← Chapters

ရှင် တောင်းဆိုချင်တာကို ပြောပါ

Vol. 96 Ch. 1339

ရှင် တောင်းဆိုချင်တာကို ပြောပါ

Vol. 96 Ch. 1339

လောချင်းယန်၏ အော်သံက အနောက်ခြံဝန်းထဲရှိ စွမ်းအားကြီး သိုင်းသမားများကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။ လောချင်းယန်မှာ မြို့အရှင်လော၏ တစ်ဦးတည်းသောသမီးဖြစ်သည်။ ထို့ပြင် မြို့အရှင်က လောချင်းယန်၏ အသက်ကို သူ့အသက်ထက်ပို၍ အလေးထားသည်။ အရေးအကြီးဆုံးမှာကား လောချင်းယန်က လှပကာ ဉာဏ်ထက်မြတ်သူတစ်ယောက် ဖြစ်နေခြင်းပင်။ သူမက ငယ်ရွယ်သေးသည်။ အထက်ဘုံအချိန်နှင်ဆိုလျှင် သူမသည် အသက်နှစ်ဆယ်သာ ရှိသေးသည်။ သို့သော် နတ်ဘုရားစစ်သူကြီးအဆင့်သို့ပင် ရောက်နေပေပြီ။

တိရှစံအိမ် လောမျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားအားလုံးသည် လောချင်းယန်ကို မျက်နှာသာပေးကြကာ သူတို့၏ ဆက်ခံသူအဖြစ် ပျိုးထောင်ခဲ့ကြသည်။ ထို့ကြောင့်လည်း မြို့အရှင်လောသည် သူ မရှိခိုက်တွင် လောချင်းယန်ကို စောင့်ရှောက်ရန် အထွတ်အထိပ်အဆင့် နတ်ဘုရားဘုရင်ကို ချန်ခဲ့ခြင်းဖြစ်သည်။

ဝှစ်...ဝှစ်...

နတ်ဘုရားဘုရင်ဆယ်ပါးက လေထဲသို့ ရုတ်ခြည်းပျံတက်လိုက်ကြ၏။ သူတို့၏ လှုပ်ရှားမှုများက ပျားအုံတစ်အုံ ပေါက်ကွဲသွားပုံနှင့်ပင် ဆင်တူပေသည်။ မရေမတွက်နိုင်သော နတ်ဘုရားစစ်သူကြီးများကလည်း ကျန်းရီထံသို့ ပျံသန်းလာကြသည်။ ဆယ်ချီသော ရှိန်လောက်ဖွယ် အရှိန်အဝါများက ချင်းယန်စံအိမ်တစ်ခုလုံးကို လွှမ်းခြုံထားပေသည်။

‘လခွမ်း...’

ကျန်းရီသည် လောချင်းယန်က ထိုမျှမြန်မြန် တုံ့ပြန်လိမ့်မည်ဟု ထင်မထားပေ။ သူတို့က အကြည့်တစ်ချက်သာ ဖလှယ်ရသေးသော်လည်း သူမက တစ်စုံတစ်ခု မှားနေပြီဖြစ်ကြောင်း ချက်ချင်း သိသွားခဲ့လေသည်။ ကျန်းရီက အမြစ်မဲ့ရေစင်ကို အသုံးပြုထားသည်။ သာမန်နတ်ဘုရားဘုရင်များသည်ပင် သူ၏ရုပ်ဖျက်ထားမှုကို ဖောက်မြင်နိုင်မည် မဟုတ်ပေ။ သို့သော် လောချင်းယန်က အဘယ်သို့ သူ၏ရုပ်ဖျက်ထားမှုကို ဖောက်မြင်နိုင်ခဲ့ခြင်းနည်း။

အမှန်တွင်...

