုံး အနီးတွင် ရှိနေခဲ့သည်။ နတ်ဘုရားစစ်သူကြီးများလည်း ရှာဖွေနေခဲ့သော်ငြား မည်သူကမှ ဂူမူကို ရှာမတွေ့ခဲ့ပေ။ ထို့ပြင် သွေးစက်တန်းများဖြင့် ဦးလေးလူကို ကျန်းရီ၏ အဝေးသို့ မျှားခေါ်သွားခဲ့သူမှာလည်း ဂူမူသာဖြစ်ပေသည်။
အစောတွင်လည်း ဂူမူသည် နှစ်မိနစ်၊ သုံးမိနစ်အတွင်းမှာပင် နတ်ဘုရားစစ်သူကြီးများ ဆင်ထားသော အကာအရံကို ဖြတ်ကျော်နိုင်ခဲ့သည်။ ထို့နောက် ကျန်းရီထံမှ ခွင့်ပြုချက်ရသောအခါ ကျန်းရီကို ပုလဲလုံးထဲထည့်၍ သူတစ်ယောက်တည်း ဆက်သွားခဲ့လေသည်။
ဂူမူသည် ကျန်းရီ၏ ညွှန်ကြားချက်များအတိုင်း တိရှစံအိမ် လောမျိုးနွယ်မှ လူများထံသို့ သူက အစီအစဉ်ကို ပြီးမြောက်အောင် ထမ်းဆောင်နိုင်လိုက်ပြီဖြစ်ကြောင်း သတင်းပို့လိုက်သည်။ ထိုလူအားလုံးသည် အစီအစဉ်အတိုင်း နတ်သိမ်းငှက်မြို့သို့ ပြန်နိုင်ပြီဖြစ်သည်။ သို့သော် ဤကိစ္စတစ်ခုလုံးကိုတော့ ဆက်လျှို့ဝှက်ထားရပေမည်။ သူတို့က နတ်ဘုရားလှေကို မသုံးကြပေ။ နတ်ဘုရားလှေနှင့်သွားလျှင် အလွန်ထင်ရှားနေပေလိမ့်မည်။ သူတို့သည် လောချင်းယန်၏ အစီအစဉ်အတိုင်း နတ်သိမ်းငှက်မြို့သို့ တစ်ယောက်စီ လူခွဲ၍ ပြန်ရမည်ဖြစ်သည်။ လမ်းတွင်လည်း စစ်နတ်ဘုရားစံအိမ် လော့မျိုးနွယ်မှ လူများနှင့် ထိပ်တိုက်မတိုးမိစေရန် သတိထားရပေမည်။
ဂူမူ၏ အမြန်နှုန်းက အလွန်လျင်မြန်သည်။ သာမန်နတ်ဘုရားလှေများနှင့် ယှဉ်မည်ဆိုလျှင် သူ၏အမြန်နှုန်းကပင် ပိုမြန်သည်။ သူ၏ ဒဏ်ရာများက ခုနစ်ဆယ်ကျော် ရှစ်ဆယ်ရာခိုင်နှုန်း ပြန်ကောင်းနေပြီဖြစ်သည်။ သို့သော် နောက်ဆယ့်လေးနာရီမှ ဆယ့်ခြောက်နာရီအတွင်း အပြည့်အဝ ပြန်ကောင်းသွားလိမ့်မည်ဟု သူ ခန့်မှန်းထားပေသည်။
ဂူမူသည် နတ်သိမ်းငှက်မြို့ တည်ရှိသည့် အနောက်မြောက်ဘက်သို့ ချက်ချင်း မသွားလိုက်ဘဲ အရင်ဆုံး မြောက်ဘက်သို့သာ ဦးတည်လိုက်သည်။ စစ်နတ်ဘုရားစံအိမ် လော့မျိုးနွယ်မှ လူများက လမ်းတွင် ရောက်နေလောက်ပြီဖြစ်ကြောင်း သူ သိသည်။ အကယ်၍ မြို့သို့ တန်းသွားလိုက်မည်ဆိုလျှင် လမ်းတွင် ထိုလူများနှင့် ထိပ်တိုက်တိုးနိုင်ပေသည်။
ဂူမူက ကွေ့ပတ်သွားမည်ဖြစ်၍ နတ်သိမ်းငှက်မြို့သို့ ပြန်ရောက်ရန် အနိမ့်ဘုံအချိန် ခြောက်ရက်လောက် လိုပေလိမ့်မည်။ ဂူမူက ကြိုးစားပမ်းစား ပြေးနေချိန်တွင် ကျန်းရီက ပုလဲလုံးထဲတွင် အေးအေးဆေးဆေး တင်ပျဉ်ခွေထိုင်နေသည်။
အခြားတစ်ယောက်၏ ဝိညာဉ်ကျွန် ဖြစ်ရခြင်းကပင် အလွန်ရှက်ဖွယ်ကောင်းနေပြီဖြစ်သည်။ ယင်းကို ပိုဆိုးစေသည်မှာကား ကျန်းရီ၏ စိတ်ဝိညာည်က ပုရွက်ဆိတ်လေးတစ်ကောင်ကဲ့သို့ အားနည်းခြင်းပင်။ ယခုတွင် ဂူမူသည် ထိုရှက်ဖွယ်အခြေအနေဖြင့် နတ်သိမ်းငှက်မြို့သို့ ပြန်နေရသည်။ အကယ်၍ တစ်ယောက်ယောက်ကသာ ဖြစ်ပျက်ခဲ့သည်များကို သိသွားလျှင် သူ သေရမည်သာမက သူ၏ဂုဏ်သိက္ခာကလည်း လုံးဝကျဆင်းသွားမည်ဖြစ်သည်။
