ရန်သူ တိုက်ခိုက်ပြီ
Vol. 96 Ch. 1338
လောချင်းယန်က နတ်သိမ်းငှက်မျိုးနွယ်စုထဲတွင် မဟုတ်ဘဲ နတ်သိမ်းငှက်မြို့ထဲတွင် ဖြစ်သည်။ တိရှစံအိမ် လောမျိုးနွယ်မှ လူများသည် အစီအစဉ်က အောင်အောင်မြင်မြင် ပြီးမြောက်ခဲ့ကြောင်း သတင်းပို့ထားပြီးပေပြီ။ အားလုံးသည် သူတို့၏ အိမ်များသို့ လျှို့ဝှက်၍ ပြန်လာနေကြပြီဖြစ်သည်။ လောချင်းယန်သည်လည်း စစ်နတ်ဘုရားစံအိမ် လော့မျိုးနွယ်၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေသည်။ သူမသည် မြို့ကို ထိန်းချုပ်ကာ အရာအားလုံး အဆင်ပြောချောမွေ့နေအောင် လုပ်ထားရသည်။
ထို့ပြင် မြို့အရှင်သည် မကြာသေးခင်ကမှ သိမ်းငှက်ပြာစီရင်စုနယ်၏ မြို့တော်သို့ ထွက်သွားသည်။ သိမ်းငှက်ပြာစီရင်စုနယ်သို့ အရေးကြီးပုဂ္ဂိုလ်အချို့ ရောက်လာမည်ဖြစ်သဖြင့် စီရင်စုနယ်အရှင်က မြို့အရှင်အားလုံးကို စုဝေးရန် ဆင့်ခေါ်ခဲ့ခြင်းပင်။ ထို့ကြောင့် မြို့အရှင်လောလည်း ဆင့်ခေါ်ခံခဲ့ရသည်။ မြို့အရှင်လော မရှိသဖြင့် လောချင်းယန်တစ်ယောက် ပို၍ သတိထားနေရသည်။ နတ်သိမ်းငှက်မြို့မှ မြို့စောင့်တပ်က အင်အားသိပ်မကြီးပေ။ လောမျိုးနွယ်ရဲတိုက်ဝန်းထဲတွင် နေပါမှ သူမလုံခြုံရေးက သေချာမည်ဖြစ်သည်။
ဉာဏ်ကောင်းသူများသည် သူတို့ကိုယ်သူတို့ အန္တရာယ်ထဲ အရောက်ခံမည် မဟုတ်ပေ။
လက်ရှိအခိုက်တွင် လောချင်းယန်က လောမျိုးနွယ်ရဲတိုက်ဝန်း၏ အနောက်ခြံဝန်းထဲရှိ ဥယျာဉ်တစ်ခုထဲတွင် ထိုင်နေသည်။ သူမက ကျောက်စိမ်းဖြူပုလွေလေးကို ကိုင်၍ မှုတ်နေသည်။ ဥယျာဉ်ထဲတွင် စည်းချက်ကျသော ဂီတသံလေးများ ပြည့်နှက်နေသည်။ သူမက သူမ၏ဂီတဖြင့် ငိုရှိုက်နေသကဲ့သို့ပင်။ ပုလွေမှုတ်နေသော သူမ၏ပုံစံလေးက အလွန်လှပပေသည်။ သူမ၏ မျက်ဝန်းလေးများက ရီဝေနေသည်။ သူမ၏ ထိုပုံစံကို တွေ့လိုက်ရသော ယောက်ျားတိုင်းက သေချာပေါက် ယစ်မူးသွားပေလိမ့်မည်။
တေးသွားဆုံးသွားသောအခါ လောချင်းယန်က ပုလွေကို ချလိုက်၏ သူမ၏ မျက်ဝန်းများကလည်း ပြန်ကြည်လင်လာသည်။ သူမသည် ခပ်လှမ်းလှမ်းရှိ ပွင့်ဖူးနေသော နီလာပန်းပင်များကို ကြည့်ကာ ပြုံး၍ ရေရွတ်လိုက်သည်။
“အခုလောက်ဆို စစ်နတ်ဘုရားစံအိမ် လောမျိုးနွယ်ရဲ့ နတ်ဘုရားဘုရင်တွေက မီးကန်ကို ရောက်နေလောက်ရောပေါ့။ ဂူမူ ချန်ခဲ့တဲ့ သဲလွန်စတွေကိုလည်း ရှာတွေ့လောက်ပြီထင်တယ်။ မကြာခင် စစ်နတ်ဘုရားစံအိမ်က မိစ္ဆာသတ်ဖြတ်စံအိမ်ကို သွားရှာလိမ့်မယ်။ ဂူမူလည်း အပြန်လမ်းမှာ ရောက်နေလောက်ပြီ။ အကုန်လုံးက ချောချောမောမောပဲ...”
