ကုန်းရီ
Vol. 23 Ch. 316
ယဲ့ချတ်တို့အုပ်စုက သိုင်းပြိုင်ပွဲထံ ချီတက်လာချိန်တွင် အဝေး၌ ယဲ့ချန်၏ရိုက်နှက်ခြင်း ခံထားရသော ယဲ့ကျွင်းကျယ်နှင့် ကျန်တပည့်များက မုန်းတီးစွာစိုက်ကြည့်နေကြသည်။ မဟူရာဂိုဏ်းနှင့် နတ်ဆရာဂိုဏ်း၏ အကြီးအကဲငါးယောက်က ယဲ့ချန်နှင့်အတူပါလာကြောင်း မြင်ရသောအခါ မယုံနိုင်သောမျက်နှာထားများ ဖြစ်ကုန်သည်။ ရှီဝူယဲ့မျိုးနွယ်က ဂိုဏ်းကြီးနှစ်ခု၏ ကိုယ်စားလှယ်များနှင့် ပတ်သက်နေခြင်းက သူတို့၏အမြင်တွင် မဖြစ်နိုင်ပေ။
အစောပိုင်းတွင် ယဲ့ကျွင်းကျောသည် ဆန်းကျယ်ဝိဇ္ဇာနှစ်ယောက်ကို သူ့အတွက် လက်စားချေပေးရန် တောင်းဆိုချင်ခဲ့သည်။ သို့သော်လည်း သူတို့အားလုံးထံ ဂိုဏ်းချုပ်မှ အလျင်စလိုမလုပ်ရန် မှာကြားသော အမိန့်တစ်ခုရောက်လာသည်။ လူတိုင်းက ကြောင်အသွားပြီး ရှီဝူယဲ့မျိုးနွယ်ကို သူတို့၏ဂိုဏ်းချုပ် သတိထားနေရသော အကြောင်းအရင်းကို မတွေးနိုင်ခဲ့ကြပေ။ ခဏအကြာတွင် ယဲ့ချန်က ဂိုဏ်းကြီးနှစ်ခု၏ အကြီးအကဲငါးယောက်နှင့် အတူတကွရောက်လာသည်ကို မြင်လိုက်ကြရသည်။
"ဒီတစ်ခေါက် မင်းတို့ကို အလွတ်ပေးလိုက်မယ်"
ရှီဝူယဲ့မျိုးနွယ်က မဟူရာဂိုဏ်းနှင့်နတ်ဆရာဂိုဏ်းကို နောက်ခံအဖြစ် အားကိုးရှာနိုင်ခဲ့သောကြောင့် ယဲ့ကျွင်းကျောက အံကြိတ်လိုက်မိသည်။ ဂိုဏ်းကြီးနှစ်ခု၏ ကာကွယ်မှုအောက်တွင် သူက လက်စားချေရန်မဖြစ်နိုင်သောကြောင့် ဂိုဏ်းချုပ်၏အမိန့်ကိုနာခံကာ ဒေါသများကို မျိုချလိုက်ရသည်။
ဂိုဏ်းကြီးနှစ်ခု ပြန်ရောက်လာချိန်တွင် ဂိုဏ်းအသီးသီး၏ ကိုယ်စားလှယ်များက ပြိုင်တူကြည့်လိုက်ကြသည်။ သူတို့က သူစိမ်းအချို့ကို သိုင်းပြိုင်ကွင်းသို့ ခေါ်ဆောင်လာသောကြောင့် လူတိုင်း သိလိုစိတ်များ ဖြစ်ပေါ်လာကြသည်။
တော်ဝင်မျိုးနွယ်များ၏နေရာတွင် ထိုင်နေသော မြို့စားဇီလန်က ယဲ့ချန်ကိုမြင်သောအခါ အလန့်တကြားဖြစ်သွားခဲ့သည်။ ဤနေရာသို့ သူမကိုရိုက်နှက်ခဲ့သော နတ်ဆိုး ရောက်လာမည်မှန်းသိလျှင် လာရောက်မည်မဟုတ်ပေ။ ဇီလန်၏မျက်နှာပေါ်မှ ကြောက်စိတ်ကို သတိထားမိသော အမတ်ကြီးရန်ယွင်က ယဲ့ချန်ကိုတလှည့်၊ ဇီလန်ကိုတလှည့် ကြည့်လိုက်သည်။
