အလယ်အင်ပါယာယဲ့မျိုးနွယ်၏သဘောထား
Vol. 23 Ch. 313
ဝေဇီသည် လင်းယုန်နီကို ယဲ့ချန်၏နေလင်းယုန်အား တစ်ကောင်တည်းသိမ်းဆည်းထားသော လှောင်အိမ်အတွင်း ပို့လိုက်သည်။ ၎င်းက အတွင်းသို့ရောက်သောအခါ ခေါင်းကိုမော့၍ နေလင်းယုန်ကို အထင်သေးစွာဖြင့် အော်မြည်စိန်ခေါ်လိုက်သည်။ လက်ရှိတွင် နေလင်းယုန်က မူလအသွင်သို့ပြောင်းလိုက်လျှင် လင်းယုန်နီထက် ပို၍ကြီးမားပေလိမ့်မည်။ သို့သော်လည်း ၎င်းက ကြောက်လန့်ဟန်ဆောင်၍ လှောင်အိမ်၏ထောင့်တွင် ကပ်နေလိုက်သည်။
"လင်းယုန်နီ ဒီကောင့်ကို ဆိတ်စမ်း"
ဝေဇီ၏အမိန့်ရသောအခါ လင်းယုန်နီက တောင်ပံများကိုခတ်၍ ထက်ရှသောနှုတ်သီးဖြင့် နေလင်းယုန်ကို ချက်ချင်းပေါက်ချလိုက်သည်။ နေလင်းယုန်က ခုန်ရှောင်လိုက်သည်။ ဤမြင်ကွင်းကြောင့် မီးတောက်နီဂိုဏ်းတပည့်များက ပျော်ရွှင်စွာအားပေးနေကြသည်။
"ကြည့်စမ်း နေလင်းယုန်က လင်းယုန်နီကို ဘယ်လိုမှမယှဥ်ရဲဘူးကွ"
"ဆိတ်စမ်း မြန်မြန်လုပ်ကွာ"
လင်းယုန်နီက နေလင်းယုန်နောက်သို့ တဟုန်ထိုးလိုက်နေစဥ် သူတို့က အော်ဟစ်အားပေးနေကြသည်။
"နိမ့်ကျတဲ့ရှီဝူယဲ့မျိုးနွယ်ကကောင် မင်းကများ မီးတောက်နီဂိုဏ်းကို အထင်သေးရဲတယ်။ မင်းရဲ့နေလင်းယုန် ဒီနေ့ဘယ်လိုသေမယ်ဆိုတာကို စောင့်ကြည့်နေလိုက်"
ဝေဇီက အေးစက်စက်နှာခေါင်းရှုံ့လိုက်သည်။
လင်းယုန်နီက ဆက်တိုက်လိုက်လံထိုးဆိတ်နေပြီး နေလင်းယုန်က ထောင့်ကပ်သွားချိန်တွင် မျက်လုံးများ အရောင်လက်လာသည်။ ယဲ့ချန်က ပြန်လည်တိုက်ခိုက်နိုင်ကြောင်း အမိန့်ပေးလိုက်၍ဖြစ်သည်။
နေလင်းယုန်က အရှိန်အဝါတစ်ခုကို လင်းယုန်နီထံ ဦးတည်ထုတ်ဖော်လိုက်သောအခါ ၎င်းကကြောက်လွန်းသဖြင့် နေရာတွင် အေးခဲသွားသည်။
"ဘာဖြစ်တာလဲ။ လင်းယုန်နီက ဘာလို့မရွေ့တော့တာလဲ"
"ဂိုဏ်းတူအစ်ကိုဝေ ဘာတွေဖြစ်သွားတာလဲ"
မီးတောက်နီဂိုဏ်းတပည့်များက ဝေဇီကို မေးမြန်းလိုက်ကြသည်။
"ငါလည်းမသိဘူး။ လင်းယုန်နီက ဘာလို့သူ့တစ်ဝက်လောက်ပဲရှိတဲ့ နေလင်းယုန်ကို ကြောက်သွားတာလဲ"
ဝေဇီလည်း အကြောင်းအရင်းကို မသိချေ။