“ဆိုးတာက ဒီမှာ အဖေ ရှိမနေတာပဲ။ တကယ်လို့ တစ်ခုခု မှားသွားရင် ခုခံဖို့အတွက် ငါတို့ဘက်မှာ စွမ်းအားကြီး သိုင်းသမားတစ်ယောက် လျော့နေလိမ့်မယ်။ ဒါပေမဲ့ အဲ့ဒါကလည်း အဆင်ပြေပါတယ်။ ငါတို့က ဘာသဲလွန်စမှ ချန်ခဲ့တာမှ မဟုတ်တာ။ ငါ့ရဲ့အစီအစဉ်အရဆို စစ်နတ်ဘုရားစံအိမ်က မိစ္ဆာသတ်ဖြတ်စံအိမ်ကိုပဲ သံသယဝင်မှာပဲ... ဟင်းဟင်း...”
“ကျန်းရီ...”
လောချင်းယန်သည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားပြီး ခပ်လှောင်လှောင်ပြုံးလိုက်သည်။
“ကျွန်မကို အပြစ်မတင်ပါနဲ့။ ရှင် တစ်ယောက်ယောက်ကို အပြစ်တင်ချင်ရင် လောဘကြီးမိတဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်လိုက်ပေါ့။ ရှင့်လို ပုရွက်ဆိတ်လေးက စစ်နတ်ဘုရားစံအိမ် လော့မျိုးနွယ်နဲ့ သွားရှုပ်ချင်တာလား။ ရှင် အနှေးနဲ့အမြန်ဆိုသလို သေမှာပဲ။ ရှင် သေတော့ရော ကျွန်မအတွက် ဘာဆုံးရှုံးစရာရှိလဲ”
***
ကျန်းရီက မသေပေ။ ယခုတွင် သူသည် နေ့ခင်းကြောင်တောင်မှာပင် နတ်သိမ်းငှက်မြို့ထဲသို့ ဝင်လာပေပြီ။ သူသည် အမြစ်မဲ့ရေစင်ကို အသုံးပြု၍ သူ၏ ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်၏ အစွမ်းကို တိုးမြှင့်ထားသည်။ သူ၏ လက်ရှိပုံစံက တိရှစံအိမ်မှ သာမန်နတ်ဘုရားစစ်သူကြီးတစ်ယောက်၏ပုံစံ ဖြစ်နေသည်။ သူသည် ဂူမူနှင့်အတူ မြို့ထဲသို့ ဝင်ခဲ့ခြင်းပင်။ မြို့ထဲတွင် သိုင်းသမားများကို လေဟာနယ်နတ်ဘုရားအသုံးအဆောင်များထဲ ထည့်၍ သယ်ဆောင်ခွင့်မရှိသဖြင့် ကျန်းရီ အပြင်သို့ ထွက်လိုက်ရခြင်းဖြစ်သည်။ ခိုး၍ဝင်မည်ဆိုလျှင်လည်း မြို့ဂိတ်တံခါးရှိ စွမ်းအားကြီး အကာအရံက သူ့ကို အသုံးအဆောင်ထဲမှ အပြင်သို့ တွန်းထုတ်ပစ်လိုက်မည်သာ။