ပြဿနာမှာ အမြစ်မဲ့ရေစင်ဖြစ်သည်။ လောချင်းယန်က ကျန်းရီကို ချက်ချင်းသိသွားခြင်းမှာ ထိုအမြစ်မဲ့ရေစင်ကြောင့်ဖြစ်သည်။ သူမက ရေစင်ကို တစ်ခုခု လုပ်ခဲ့ခြင်းပင်။ အဆိပ်ခတ်ခဲ့ခြင်းတော့မဟုတ်။ အထူးအမှုန့်တစ်မျိုး ထည့်ခဲ့ခြင်းသာ။ ထိုအမှုန့်ကြောင့် သူမက ကျန်းရီကို အလွယ်တကူ သိခဲ့ခြင်းဖြစ်သည်။ သူမသည် ကျန်းရီက မိစ္ဆာမီး‌တောက်တောင်သို့ ရောက်ပြီးနောက် ထွက်ပြေးမည်ကို စိုးရိမ်သဖြင့် အကယ်၍ တစ်ခုခု ဖြစ်လာလျှင် ကျန်းရီကို အလွယ်တကူ ရှာနိုင်ရန်အတွက် အမြစ်မဲ့ရေစင်ထဲတွင် အမှုန့်တစ်မျိုး ထည့်ခဲ့ခြင်းဖြစ်ပေသည်။

ထူးဆန်းသည်မှာ ဂူမူက ထိုအကြောင်းကို မသိခဲ့ခြင်းပင်။ လောချင်းယန်သည် သူ့ကို ပုလဲလုံးတစ်လုံးသာပေး၍ အကယ်၍ ကျန်းရီ ပျောက်သွားလျှင် ထိုပုလဲလုံးကိုသုံး၍ ရှာရန်သာ ပြောခဲ့သည်။ သို့သော် အစမှ အဆုံးအထိ ကျန်းရီက ပျောက်မသွားခဲ့ပေ။ ထို့ပြင် ဂူမူက ဝိညာဉ်ကျွန် ဖြစ်ရခြင်းအတွက် စိတ်ဓာတ်ကျနေခဲ့ရာ ထိုအကြောင်းကို တွေးပင် မတွေးမိခဲ့ချေ။

လောချင်းယန်က သူ့ကို သိသွားပြီဖြစ်သော်လည်း ကျန်းရီက လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ ရုတ်ခြည်းပင် သူသည် ဆုံးဖြတ်ချက်ချ၍ အော်ပြောလိုက်သည်။

“ဂူမူ သူတို့ကိုတားလိုက်”

ဝှစ်...

ကျန်းရီက လောချင်းယန်ထံသို့ ဦးတည်သွားလိုက်သည်။ ဂူမူသည် ဝိညာဉ်ကျွန်တစ်ယောက် ဖြစ်နေပြီဖြစ်၍ ကျန်းရီ၏ အမိန့်များကို မဆန့်ကျင်ဝံ့ပေ။ ကျန်းရီက မည်သည့်အရာကို လုပ်လိုခြင်းဖြစ်ကြောင်း သူသိသည်။ ထို့ကြောင့် ထိုအခိုက်တွင် သူ အလွန်ထိတ်လန့်နေပေသည်။ သို့သော် သူ လေထဲသို့ ခုန်တက်လိုက်ပြီး သတ္တုတုတ်ကို ထုတ်လိုက်သည်။ ထို့နောက် အရှေ့ဆုံးမှ ဦးဆောင်လာသော အထွတ်အထိပ်အဆင့် နတ်ဘုရားဘုရင်ထံသို့ ဦးတည်သွားလိုက်လေသည်။

အထွတ်အထိပ်အဆင့် နတ်ဘုရားဘုရင်သည် အတော်လေး အိုနေပြီဖြစ်သည်။ သူ့မျက်နှာပေါ်တွင် အရေးအကြောင်းများ ပြည့်နှက်နေသည်။ သူ၏ မျက်ခွံများကလည်း တွဲကျနေပြီး သူ့မျက်လုံးတစ်ဝက်လောက်ကို ဖုံးအုပ်ထားသည်။ သို့သော် သူ့ခန္ဓာကိုယ်မှနေ၍ အားကောင်းသော အရှိန်အဝါတစ်ခု ထွက်နေပေသည်။ ထိုအရှိန်အဝါက ကျန်းရီကို ဖိနှိပ်ထားရာ ကျန်းရီတစ်ယောက် အသက်ရှူရန်ပင် ခက်ခဲနေသည်။ နတ်ဘုရားဘုရင်သည် ကျန်းရီနားသို့ မရောက်သေးခင်မှာပင် ဒေါသတကြီး အော်ပြောလိုက်သည်။

