မင်းရဲ့လင်းယုန်ကို ပညာပေးမယ်
Vol. 23 Ch. 311
"မင်းနောက်နေတာလား။ မြို့စားဇီလန်ကို မင်းတို့ တကယ်ကြီးရိုက်ရက်ခဲ့တာလားကွာ။ သူမလေးက ရိုင်းစိုင်းပြီး ပါးစပ်ဖွာတယ်။ မိန်းမချင်းကြိုက်တယ်လို့ ကောလဟာလတွေရှိပေမယ့် အလှလေးလေကွာ။ အား ငါ့နှလုံးသားလေး နာကျင်သွားပြီ"
ရှောင်ရိ၏စကားကြောင့် မိုပိုင်၏မျက်လုံးအစုံ ပြူးကျယ်သွားခဲ့သည်။
ယဲ့ချန်က ဤအကြောင်းကို ဆက်မပြောလိုသဖြင့် စကားတစ်ခွန်းမှ ပြန်မပြောခဲ့ပေ။ သူက ဝင်ပေါက်ထံ ဆက်လက်လျှောက်လှမ်းသွားပြီး အနီရောင်ဝတ်စုံများ ဆင်တူဝတ်ဆင်ထားသည့် မီးတောက်နီဂိုဏ်းတပည့်များ၏တားမြစ်ခြင်းကို ခံလိုက်ရသည်။
"မင်းတို့မှာ ဖိတ်စာပါလား"
"ငါ့မှာပါတယ်။ ဝင်လို့ရပြီလား"
မိုပိုင်က အနီရောင်ဖိတ်စာတစ်ခုကို ထုတ်ပြလိုက်သည်။
"ရတယ်။ ဒါပေမယ့် မင်းရဲ့မိုးပျံသားရဲကို ငါတို့ဆီမှာ အပ်ထားခဲ့ရမယ်"
ဂိုဏ်းတပည့်ကခေါင်းညိတ်၍ အနီးရှိအဆောက်အဦးတစ်ခုကို ညွှန်ပြလိုက်သည်။
"ကောင်းပြီ။ ငါ့သားရဲကို မင်းလက်ထဲပေးလိုက်မယ်"
မိုပိုင်က အတွင်းသို့လျှောက်ဝင်သွားပြီးမှ ယဲ့ချန်ကို သတိရသွားဟန်ဖြင့် လှည့်ကြည့်လိုက်သည်။
"ညီအစ်ကို မင်းမှာ ဖိတ်စာပါတယ်မလား"
"ငါယူလာဖို့ မေ့သွားတယ်"
ယဲ့ချန်က ဖိတ်စာလိုအပ်ကြောင်းမသိသောကြောင့် မျက်မှောင်ကြုတ်၍ လိမ်လည်လိုက်သည်။
"စိတ်မရှိပါနဲ့။ ဖိတ်စာမပါရင် ဝင်ခွင့်မရှိဘူး"
အစောင့်တပည့်က ခံစားချက်မဲ့သောမျက်နှာနှင့် ဖြေလိုက်သည်။ ယနေ့တွင် ဖိတ်စာမေ့လာခဲ့သူမြောက်များစွာ ရှိနေသည်။ မိုပိုင်က ယဲ့ချန်ကိုကူညီချင်သော်လည်း ဖိတ်စာအပိုမရှိသဖြင့် မတတ်နိုင်ချေ။
"ငါ ဖိတ်စာတစ်စောင် ခိုးလိုက်ရမလား ဒါမှမဟုတ် ခိုးဝင်ရမလား"
ယဲ့ချန်က အတွေးနက်နေသည်။
"အစ်ကိုကြီး ဘယ်လိုရောက်လာတာလဲ"
အံ့သြနေသာစကားသံတစ်ခုနှင့်အတူ ယဲ့မုန့်က ယဲ့ချန်၏မြင်ကွင်းအတွင်း ဝင်ရောက်လာသည်။
"သူက ရှီဝူယဲ့မျိုးနွယ်ကဖြစ်လို့ ဝင်ခွင့်ပေးလိုက်ပါ"