ထိုစည်းမျဉ်းမှာ စွမ်းအားကြီး သိုင်းသမားများက စစ်တပ်များကို မြို့ထဲသို့ လျှို့ဝှက်၍ ခေါ်မလာနိုင်စေရန် ထုတ်ပြန်ထားသော စည်းမျဉ်းဖြစ်သည်။ တိရှဘုံ၏ သမိုင်းတွင် ထိုကဲ့သို့သော ကိစ္စများ ဖြစ်ပျက်ခဲ့ဖူးသည်။ တမလွန်ဘုံ၏ ထိန်းချုပ်မှုကို ခံထားရသော စွမ်းအားကြီး သိုင်းသမားများသည် အားကောင်းသော လေဟာနယ်နတ်ဘုရားအသုံးအဆောင်များကို အသုံးပြု၍ အင်အားသောင်းချီသော စစ်တပ်များကို မြို့များထဲသို့ ခေါ်ဆောင်လာခဲ့ဖူးသည်။ ရန်သူများက မြို့ထဲသို့ ရောက်သည်နှင့် မြို့က အလွယ်တကူ ကျရှုံးသွားတော့မည် မဟုတ်ပါလား။
ထိုစည်းမျဉ်းအပြင် တိရှစံအိမ် လောမျိုးနွယ်၏ ရဲတိုက်ဝန်းထဲတွင် နတ်ဘုရားဘုရင်များစွာ ရှိသည်ဟုလည်း ဂူမူက ပြောသည်။ အကယ်၍ သူတို့က သူ့လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲတွင် သက်ရှိအငွေ့အသက်ကို အာရုံခံမိသွားလျှင် သေချာပေါက် ပြဿနာတက်သွားမည်ဖြစ်သည်။ သူနှင့် ကျန်းရီကြားမှ ပတ်သတ်မှုကလည်း ချက်ချင်းပေါ်သွားပေလိမ့်မည်။ သို့ဆိုလျှင် သူတို့သည် လောချင်းယန်အနား မကပ်နိုင်သေးခင်မှာပင် အသတ်ခံလိုက်ရနိုင်ပေသည်။
အကယ်၍ ကျန်းရီက တိရှစံအိမ်မှ သာမန်နတ်ဘုရားစစ်သူကြီးတစ်ယောက်အဖြစ် ရုပ်ဖျက်ထားမည်ဆိုလျှင်မူ သူတို့ အလွယ်တကူ ပေါ်သွားမည် မဟုတ်ချေ။
ကျန်းရီ၏ စိတ်ဝိညာဉ်က အမြစ်မဲ့ရေစင်၏ အာနိသင်အကျိုးကို ခံစားနေရဆဲဖြစ်သည်။ နတ်ဘုရားဘုရင်များပင် သူ့ကို ခွဲခြားနိုင်ရန် ခက်ခဲပေလိမ့်မည်။ သို့သော် စေ့စေ့စပ်စပ် စစ်ဆေးလျှင်တော့ သူမည်သူဖြစ်ကြောင်း သိသွားနိုင်ပေသည်။ မည်သို့ပင်ဖြစ်စေ ဂူမူက တိရှစံအိမ်တွင် ဂုဏ်သိက္ခာကြီးသော အကြီးအကဲဖြစ်၍ သူနှင့်အတူ ပါလာသောလူကို မည်သူကမှ စေ့စေ့စပ်စပ် စစ်ဆေးနေကြမည်မဟုတ်ပေ။ ထို့ပြင် လောချင်းယန်ကိုယ်တိုင် ဂူမူကို တာဝန်တစ်ခုအတွက် အပြင်သို့ စေလွှတ်လိုက်ခြင်းဖြစ်ကြောင်းကို နတ်ဘုရားဘုရင်များက သိထားကြပေသည်။
ဂူမူက ကျန်းရီကို သူ၏ရဲတိုက်ထဲတွင်သာ စောင့်နေရန်ပြောသည်။ လောချင်းယန်ကို သူတစ်ယောက်တည်းသာ သွားဖမ်းမည်ဖြစ်သည်။ ယင်းက သူတို့၏ လုံခြုံရေးအတွက် အသင့်တော်ဆုံးနည်းလမ်းဖြစ်သည်။