“အတင့်ရဲလိုက်တာ။ မင်းက သခင်မလေးကို အန္တရာယ်ပြုရဲတယ်ပေါ့လေ။ ဒီနေ့ မင်း သေချာပေါက် သေရမယ်”

“ဂူမူ... မင်းက ငါတို့မျိုးနွယ်ကို သစ္စာဖောက်ရဲတယ်ပေါ့။ မင်းတော့ အဆုံးသတ်ပြီ”

“ကျုပ်တို့မျိုးနွယ်ကို သစ္စာဖောက်တဲ့သူတွေကို နှိပ်စက်နည်းပေါင်း တစ်ရာ့ရှစ်နည်းနဲ့ သေတဲ့အထိ နှိပ်စက်ရမယ်...”

အခြားနတ်ဘုရားဘုရင်အချို့ကလည်း ဒေါသတကြီး အော်လိုက်ကြသည်။ သူတို့က လျင်မြန်စွာ တုံ့ပြန်ခဲ့ကြသော်လည်း သူတို့၏ စံအိမ်များထဲမှနေ၍ ပျံထွက်လာရခြင်းဖြစ်ရာ အနည်းဆုံး နှစ်စက္ကန့်၊ သုံးစက္ကန့်တော့ ကြာခဲ့ပေသည်။ သူတို့က အဝေးမှ ပျံသန်းလာရခြင်းဖြစ်ပြီး ကျန်းရီ၊ ဂူမူနှင့် လောချင်းယန်တို့က တစ်ဦးနှင့်တစ်ဦး နီးကပ်နေခဲ့သည်။ ထို့ကြောင့် မည်သူကမှ မဆင်မခြင် မတိုက်ခိုက်ဝံ့ကြသေးပေ။

ကျန်းရီသည် လောချင်းယန်ဆီသို့ မြန်နိုင်သမျှ အမြန်ဆုံး သွားလိုက်သည်။ သူ့လက်ထဲတွင်လည်း မီးနဂါးဓားရှိနေသည်။ သူသည် အစောတွင် နတ်ဘုရားဇီဝိန်ခြွေကို ထုတ်လွှတ်လိုက်ပြီဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူ၏လက်တစ်ဘက်ကလည်း လင်းလက်လာသည်။ ပေါင်းစည်းမီးတောက်များ ထွက်ပေါ်မလာသေးခင်မှာပင် ကြောက်မက်ဖွယ် အပူချိန်က သူ့လက်မှနေ၍ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည်။ အနောက်ခြံဝန်းထဲရှိ ပန်းပင်များနှင့် သစ်ပင်များက ရုတ်ခြည်း မီးလောင်သွားကြသည်။ အဝေးရှိ ရေကန်ထဲမှ ရေများပင် အငွေ့ပျံသွားပြီး ရေခိုးရေငွေ့များက ကောင်းကင်ထက်သို့ တက်သွားကြသည်။

ရွှီး...

