ဂိုဏ်းကြီးနှစ်ခု ထွက်ခွာသွားခြင်း
Vol. 23 Ch. 314
"ရိုင်းစိုင်းလှချည်လား။ မင်းက မီးတောက်နီဂိုဏ်းပိုင်နက်ထဲမှာ တိုက်ခိုက်ရဲတယ်ပေါ့။ သတ်ကြစမ်း"
မီးတောက်နီဂိုဏ်း၏တပည့်များက ပြိုင်တူကြုံးဝါးလိုက်ကြသည်။ သူတို့က လက်နက်ကိုယ်စီဆွဲထုတ်ကာ ယဲ့ချန်ထံ တဟုန်ထိုးပြေးဝင်လာကြ၏။ ရှောင်ရိကလည်း လက်သီးဆုပ်၍ တစ်ချက်ပြုံးကာ ပြေးတက်လာသည်။
"ဘန်း ဘန်း ဘန်း"
ထိုလူများက သဲအိတ်များသဖွယ် အထိုးခံလိုက်ရသည်။ တပည့်များက အဆင့်တစ်ဆယ်ပတ်လည်၌သာ ရှိသောကြောင့် ရှောင်ရိ၏လက်သီးကို လုံးဝမခုခံနိုင်ပေ။ ထို့နောက် သူတို့အားလုံးက လေပေါ်သို့ မြောက်တက်သွားပြီး မြေပြင်သို့ပြန်ကျလာရမည့်အစား သစ်ပင်များပေါ်တွင် တွဲလောင်းဖြစ်သွားကြသည်။ အားလုံးက ချောင်းတဟွတ်ဟွတ်ဆိုး၍ သွေးများ အန်ချနေကြသည်။
"မင်း မင်း မီးတောက်နီဂိုဏ်းတပည့်တွေကို တိုက်ခိုက်ရဲတယ်ပေါ့။ မင်း သေလူဖြစ်ပြီ"
ယဲ့ကျွင်းကျောက လဲကျနေရာမှထလာပြီး ယဲ့ချန်ကို ကျိန်ဆဲကာ သိုင်းပြိုင်ပွဲထံသို့ ခြေကုန်သုတ်ထွက်ပြေးသွားသည်။
"ချန်အာ အခုထွက်သွားသင့်ပြီ။ မီးတောက်နီဂိုဏ်းက ဒီကိစ္စကို ဒီအတိုင်းထားမှာမဟုတ်ဘူး။ မင်းမြန်မြန်ထွက်သွားတာ ကောင်းလိမ့်မယ်။ မုန်အာ၊ရွှမ်အာနဲ့ငါတို့က မီးတောက်နီဂိုဏ်းကို အချိန်ဆွဲပေးထားမယ်။ ယဲ့မျိုးနွယ်မှာ ငါတို့မရှိလို့ရပေမယ့် ခေါင်းဆောင်ဖြစ်တဲ့မင်း သေလို့မရဘူး"
ယဲ့ကျွင်းကျော၏ကျောပြင်ကိုကြည့်ကာ ယဲ့ကျန့်လုံက လေးနက်စွာသတိပေးလိုက်သည်။
"ဟုတ်တယ် အစ်ကိုကြီး။ မြန်မြန်ထွက်သွားလိုက်ပါ"
"အစ်ကို အခုသွားပါနော်။ ရှီဝူယဲ့မျိုးနွယ်က အားနည်းပေမယ့် သူတို့က မျိုးနွယ်တူချင်း မသတ်လောက်ပါဘူး။ မကြာခင် မီးတောက်နီဂိုဏ်းရဲ့ ဆန်းကျယ်ဝိဇ္ဇာတွေ ရောက်လာတော့မယ်။ အဲ့အချိန်ကျရင် ထွက်သွားချင်ရင်တောင် မရလောက်ဘူး"