ဝိညာဉ်ကျွန်တစ်ယောက်က သူ့သခင်၏ အမိန့်များကို မည်သည့်အခါတွင်မှ မဆန့်ကျင်နိုင်ပေ။ ထို့ကြောင့် ဂူမူသည် သတ်သေလိုလျှင်ပင် မသေနိုင်ပါချေ။ ယင်းမှာ ပို၍ပင် ရင်နာရသော အဖြစ်ပင်။ တစ်ဘက်တွင်လည်း ဂူမူသည် ကျန်းရီကို အလျင်စလို မလုပ်ဆောင်ရန် တားလိုနေသည်။ သူက တိရှစံအိမ် လောမျိုးနွယ်မှ မဟုတ်ပေ။ သို့သော် သူက တိရှစံအိမ် လောမျိုးနွယ်အပေါ် သစ္စာစောင့်သိခဲ့သည်မှာ ဆယ်နှစ်ကျော်ခဲ့ပြီဖြစ်သည်။ ထိုဆယ်နှစ်မှာ အထက်ဘုံအချိန် ဆယ်နှစ် ဖြစ်သည်။ ထို့ကြောင့် သူသည် တိရှစံအိမ် လောမျိုးနွယ်အပေါ် အမှန်တကယ် ခင်တွယ်နေပေပြီ။ ထို့ပြင် သူက လောချင်းယန် ကြီးပြင်းလာသည်ကိုလည်း ကြည့်ခဲ့ရသည်။ ယခုတွင်မူ သူသည် ကျန်းရီကို ကူညီ၍ သူမကို ဓားစာခံအဖြစ် ဖမ်းရပေတော့မည်။
ကျန်းရီသည် နတ်သိမ်းငှက်မြို့သို့ ပြန်ရောက်သည်အထိ ဂူမူက အခြားနည်းလမ်းတစ်ခုကို မစဉ်းစားနိုင်သေးလျှင် သူ့အစီအစဉ်အတိုင်း လုပ်ဆောင်မည်ဟု ပြောခဲ့သည်။ အကယ်၍ သူတို့က လောချင်းယန်ကို ဓားစာခံအဖြစ် ဖမ်းလိုက်လျှင် နောက်ပြန်လှည့်၍ ရတော့မည် မဟုတ်ပေ။ ဂူမူသိသည့် မြို့အရှင်လော၏ အကျင့်စရိုက်အရဆိုလျှင် သူတို့နှစ်ယောက်က သေချာပေါက် သေရမည်ဖြစ်သည်။
ထို့ကြောင့် ဂူမူတစ်ယောက် အသည်းအသန် တွေးတောနေပေသည်။ သူ မည်မျှ စိတ်ဓာတ်ကျနေပါစေ ကျန်းရီကို ကူညီနိုင်မည့် နည်းလမ်းတစ်ခုကို ရအောင်စဉ်စားရပေမည်။ ထိုမှသာ ကျန်းရီအတွက်ရော သူ့အတွက်ပါ ကောင်းမည်ဖြစ်သည်။
သို့သော်...
ဤအခြေအနေတွင် ဖြေရှင်းနည်းတစ်ခု ရှာရန်မှာ မလွယ်ကူပေ။ လောမျိုးနွယ်နှင့် လော့မျိုးနွယ်တို့က အလွန်အင်အားကြီးပေသည်။ အနိမ့်ဘုံအချိန် ငါးရက်ကြာပြီးနောက်တွင်ပင် ဂူမူသည် အခြားနည်းလမ်းကို မစဉ်းစားနိုင်သေးပေ။ ယခုတွင် သူ့အရှေ့၌ နတ်သိမ်းငှက်မျိုးနွယ်စု ရှိနေပေပြီ။ သူတို့ နတ်သိမ်းငှက်မျိုးနွယ်စုကို ရောက်သည်နှင့် အရူးကျန်းရီက သူ့အစီအစဉ်ကို ချက်ချင်း အကောင်အထည်ဖော်ပေလိမ့်ည်။
ထို့ကြောင့် ဂူမူသည် နောက်ဆုံးမျှော်လင့်ချက်ကို ဆုပ်ကိုင်၍ ဟွင့်သွမ့်ချီပုလဲလုံးထဲသို့ အသံပို့လွှတ်လိုက်ကာ ကျန်းရီကို ဖျောင်းဖျလိုက်သည်။
“သခင်... ကျွန်တော် တခြားနည်းလမ်း မစဉ်းစားနိုင်ပါဘူး။ ဒါပေမဲ့... သခင်ရဲ့နည်းလမ်းအတိုင်းလည်း မလုပ်သင့်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ပုန်းစရာနေရာတစ်ခု ရှာပြီးမှ ဘာဆက်လုပ်မယ်ဆိုတာကို ဖြည်းဖြည်းချင်း စဉ်းစားကြတာပေါ့”
“ဘာကို ဖြည်းဖြည်းချင်း စဉ်းစားရမှာလဲ”
ကျန်းရီသည် ဟွင့်သွမ့်ချီပုလဲလုံးထဲမှနေ၍ ယုံကြည်မှုရှိရှိ အော်ပြောလိုက်သည်။
“ကျွန်တော်က အစီအစဉ်တစ်ခုကို စဉ်းစားပြီးသွားပြီ။ အဲ့အစီအစဉ်အတိုင်း လုပ်ဖို့လည်း ဆုံးဖြတ်ပြီးပြီ။ အဲ့တော့ အပိုတွေ ပြောမနေနဲ့တော့။ ကျွန်တော်တို့ ကျွန်တော့်အစီအစဉ်အတိုင်း လုပ်ကြမယ်။ လောချင်းယန်က ကျွန်တော့်ကို ကစားနေခဲ့တာ ကြာပြီ။ အခု ကျွန်တော့်အလှည့်ပဲ”
***