ထိုအချိန်တွင် နေလင်းယုန်က လင်းယုန်နီကို ခုန်အုပ်လိုက်သည်။ ၎င်းက ချက်ချင်းရှောင်တိမ်းလိုက်သော်လည်း နေလင်းယုန်က လျင်မြန်လွန်းသဖြင့် ကျောပေါ်သို့ရောက်သွားကာ ခေါင်းကို နှုတ်သီးနှင့် ထိုးဆိတ်လိုက်၏။ လင်းယုန်နီက ကြောက်လန့်တကြားဖြင့် တောင်ပံများကို တဖြတ်ဖြတ်ခတ်လိုက်သည်။
"ဘာလို့ ဒီလိုဖြစ်သွားတာလဲ။ နေလင်းယုန်က လင်းယုန်နီကို ဘာလို့တိုက်ခိုက်နိုင်နေရတာလဲ"
ဂိုဏ်းတပည့်များအားလုံး မျက်လုံးပြူးသွားကြသည်။ ဝေဇီလည်း အံ့သြမှုကြောင့် မျက်လုံးများ ကျွတ်ကျလုမတတ်ဖြစ်နေသည်။
"ဘယ်လိုမှမဖြစ်နိုင်ဘူး။ လင်းယုန်နီက ကောင်းကင်အဆင့် ထိပ်ဆုံးသားရဲဖြစ်တယ်။ ဘာလို့ နေလင်းယုန်ကို ကြောက်နေရတာလဲ"
"ဂိုဏ်းတူအစ်ကိုဝေ မြန်မြန်တစ်ခုခုစဥ်းစားပါဦး။ လင်းယုန်နီ နာကျင်နေပြီ"
"ငါ စဥ်းစားနေတယ်"
ဝေဇီတွင်လည်း မည်သည့်အရံအစီအစဥ်မှ မရှိချေ။ လက်ရှိတွင် လင်းယုန်နှစ်ကောင်က ဒေါသတကြီးတိုက်ခိုက်နေသဖြင့် မြေဝိဇ္ဇာအဆင့်တွင်ရှိသော သူ ဝင်ရောက်သွားလျှင် အသတ်ခံရမည်မှာ သေချာပေါက်ဖြစ်သည်။
"မဟာအကြီးအကဲကို သွားခေါ်ပေးရမလား အစ်ကိုဝေ"
"မလုပ်နဲ့။ အဘိုးရောက်လာရင် ငါ သတ်ခံရလိမ့်မယ်"
ဝေဇီက စိုးရိမ်တကြီး တားမြစ်လိုက်သည်။ ထိုအချိန်တွင် မီးတောက်နီဂိုဏ်း၏ အမျိုးသမီးတပည့်များထံမှ အော်သံများ ထွက်ပေါ်လာသည်။
"ဘာ...ဘာတွေဖြစ်နေတာလဲ"
သူမတို့၏မျက်နှာများက ရှက်စိတ်ကြောင့် နီမြန်းနေပြီး လက်ချောင်းများနှင့် မျက်လုံးကိုကာထားသော်လည်း ချောင်းကြည့်နေဆဲပင်ဖြစ်သည်။ ဝေဇီက လှောင်အိမ်အတွင်း ကြည့်လိုက်သောအခါ ဒေါသထွက်လွန်းသဖြင့် အဆုတ်များပေါက်ထွက်မတတ် ဖြစ်သွားလေသည်။
လှောင်အိမ်အတွင်း နေလင်းယုန်က လင်းယုန်နီကို မုဒိန်းကျင့်နေသည်။ လင်းယုန်နီကို ၎င်းက နှုတ်သီးဖြင့်ကိုက်ပြီး နောက်သို့ဆွဲလှန်ထားသောအခါ မည်မျှရုန်းကန်ပါစေ မလွတ်နိုင်ခဲ့ပေ။ ၎င်းကမလိုလားဟန်ဖြင့် ဆက်တိုက်အော်မြည်နေပြီး အလွန်သနားစရာကောင်းနေသည်။ လင်းယုန်နီက အမဖြစ်ပြီး နေလင်းယုန်က အဖိုဖြစ်သည်။
