← Chapters

ခြင်္သေ့ဘုရင်၏ တံဆိပ်ပြား

Vol. 23 Ch. 315

ခြင်္သေ့ဘုရင်၏ တံဆိပ်ပြား

Vol. 23 Ch. 315

"ကျုပ် အရင်စလိုက်မယ်"

မီးတောက်နီဂိုဏ်း၏ တပည့်တစ်ဦးက သိုင်းပြိုင်ကွင်းပေါ်သို့ ခုန်တက်လာခဲ့သည်။ သူက ငယ်ရွယ်သူတစ်ယောက်​ဖြစ်သော်လည်း မြေဝိဇ္ဇာအလယ်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်နေခဲ့သည်။

"ဂိုဏ်းတူညီအစ်ကိုလင်း ငါ မင်းကို အဖော်ပြုပေးမယ်"

နောက်ထပ် မြေဝိဇ္ဇာအလယ့်အဆင့်ဖြစ်သော တပည့်တစ်ဦး ရှေ့တက်လာခဲ့သည်။

လွန်ခဲ့သော ရာစုနှစ်များနှင့်ယှဥ်လျှင် မီးတောက်နီဂိုဏ်းက နိမ့်ကျသွားသည်ဟု ဆိုနိုင်သော်လည်း ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်သောကြောင့် ဘဏ္ဍာတိုက်အတွင်း၌ စုဆောင်းထားသော အရင်းအမြစ်များစွာရှိသည်။ ထို့ကြောင့် သူတို့က တပည့်များကိုထောက်ပံ့ပေးနိုင်ပြီး ကျပန်းတပည့်တစ်ယောက်ပင်လျှင် တိုင်းပြည်ငယ်များ၌ အစွမ်းထက်ကျင့်ကြံသူမျိုး ဖြစ်ကြပေလိမ့်မည်။

"မြေမီးတောက်သိုင်း"

"ကောင်းကင်မီးလက်ဝါးသိုင်း"

တပည့်နှစ်ယောက်က သိုင်းကွက်ကိုယ်စီ ထုတ်ဖော်လိုက်သောကြောင့် ပတ်ဝန်းကျင်တွင် ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာသည်။ ပြိုင်ပွဲက ကြမ်းကြမ်းတမ်းတမ်း စတင်လာခဲ့သည်။ ပြိုင်ဘက်နှစ်ယောက်က ထိပ်တိုက်ရင်ဆိုင်နေသောကြောင့် မြင်ကွင်းက အလွန်ကြည့်ကောင်းနေသည်။

"မီးတောက်နီဂိုဏ်းမျိုးဆက်သစ်တွေက တော်တော်ထူးချွန်နေပါလား။ ကျင့်ကြံခြင်းအုတ်မြစ်က အလွန်သန်မာတယ်"

"လွန်ခဲ့တဲ့နှစ်တွေမှာ သူတို့ကအောက်ခြေအထိ ရောက်ခဲ့တယ်။ ဖီးနစ်ငှက်လိုမျိုး ပြာပုံထဲကနေ တိုးထွက်လာနိုင်မယ်ဆိုတာ မျှော်လင့်မထားဘူး"

"အကုန်လုံးက မုန်တိုင်းအိမ်တော်ကြောင့်ပါကွာ။ အဘိုးကြီးယဲ့ကုန်းလိုလူမျိုးက တစ်ယောက်တည်းနဲ့ ဘယ်လိုစွမ်းဆောင်နိုင်မှာလဲ။ သူက သမီးကိုပေးချင်လွန်းလို့ ကုန်းရီရှေ့မှာ ဒူးထောက်မတတ်ဖြစ်နေတာ မြင်ကြတယ်မလား။ ဒါပေမယ့် သူ့သမီးကတော့ စကားနားထောင်ချင်ပုံမရဘူး။ မုန်တိုင်းအိမ်တော်သခင်လေးနဲ့ လက်ထပ်ရမယ်ဆိုတာ မရေမတွက်နိုင်တဲ့ မိန်းမလှလေးတွေရဲ့အိပ်မက်လေ။ သူက အစွမ်းထက်ပါရမီရှင်ဖြစ်ရုံတင်မကဘူး အလယ်အင်ပါယာရဲ့လူငယ်မျိုးဆက်မှာ လက်ရှိနံပတ်တစ်ဖြစ်တယ်။ ဆန်းကျယ်ဝိဇ္ဇာအဆင့်ကို အချိန်ခဏအတွင်းရောက်မှာ သေချာတယ်။ သူက နတ်ဝိဇ္ဇာတစ်ယောက်တောင် ဖြစ်လာနိုင်တယ်"

ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများ တီးတိုး​ပြောဆိုနေကြသည်။ သူတို့အားလုံးက မုန်တိုင်းအိမ်တော် ခြေသလုံးဖက်နေသည့် ယဲ့ကုန်းကို လှောင်ပြောင်နေကြသည်။ ယဲ့ကုန်းက ဤစကားများကိုကြားသော်လည်း လျစ်လျူရှုထားသည်။ လူတိုင်းက သူ့ကိုမနာလိုနေခြင်းဖြစ်ပြီး မုန်တိုင်းအိမ်တော်၏ မဟာမိတ်ဖြစ်မည်ဆိုလျှင် အရာအားလုံး စွန့်လွှတ်ကြမည့်သူများပင်ဖြစ်သည်။

သိုင်းပြိုင်ပွဲ ဆက်လက်ကျင်းပနေစဥ် မီးတောက်နီဂိုဏ်း၏ တပည့်တစ်ယောက်က ယဲ့ကုန်းအနားသို့ ပြန်ရောက်လာခဲ့သည်။

"မင်းမြင်ခဲ့တာတွေက အမှန်တွေပဲလား။ ရှီဝူယဲ့မျိုးနွယ် ဟုတ်လား"

ထိုတပည့် တင်လျှောက်လာသော စကားကြောင့် ယဲ့ကုန်းက စိတ်ရှုပ်သွားသည်။

"မဟူရာဂိုဏ်းနဲ့ နတ်ဆရာဂိုဏ်းရဲ့အကြီးအကဲတွေက သူတို့ကိုဦးဆောင်ပြီး စကားပြောဆိုဖို့ တစ်နေရာကို ထွက်သွားပါတယ်"

တပည့်၏စကားကြောင့် ယဲ့ကုန်းမှာ လုံးဝစိတ်ရှုပ်ထွေးသွားခဲ့သည်။ ရှီဝူယဲ့မျိုးနွယ်နှင့် ဂိုဏ်းကြီးနှစ်ခုကြားတွင် ပတ်သက်ဆက်ဆံစရာ အကြောင်းမရှိသောကြောင့် ဤကိစ္စက အဓိပ္ပါယ်မရှိချေ။ အကယ်၍ သူတို့က ဂိုဏ်းကြီးများကိုဆက်သွယ်နိုင်လျှင်ပင် အရင်းအမြစ်မရှိသောကြောင့် အကြီးအကဲငါးယောက်ကိုဆွေးနွေးရန် ဖိတ်ခေါ်နိုင်မည်မဟုတ်ပေ။ အများဆုံး ကောင်းကင်ဝိဇ္ဇာအဆင့်တပည့်များနှင့်သာ ဆက်သွယ်နိုင်ပေလိမ့်မည်။

"အကြီးအကဲတွေက သူတို့ကို ရိုရိုသေသေဆက်ဆံနေတာကိုလည်း ကျွန်တော် မြင်ခဲ့ရပါတယ်"

"ရှီဝူယဲ့မျိုးနွယ်မှာ ဘယ်လိုလုပ် ဒီလိုစွမ်းအားရှိနိုင်မှာလဲ။ မဟူရာဂိုဏ်းနဲ့နတ်ဆရာဂိုဏ်းက သူတို့ကို ရိုရိုသေသေဆက်ဆံနေတာ အမှန်ဆိုရင် ထူးဆန်းတယ်"

ယဲ့ကုန်း၏စိတ်ထဲတွင် ရှီဝူယဲ့မျိုးနွယ်ကို အထင်သေးမိပြီလားဟူသော အတွေး ဖြစ်ပေါ်လာသည်။