ယဲ့ချန်က မဟူရာဂိုဏ်းနှင့် နတ်ဆရာဂိုဏ်း၏ ကျင့်ကြံသူများခြံရံ၍ ဝင်ရောက်လာသောကြောင့် ခြင်္သေ့ဘုရင်နန်းတော်မှ ဖြစ်နိုင်သည်။ ထို့နောက် ရန်ယွင်အမတ်က ဂိုဏ်းနှစ်ခု၏အကြီးအကဲများကို စေ့စေ့စပ်စပ်အကဲခတ်လိုက်သည်။ တော်ဝင်မျိုးဝင်တစ်ယောက်ဖြစ်သော်လည်း တော်ဝင်မျိုးနွယ်၌ နောက်ခံများ အပိုင်းပိုင်းကွဲထွက်နေခဲ့သည်။ ခြင်္သေ့ဘုရင်နန်းတော်၊ ဆေးဘုရင်မြို့တော်နှင့် သမာဓိကောင်စီ၏လက်အောက်တွင်ရှိသော တော်ဝင်မျိုးနွယ်များအနက် အမတ်ရန်ယွင်က ခြင်္သေ့ဘုရင်၏ဘက်တော်သား ဖြစ်သည်။
ယဲ့ချန်တို့အုပ်စု ဝင်ရောက်လာခြင်းက သိုင်းပြိုင်ပွဲအပေါ် အကျိုးသက်ရောက်ခြင်းမရှိပေ။ ပြိုင်ပွဲက ဆက်လက်ဖြစ်ပွားနေပြီး ပြိုင်ဘက်နှစ်ယောက်က အစွမ်းကုန်တိုက်ခိုက်နေကြသည်။ မြေဝိဇ္ဇာနှစ်ယောက်၏တိုက်ပွဲက ပြင်းထန်သကဲ့သို့ စင်မြင့်အောက်မှ အော်ဟစ်အားပေးသံများလည်း ဆူညံစွာထွက်ပေါ်နေသည်။
ထိုင်ခုံပေါ်တွင် ထိုင်နေသော ယဲ့ကုန်း၏အကြည့်က ယဲ့ကျန်လုံကို သတိထားမိသောအခါ အေးခဲသွားခဲ့သည်။ ရှီဝူယဲ့မျိုးနွယ်က မဟူရာဂိုဏ်းနှင့် နတ်ဆရာဂိုဏ်းကို မည်သည့်နည်းလမ်းများဖြင့် သိမ်းသွင်းလိုက်ကြောင်း သူ မခန့်မှန်းနိုင်ပေ။
ယဲ့ကုန်းအပြင် ယဲ့လော်သည်လည်း ထိုနေရာကို ကြည့်လိုက်မိသည်။ သူမက ယာယီမင်သက်သွားပြီး မျက်လုံးမှ မျက်ရည်များစီးကျလာကာ နှလုံးသား၌ ပျော်ရွှင်မှုများ ပြည့်နှက်နေသည်။ သူမအနေဖြင့် ယဲ့ချန်လည်း မီးတောက်နီဂိုဏ်းသို့ ရောက်လာမည်ဟု ထင်မထားခဲ့ပေ။ မူလတွင် သူမက ယဲ့ချန်ပြဿနာတက်မည်ကို စိုးရိမ်နေသော်လည်း အကြီးအကဲငါးယောက်ကိုမြင်သောအခါ စိတ်အေးသွားခဲ့သည်။ သူမလည်း ယဲ့ချန်က မဟူရာဂိုဏ်းနှင့်နတ်ဆရာဂိုဏ်းကို မည်သည့်နည်းလမ်းဖြင့် အကူအညီတောင်းလိုက်ကြောင်း မသိခဲ့ပေ။ သို့သော်လည်း ဂိုဏ်းကြီးနှစ်ခု၏ကာကွယ်မှုအောက်တွင် မီးတောက်နီဂိုဏ်းက သူ့ကို ရန်ရှာနိုင်စွမ်းမရှိပေ။