ယဲ့မုန့်က မီးတောက်နီဂိုဏ်းအတွင်းမှထွက်လာ၍ တံခါးစောင့်တပည့်ကို ပြောလိုက်သည်။ သူ၏နောက်တွင် အသက်နှစ်ဆယ်ကျော်အရွယ် မီးတောက်နီဂိုဏ်းတပည့်တစ်ယောက် လိုက်လာပြီး အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။
"ဂိုဏ်းတူအစ်ကိုဝေ သူ့ကို ဝင်ခွင့်ပေးလိုက်ရမလား"
အစောင့်တပည့်က ထိုလူငယ်ကိုကြည့်၍ မေးလိုက်သည်။ သူတို့အားလုံးက ရှီဝူယဲ့မျိုးနွယ်ကို အထင်သေးသော်လည်း ဂိုဏ်းသခင်မလေးက ထိုနေရာတွင် နေထိုင်ခဲ့ဖူးသည်။ ထို့ကြောင့် ပေါ့ပေါ့ဆဆ မလုပ်ရဲချေ။
"ဝင်ခိုင်းလိုက်"
ဝေဇီက ယဲ့ချန်နှင့်ရှောင်ရိကို အထင်သေးသောမျက်လုံးများနှင့်ကြည့်၍ ပြောလိုက်သည်။
ယဲ့ချန်က ဝေဇီကိုကြည့်လိုက်သော်လည်း စကားတစ်ခွန်းမှမပြောဘဲ နေလင်းယုန်နှင့်ရှောင်ရိကိုခေါ်ကာ ဂိုဏ်းအတွင်း ဝင်လိုက်သည်။ အဝေးတွင်ကြည့်နေသော မိုပိုင်သည် ယဲ့ချန်ကဖိတ်စာမပါဘဲ ဂိုဏ်းအတွင်းဝင်လာနိုင်သော အကြောင်းအရင်းကို နားမလည်ပေ။ အကယ်၍ ယဲ့ချန်က မီးတောက်နီဂိုဏ်းသားတစ်ယောက်ဖြစ်နေလျှင် သူက စိတ်ပူနေရန်မလိုသောကြောင့် အလှလေးများကိုရှာဖွေရန် ထွက်ခွာသွားလေသည်။
"မင်းရဲ့လင်းယုန်ကို ဂိုဏ်းထဲအထိ ခေါ်လာလို့မရဘူး။ အခြားလင်းယုန်တွေနဲ့ထားရမယ်"
ဝေဇီကရှီဝူယဲ့မျိုးနွယ်ကို အလွန်အထင်သေးသော်လည်း ယဲ့လော်က ဂရုစိုက်ပေးရန်မှာကြားထားသောကြောင့် တတ်နိုင်သောအရာမရှိချေ။ သူက သာမန်ဂိုဏ်းတပည့်တစ်ဦးဖြစ်သောကြောင့် ဂိုဏ်းချုပ်၏သမီးကို ကလန်ကဆန်မလုပ်ရဲချေ။ သူက နေလင်းယုန်ကို ထူးဆန်းစွာကြည့်ပြီး စိတ်ထဲတွင် မကောင်းသောအတွေးများ ဖြစ်ပေါ်လာသည်။
"ဒီမှာ ဂိုဏ်းထဲကမြေအဆင့်လင်းယုန်တွေ စုစုစည်းစည်းရှိတယ်။ သူတို့က အပြင်သားရဲဆိုရင် လက်မခံတတ်ဘူး။ မင်းရဲ့လင်းယုန်ကတော့ ဆုံးမခံရတော့မယ်။ ဒါပေမယ့် သေမှာတော့ မဟုတ်ပါဘူး"
ယဲ့ချန်က ဝေဇီ၏စကားကိုကြားသော်လည်း တစ်ခွန်းမှပြန်မပြောခဲ့ပေ။ မြေအဆင့်လင်းယုန်များက သူ၏ဆန်းကျယ်အဆင့် လင်းယုန်ကိုဆုံးမမည်ဆိုသည်က ဟာသပြက်လုံးတစ်ခုပမာ ဖြစ်နေသည်။