လောချင်းယန်၏ ကိုယ်ပေါ်တွင် အပြာရောင်စစ်ချပ်ဝတ် ထွက်ပေါ်လာသည်။ ထို့နောက် သူမ၏လက်ထဲတွင် လှပေသာ အစိမ်းရောင် ဓားလေးတစ်ချောင်း ထွက်ပေါ်လာသည်။ ထိုဓားအစိမ်းရောင်က တောက်ပလာသောအခါ အာကာပြင်က ညင်သာစွာ တုန်ခါသွားသည်။ သူမသည် ကျန်းရီ အနားကပ်မလာနိုင်အောင် စည်းမျဉ်းဆန်းကြယ်စွမ်းရည်ကို ထုတ်သုံးတော့မည်ဖြစ်ကြောင်း ထင်ရှားပေသည်။

လောချင်းယန်က အလွန်ဉာဏ်ကောင်းသည်။ ကျန်းရီ၏ တိုက်ခိုက်မှုကို နတ်ဘုရားဘုရင်များ ရောက်လာသည်အထိ ခုခံနိုင်မှ ရှင်သန်နိုင်မည့် အခွင့်အရေးရှိမည်ဖြစ်ကြောင်း သူမသိသည်။ နတ်ဘုရားဘုရင်များ ရောက်လာလျှင်မူ သူတို့က ကျန်းရီကို အလွယ်တကူ ဖိချေပစ်နိုင်မည်ဖြစ်သည်။ လောချင်းယန်က လှုပ်ရှားတော့မည်ကို မြင်လိုက်သောအခါ ကျန်းရီသည် ပေါင်းစည်းမီးတောက်များကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။ ထို့နောက် သူသည် ကောင်းကင်စွမ်းအားဖြင့် အသံကို မြှင့်တင်၍ အော်ပြောလိုက်သည်။

“သခင်မလေးလော... ခင်ဗျားကို မလှုပ်ဖို့ အကြံပေးချင်တယ်။ မဟုတ်ရင်တော့ အသားကင် ဖြစ်သွားလိမ့်မယ်”

“ဟမ်...”

မီးတောက်များက စတင် ထွက်ပေါ်လာ၏။ လောချင်းယန် မဆိုထားနှင့် သာမန်နတ်ဘုရားဘုရင်များပင် ထိုမီးတောက်များကို မခံနိုင်လောက်ပေ။ လောချင်းယန်၏ကိုယ်ပေါ်မှ အပြာရောင်စစ်ချပ်ဝတ်က အဖိုးတန်သော ထိပ်တန်းအဆင့် နတ်ဘုရားအသုံးအဆောင်ဖြစ်သည်။ သို့သော် ၎င်းသည်လည်း မြင့်မားသော အပူချိန်ကို မခံနိုင်ပေ။ ထို့ကြောင့် သူမ၏တစ်ကိုယ်လုံး စတင် ပူလောင်လာသည်။ သူမသည် ချက်ချင်း စိတ်ပြောင်းလိုက်ပြီး ကျန်းရီအား တိုက်ခိုက်မည်ကို ရပ်တန့်ကာ ကြောက်ရွံ့တကြီး နောက်ဆုတ်လိုက်လေသည်။

လူတစ်ယောက်သည် ဉာဏ်ပိုကောင်းလေလေ၊ သေရမည်ကို ပိုကြောက်လေလေပင်။

ထို့ပြင် ဉာဏ်ကောင်းသူတစ်ယောက်က အင်အားသုံးရသည်ကို မကြိုက်ပေ။ လောချင်းယန်သည် ဗျူဟာဆင်ရသည်ကိုသာ နှစ်သက်ပေသည်။ သူမသည် သူမ၏ဗျူဟာများဖြင့် ရန်သူများကို အမှုန့်ချေပစ်နိုင်သည်။ သို့သော် သူမ၏ တိုက်ရည်ခိုက်ရည်က မဆိုးပေ။ သူမလက်ထဲမှ အစိမ်းရောင်ဓားလေးကလည်း ထိပ်တန်းအဆင့် နတ်ဘုရားအသုံးအဆောင် ဖြစ်သည်။ သူမသာ အစွမ်းကုန်သုံး၍ ကျန်းရီကို တိုက်ခိုက်မည်ဆိုလျှင် ကျန်းရီက သူမအနားသို့ ကပ်နိုင်လောက်မည် မဟုတ်ပေ။