"ရှီဝူယဲ့မျိုးနွယ်အုပ်စုမှာ ခေါင်းဆောင်က ယဲ့ချန်လို့ခေါ်တဲ့ လူငယ်လေးတစ်ယောက်ပါ။ သူက အကြီးအကဲတွေနဲ့ဆွေးနွေးပြီး ကျန်တဲ့လူတွေက ဘေးဖယ်ပေးနေကြတယ်။ ကျွန်တော် ဆက်လက်စုံစမ်းရသမျှတော့ သူက ဒီနေ့မှ မီးတောက်နီဂိုဏ်းကိုရောက်လာကြောင်း သိခဲ့ပါတယ်။ သခင်မလေးကလည်း သူ့ကိုဝင်ခွင့်ပေးဖို့ မှာကြားထားလို့ အစောင့်တွေက မတားမြစ်နိုင်ခဲ့ပါဘူး"

ဂိုဏ်းတပည့်က ယဲ့ကုန်း၏အနားသို့ ကပ်သွားကာ တီးတိုးတင်ပြလိုက်သည်။

"ကောင်းပြီ"

ယဲ့ကုန်းက ဘေးတွင်ထိုင်နေသော ယဲ့လော်ကို တစ်ချက်ကြည့်လိုက်သည်။ ယဲ့လော်က ရှီဝူယဲ့မျိုးနွယ်ကိုချစ်ခင်သောကြောင့် ယဲ့ချန်ကိုဝင်ခွင့်ပေးသည်က ကိစ္စကြီးတစ်ခုမဟုတ်ပေ။ သို့သော် ယဲ့လော်က ရှီဝူယဲ့မျိုးနွယ်တွင် အစွမ်းထက်ကျင့်ကြံသူရှိကြောင်း မပြောဖူးသဖြင့် သူက အတွေးနက်နေခဲ့သည်။ သူသိထားသော သတင်းများအရ ရှီဝူယဲ့မျိုးနွယ်တွင် အစွမ်းအထက်ဆုံးက အဆင့်ကိုးကျင့်ကြံသူဖြစ်သည်။

ယဲ့ကုန်းက ထိုင်ခုံလက်ရန်းကို လက်ချောင်းများဖြင့်ခေါက်၍ စဥ်းစားခန်းဝင်နေသည်။ သူက ရှီဝူယဲ့မျိုးနွယ်နှင့် ဂိုဏ်းကြီးနှစ်ခု ဆွေးနွေးရသည့်အကြောင်းအရင်းကို သိလိုနေသည်။ သို့သော်လည်း ယဲ့မျိုးနွယ်က ဂိုဏ်းကြီးနှစ်ခုနှင့် တန်းတူအစွမ်းထက်နေမည်ဟု မယုံပေ။

"နောက်ထပ်ကိစ္စတစ်ခု ရှိပါသေးတယ်။ ပြောသင့်မပြောသင့် မသေချာလို့ပါခင်ဗျာ"

တပည့်က တွန့်ဆုတ်စွာ ပြောလိုက်သည်။

"ပြောစမ်း"

ယဲ့ကုန်းက အေးစက်စက်အမိန့်ပေးလိုက်သည်။

"ရှီဝူယဲ့မျိုးနွယ်က သိုင်းပြိုင်ပွဲကိုဝင်ရောက်ဖို့ အတင်းအကျပ်ကြိုးစားခဲ့ပါတယ်။ သူတို့ကို ဂိုဏ်းတူအစ်ကို ယဲ့ကျွင်းကျောက တားမြစ်ခဲ့ပေမယ့် ယဲ့ချန်ရိုက်နှက်တာကို ခံလိုက်ရတယ်။ သူက အခုအကြီးအကဲတွေကို လက်စားချေဖို့ အကူအညီသွားတောင်းပါတယ်"

"ရှီဝူယဲ့မျိုးနွယ်က မောက်မာလှချည်လား။ မီးတောက်နီဂိုဏ်းထဲမှာ တိုက်ခိုက်ရဲတယ်ပေါ့။ အကြီးအကဲတွေကိုမလှုပ်ရှားဖို့ မှာထားလိုက်။ ဘာဆက်ဖြစ်မယ်ဆိုတာကို ငါ သိချင်သေးတယ်။ ဆက်ပြီးစုံစမ်းထား"