ယဲ့မုန့်သည် ယဲ့ချန်ရောက်ရှိလာခြင်းအတွက် ပျော်ရွှင်နေသည်။ အကယ်၍ ယဲ့ချန်သာ အလယ်အင်ပါယာသို့ရောက်မလာဘဲ ယဲ့လော်က ကုန်းရီနှင့်လက်ထပ်သွားလျှင် ယဲ့ချန်အတွက် တစ်ဘဝလုံး နောင်တရနေပေလိမ့်မည်။ သို့သော်လည်း နန်မန်တိုင်းပြည်ဆုတ်ခွာသွားခြင်းကို သူကမသိသောကြောင့် ယဲ့မျိုးနွယ်၏အခြေအနေကိုလည်း စိုးရိမ်နေခဲ့သည်။
ယဲ့ချန်တို့လူစုသည် မိုးပျံသားရဲများကို ထိန်းသိမ်းထားသော တဲကြီးများထံ ရောက်ရှိလာခဲ့သည်။
"မင်းတို့က ဒီမှာစောင့်နေကြ။ နေလင်းယုန်ကို ငါ သွားပို့ပေးလိုက်မယ်"
ဝေဇီကပြောလိုက်ပြီး နာခံမှုရှိနေပုံပေါ်သော နေလင်းယုန်ကို ဆွဲခေါ်သွားခဲ့သည်။ ခဏအကြာတွင် သူက တဲအတွင်းမှပြန်ထွက်လာ၍ ယဲ့ချန်တို့ကို ပြုံးပြလိုက်သည်။
"မင်းရဲ့လင်းယုန်က တော်တော်လိမ္မာတယ်။ မဆိုးဘူး။ ဒီလိုဆိုရင် သိပ်ခံစားရမှာ မဟုတ်ပါဘူး"
သူ၏စကားအဆုံးတွင် တဲအတွင်းမှ ဆူညံသောငှက်အော်သံများ ကျယ်လောင်စွာထွက်ပေါ်လာသည်။
"ကြည့်ရတာ သူတို့က မင်းရဲ့လင်းယုန်ကို မရင်းနှီးသေးလို့ထင်ပါတယ်။ မစိုးရိမ်ပါနဲ့။ ခဏလောက်ပဲကြာမှာပါ"
ဝေဇီ၏မျက်နှာထက်တွင် အပြုံးတစ်ခု တည်ရှိနေသည်။ သူ၏စိတ်ထဲတွင် ထွက်ပေါ်လာသောအော်သံကြောင့် နေလင်းယုန်က ဆိုးဆိုးရွားရွား အရိုက်ခံနေရကြောင်း ခန့်မှန်းလိုက်သည်။
"ရှီဝူယဲ့မျိုးနွယ်လိုနေရာမျိုးရဲ့လူကများ မီးတောက်နီဂိုဏ်းကို မိုးပျံသားရဲနဲ့လာရဲတယ်။ မင်းကို နည်းနည်းလောက်တော့ ပညာပေးမှဖြစ်မယ်။ သခင်မလေးကာကွယ်ပေးနေတာနဲ့ မင်းတို့ကို ငါကမဆုံးမနိုင်ဘူး ထင်လို့လား"
တဲအတွင်း၌ ယဲ့ချန်၏သားရဲ အရိုက်ခံနေရသောမြင်ကွင်းက သူ၏စိတ်အတွင်း ဖြစ်ပေါ်လာသောကြောင့် ဝေဇီက ကျေနပ်စွာပြုံးလိုက်သည်။
ထို့နောက် တဲအတွင်းမှ မီးတောက်နီဂိုဏ်းတပည့်တစ်ဦးက ဖြူဖပ်ဖြူရော်မျက်နှာနှင့် ပြေးထွက်လာသည်။
"ဂိုဏ်းတူအစ်ကိုဝေ မကောင်းတော့ဘူး"
သူက ဝေဇီကို စိုးရိမ်တကြီးသတိပေးလိုက်သည်။
"ဘာတွေဖြစ်နေတာလဲ။ အေးအေးဆေးဆေးပြောစမ်းပါ"
ဝေဇီက တည်ငြိမ်ဟန်ဆောင်နေသော်လည်း စိတ်အတွင်း၌ ကျေနပ်နေခဲ့သည်။ အကယ်၍ ယဲ့ချန်၏လင်းယုန်သေသည်အထိ တိုက်ခိုက်ခံရလျှင် သူ့အတွက် ပျော်စရာပင်ဖြစ်သည်။