နတ်ဘုရားဘုရင်များစွာက ကျန်းရီတို့ထံသို့ လေကိုခွင်း၍ ပျံသန်းလာနေကြသည်။ အကယ်၍ ‌လောချင်းယန်သာ အချိန်အနည်းငယ် ဆွဲနိုင်မည်ဆိုလျှင် ရှင်သန်နိုင်မည့် အခွင့်အရေး ရှိလောက်သေးသည်။ သူမတွင် ထိပ်တန်းအဆင့် စစ်ချပ်ဝတ်ရှိရာ ပေါင်းစီးမီးတောက်များက အလွန်ဆုံးမှ သူမကို အပြင်းအထန်ဒဏ်ရာရသွားရုံလောက်သာ လုပ်နိုင်မည်ဖြစ်သည်။ သူမသည် အရှင်လတ်လတ် မီးလောင်ကျွမ်းသွားမည် မဟုတ်ချေ။

သို့သော် လောချင်းယန်မှာ မိန်းမပျိုလေးတစ်ယောက်သာ။ ထို့ပြင် လက်တွေ့ တိုက်ပွဲအတွေ့အကြုံလည်း အလွန်နည်းသည်။ သူမကို အကြီးအကဲများနှင့် စွမ်းအားကြီး သိုင်းသမားများက အမြဲ ကာကွယ်ပေးခဲ့သည်။ ထို့ကြောင့် သူမ ထိုကဲ့သို့ ကြောက်မက်ဖွယ် တိုက်ခိုက်မှုတစ်ခုနှင့် တစ်ခါမှ ရင်မဆိုင်ခဲ့ဖူးပေ။ ပေါင်းစည်းမီးတောက်များက သူမကို အလွန်ပူလောင်နေစေသဖြင့် သူမ အလိုလို နောက်ဆုတ်မိသွားပေသည်။

သို့ရာတွင် နတ်ဘုရားဇီဝိန်ခြွေက မိုးမြေစွမ်းအားကို အသုံးပြု၍ ရန်သူများကို ဖိနှိပ်ထားနိုင်သည်။ မြင့်မားသော အပူချိန်ကလည်း လောချင်းယန်၏ ကောင်းကင်စွမ်းအားများကို ရှုပ်ထွေးသွားစေသည်။ သို့ဖြစ်ရာ သူမ ထွက်ပြေးနိုင်ပါမည်လော။

ဝှစ်...

ကျန်းရီ၏ မျက်လုံးများ အရောင်လက်သွားသည်။ သူ့လက်ထဲမှ မီးတောက်များကလည်း ပျောက်ကွယ်သွားသည်။ ထို့နောက် သူသည် လောချင်းယန်အနားသို့ ပြေးသွားလိုက်သည်။ နှစ်စက္ကန့်အတွင်းမှာပင် သူက သူမဘေးသို့ ရောက်သွားလေသည်။

ဝုန်း...

မီးနဂါးသုံးကောင်က ပေါက်ကွဲသွား၏။ သို့သော် လောချင်းယန်၏ ထိပ်တန်းအဆင့် နတ်ဘုရားအသုံးအ‌ဆောင်အပေါ် မည်သို့မှ မသက်ရောက်နိုင်ခဲ့ပေ။ ဆိုရလျှင် လောချင်းယန်သည် တုန်ပင် တုန်မသွားခဲ့ချေ။

ကျန်းရီသည် တုန်လှုပ်နေသော လောချင်းယန်၏ လည်ပင်းကို လက်တစ်ဘက်ဖြင့် ဖမ်းဆုပ်လိုက်သည်။ သူ၏ အခြားလက်တစ်ဘက်က တောက်ပလာကာ ပေါင်းစည်းမီးတောက်များ ထုတ်လွှတ်ရန် အသင့်ပြင်ထားသည်။ ထို့နောက် ကျန်းရီ အော်ပြောလိုက်သည်။

“အားလုံး ရပ်လိုက်ကြ။ မဟုတ်ရင် ခင်ဗျားတို့ရဲ့ သခင်မလေးက ချက်ချင်း အသားကင် ဖြစ်သွားလိမ့်မယ်။ ကျွန်တော့်ရဲ့ မီးတောက်တွေက ဘယ်လောက်စွမ်းအားကြီးတယ်ဆိုတာကို ခင်ဗျားတို့ သိလောက်မှာပါ”

ဝုန်း...

ဂူမူက အထွတ်အထိပ်အဆင့် နတ်ဘုရားဘုရင်၏ အပြင်းအထန် တိုက်ခိုက်မှုကို ခံလိုက်ရသည်။ ဂူမူ၏ စွမ်းရည်များက ထိုနတ်ဘုရားဘုရင်၏ စွမ်းရည်များနှင့် သိပ်မကွာပေ။ သို့သော် ဂူမူသည် လွန်ခဲ့သော ရက်အနည်းငယ်လောက်က ဒဏ်ရာအပြင်းအထန် ရထားခဲ့ပေသည်။

အထွတ်အထိပ်အဆင့် နတ်ဘုရားဘုရင်သည် ကျန်းရီ၏ စကားကြောင့် ကျန်းရီကို လှမ်းကြည့်လိုက်၏။ ထို့နောက် သူ တိုက်ခိုက်မှုကို ရပ်တန့်လိုက်သည်။

“ဖူး...”

ဂူမူသည် ဥယျာဉ်ထဲသို့ လွင့်သွား၏။ ထို့နောက် သူ ပြန်ထရပ်ကာ သွေးအန်လိုက်သည်။ သူသည် နာကျင်စွာဖြင့် မျက်နှာရှုံ့တွနေသော လောချင်းယန်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ကျန်းရီက သူမ၏ လည်ပင်းကို ဆုပ်ကိုင်ထားပေသည်။ ဂူမူ၏ မျက်နှာပေါ်တွင် နာကျင်သည့် အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။ လောချင်းယန်သည် သူ၏ မျက်စိအောက်မှာပင် ကြီးပြင်းလာခဲ့သူဖြစ်သည်။ သို့သော် ယခုတွင် သူသည် ကျန်းရီက သူမကို ဓားစာခံအဖြစ် ဖမ်းနိုင်အောင် ကူညီပေးနေရလေသည်။

ကျန်းရီ အောင်မြင်သွားပြီဖြစ်ကြောင်း ဂူမူသိသည်။ ကျန်းရီ၏ မီးတောက်များက အလွန်စွမ်းအားကြီးသည်။ မည်သူကမှ သူ့ကို သွားရှုပ်ဝံ့တော့မည် မဟုတ်ပေ။ နတ်ဘုရားဘုရင်အချို့က ကျန်းရီကို ရုတ်ခြည်းအတွင်း သတ်ပစ်နိုင်သည်။ သို့သော် ကျန်းရီက မသေခင်တွင် ပေါင်းစည်းမီးတောက်များ ထုတ်လွှတ်သွားလျှင် လောချင်းယန်တစ်ယောက် အမှန်ပင် အသားကင် ဖြစ်သွားပေလိမ့်မည်။ သူမက အရှင်လတ်လတ် မီးလောင်သေဆုံးသွားရပေလိမ့်မည်။

“ကောင်စုတ်လေး...”

အခြားနတ်ဘုရားဘုရင်များက မလှုပ်ဝံ့၊ မပြောဝံ့ ဖြစ်နေကြသော်လည်း အထွတ်အထိပ်အဆင့် နတ်ဘုရားဘုရင်က ကျန်းရီကို စိုက်ကြည့်ကာ အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။

“ငါတို့ရဲ့ သခင်မလေးက ဘယ်သူဆိုတာကို မင်းသိလား။ သူက ဘယ်သူနဲ့ စေ့စပ်ထားတယ်ဆိုတာကိုရော မင်းသိလား။ မင်း သူ့ကို သတ်လိုက်ရင် မင်းနဲ့ပတ်သတ်တဲ့သူတိုင်း သေရမယ်လို့ ငါ အာမခံတယ်”