ယဲ့ရွှမ်နှင့်ယဲ့မုန်ကလည်း ယဲ့ချန်ကို စိုးရိမ်တကြီးတိုက်တွန်းလိုက်ကြသည်။ သူတို့၏သဘောထားကြောင့် ယဲ့ချန်၏နှလုံးသားထဲတွင် နွေးထွေးသော ခံစားချက်တစ်ခု ဖြစ်တည်လာသည်။ အားလုံးက အစစ်အမှန် မိသားစုဝင်များဖြစ်ကြသည်။ အန္တရာယ်များသော အခြေအနေတွင် သူတို့က ကိုယ်လွတ်ရုန်းရန်မစဥ်းစားဘဲ ယဲ့ချန်၏လွတ်မြောက်ရေးကိုသာ ဦးစားပေးရွေးချယ်ခဲ့ကြသည်။
"မကြောက်ပါနဲ့။ ဘာမှမဖြစ်ဘူး"
ယဲ့ချန်က လူတိုင်းကို နှစ်သိမ့်လိုက်သည်။ သူက ဝိညာဥ်အသိစိတ်ကို သိုင်းပြိုင်ပွဲထံ စေလွှတ်လိုက်သောအခါ တောင်များကြားရှိ လွင်ပြင်တစ်ခုတွင် ခုံတန်းများစီစဥ်ထားသည်ကို မြင်လိုက်ရ၏။ ပထမတန်းတွင် မုန်တိုင်းအိမ်တော်၊ မဟူရာဂိုဏ်း၊ နတ်ဆရာဂိုဏ်းစသည့် ဂိုဏ်းကြီးများ၏နာမည်ကို ရေးထွင်းထားသည်။ အစွမ်းထက်ဂိုဏ်းကြီးများက သိုင်းပြိုင်ပွဲတက်ရောက်ရန် ကိုယ်စားပြုများ စေလွှတ်ခဲ့သည်။ ထိုကျင့်ကြံသူများက မြို့စားဇီလန်စသော တော်ဝင်အရာရှိများနှင့်တကွ ရှေ့ဆုံးတန်းတွင် နေရာယူထားကြသည်။
မီးတောက်နီဂိုဏ်း၏ဂိုဏ်းချုပ်မှာ အသက်လေးဆယ်ကျော်အရွယ် ယောက်ျားတစ်ယောက်ဖြစ်ကာ အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူက ယဲ့လော်နှင့် ရုပ်ချင်းဆင်သောကြောင့် အတော်ခန့်ညားသောရုပ်ရည်ကို ပိုင်ဆိုင်ထား၏။ ယဲ့ကုန်း၏ဘေးတွင် သမီးဖြစ်သော ယဲ့လော်က အဖြူရောင်ဝတ်စုံလေးကိုဝတ်ဆင်ပြီး နေရာယူထားသည်။ သူမက လှပပြီးကျက်သရေရှိသောကြောင့် လောကရှိ အလှပေါင်းဆုံစည်းရာသဖွယ် ထင်မှတ်ရသည်။ ပတ်ဝန်းကျင်တစ်ခုလုံး၏အာရုံကို သူမက ဆွဲဆောင်နေပြီး သခင်လေးများနှင့် လူငယ်တိုင်းက ယဲ့လော်၏အလှကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြလေသည်။
"ဒါက မီးတောက်နီဂိုဏ်းရဲ့သခင်မလေး ယဲ့လော်မလား။ လှလိုက်တာကွာ"
"ဒါပေမယ့် သူမက မုန်တိုင်းအိမ်တော်သခင်လေးလက်ထဲကို ရောက်တော့မယ်လို့ ကြားတယ်။ နှမြောစရာကောင်းလွန်းပါတယ်"