"အစ်ကိုဝေ တဲအတွင်းမှာရှိတဲ့ လင်းယုန်အကောင်နှစ်ဆယ်လုံး အသစ်ရောက်လာတဲ့လင်းယုန်ကြောင့် ဒဏ်ရာရကုန်ပြီ။ သူတို့အားလုံးက နေလင်းယုန်နဲ့ တဲတစ်ခုတည်း အတူမနေရဲကြတော့ဘူး"
ဂိုဏ်းတပည့်က အခြေအနေအမှန်ကို တင်ပြလိုက်သည်။
"ဘာ ဘာပြောလိုက်တယ်"
ဝေဇီက သူကြားလိုက်ရသောစကားကို မယုံနိုင်ဖြစ်သွားခဲ့သည်။
"အစ်ကိုဝေ လင်းယုန်တွေအားလုံး ဒဏ်ရာရကုန်ပြီ"
ထိုတပည့်က ဝေဇီအနားကပ်ကာ အော်ပြောလိုက်သည်။
သူ၏စကားကြောင့် ဝေဇီ၏မျက်နှာက မည်းနက်သွားသည်။ တဲအတွင်း၌ လင်းယုန်အကောင်နှစ်ဆယ်ကျော်ရှိပြီး အများစုက မြေအဆင့်များဖြစ်ကြသော်လည်း နေလင်းယုန်ကိုမနိုင်သော အကြောင်းအရင်းကို သူကနားမလည်ပေ။ မူလတွင် သူက ယဲ့ချန်ကိုလှောင်ပြောင်ရန် စီစဥ်ထားသော်လည်း အမှန်တကယ်ခံစားလိုက်ရသူက ကိုယ်တိုင်ဖြစ်နေသဖြင့် အရှက်ကွဲသွားခဲ့သည်။
"ဒါက ကိစ္စသေးသေးလေးပါ။ မစိုးရိမ်ပါနဲ့။ ငါ့လင်းယုန်ကလိမ္မာတော့ ဒီကောင်တွေကို အသေတော့မသတ်လောက်ပါဘူး"
ယဲ့ချန်က မီးလောင်ရာလေပင့်၍ လှောင်ပြောင်လိုက်သည်။
"လိမ္မာတယ် ဟုတ်လား။ လင်းယုန်အကောင်နှစ်ဆယ်ကို ဒဏ်ရာရအောင်လုပ်တာက လိမ္မာတာလား"
ဝေဇီက ကျိန်ဆဲချင်သော်လည်း ပထမဆုံးပစ်မှတ်ထားသူက သူဖြစ်နေ၍ ပြောစရာမရှိပေ။
"ဒါဆိုရင် နေလင်းယုန်ကို တစ်ကောင်တည်းခွဲထားလိုက်"
သူက လက်တစ်ဖက်ကိုယမ်း၍ ညွှန်ကြားချက်ပေးကာ အလျင်အမြန် ထွက်ခွာသွားခဲ့သည်။ ယဲ့မုန့်က သူ၏နောက်ကျောကိုကြည့်ပြီး လှောင်ရယ်နေခဲ့သည်။ သူ့အစ်ကိုကြီး၏နေလင်းယုန်က ကောင်းကင်အဆင့်သားရဲဖြစ်သောကြောင့် မြေအဆင့်လင်းယုန်များကို ကြောက်နေမည်မဟုတ်ပေ။ သို့သော် ၎င်းက ဆန်းကျယ်အဆင့်သို့ရောက်နေကြောင်းကိုမူ ယဲ့မုန့် မသိသေးပေ။
ယဲ့ချန်ကတစ်ချက်ပြုံး၍ ဝေဇီနောက်မှ လိုက်သွားခဲ့သည်။
"မီးတောက်နီဂိုဏ်းထဲမှာ မင်းတို့သွားခွင့်မရှိတဲ့နေရာကို သေချာမှတ်ထား။ စာကြည့်တိုက်၊ သိုင်းကွင်းပြင် ၊အစည်းအဝေးခန်းမ......"