“ပါးစပ်ပိတ်ထား ခွေးအိုကြီး”

ကျန်းရီက လောချင်းယန်၏လည်ပင်းကို ပိုတင်းကြပ်စွာ ညှစ်လိုက်ပြီး သူမကို မြေပြင်မှ မမြှောက်လိုက်ကာ သူ့ခန္ဓာကိုယ်ကို သူမနှင့် ကွယ်ထားလိုက်သည်။ ထို့နောက် သူသည် အထွတ်အထိပ်အဆင့် နတ်ဘုရားဘုရင်ကို အေးစက်စက် လှမ်းကြည့်ကာ ပြောလိုက်သည်။

“သူက စီရင်စုနယ်အရှင်ရဲ့သမီး ဖြစ်နေရင်တောင် ဒါမှမဟုတ် တိရှအရှင်ရဲ့သမီး ဖြစ်နေရင်တောင် ခင်ဗျား ကျွန်တော့်ကို ဖိအားပေးရင် ကျွန်တော် သူ့ကို သတ်ပစ်မှာ။ သူက မြို့အရှင်ရဲ့သမီး ဆိုတာကို ကျွန်တော် ဂရုမစိုက်ဘူး။ ခင်ဗျား ကျွန်တော့်ကို မယုံဘူးဆိုရင် လာစမ်းကြည့်လိုက်လေ”

လောချင်းယန်က အမှန်ပင် ကြောက်ရွံ့နေသဖြင့် ဆွံ့အနေသည်။ သူမသည် ကျန်းရီ၏ တင်းမာနေသော မျက်နှာထားကို ခိုးကြည့်လိုက်သည်။ သူမသည် လည်ပင်းမှနေ၍ မမြှောက်ခံထားရသော်လည်း တည်တည်ငြိမ်ငြိမ်ဖြင့် မလှုပ်မိအောင်နေရမည်ဖြစ်ကြောင်း သိပေသေးသည်။ ထို့ပြင် သူမသည် ကျန်းရီကို ဒေါသထွက်စေမည့်စကားများ ထပ်မပြောဝံ့တော့ပေ။

ကျန်းရီက ပမွှားလေးတစ်ယောက်သာဖြစ်သည်။ သူ့ကဲ့သို့သောလူက ဤကဲ့သို့ ရူးမိုက်သော လုပ်ရပ်ကို လုပ်ခြင်းမှာ သူ့တွင် အမှန်ပင် အခြားရွေးချယ်စရာ မရှိ‌တော့ဟူသော အဓိပ္ပာယ်ပင်။ ခွေးပင် ချောင်ပိတ်ရိုက်ခံရလျှင် ပြန်ကိုက်မည်ဖြစ်သည်။ အကယ်၍ သူမတို့က သူ့ကို ချောင်ထဲသို့ ဆက်တွန်းမိလျှင် သူက သေချာပေါက် သူမကို သူနှင့်အတူ သေရွာသို့ အပါခေါ်သွားပေလိမ့်မည်။

ကျန်းရီက သူမကို မသတ်သေးဘဲ ဓားစာခံလုပ်ထားခြင်းမှာ သူမတွက် ရှင်သန်နိုင်မည့် အခွင့်အရေးတစ်ခု ရှိသေးသည်ဆိုသော အဓိပ္ပာယ်ပင်။ လောချင်းယန်သည် စက္ကန့်ပိုင်းအတွင်းမှာပင် အခြေအနေကို သုံးသပ်နိုင်လိုက်သည်။ ထို့ကြောင့် သူမသည် ခက်ခက်ခဲခဲဖြင့် ပြောလိုက်သည်။

“အဘိုးခြောက်... နောက်ဆုတ်လိုက်ပါ။ ကျန်းရီ... ရှင် နိုင်ပါတယ်။ ရှင်ရဲ့ တောင်းဆိုချက်ကို ပြောပါ”

***

All Chapters