မူလတွင် ဝေဇီသည် လင်းယုန်နီကို လှောင်အိမ်အတွင်းထည့်လိုက်လျှင် နေလင်းယုန်က သေလုမျောပါးခံစားရမည်ဟု ထင်မှတ်ထားသည်။ သို့သော်လည်း သူက ၎င်းကို ငရဲတွင်းထဲပို့လိုက်မိခြင်းဖြစ်သည်။ လင်းယုန်နီ၏အော်သံက အစပိုင်းတွင် မလိုလားဟန်ဖြစ်နေသာ်လည်း ဖြည်းဖြည်းချင်းသာယာမှုကြောင့် ညည်းညူသံများ ထွက်ပေါ်လာခဲ့သည်။ ဤအသံကိုကြားသောအခါ ဝေဇီမှာ မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသကဲ့သို့ အရှက်ရသွားပြီး ခရမ်းရောင်ပြောင်းသွားလေသည်။
ဤမြင်ကွင်းကို ဝိညာဥ်အသိစိတ်ဖြင့် ကြည့်နေသော ယဲ့ချန်ပင် ပြောစရာစကားမရှိ ဖြစ်သွားရသည်။ နေလင်းယုန်က အမှန်တကယ် တဏှာစိတ်ပြင်းထန်နေသည်။
အဝေးမှအော်သံများ ထွက်ပေါ်လာ၍ မီးတောက်နီဂိုဏ်း၏သိုင်းပြိုင်ပွဲ စတင်ကြောင်း ကြေညာသံများ ထွက်ပေါ်လာ၏။ ယဲ့ချန်နှင့်ရှောင်ရိက အခန်းအပြင်သို့ ထွက်လိုက်သောအခါ ခြံဝန်းအတွင်း အခြားလူများလည်း ရောက်နေကြောင်း သိလိုက်ရသည်။
"သိုင်းပြိုင်ပွဲကို တစ်ချက်လောက်သွားကြည့်ရအောင်"
ယဲ့ချန်က ဦးဆောင်လိုက်သည်။ သူက အလယ်အင်ပါယာရှိသိုင်းပြိုင်ပွဲတစ်ခုကို စိတ်ဝင်စားနေခဲ့သည်။
"ဒါပေမယ့် သိုင်းပြိုင်ပွဲက ငါတို့ကို တားမြစ်ထားတယ်။ တကယ်လို့ ငါတို့က သိုင်းပြိုင်ပွဲကိုသွားရင် မီးတောက်နီဂိုဏ်းကို ရန်စသလိုဖြစ်သွားလိမ့်မယ်"
ယဲ့ကျန့်လုံက စိုးရိမ်စွာပြောလိုက်သည်။ မီးတောက်နီဂိုဏ်းက အလယ်အင်ပါယာ၏ဂိုဏ်းကြီးငါးခုအတွင်း တစ်ခုဖြစ်ပြီး အစွမ်းထက်သည်။ လက်ရှိတွင် ရှီဝူယဲ့မျိုးနွယ်က အလွန်အားနည်းသောကြောင့် မီးတောက်နီဂိုဏ်း တစ်ချက်လှုပ်ရှားလိုက်လျှင် အဆုံးသတ်သွားနိုင်သည်။
"အခု အရင်လို မဟုတ်တော့ဘူး။ မီးတောက်နီဂိုဏ်းက သူတို့သိုင်းပညာကို ငါတို့ခိုးသွားမှာကို ကြောက်နေတာမလား။ အခုသိုင်းပြိုင်ပွဲမှာ အပြင်လူတွေ အများကြီးရောက်နေတာဆိုတော့ ရှီဝူယဲ့မျိုးနွယ်ကလည်း ဘာလို့မသွားနိုင်ရမှာလဲ"
ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်သည်။ မီးတောက်နီဂိုဏ်းက သူ၏မျိုးနွယ်ကို အထင်သေးစွာဖြင့် ဆက်တိုက်ဖိနှိပ်နေသည်။ အနိုင်ကျင့်ခံရကြောင်း စဥ်းစားမိသောအခါ သူက ဒေါသပေါက်ကွဲနေသည်။