မုန်တိုင်းအိမ်တော်၏နေရာတွင် အသက်နှစ်ဆယ်အရွယ်ရှိ ကြီးစိုးသောဟန်ပန်နှင့် လူငယ်တစ်ယောက် ထိုင်နေသည်။ သူ၏ဘေးတွင် ဆန်းကျယ်ဝိဇ္ဇာသုံးယောက် ခြံရံနေသည်။ ပတ်ဝန်းကျင်ရှိ စကားများကြောင့် မုန်တိုင်းအိမ်တော်သခင်လေးက အလယ်အင်ပါယာရှိလူငယ်မျိုးဆက်တွင် နံပတ်တစ်ကျင့်ကြံသူဖြစ်ကြောင်း ယဲ့ချန်က သိလိုက်ရသည်။ အသက်နှစ်ဆယ်အရွယ်တွင် ကောင်းကင်ဝိဇ္ဇာအလယ်အဆင့်သို့ ရောက်နိုင်ခဲ့သော ကုန်းရီသည် အသက်သုံးဆယ်တွင် မုန်တိုင်းအိမ်တော်သခင်ကဲ့သို့ နတ်ဝိဇ္ဇာတစ်ယောက်ဖြစ်လာမည်ဟု ထင်ကြေးပေးခံထားရသည်။ ကုန်းရီက အဘက်ဘက်တွင်ပြည့်စုံသော ပါရမီရှင်တစ်ယောက်ဖြစ်သော်လည်း ယဲ့ချန်အနေဖြင့် နှစ်သက်ခြင်းလုံးဝမရှိပေ။
ယဲ့ချန်က ရေတွက်လိုက်သောအခါ ဆန်းကျယ်အဆင့်ကျင့်ကြံသူ စုစုပေါင်းသုံးဆယ်ကျော်ရှိကြောင်း သိလိုက်ရသည်။ ကောင်းကင်သားရဲအချို့က လူအသွင်ပြောင်းပြီး ထိုင်ခုံများတွင် နေရာယူထားကြသည်။ သူတို့၏ရုပ်သွင်များက လူအစစ်များနှင့်မကွာခြားသည့်အပြင် ပြုမူပြောဆိုပုံများကလည်း လူသားများကဲ့သို့ပင်ဖြစ်သည်။ အချို့က မုန့်များစားသောက်နေကြပြီး အချို့က လက်ဖက်ရည်အရသာကို မြည်းစမ်းနေကြသည်။
ထိုအချိန်၌ သူတို့၏ဝိညာဥ်အသိစိတ်များကို ယဲ့ချန်၏ဝိညာဥ်အသိစိတ်က ဝင်ဆောင့်လိုက်သည်။
"ဖူး"
လက်ဖက်ရည်သောက်နေသော ကောင်းကင်သားရဲက လက်ဖက်ရည်ကို ထွေးထုတ်လိုက်မိပြီး မုန့်စားနေသောသားရဲက လည်ပင်းတွင် မုန့်များနင်သွားခဲ့သည်။ အခြားသားရဲများကလည်း မျက်နှာများ ဖြူဖပ်ဖြူရော်ဖြစ်ကုန်သည်။ သူတို့၏ရင်ထဲတွင် စိတ်များလေးလံနေပြီး နတ်ဘုရင်တစ်ယောက်ရောက်ရှိလာသော အကြောင်းအရင်းကို စဥ်းစားနေကြသည်။ ဤမျှသေးငယ်သော သိုင်းပြိုင်ပွဲတစ်ခုက နတ်ဘုရင်၏အာရုံကို ဆွဲဆောင်နိုင်မည်မဟုတ်ပေ။
"အကြီးအကဲမီးတိမ် ဘာဖြစ်သွားတာလဲ"
နောက်လိုက်များက စိုးရိမ်တကြီး မေးလာကြသည်။
"ဘာမှမဟုတ်ဘူး။ ငါစားနေတာ နင်သွားလို့"