ယဲ့ချန်ကလည်း ယဲ့လော်ကို ပြန်ကြည့်နေသဖြင့် လေထဲတွင် အကြည့်ချင်းဆုံသွားခဲ့သည်။ သူက ယဲ့လော်၏စိုးရိမ်စိတ် ပျောက်ကွယ်သွားစေရန် တစ်ချက်ပြုံးပြလိုက်သည်။ ချစ်သူနှစ်ဦး၏ကြားတွင် ခံစားချက်များကိုဖော်ပြရန် စကားလုံးများ မလိုအပ်ပေ။
ကျန်တစ်ဖက်တွင် ယဲ့လော်ကို အချိန်တိုင်းဂရုစိုက်နေသော ကုန်းရီက ဤဖြစ်ရပ်ကို သတိထားမိခဲ့သည်။ သူက ယဲ့လော်ကြည့်နေသော အရပ်သို့ကြည့်လိုက်သောအခါ ကြီးစိုးသောဟန်ပန်အပြည့်နှင့် ရပ်နေသော ယဲ့ချန်ကို မြင်လိုက်ရ၏။ ကုန်းရီ၏မျက်နှာက ချက်ချင်းမည်းနက်သွားခဲ့သည်။ မီးတောက်နီဂိုဏ်းသို့ သူ လာရောက်လည်ပတ်စဥ်က ယဲ့လော်ကို မြင်မြင်ချင်းချစ်ကျွမ်းဝင်သွားခဲ့သည်။ ကံမကောင်းစွာဖြင့် ယဲ့လော်က လူတိုင်းကို အေးစက်စက်ဆက်ဆံခဲ့ပြီး သူမ၏အပြုံးကို လုံးဝမမြင်ဖူးခဲ့ပေ။ ကုန်းရီက သူမ၏မွေးရာပါဗီဇဟု ထင်ထားခဲ့ပြီး သူမအပေါ် ပို၍တန်ဖိုးထားမိခဲ့သည်။ သို့သော် ယနေ့တွင် ယဲ့လော်က လူတိုင်းအပေါ် အေးစက်ခြင်းမဟုတ်ကြောင်း သူ သိလိုက်ရသည်။
ယဲ့လော်၏အလှက သေမျိုးများနှင့်ပင် မထိုက်တန်သော အလှမျိုးဖြစ်သောကြောင့် ကုန်းရီက သူမကို အမှန်တကယ် ချစ်ခင်နှစ်သက်ခဲ့သည်။ သို့သော်လည်း သူမ၏နှလုံးသားကို အခြားယောကျ်ားတစ်ယောက် ပိုင်ဆိုင်သွားသောကြောင့် သူ၏ရင်ထဲတွင် မနာလိုဝန်တိုစိတ်များ အဆမတန်ကြီးထွားလာခဲ့သည်။
"ငါ ကုန်းရီ နှစ်သက်တဲ့မိန်းမက မင်းလိုနိမ့်ကျတဲ့ကောင်နဲ့ မထိုက်တန်ဘူး။ မင်းကများ ငါ့အမျိုးသမီးကို လုယူရဲတယ်။ မင်းဘာသာ ဘာကောင်ဖြစ်ဖြစ် သတ်ပစ်မယ်"
ကုန်းရီက ယဲ့ချန်ကို အေးစက်စက်စိုက်ကြည့်လိုက်သည်။
ယဲ့ချန်ကလည်း မဲ့ပြုံးတစ်ချက်နှင့် သူ့ကိုပြန်စိုက်ကြည့်နေကြောင်း သိလိုက်ရသည်။ ယဲ့ချန်၏အကြည့်မှာ ဧရာမလူသန်ကြီးတစ်ယောက်က ပုရွက်ဆိတ်တစ်ကောင်ကို အထင်သေးစွာ ကြည့်နေခြင်းမျိုးဖြစ်သည်။ ဤအကြည့်ကြောင့် ကုန်းရီက ဒေါသပေါက်ကွဲလာခဲ့သည်။