ဝေဇီကလမ်းလျှောက်ရင်း မောက်မာစွာ သတိပေးလိုက်သည်။ သူက ဒေါသထွက်နေသဖြင့် စကားသံက သာယာခြင်းမရှိပေ။
ယဲ့ချန်သည် ဝေဇီရွတ်ပြသော နာမည်များကြောင့် မပျော်မရွှင်ဖြစ်သွားခဲ့သည်။ အရေးမပါသောနေရာအနည်းငယ်မှလွဲလျှင် မီးတောက်နီဂိုဏ်းက ရှီဝူယဲ့မျိုးနွယ်ကို ကန့်သတ်ထားသည်။ သူတို့က အလွန်ကျဥ်းသောနေရာတစ်ခုတွင်သာ နေထိုင်ကြရသည်။
"ယဲ့မုန့် မင်း မီးတောက်နီဂိုဏ်းထဲကို ဝင်ပြီးပြီလား"
ယဲ့ချန်က ယဲ့မုန့်ကို မေးလိုက်သည်။
"ငါတို့က မီးတောက်နီဂိုဏ်းထဲမှာ ရက်ကြာကြာနေခဲ့ပေမယ့် သူတို့က မောင်းမထုတ်ရုံပါပဲ။ ဧည့်သည်အခန်းတွေမှာ နေခိုင်းပြီး စောင့်ကြည့်ဖို့ ဝေဇီကိုတောင် တာဝန်ပေးထားခဲ့သေးတယ်။ ဝေဇီကလည်း ငါတို့ကို ကောင်းကောင်းမဆက်ဆံဘူး။ လော့အာကြောင့်သာမဟုတ်ရင် ငါတို့က မောင်းထုတ်ခံရလောက်ပြီ။ မီးတောက်နီဂိုဏ်းက လုံးဝလက်ခံမှာမဟုတ်ဘူး။ သူတို့က ငါတို့ဘာသာထွက်သွားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်နေပြီ"
ယဲ့မုန့်က ခေါင်းယမ်း၍ ခပ်တိုးတိုးဖြေလိုက်သည်။
"ဒီကောင်တွေက တော်တော်အရှက်မဲ့ပါလား။ သူတို့ဒုက္ခရောက်နေတုန်းက ငါတို့ကို အကူအညီတောင်းတယ်။ အခုကျ လော့အာကို အတင်းပြန်ခေါ်သွားပြီး ငါတို့က သူတို့ကိုအကြွေးတင်ထားသလို လုပ်နေတယ်။ မင်းတို့ဂိုဏ်းထဲ ဝင်စရာမလိုတော့ဘူး။ ယဲ့မျိုးနွယ်က သူတို့လောက်ကို ဂရုစိုက်စရာလိုမှာမဟုတ်ဘူး"
ယဲ့ချန်က အေးစက်စက်ပြန်ပြောလိုက်သည်။
"ဟုတ်ကဲ့"
ယဲ့မုန့်က ခေါင်းညိတ်လိုက်သည်။
"ဦးလေးနှစ် ဘယ်မှာလဲ"
"ဦးလေးနှစ်နဲ့ရွှမ်အာက ဧည့်သည်အခန်းထဲမှာ ကျင့်ကြံနေတယ်"
"မင်းတို့ဘယ်နှယောက် လာခဲ့ကြတာလဲ""
"စုစုပေါင်းခြောက်ယောက်ပါ။ ယဲ့မျိုးနွယ်ရဲ့အခြေအနေကရော ဘယ်လိုလဲ အစ်ကိုကြီး"
ယဲ့မုန့်က စိုးရိမ်တကြီးမေးလိုက်သည်။