သို့သော် ကျန်းရီက အလွန်စိုးရိမ်နေသည်။ ဂူမူက လောချင်းယန်အပေါ် သံယောဇဉ်ရှိကြောင်း သူ တွေ့နိုင်သည်။ ထို့ပြင် လောချင်းယန်က အလွန်ဉာဏ်ကောင်းသူဖြစ်သည်။ အကယ်၍ သူမက တစ်စုံတစ်ခု မှားနေကြောင်း သတိပြုမိသွားလျှင် ကျန်းရီ ရှိမနေပါက သူတို့၏ အားထုတ်မှုအားလုံး သဲထဲရေသွန် ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် သူ စွန့်စားရန် လိုအပ်ပေသည်။
တိရှစံအိမ် လောမျိုးနွယ်က မြို့၏ မြောက်ပိုင်းတွင် နေထိုင်သည်။ လမ်းတစ်လျှောက်တွင် ဂူမူက အရှေ့မှ ဦးဆောင်သည်။ ထို့ကြောင့် သူတို့နှစ်ယောက်သည် မည်သည့် ပြဿနာနှင့်မှ မကြုံခဲ့ရပေ။ နတ်သိမ်းငှက်မြို့က သာမန်မြို့တစ်မြို့ကဲ့သို့ပင်။ နတ်သိမ်းငှက်မျိုးနွယ်စုကမူ ရွာကြီးတစ်ရွာနှင့် ပိုတူသည်။ ထို့ပြင် ၎င်းတို့၏ အရွယ်အစားက တူညီသော်လည်း မြို့ထဲတွင် မျိုးနွယ်စုထက် လူများ အဆရာချီ၊ ထောင်ချီ ပိုများပေသည်။
မြို့ထဲရှိ အိမ်အားလုံးက ခမ်းနားထည်ဝါကြသည်။ ၎င်းတို့က အရောင်အသွေးလည်း စုံလင်လှရာ မျက်စိပသာဒ ဖြစ်စေပေသည်။ လမ်းများက ကျယ်ဝန်းပြီး ရှုခင်းများက လှပသည်။ မျိုးနွယ်စုထဲတွင် နေရာတိုင်း၌ သာမန်နတ်ဘုရားများကို တွေ့ရသည်။ သို့သော် မြို့ထဲတွင်မူ အဆင့်အနိမ့်ဆုံး သိုင်းသမားပင် နတ်ဘုရားစစ်သူကြီးအဆင့် ရှိပေသည်။ လူများသည် မိစ္ဆာသတ်ဖြတ်စံအိမ်၊ တိရှစံအိမ်နှင့် စစ်နတ်ဘုရားစံအိမ်တို့၏ ချုပ်ဝတ်များ သို့မဟုတ် ဈေးကြီးသော အဝတ်အစားများကိုသာ ဝတ်ဆင်ထားကြသည်။ သူတို့၏ အရှိန်အဝါများကလည်း ထူးကဲကြပေသည်။
‘လူတွေက မြို့ထဲကို ပြောင်းချင်ကြတာ မထူးဆန်းတော့ပါဘူး။ ဒီနေရာက တကယ့်ကို ခမ်းနားတာပဲ။ ဒီကလူတွေကလည်း အဆင့်အတန်းတစ်ခုရှိတဲ့ လူတွေချည်းပဲဆိုတာ သိသာတယ်။ ပြီးတော့ ဒီမြို့က မျိုးနွယ်စုအထက်က လေထဲမှာ တည်ရှိနေတာ။ မျိုးနွယ်စုထဲက လူတွေကို မြို့ထဲ ပြောင်းရွှေ့လာချင်စိတ်ပေါ်အောင် အဲ့လိုမျိုး တမင်လုပ်ထားတာ ဖြစ်မယ်’