ယဲ့ကုန်းက ဒေါသထွက်လွန်းသဖြင့်ထိုင်ခုံလက်ရန်းကို အားဖြင့် ဆုပ်ကိုင်လိုက်မိသည်။

"ကောင်းပါပြီ"

ထိုတပည့်က အရိုအသေပေး၍ လျင်မြန်စွာထွက်ခွာသွားခဲ့သည်။

ယဲ့ချန်သည် သူ၏ဝိညာဥ်အသိစိတ်ဖြင့် တစ်ယောက်ယောက် ချောင်းကြည့်နေကြောင်းကို သိထားပြီးဖြစ်သည်။ တစ်ဖက်လူက မီးတောက်နီဂိုဏ်းသားတစ်ယောက်ဖြစ်နိုင်သော်လည်း အဝေးတွင်ရှိနေသောကြောင့် သူတို့၏စကားများကို မကြားနိုင်ပေ။ သူက အကြီးအကဲငါးယောက်ကို အကဲခတ်လိုက်သည်။ သူတို့အားလုံးက အသက်ခြောက်ဆယ်အရွယ်များဖြစ်ကြသော်လည်း တက်ကြွလန်းဆန်းသူများ ဖြစ်သည်။

"ညီငယ်လေး အရှင်ဘယ်မှာဆိုတာ သိခွင့်ရှိမလား"

အကြီးအကဲငါးယောက်က ပတ်ဝန်းကျင်ကို စပ်စုလိုက်ကြသည်။ သူတို့က နတ်ဘုရင်မှာ ဤနေရာတွင်မရှိကြောင်း ထင်မှတ်ထားကြသည်။ သူတို့ရင်ဆိုင်တွေ့ခဲ့ရသော ဝိညာဥ်အသိစိတ်ကိုထုတ်ဖော်သူမှာ ယဲ့ချန်ဖြစ်မည်ဟု လုံးဝတွေးထင်မထားခဲ့ပေ။

"ဒါကို မင်းတို့ သိစရာမလိုဘူး"

ယဲ့ချန်က မကျေမနပ်လေသံဖြင့် ဖြေလိုက်သည်။ သူက ဤလူများအား သူ့အကြောင်းအမှန်တရားကို ဖုံးကွယ်ထားရမည်ဖြစ်သည်။

ယဲ့ချန်၏လေသံက ကျင့်ကြံသူငါးယောက်ကို ရှုပ်ထွေးသွားစေသည်။ သူတို့ရှေ့တွင် မောက်မာစွာပြောဆိုရဲသူတွင် သေချာပေါက် အစွမ်းထက်နောက်ခံတစ်ခု ရှိနေပေလိမ့်မည်။ သူတို့က ယဲ့ချန်မှာ နတ်ဘုရင်၏တပည့် ဖြစ်နိုင်မဖြစ်နိုင်ကို ခန့်မှန်းလိုက်ကြသည်။

"ငါက နတ်ဆရာဂိုဏ်းရဲ့အကြီးအကဲ မူတုန်းယွင်ပါ။ သူကလည်း အကြီးအကဲတစ်ယောက်ဖြစ်ပြီး မူတုန်းလင်လို့ခေါ်တယ်"

ဆံပင်ဖြူဖြူ အဘိုးအိုတစ်ယောက်က ယဲ့ချန်ကို သူ့ကိုယ်သူမိတ်ဆက်ပေးလိုက်သည်။

"ငါကချူးပိုင် သူတို့က ချူးယန်နဲ့ချူးမင်လို့ခေါ်တယ်။ ငါတို့သုံးယောက်လုံးက မဟူရာဂိုဏ်းရဲ့အကြီးအကဲတွေပါ"