ဆန်းကျယ်အဆင့် ကောင်းကင်သားရဲ မီးတိမ်မြင်းက သူ၏ကိုယ်ဟန်ကို ချက်ချင်းထိန်းသိမ်းလိုက်၏။
"နတ်ဘုရင်တစ်ယောက်က မီးတောက်နီဂိုဏ်းကို ထောက်ပံ့ပေးနေတာလား။ ဒါမှမဟုတ် သူတို့က ခွန်အားပြဖို့ နတ်ဘုရင်ကိုဖိတ်ထားတာလား"
ကောင်းကင်သားရဲတိုင်း အတွေးနက်နေကြသည်။ ထိုကျင့်ကြံသူများကြားတွင် မဟူရာဂိုဏ်း၏ ဆန်းကျယ်ဝိဇ္ဇာနှစ်ယောက်၊ ဆန်းကျယ်အဆင့်ကောင်းကင်သားရဲတစ်ယောက်နှင့် နတ်ဆရာဂိုဏ်း၏ ဆန်းကျယ်ဝိဇ္ဇာတစ်ယောက်၊ ဆန်းကျယ်အဆင့်ကောင်းကင်သားရဲတစ်ယောက် ပါဝင်နေသည်။ ယဲ့ချန်က ဝိညာဥ်အသိစိတ်နှင့် ကောင်းကင်သားရဲများကို ဆက်သွယ်လိုက်သောအခါ နှစ်ယောက်လုံး စိတ်လှုပ်ရှားသွားကြသည်။
"ငါပြောစရာတစ်ခုရှိတယ်။ မင်းတို့ဂိုဏ်းတွေက ဆန်းကျယ်ဝိဇ္ဇာတွေခေါ်ပြီး လာခဲ့ကြ"
ယဲ့ချန်က အမိန့်ပေးလိုက်သည်။
"အမိန့်အတိုင်းပါ အရှင်"
ကောင်းကင်သားရဲနှစ်ကောင်က ချက်ချင်းမတ်တပ်ရပ်၍ အနီးရှိဆန်းကျယ်ဝိဇ္ဇာများကို အကျိုးအကြောင်းပြောလိုက်သည်။ ဆန်းကျယ်ဝိဇ္ဇာသုံးယောက်နှင့် ကောင်းကင်သားရဲနှစ်ကောင်က သိုင်းပြိုင်ပွဲအတွင်းမှ ချက်ချင်းထွက်ခွာသွားကြသည်။ သူတို့က နတ်ဘုရင်တစ်ကောင်၏အမိန့်ကို ကလန်ကဆန်မလုပ်ရဲပေ။ သူတို့၏အရှင်ဖြစ်သော ခြင်္သေ့ဘုရင်ထုံတန်နှင့် ဤနတ်ဘုရင်က အသိအကျွမ်းဖြစ်နိုင်သည်ဟု ခန့်မှန်းလိုက်ကြသည်။ သို့မဟုတ်လျှင် သူက မဟူရာဂိုဏ်းနှင့် နတ်ဆရာဂိုဏ်းမှ ကျင့်ကြံသူများကိုသာ ခေါ်ထုတ်မည်မဟုတ်ပေ။
မဟူရာဂိုဏ်းနှင့် နတ်ဆရာဂိုဏ်း၏လုပ်ရပ်က လူတိုင်းကို အာရုံစိုက်စေခဲ့သည်။ ကောင်းကင်သားရဲများက ပို၍သိလိုစိတ်ဖြစ်နေကြသည်။ သူတို့အားလုံးက နတ်ဘုရင်တစ်ယောက်၏တည်ရှိမှုကို သိထားကြသဖြင့် ဤကိစ္စနှစ်ခုက ဆက်စပ်နေကြောင်း ခန့်မှန်းလိုက်သည်။ ဤနေရာရှိ ကောင်းကင်သားရဲများတွင် အချို့က လွတ်လပ်သောကျင့်ကြံသူများဖြစ်၍ အချို့က ဂိုဏ်းတစ်ခု၏ အဖွဲ့ဝင်များဖြစ်ကြသည်။ သို့သော်လည်း နတ်ဘုရင်တစ်ယောက်၏အစွမ်းကို မည်သူမှစိန်မခေါ်ရဲပေ။ ဆန်းကျယ်အဆင့်ကျင့်ကြံသူများက နတ်ဘုရင်တစ်ယောက်ကို ယှဥ်ပြိုင်တိုက်ခိုက်နိုင်စွမ်း လုံးဝမရှိချေ။