ကျန်းရီသည် စိတ်ထဲမှ ရေရွတ်လိုက်၏။ သူက လမ်းတစ်လျှောက်တွင် ခေါင်းငုံ့၍သာ လာခဲ့သည်။ အခြားသိုင်းသမားများကို သူ ကြာရှည်ငေးမကြည့်ဝံ့ပေ။ သူတို့က သူ၏ရုပ်ဖျက်ထားမှုကို ဖောက်မြင်သွားမည်ကို သူ စိုးရိမ်ပေသည်။
မြို့ထဲတွင် ဂူမူက အမှန်ပင် ကျော်ကြားပေသည်။ လမ်းတွင်တွေ့သော လူများက သူ့ကို နှုတ်ဆက်ကြသည်။ ဂူမူသည် ခေါင်းညိတ် အသိအမှတ်ပြုပြီး ကျန်းရီကိုဦးဆောင်ကာ မြောက်ပိုင်းသို့သာ ဦးတည်သွားနေသည်။
‘လော့အိမ်တော်’
ကျန်းရီ၏ အရှေ့တွင် ဧရာမဂိတ်တံခါးကြီးတစ်ခု ပေါ်လာသည်။ လေညင်းကဲ့သို့ ညင်သာသော ကောင်းကင်စိတ်အာရုံများစွာက သူ့ကို ပွတ်တိုက်သွား၏။ ကျန်းရီသည် ထိုကောင်းကင်စိတ်အာရုံများ၏ အားကောင်းမှုကို ခံစားလိုက်ရသည်။ သို့သော် ၎င်းတို့သည် ဂူမူကို အာရုံခံမိသောအခါ ချက်ချင်း နောက်ပြန်ဆုတ်သွားကြပေသည်။ မည်သည့်ကောင်းကင်စိတ်အာရုံကမှ ကျန်းရီကို အာရုံခံမနေတော့ပေ။
“နှုတ်ခွန်းဆက်ပါတယ် တပ်မှူးဂူ”
ဂိတ်တံခါး ပွင့်သွားပြီး အိမ်တော်စောင့် နတ်ဘုရားစစ်သူကြီးဆယ်ယောက်လောက် ထွက်လာသည်။ သူတို့သည် ဂူမူကို မြင်သောအခါ ဦးညွှတ်လိုက်ကြသည်။ ဂူမူက မျက်နှာထားတည်တည်ဖြင့် အေးစက်စက် မေးလိုက်သည်။
“သခင်မလေးရှိလား”
“သူက ချင်းယန်စံအိမ်ထဲမှာပါ”
နတ်ဘုရားစစ်သူကြီးတစ်ယောက်က ချက်ချင်း ပြန်ဖြေသည်။ ဂူမူသည် မည်သို့မှ ပြန်မပြောဘဲ ကျန်းရီကိုခေါ်ကာ အိမ်တော်ထဲသို့ ဝင်သွားလိုက်သည်။ သူတို့သည် လျှောက်လာရင်းဖြင့် မြေကွက်လပ်တစ်ခုနားသို့ ရောက်လာ၏။ ကင်းလှည့်နေသော အစောင့်အချို့က သူတို့ထံသို့ လျှောက်လာကြသည်။ ဂူမူက သူတို့ထံသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်၏။ ထို့ကြောင့် ကျန်းရီ ရင်တုန်သွားသည်။
“နှုတ်ခွန်းဆက်ပါတယ်... တပ်မှူးဂူ”
ကင်းလှည့်အစောင့်များက ဂူမူကို ဦးညွှတ်လိုက်ကြသည်။ သို့သော် ဂူမူက သူတို့ကို မမြင်ဟန်ပြုကာ အရှေ့သို့ ဆက်လျှောက်သွားသည်။ ထိုမှ ကျန်းရီ သက်ပြင်းချလိုက်ရပြီး ဂူမူအနောက်သို့ ခပ်သွက်သွက် လိုက်သွားလိုက်သည်။ တိရှစံအိမ် လောမျိုးနွယ်တွင် ဂူမူက အမှန်ပင် အဆင့်အတန်းမြင့်ပုံပင်။ သာမန်နတ်ဘုရားစစ်သူကြီးများသည် သူ့ကို လာမရှုပ်ဝံ့ကြပေ။