မူတုန်းယွင်၏စကားအဆုံးတွင် မဟူရာဂိုဏ်းမှ အကြီးအကဲတစ်ယောက်ကလည်း မိတ်ဆက်လာသည်။

မဟူရာဂိုဏ်းနှင့် နတ်ဆရာဂိုဏ်းက ဂိုဏ်းကြီးငါးခုတွင် အဆင့်နှစ်နှင့်သုံးအသီးသီးဖြစ်ကြပြီး ထုံတန်၏ လက်အောက်မှဖြစ်ကြသည်။ သူတို့အားလုံးက အမြဲတမ်းပြိုင်ဆိုင်နေ၍ လက်ရှိတွင် မဟူရာဂိုဏ်းက ပို၍သန်မာနေသည်။ သို့သော်လည်း နတ်ဆရာဂိုဏ်း၏ ကောင်းကင်ဗေဒင်ပညာရပ်က ထုံတန်ကို အကူအညီပေးနိုင်နေဆဲပင်ဖြစ်သည်။ ဂိုဏ်းနှစ်ခုက အချင်းချင်းပြိုင်ဆိုင်နေကြသော်လည်း တစ်ဖက်တွင် အချင်းချင်းထောက်ပံ့၍ စည်းလုံးကြသည်။

ဂိုဏ်းတစ်ခုစီတွင် ဆန်းကျယ်ဝိဇ္ဇာအယောက်ငါးဆယ်ကျော် ပိုင်ဆိုင်ထားသော်လည်း နတ်ဝိဇ္ဇာတစ်ယောက်ပင် မရှိချေ။ ကျင့်ကြံသူတစ်ယောက်သည် ရှေးဟောင်းကျင့်စဥ်တစ်ခုကို ပိုင်ဆိုင်ထားခြင်းမရှိလျှင် ထိုအဆင့်သို့တက်နိုင်ရန် အလွန်အမင်းခက်ခဲပေသည်။ သို့သော်လည်း ရှေးဟောင်းကျင့်စဥ်အများစုက လက်ရှိတွင် ပျောက်ဆုံးနေပြီးဖြစ်လေသည်။

"ကောင်းပြီ။ ငါ မှတ်ထားလိုက်မယ်"

ယဲ့ချန်က အကြီးအကဲငါးယောက်၏မျက်နှာများကို ဝေ့ကြည့်လိုက်သည်။

"အရှင်က ငါတို့ကို ဘာကြောင့်ဆင့်ခေါ်ရတာလဲ"

မူတုန်းယွင်က စိုးရိမ်တကြီးမေးလိုက်သည်။ မဟူရာဂိုဏ်း၏ အကြီးအကဲတစ်ယောက်ဖြစ်သော သူက နတ်ဘုရင်တစ်ယောက် မည်မျှအစွမ်းထက်ကြောင်း သိထားသည်။ သူတို့ကိုဆင့်ခေါ်သူက ခြင်္သေ့ဘုရင်မဟုတ်သော်လည်း သူတို့က သေချာပေါက်နာခံရပေလိမ့်မည်။ ထုံတန်ပင်လျှင် နတ်ဘုရင်တစ်ယောက်ကို အလွယ်တကူရန်စမည် မဟုတ်ပေ။

မူတုန်းယွင်တို့ငါးယောက်လုံး စိတ်များ လေးလံနေကြသည်။ နတ်ဘုရင်တစ်ယောက်က အလွန်အစွမ်းထက်ပြီး ကြမ်းကြုတ်ရက်စက်တတ်ကြသည်။ အကယ်၍ တစ်ဖက်လူက သူတို့ကိုသတ်ချင်လျှင်လည်း ထွက်ပြေးနိုင်မည်မဟုတ်ပေ။ ထုံတန်၏လက်အောက်တွင် ဆန်းကျယ်ဝိဇ္ဇာများစွာရှိသောကြောင့် သူတို့အတွက်နှင့် နတ်ဘုရင်ကို ရန်စမည်မဟုတ်ပေ။ ထို့အပြင် ခြင်္သေ့ဘုရင်နန်းတော်က ဝံပုလွေတိုင်းပြည်နှင့် စစ်မက်ဖြစ်ပွားနေသောကြောင့် နောက်ထပ်နတ်ဘုရင်တစ်ယောက်နှင့် ပြဿနာအတက်ခံမည်မဟုတ်ချေ။ နတ်ဘုရင်တစ်ယောက်က ဆန်းကျယ်ဝိဇ္ဇာထက် အဆင့်တစ်ဆင့်သာ ပိုမြင့်သော်လည်း ကွာခြားချက်က ဆင်နှင့်ပုရွက်ဆိတ်ပမာ ဖြစ်သည်။