ဂိုဏ်းနှစ်ခု၏လုပ်ရပ်က ယဲ့ကုန်းကို မျက်မှောင်ကြုတ်သွားစေသည်။ ဂိုဏ်းကြီးနှစ်ခု၏ ကိုယ်စားပြုကျင့်ကြံသူများ ထွက်ခွာသွားသော ဖြစ်ရပ်က အလွန်ထူးဆန်းနေသည်။ သူက အကြောင်းအရင်းကိုစုံစမ်းရန် မီးတောက်နီဂိုဏ်း၏ တပည့်သုံးယောက်ကို တိုးတိုးတိတ်တိတ်မှာကြားလိုက်၏။ မဟူရာဂိုဏ်းနှင့်နတ်ဆရာဂိုဏ်းသည် မီးတောက်နီဂိုဏ်းနှင့် မဟာမိတ်များမဟုတ်သော်လည်း ရန်ငြိုးမရှိပေ။ ထို့အပြင် မီးတောက်နီဂိုဏ်း၏ပိုင်နက်အတွင်း သူတို့က ပြစ်မှုများလုပ်ရဲမည်ဟု ယဲ့ကုန်းက မထင်ချေ။
"ကျုပ် ယဲ့ကုန်းက အားလုံးကိုကြိုဆိုလိုက်ပါတယ်။ သိုင်းပြိုင်ပွဲကို တက်ရောက်ပေးတာ တကယ့်ကိုဂုဏ်ယူရပါတယ်"
ယဲ့ကုန်းကမတ်တပ်ရပ်၍ လက်သီးနှင့်လက်ဝါးကိုထိကပ်ကာ အရိုအသေပေးလိုက်သည်။ အတိတ်တွင် မီးတောက်နီဂိုဏ်းက ကပ်ဘေးတစ်ခုကြုံတွေ့ခဲ့ရပြီး မိစ္ဆာတစ်ယောက်အပြတ်ရှင်းခြင်းကို ခံရလုနီးပါးဖြစ်ခဲ့သည်။ သူက မုန်တိုင်းအိမ်တော်၏အကူအညီဖြင့် ဤကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့သည်။ ထို့ကြောင့် မီးတောက်နီဂိုဏ်းက ဤအခြေအနေထိ ပြန်လည်မြင့်တက်လာနိုင်ခြင်း ဖြစ်သည်။
"ဂိုဏ်းချုပ်ယဲ့က နှိမ့်ချလွန်းနေပါပြီ။ ကျုပ်တို့ကိုဖိတ်ခေါ်တာက ကြင်နာမှုပြသရာ ရောက်နေပါပြီ"
ဧည့်သည်များက ယဥ်ကျေးစွာ တုံ့ပြန်လိုက်ကြသည်။ အတိတ်တွင် ဤအင်အားစုများက မီးတောက်နီဂိုဏ်းကို များစွာအလေးအနက်မထားခဲ့သော်လည်း မုန်တိုင်းအိမ်တော်၏မဟာမိတ်ဖြစ်လာသောအခါ လူတိုင်းက အလေးအနက်ထားလာရ၏။
"မီးတောက်နီဂိုဏ်း လူငယ်မျိုးဆက်သိုင်းပြိုင်ပွဲက တကယ့်အခမ်းအနားကြီးတစ်ခု ဖြစ်တယ်။ ကျုပ်က အမြင်ကျယ်စေဖို့အတွက် တက်ရောက်ပါတယ်"