“ကျွန်တော်တို့ အနောက်ခြံဝန်းထဲကို ရောက်တာနဲ့ သတိထားပါ။ အဲ့မှာ နတ်ဘုရားဘုရင် ဆယ်ပါးလောက်နဲ့ အထွတ်အထိပ်အဆင့် နတ်ဘုရားဘုရင် တစ်ပါး ရှိတယ်။ ပြီးတော့ မြို့အရှင်ကလည်း အနောက်ခြံဝန်းမှာ နေတာပဲ။ မြို့အရှင်နဲ့ အထွတ်အထိပ်အဆင့် နတ်ဘုရားဘုရင်က သခင့်ကို သတိမပြုမိဘူးဆိုရင် သခင် ချင်းယန်စံအိမ်ထဲကို ဝင်သွားနိုင်ပါတယ်။ တကယ်လို့ သူတို့က သခင့်ကို သိသွားရင်တော့ ကျွန်တော်တို့ သေချာပေါက် သေပါပြီ”
ဂူမူက ကျန်းရီထံသို့ အသံပို့လွှတ်လိုက်သည်။ ကျန်းရီ ထပ်မံ၍ တောင့်တင်းသွားသည်။ သူတို့က တိရှစံအိမ် လောမျိုးနွယ်ထဲတွင် ရှိနေသည်။ ဤနေရာက အပြင်လောကနှင့် ကွာခြားသည်။ လောမျိုးနွယ်သည် သူတို့၏ပိုင်နက်ထဲတွင် သူတို့ကြိုက်သည့်သူကို သတ်နိုင်သည်။ အခြားသူများက မည်သို့မှ ဝင်ပြောပိုင်ခွင့် မရှိပေ။ ဤနေရာက သူတို့၏ ပိုင်နက် မဟုတ်ပါလား။
ဂူမူနှင့် ကျန်းရီတို့သည် အနောက်ခြံဝန်းဆီသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားကြ၏။ သူတို့ ခြံဝန်းတံခါးသို့ ရောက်သောအခါ ကောင်းကင်စိတ်အာရုံများက သူတို့အပေါ်သို့ ရောက်ရှိလာလေသည်။ ဤတစ်ကြိမ်တွင် ကျန်းရီ အစွမ်းကုန်သုံးနေရသည်။ သူသည် မျက်နှာထားတည်တည်ထားကာ စိတ်ကို ရှင်းထားသည်။ သူသည် မည်သည်ကိုမှ တွေးတောမနေပေ။ သူတို့က ဤအဆင့်အထိ ရောက်လာပြီဖြစ်ရာ နောက်ပြန်လှည့်၍ မရတော့ချေ။
“ငါ ပြန်လာပြီလို့ သခင်မလေးကို သတင်းသွားပို့လိုက်”
ဤတစ်ကြိမ်တွင် ဂူမူသည် စိတ်တိုင်းကျ ဝင်မသွားတော့ပေ။ လူများသည် ဤနေရာတွင် စိတ်တိုင်းကျ ဝင်ထွက်ခွင့် မရှိချေ။ ဂူမူက လက်ဝှေ့ယမ်း၍ ပြောလိုက်ရာ တံခါးစောင့် နတ်ဘုရားစစ်သူကြီးတစ်ယောက်က အထဲသို့ ဝင်သွားသည်။ ထိုအခိုက်တွင် စွမ်းအားကြီး အရှိန်အဝါတစ်ခုက သူတို့အပေါ်သို့ ကျရောက်လာ၏။ ယင်းအရှိန်အဝါမှာ အထွတ်အထိပ်အဆင့် နတ်ဘုရားဘုရင်၏ အရှိန်အဝါဖြစ်ကြောင်း သံသယဖြစ်စရာ မရှိပေ။ သူ၏ ကောင်းကင်စိတ်အာရုံက အလွန်အားကောင်းပေသည်။ တပ်မှူးဂူ၏ ကောင်းကင်စိတ်အာရုံနှင့် ယှဉ်လျှင်ပင် ထိုကောင်းကင်စိတ်အာရုံက အဆများစွာ ပိုအားကောင်းသည်။ ကျန်းရီသည် ထိုကောင်းကင်စိတ်အာရုံကို ခံစားလိုက်ရသောအခါ သူ၏ရုပ်ဖျက်ထားမှု ပေါ်သွားတော့မည်ဟု တွေးမိသွားသည်။
“တပ်မှူးဂူ ဝင်ခဲ့ပါ”
နူးညံ့သော အသံလေးတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံမှာ လောချင်းယန်၏အသံပင်။ သူမ စကားပြောလိုက်သည့် အခိုက်တွင် စွမ်းအားကြီး ကောင်းကင်စိတ်အာရုံက ပျောက်ကွယ်သွားသည်။ ယခုတွင် ကျန်းရီ၏ လက်ဖဝါးက ချွေးစို့နေပြီဖြစ်သည်။ ဤကဲ့သို့သော အချိန်မျိုးတွင် လောချင်းယန်က သူ့ကို ကယ်လိုက်လိမ့်မည်ဟု သူ မျှော်လင့်မထားပေ။
ဂူမူသည် မျက်ခုံးကို ပွတ်၍ ခပ်သွက်သွက် ဝင်သွားလိုက်၏။ ကျန်းရီသည်လည်း အနောက်မှ သွက်သွက်လက်လက် လိုက်ဝင်လိုက်သည်။ ထို့နောက် သူတို့သည် အုတ်ခင်းလမ်းမှနေ၍ အဖြူရောင်ရဲတိုက်လေးတစ်လုံးဆီသို့ လျှောက်သွားလိုက်ကြသည်။ ကျန်းရီ၏ အသက်ရှူသံက မြန်လာပေပြီ။ သူ အလွန်စိတ်လှုပ်ရှားနေသည်။ သူတို့သည် ချင်းယန်စံအိမ်၏ အရှေ့ခန်းမကို ဖြတ်ကာ အနောက်ခြံဝန်းထဲသို့ သွားလိုက်သည်။ အနောက်ခြံဝန်းထဲတွင် မိန်းမလှလောချင်းယန်က အဖြူရောင်ကျောက်သားခုံလေးပေါ်၌ ထိုင်နေသည်ကို တွေ့ရ၏။ နောက်ဆုံးတွင် ကျန်းရီ၏ ရင်ထဲမှ အလုံးကြီး ကျသွားပေပြီ။ သူ၏ မျက်ဝန်းများကလည်း ရုတ်ခြည်း တောက်ပလာသည်။
“အန်...”
လောချင်းယန်သည် ကျန်းရီကို မြင်မြင်ချင်း မမှတ်မိပေ။ သို့သော် ကျန်းရီ၏ အကြည့်က သူမကို ဆွဲဆောင်နေသည်။ သူမသည် ကျန်းရီနှင့် အကြည့်ချင်းဆုံသွားသောအခါ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ ထို့နောက် သူမသည် မယုံနိုင်သော မျက်ဝန်းများဖြင့် မြန်နိုင်သမျှ အမြန်ဆုံး အော်ပြောလိုက်သည်။
“ရန်သူ တိုက်ခိုက်ပြီ...”
***