"ဒါကို မင်းတို့သိကြလား"

ယဲ့ချန်က ထုံတန်ပေးထားသော ခြင်္သေ့ဘုရင်တံဆိပ်ကို လက်မောင်းကာအတွင်းမှ ထုတ်ယူလိုက်၏။

"သိပါတယ်ခင်ဗျာ"

အကြီးအကဲငါးယောက်လုံးက တံဆိပ်ရှေ့တွင် ချက်ချင်းအရိုအသေပေးလိုက်ကြသည်။ သူတို့က ၎င်းကို ကြိမ်ဖန်များစွာမြင်ဖူးထားသောကြောင့် မမှတ်မိနိုင်စရာ အကြောင်းမရှိချေ။ ဤလူငယ်လေးက ခြင်္သေ့ဘုရင်နှင့် သေချာပေါက် ပတ်သက်နေရမည်ဖြစ်သည်။ ဤတံဆိပ်ကို ထုံတန်က အပြင်လူများအား ပေးခြင်းမရှိသောကြောင့် သာမန်ကျင့်ကြံသူများကြားတွင် အစွမ်းထက်သူများဖြစ်သော အကြီးအကဲငါးယောက်လုံးက အမိန့်နာခံကြရပေလိမ့်မည်။ ယဲ့ချန်၏စကားတိုင်းက ခြင်္သေ့ဘုရင်ထံ ရောက်သွားနိုင်ပြီး သူတို့၏သေခြင်းရှင်ခြင်းကို လွယ်ကူစွာ ဆုံးဖြတ်နိုင်စွမ်းရှိနေသည်။

"မင်းတို့က ဒီတံဆိပ်ကိုသိတယ်ဆိုရင် ငါ့အမိန့်ကိုနာခံကြ"

ယဲ့ချန်က ပြန်လှန်မေးခွန်းထုတ်စရာမလိုဟူသော လေသံမျိုးနှင့် တင်းမာစွာပြောလိုက်သည်။ အကယ်၍ သူက အကြီးအကဲငါးယောက်လုံးကို ကြင်နာစွာဆက်ဆံမိလျှင် အလိမ်ပေါ်သွားနိုင်ချေရှိသည်။

"ငါတို့နာခံပါမယ် သခင်လေး"

အကြီးအကဲငါးယောက်လုံးက ပြိုင်တူဖြေလိုက်ကြသည်။ ယဲ့ချန်၏လက်ထဲတွင် ထုံတန်၏တံဆိပ်ရှိနေသောကြောင့် သူ၏အမိန့်တိုင်းကို သူတို့က တစ်ခွန်းမကျန် နာခံရပေလိမ့်မည်။ အကယ်၍ ကလန်ကဆန်လုပ်ကြောင်း ခြင်္သေ့ဘုရင်ထုံတန်သိသွားလျှင် သေဒဏ်က စောင့်ကြိုနေမည်ဖြစ်သည်။

"ဒါဆိုရင် သိုင်းပြိုင်ပွဲကို သွားကြည့်ကြတာပေါ့။ ဒီနေ့ ငါ မီးတောက်နီဂိုဏ်းမှာ ပြဿနာရှာမယ်"

ယဲ့ချန်က ကြုံးဝါးလိုက်သည်။ ဂိုဏ်းကြီးနှစ်ခု၏အကူအညီကိုရသောအခါ သူ၏ယုံကြည်မှုများ တိုးပွားလာခဲ့သည်။

ရှီဝူယဲ့မျိုးနွယ်ဝင်များက အဝေးမှ စောင့်ကြည့်နေကြသည်။ သူတို့၏စိတ်ထဲတွင် စိုးရိမ်စိတ်များ ဖြစ်နေကြသည်။ ယဲ့ချန်နှင့်စကားပြောနေသော ကျင့်ကြံသူငါးယောက်ထံမှ ထွက်ပေါ်နေသော အရှိန်အဝါက အစွမ်းထက်သူများဖြစ်ကြောင်း သိသာနေသည်။