ကုန်းရီကမတ်တပ်ရပ်ပြီး ယဲ့ကုန်းကို အရိုအသေပေးလိုက်သည်။ သူ၏အကြည့်က ယဲ့ကုန်းဘေးတွင်ရှိနေသော ယဲ့လော်ထံကျရောက်နေပြီး ချစ်စိတ်များကို ပေါ်တင်ထုတ်ဖော်ထားသည်။ ဂိုဏ်းတိုင်းမှ လှပသောမိန်းကလေးများ ဤနေရာတွင်ရှိနေကြသော်လည်း ယဲ့လော်၏အလှကို ယှဥ်နိုင်သူ လုံးဝမရှိချေ။
ကုန်းရီ၏အမူအရာကို ဂိုဏ်းအသီးသီးမှ ကိုယ်စားပြုကျင့်ကြံသူများ သတိထားမိလိုက်ကြသည်။ သူတို့၏စိတ်ထဲတွင် မုန်တိုင်းအိမ်တော်သခင်လေး၏ သဘောကျခြင်းခံရသည့် သမီးကိုပိုင်ဆိုင်ထားသော ယဲ့ကုန်း၏ကံကို အားကျနေသည်။ မီးတောက်နီဂိုဏ်းက ယနေ့မှစတင်၍ မြင့်တက်လာမည့်ပုံပေါ်နေသည်။
ကုန်းရီ၏အကြည့်ကို သတိထားမိသော်လည်း ယဲ့လော်က ဂရုမစိုက်ခဲ့ပေ။ သူမက ဤအချိန်တွင် ယဲ့ချန်အကြောင်း တွေးမိနေသည်။ ကုန်းရီက ကောင်းကင်၏ကောင်းချီးပေးခံရသော ပါရမီရှင်တစ်ယောက်ဖြစ်သော်လည်း သူမ၏နှလုံးသားကို ယဲ့ချန် ပိုင်ဆိုင်ထားပြီးဖြစ်သည်။ ကုန်းရီ၏ကြိုးစားမှုမှန်သမျှက အပိုသာ ဖြစ်ပေလိမ့်မည်။
"လောအာ့ ဘာလို့ ဒီလောက်ရိုင်းရတာလဲ။ သခင်လေးကုန်းကို နှုတ်ဆက်လိုက်စမ်း"
ယဲ့ကုန်းက မကျေမနပ်ဖြင့် အမိန့်ပေးလိုက်သည်။
မီးတောက်နီဂိုဏ်းသည် မုန်တိုင်းအိမ်တော်ရှေ့တွင် အမြဲတစေနှိမ့်ချနေရသောအခါ ယဲ့လော်၏အပြုအမူက ကုန်းရီကို ရန်စသကဲ့သို့ဖြစ်သွားနိုင်သည်။ သို့သော်လည်း ယဲ့လော်က သူ့ကိုနှစ်သက်ခြင်းမရှိသောကြောင့် စိတ်ပျက်မှုကိုသာ ခံစားလိုက်ရသည်။
"ကိစ္စမရှိပါဘူး ဂိုဏ်းချုပ်ယဲ့။ မိန်းကလေးလော့ အခက်တွေ့အောင် မလုပ်ပါနဲ့"
ကုန်းရီက အနည်းငယ်စိတ်ပျက်နေသော်လည်း ပြုံး၍ပြောလိုက်သည်။ ယဲ့လော်က သူ့ကိုမကြိုက်ကြောင်း သိသော်လည်း လက်လျှော့လိုစိတ်မရှိပေ။ တစ်နေ့တွင် ယဲ့လော်က သူ့ကို ပြန်လည်နှစ်သက်လာမည်ဟု ယုံကြည်ထားသည်။ မုန်တိုင်းအိမ်တော်သခင်လေးဟူသော အဆင့်အတန်းအရ သူက မိန်းမလှလေးများစွာ တွေ့ဖူးသော်လည်း ယဲ့လော်၏အလှကို မည်သူမှမမီပေ။ သူမက လူသားများအကြားမှ နတ်မိမယ်တစ်ပါးဖြစ်နေသောကြောင့် ငြင်းဆန်လေလေ သူက သိမ်းပိုက်ချင်စိတ် ပို၍များလာလေလေဖြစ်သည်။