"ချန်အာ ငါတို့က သူတို့လက်အောက်ရောက်နေတာဆိုတော့ နှိမ့်ချရမယ်ထင်တယ်"
ယဲ့ကျန်လုံက သတိပေးလိုက်သည်။
"ဦးလေးနှစ် ယဲ့မုန် ယဲ့ရွှမ် ငါနဲ့အတူ လိုက်ခဲ့ကြပါ။ မီးတောက်နီဂိုဏ်းက လမ်းပိတ်ရဲမလား ကြည့်ကြတာပေါ့"
ယဲ့ချန်က ကြောက်စိတ်လုံးဝမရှိဘဲ ရှေ့ဆုံးမှဦးဆောင်သွားလိုက်သည်။ ရှောင်ရိက သူ့နောက်မှကပ်လိုက်သွားသကဲ့သို့ ယဲ့မျိုးနွယ်ဝင်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိသည်။ ထို့နောက် သူတို့က ယဲ့ချန်ကို တစ်ကိုယ်တော်မသွားစေလိုသဖြင့် နောက်မှလိုက်ပါသွားခဲ့ကြသည်။
သူတို့အုပ်စုက အလှဆင်ထားသောလမ်းမှတဆင့် သိုင်းပြိုင်ပွဲထံ ဦးတည်နေကြသည်။ ထိုအချိန်တွင် အစောင့်တာဝန်ယူထားသော တပည့်တစ်အုပ်က ယဲ့ကျန့်လုံတို့ကို မြင်သောအခါ မျက်နှာများမည်းနက်သွား၍ တားမြစ်ရန် လမ်းပိတ်လာကြသည်။
"မင်းတို့က ဘာလာလုပ်တာလဲ။ ဒီနေရာက မင်းတို့အတွက်မဟုတ်ဘူး"
ဤတပည့်အုပ်စုတွင် ခေါင်းဆောင်က ယဲ့ကျွင်းကျောဟုခေါ်ပြီး အလယ်အင်ပါယာ ယဲ့မျိုးနွယ်ဝင်တစ်ယောက်ဖြစ်သည်။ အသက်သုံးဆယ်ကျော်အရွယ်ဖြစ်သော ယဲ့ကျွင်းကျောက မြေဝိဇ္ဇာအဆင့်ဖြစ်ကာ ယဲ့ကျန့်လုံတို့ကို မသာယာသောမျက်နှာထားဖြင့် ကြည့်နေခဲ့သည်။
အလယ်အင်ပါယာယဲ့မျိုးနွယ်နှင့် ရှီဝူယဲ့မျိုးနွယ်ကြားတွင်ရှိသော တင်းမာမှုက သမိုင်းကြောင်းရှည်လျားသည်။ အလယ်အင်ပါယာယဲ့မျိုးနွယ်က ရှီဝူယဲ့မျိုးနွယ်ကို အထင်သေးကြသည်။ သူတို့က အလယ်အင်ပါယာတွင် အစွမ်းထက်လာချိန်တွင် ရှီဝူယဲ့မျိုးနွယ်က အထင်သေးစရာကောင်းလောက်အောင် နိမ့်ကျနေသည်။
အကယ်၍ ယဲ့လော့သာ ရှီဝူယဲ့မျိုးနွယ်တွင် ကြီးပြင်းခဲ့ခြင်းမရှိလျှင် မီးတောက်နီဂိုဏ်းက ယဲ့ကျန့်လုံတို့ကို မောင်းထုတ်ပြီးဖြစ်ပေလိမ့်မည်။
"သိုင်းပြိုင်ပွဲ သွားကြည့်မလို့လေ"
ယဲ့ချန်က ခေါင်းကိုမော့၍ ယဲ့ကျွင်းကျောကို တည့်တည့်စိုက်ကြည့်ကာ တင်းမာစွာပြောလိုက်သည်။