"အဖေ ဒီငါးယောက်က ဘယ်သူတွေလဲ"

ယဲ့မုန်က စပ်စုလိုက်သည်။

"သူတို့အဝတ်အစားတွေအရ အလယ်အင်ပါယာအဆင့်နှစ် မဟူရာဂိုဏ်းနဲ့ အဆင့်သုံး နတ်ဆရာဂိုဏ်းဖြစ်နိုင်တယ်။ ဒီငါးယောက်က အကြီးအကဲတွေဖြစ်လိမ့်မယ်"

ယဲ့ကျန်လုံက တအံ့တသြပြောလိုက်သည်။ အဆင့်ငါးဖြစ်သော မီးတောက်နီဂိုဏ်းသည်ပင် သူတို့၏မျက်လုံးထဲတွင် အစွမ်းထက်တည်ရှိမှုတစ်ခု ဖြစ်နေသောကြောင့် အဆင့်နှစ်နှင့်သုံးဆိုလျှင် ဆိုဖွယ်ရာမရှိချေ။

"သူတို့က အစ်ကိုကြီးကို ယဥ်ယဥ်ကျေးကျေး ဆက်ဆံနေကြတယ်"

ယဲ့ရွှမ်က ထပ်ပြောလိုက်သည်။ ယဲ့ချန်သည် အကြီးအကဲများရှေ့တွင် တောင်ကြီးတစ်လုံးပမာ မားမားမတ်မတ်ရပ်၍ ဆွေးနွေးနေသောကြောင့် ယဲ့မျိုးနွယ်အတွက် အားကိုးစရာဖြစ်ပေသည်။ အချိန်ကြာလာသည်နှင့်အမျှ သူမက ယဲ့ချန်ကို နားမလည်နိုင်တော့ပေ။ မည်သို့ပင်ဆိုစေကာမူ ယဲ့ချန်၏စိတ်ထားက ပြောင်းလဲသွားမည်မဟုတ်ကြောင်း သူတို့အားလုံး သိထားလေသည်။

ယဲ့ကျန့်လုံနှင့်ယဲ့မုန်သည်လည်း ယဲ့ချန်ရှေ့တွင် အကြီးအကဲများက ရိုရိုသေသေဆက်ဆံနေသည်ကို မြင်ရသောအခါ အနည်းငယ်စိုးရိမ်သွားကြသည်။ သူတို့က မည်သို့ဖြစ်ပျက်နေသည်ကို နားမလည်နိုင်ကြပေ။ ဤကိစ္စကလည်း ယဲ့မျိုးနွယ်၏မဟာဘိုးဘေးနှင့် ပတ်သက်နိုင်ချေရှိသည်။ ဘိုးဘေးသည် မဟူရာဂိုဏ်းနှင့်နတ်ဆရာဂိုဏ်းအပေါ် လွှမ်းမိုးနိုင်စွမ်းရှိနေခဲ့သည်။

ရှီဝူယဲ့မျိုးနွယ်ဝင်များ ဆွေးနွေးနေကြစဥ် ယဲ့ချန်က အကြီးအကဲငါးယောက် ခြံရံရောက်ရှိလာသည်။

"သိုင်းပြိုင်ပွဲကို သွားရအောင်။ မီးတောက်နီဂိုဏ်းက တားရဲဦးမလား ကြည့်ကြသေးတာပေါ့"

ယဲ့ချန်က လှောင်ပြုံးကလေးနှင့် ပြောလိုက်သည်။

"ကောင်းပြီ"

ရှီဝူယဲ့မျိုးနွယ်ဝင်များက ဝမ်းသာပျော်ရွှင်နေကြသည်။ လက်ရှိတွင် ယဲ့ချန်ကို ဂိုဏ်းကြီးနှစ်ခုက နောက်ခံအဖြစ် ဆောင်ရွက်ပေးနေသောကြောင့် မီးတောက်နီဂိုဏ်းကို ကြောက်စရာမလိုတော့ပေ။

All Chapters