"ယဲ့မျိုးနွယ် အဆင်ပြေသွားပြီ။ နန်မန်တိုင်းပြည်ကစစ်တပ်တွေ ပြန်သိမ်းသွားပြီ"
ယဲ့ချန်ကတစ်ချက်ပြုံး၍ ဖြေလိုက်သည်။
"ကောင်းတယ်။ ဒီလိုဆိုရင် ပြန်လို့ရပြီပေါ့"
ယဲ့မုန့်က အိမ်လွမ်းနာကျနေ ပုံပေါ်သည်။
"အခုမပြန်သေးဘူး။ လော့အာကို အရင်ဆုံးတွေ့ရမယ်"
"ဒါပေမယ့် မီးတောက်နီဂိုဏ်းက သန်မာလွန်းတယ်။ ငါတို့က သူတို့ရဲ့ပြိုင်ဘက် လုံးဝမဟုတ်ဘူး"
ယဲ့မုန့်သည်လည်း ယဲ့လော်ကို ပြန်ခေါ်သွားချင်ခဲ့သည်။ သို့သော်လည်း ဤနေရာတွင် နေထိုင်ပြီးနောက် မီးတောက်နီဂိုဏ်း၏ခွန်အားကို ယဲ့မျိုးနွယ်ကမယှဥ်နိုင်ကြောင်း နားလည်လာခဲ့သည်။
"မစိုးရိမ်ပါနဲ့။ အခြေအနေကို အရင်ဆုံးကြည့်တာပေါ့။ မီးတောက်နီဂိုဏ်းသိုင်းပြိုင်ပွဲက ဘယ်အချိန်ကျင်းပမှာလဲ"
"နောက်ထပ်တစ်နာရီလောက် လိုသေးတယ်"
"ကောင်းပြီ။ တစ်ချက်လောက် သွားကြည့်တာပေါ့"
ယဲ့ချန်က ခေါင်းညိတ်လိုက်သည်။ သူတို့က ဧည့်သည်အခန်းသို့ရောက်သောအခါ ယဲ့ကျန့်လုံ၊ယဲ့ရွှမ်နှင့် အခြားလူများကို တွေ့လိုက်ရသည်။ ယဲ့မျိုးနွယ်အဆင်ပြေကြောင်း သိရသောအခါ ယဲ့ကျန့်လုံ၏မျက်ဝန်းမှ ဝမ်းသာမျက်ရည်အချို့ စီးကျလာသည်။ သူက လူငယ်များကိုခေါ်ဆောင်ပြီး အလယ်အင်ပါယာသို့ ထွက်လာရခြင်းအပေါ် လိပ်ပြာမလုံခဲ့ပေ။ သူ၏မျိုးနွယ် ဒုက္ခရောက်နေချိန်တွင် ကိုယ်လွန်ရုန်းလာသည့်ပမာ ခံစားနေရသည်။ ယဲ့မျိုးနွယ်၏ လက်ရှိအခြေအနေကို ယဲ့ချန်ထံမှ သိလိုက်ရသောကြောင့် စိတ်သက်သာသွားခဲ့သည်။
ယဲ့ချန်နှင့်ရှောင်ရိအတွက် အခန်းတစ်ခန်း စီစဥ်ပေးပြီးနောက် ဝေဇီက မျက်နှာထားတင်းတင်းနှင့် ထွက်ခွာသွားသည်။ အခန်းကသပ်ရပ်သော်လည်း ရှုပ်ပွနေပြီး လူမနေသည်မှာ အချိန်အလွန်ကြာပြီဖြစ်ကြောင်း သိသာနေသည်။ မီးတောက်နီဂိုဏ်းအတွင်း ကျင့်ကြံသူများစွာရှိနေသဖြင့် ယဲ့ချန်က ဖိအားများ ခံစားနေရသည်။ သူ၏ခွန်အားနှင့် ယဲ့လော်ကို ပြန်လည်လုယူချင်လျှင် အလွန်ခက်ခဲနိုင်လေသည်။