"ရှီဝူယဲ့မျိုးနွယ်က သိုင်းပြိုင်ပွဲကိုမလာရဘူးဆိုတာ ရှင်းရှင်းလင်းလင်းပြောပြီးသား ထင်တယ်။ ခြေတစ်လှမ်းချတာနဲ့ အကုန်သတ်ပစ်မယ်"
ယဲ့ကျွင်းကျောက အေးစက်စက်ခြိမ်းခြောက်လိုက်သည်။ သူ၏စကားကြောင့် ယဲ့ချန်မှာ ဒေါသထွက်လွန်းသဖြင့် လက်တွင် အကြောပြိုင်းပြိုင်းထလာသည်။ အလယ်အင်ပါယာယဲ့မျိုးနွယ်က ရှီဝူယဲ့မျိုးနွယ်ကို အထင်သေးရုံမကဘဲ မုန်းတီးနေခြင်းဖြစ်သည်။ အကယ်၍ သူတို့သာ ရှေ့ဆက်သွားလျှင် ယဲ့ကျွင်းကျောက သေချာပေါက်တိုက်ခိုက်လာမည်ကို လုံးဝသံသယရှိစရာမလိုပေ။
"မင်းတို့မယုံရင် ရှေ့ဆက်တိုးကြည့်စမ်း။ ငါတို့ကသတ်ရဲလား မသတ်ရဲလား စမ်းသပ်ကြည့်လို့ရတယ်။ မင်းတို့ကိုယ်မင်းတို့ မြင့်မြတ်တယ်ထင်နေလား။ အလယ်အင်ပါယာယဲ့မျိုးနွယ်ရဲ့ မျက်လုံးထဲမှာ မင်းတို့အားလုံးက အမှိုက်တွေဖြစ်တယ်"
ယဲ့ကျွင်းကျောက ဆက်ပြောလိုက်သည်။
"မင်း"
ယဲ့ကျန့်လုံက ဒေါသတကြီးဖြစ်သွားသော်လည်း ရှီဝူယဲ့မျိုးနွယ် အန္တရာယ်ဖြစ်မည် စိုးရိမ်သောကြောင့် သည်းခံလိုက်သည်။
"သခင်မလေးကို ရှီဝူယဲ့မျိုးနွယ်က စောင့်ရှောက်ပေးလို့ ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့တယ်။ မင်းတို့က ကောင်းကင်အဆီအနှစ်ဆေးလုံးကို ငြင်းပယ်ပြီးတဲ့အချိန်ကစလို့ အလယ်အင်ပါယာမှာ မင်းတို့နဲ့ ဘာစောက်ကြောင်းမှ ပတ်သက်စရာမရှိတော့ဘူး။ မင်းတို့က မီးတောက်နီဂိုဏ်းထဲဝင်ဖို့တောင် လူတွေလွှတ်လိုက်သေးတယ်။ ဒီလောက်နိမ့်ကျတဲ့ကောင်တွေကို ဂိုဏ်းဝင်ခွင့်ပေးမယ် ထင်နေလား။ တော်တော်အရှက်မဲ့လှချည်လား"
ယဲ့ကျွင်းကျောက မောက်မာစွာဆဲရေးနေခဲ့သည်။ သူ၏စကားအဆုံးတွင် မီးတောက်နီဂိုဏ်းတပည့်များကလည်း ဝိုင်း၍လှောင်ပြောင်လာကြသည်။
"ဒီလူတွေက ရှီဝူယဲ့မျိုးနွယ်ကလား"
"မီးတောက်နီဂိုဏ်းထဲ ဝင်ချင်တယ်ပေါ့။ တော်တော်အရှက်မဲ့တဲ့ကောင်တွေ"
လက်ရှိတွင် ယဲ့ချန်က အလွန်ဒေါသထွက်နေပြီဖြစ်သည်။
"ရှီဝူယဲ့မျိုးနွယ်ကရော မီးတောက်နီဂိုဏ်းထဲမှာ နေချင်တယ်လို့ ထင်နေတာလား။ မင်းကိုယ်မင်း စောက်ထင်ကြီးမနေနဲ့။ မီးတောက်နီဂိုဏ်းကို စောက်ဂရုစိုက်မနေဘူး"