"ကျုပ်က သမီးကို ကောင်းကောင်းမသွန်သင်နိုင်ခဲ့တဲ့အပြစ်ပါ။ သခင်လေးကုန်းခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်"
ယဲ့ကုန်းက ယဲ့လော်ကိုတစ်ချက်ကြည့်၍ ယဥ်ကျေးစွာ တောင်းပန်လိုက်သည်။ မုန်တိုင်းအိမ်တော်ဟူသော နောက်ခံမရှိလျှင် မီးတောက်နီဂိုဏ်းက ဤအခြေအနေထိ ရောက်လာနိုင်စရာအကြောင်းမရှိပေ။ အတိတ်တွင် သူကခေါင်းမာ၍ ကြိုးစားချင်သော လူငယ်တစ်ယောက်ဖြစ်သည်။ သို့သော် အလယ်အင်ပါယာ၌ အသက်ရှင်ရန် နှစ်ပေါင်းများစွာကြိုးစားပြီးနောက် သဘောထားများ ပြောင်းလဲလာခဲ့သည်။ လက်ရှိတွင် တစ်ကိုယ်တော်ကျင့်ကြံခြင်းနှင့် ရက်စက်သော လောကတွင် အသက်ရှင်မည်မဟုတ်ဟု သူက လက်ခံထားသည်။ ယဲ့ကုန်းက စွမ်းအားအပေါ် ကိုးကွယ်သူတစ်ဦး ဖြည်းဖြည်းချင်းဖြစ်လာခဲ့သည်။ ကုန်းရီက ယဲ့လော်ကို သဘောကျသောအဖြစ်သည် ကောင်းကင်မှ မီးတောက်နီဂိုဏ်းမြင့်တက်လာစေရန် ပေးအပ်သော အခွင့်အရေးတစ်ခုဟု သတ်မှတ်ထားသောကြောင့် သူက လက်လွှတ်မခံနိုင်ပေ။
သိုင်းပြိုင်ပွဲကျင်းပရန် အချိန်ရောက်လာသော်လည်း ဂိုဏ်းကြီးနှစ်ခု၏ကိုယ်စားပြုများက ပြန်လည်ရောက်ရှိလာခြင်းမရှိပေ။ ယဲ့ကုန်းက သူတို့၏ထိုင်ခုံများကို မသာယာသောမျက်နှာဖြင့် စိုက်ကြည့်လိုက်သည်။ သို့သော်လည်း သူက ဆက်လက်စောင့်ဆိုင်းနိုင်ခြင်း မရှိပေ။
"ပြိုင်ပွဲ စတင်မယ်"
ယဲ့ကုန်းက လက်ကိုဝှေ့ယမ်း၍ မီးတောက်နီဂိုဏ်းတပည့်များကို အချက်ပြလိုက်သည်။
သိုင်းလေ့ကျင့်ကွင်း၏ အရှေ့ဘက်တွင် မီးတောက်နီဂိုဏ်းတပည့်များ နေရာယူထားသည်။ အားလုံးက အသက်နှစ်ဆယ်အရွယ်ဖြစ်ပြီး အနီရောင်ဝတ်စုံကိုယ်စီ ဝတ်ဆင်ထားကြသည်။ လူတိုင်းက စိတ်လှုပ်ရှားနေပုံပေါ်ပြီး ဤသိုင်းပြိုင်ပွဲက သူတို့၏အရည်အသွေးကို ထုတ်ပြနိုင်သော အခွင့်အရေးကောင်းတစ်ခုဖြစ်ကြောင်း လက်ခံထားလေသည်။