သူက အေးစက်စက်ပြောလိုက်သည်။
"လေကြီးလှချည်လား။ ဂရုမစိုက်ရင် ချက်ချင်းထွက်သွားလေ။ မင်းတို့ကို ငါက ကန်ထုတ်ပေးရမှာလား။ သခင်မလေးသာ ကာကွယ်မပေးထားရင် မင်းတို့ကို မောင်းထုတ်ပြီးနေပြီ"
ယဲ့ကျွင်းကျောက လှောင်ပြုံးပြုံးလိုက်သည်။
ရှီဝူယဲ့မျိုးနွယ်ဝင်များက ဒေါသကြောင့် တစ်ကိုယ်လုံးတုန်ခါနေသည်။
"အဖေ အစ်ကိုကြီး ထွက်သွားရအောင်"
ယဲ့မုန်က ယဲ့ကျန့်လုံနှင့်ယဲ့ချန်ကို တိုက်တွန်းလိုက်ခြင်းဖြစ်သည်။ ဤစော်ကားမှုကို သူက ဆက်လက်သည်းမခံနိုင်နေတော့ပေ။ တစ်ဖက်လူမှ သူတို့အပေါ်ထားသော သဘောကို ရှင်းရှင်းလင်းလင်းဖော်ပြနေသောအခါ ဆက်နေရန် မလိုအပ်တော့ပေ။
"ထွက်သွားစရာမလိုဘူး။ ငါ ဒီနေ့သိုင်းပြိုင်ပွဲကို သွားကြည့်မယ်။ ဘယ်လိုနေရာမျိုးမို့လို့ မီးတောက်နီဂိုဏ်းကတားမြစ်ထားလဲ သိရတာပေါ့"
ယဲ့ချန်က ဒေါသတကြီး ကြုံးဝါးလိုက်သည်။
"ရှေ့ကို ခြေတစ်လှမ်းတက်တာနဲ့ ခေါင်းပြတ်သွားမယ်"
ယဲ့ကျွင်းကျောက အေးစက်စက် ခြိမ်းခြောက်လိုက်ပြန်သည်။
"အစ်ကိုကြီး သွားကြစို့"
ယဲ့ရွှမ်သည် ယဲ့ချန်အလျင်စလိုလုပ်မည်ကို စိုးရိမ်သောကြောင့် တားမြစ်လိုက်သည်။ မီးတောက်နီဂိုဏ်းတွင် အစွမ်းထက်ကျင့်ကြံသူများစွာရှိသောကြောင့် ယဲ့ချန်က စော်ကားမိလျှင် ပြဿနာအကြီးအကျယ် တက်သွားနိုင်သည်။
"ဘန်း"
သို့သော် ထိုအချိန်တွင် ယဲ့ချန်၏လက်က ယဲ့ကျွင်းကျော၏မျက်နှာပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားနေပြီးဖြစ်သည်။ ယဲ့ချန်နှင့် ခြေနှစ်လှမ်းအကွာတွင် ရပ်နေသော သူက ယဲ့ချန်၏ရိုက်ချက်ကို သတိပြုလိုက်မိချိန်တွင် နောက်ကျသွားသည်။ သူ၏မျက်နှာမှ သွေးများပန်းထွက်လာပြီး မီတာအနည်းငယ်အဝေးအထိ လွင့်ထွက်သွားသည်။ သစ်ပင်ကြီးတစ်ပင်ကို ဝင်ဆောင့်မိလိုက်သဖြင့် သွေးများ ဆက်တိုက်အန်ချနေရသည်။
ယဲ့ချန်က လုံးဝညှာတာခြင်းမရှိဘဲ ရိုက်ချလိုက်ခြင်းဖြစ်သည်။ မီးတောက်နီဂိုဏ်းတပည့်များသာမက ယဲ့ကျန်လုံတို့လူစုပါ မင်သက်သွားကြသည်။ သူ၏ရိုက်ချက်က မီးတောက်နီဂိုဏ်းတစ်ခုလုံးကို စိန်ခေါ်လိုက်ခြင်း ဖြစ်လေသည်။