ကုန်းရီသည် အလယ်အင်ပါယာ၏ လူငယ်မျိုးဆက်တွင် နံပတ်တစ်ပါရမီရှင် ဖြစ်သောကြောင့် အလွန်မောက်မာသူဖြစ်သည်။ အသက်နှစ်ဆယ်အတွင်း ကောင်းကင်ဝိဇ္ဇာအဆင့်သို့ တက်ရောက်နိုင်ခဲ့သည့်အပြင် သူ၏ဖခင် နတ်ဝိဇ္ဇာနောက်တွင် နတ်ဝိဇ္ဇာဖြစ်လာနိုင်သူဟုလည်း နံပတ်တစ်ထင်ကြေးပေးခံရသည်။ သို့သော်လည်း ယနေ့တွင် သူက အခြားတစ်ယောက်၏ အထင်သေးခြင်းကို ခံနေရသည်။ ဤကား ကုန်းရီ၏လူသတ်လိုစိတ်ကို ကြီးမားစေသည်။
"မင်းကို အခုလောလောဆယ်ဆယ် အသက်ရှင်ခွင့်ပေးထားလိုက်မယ်။ ဂိုဏ်းကြီးနှစ်ခု ကာကွယ်ပေးထားရုံနဲ့ မင်းက မုန်တိုင်းအိမ်တော်ကို တားမြစ်နိုင်မယ်ထင်နေလား။ အလယ်အင်ပါယာကို တော်ဝင်မျိုးနွယ်အပြင် မုန်တိုင်းအိမ်တော်လည်း ပိုင်တယ်"
ကုန်းရီ၏အကြည့် ရေခဲပမာ အေးစက်လာသည်။
"ယဲ့ကျန့်လုံဘေးက လူငယ်လေးက ဘယ်သူလဲ"
ယဲ့ချန်နှင့်ကုန်းရီတို့ အကြည့်ချင်း အားပြိုင်နေသည်ကို သတိထားမိသော ယဲ့ကုန်းက ယဲ့လော်ကို မေးလိုက်ခြင်းဖြစ်သည်။ ဤမေးခွန်းကြောင့် ယဲ့လော်၏မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့သည်။
ယဲ့ကုန်းသည် ယဲ့လော်၏ မျက်နှာအမူအရာကြောင့် တစ်စုံတစ်ခုကို သဘောပေါက်နားလည်လိုက်သည်။ ယဲ့လော်နှင့်ယဲ့ချန်ကြားတွင် နက်ရှိုင်းသော ဆက်ဆံရေးတစ်ခု ရှိနေသည်။
"ဟမ့် မင်းတို့က သိုင်းပြိုင်ပွဲကို ဝင်လာနိုင်ရင်တောင် ဒီနေရာက ငါ့ပိုင်နက်ဖြစ်တယ်။ မဟူရာဂိုဏ်းနဲ့ နတ်ဆရာဂိုဏ်းက မင်းတို့ကိုခေါ်လာပေးပေမယ့် နိမ့်ကျတဲ့ရှီဝူယဲ့မျိုးနွယ်အတွက် အသက်စွန့်စရာအကြောင်းမရှိဘူး။ မင်းတို့က ဂိုဏ်းကြီးနှစ်ခုရဲ့အကူအညီကို တောင်းခံနိုင်ခဲ့ရင်တောင် ရှီဝူယဲ့မျိုးနွယ်ဆိုတာကို အချိန်တိုင်း ချေမွပစ်လိုက်လို့ရတယ်"
ယဲ့ကုန်းက စိတ်ထဲမှ အထင်သေးစွာ ကြုံးဝါးလိုက်သည်။
စင်မြင့်ပေါ်ရှိသိုင်းပြိုင်ပွဲကလည်း ပိုမိုပြင်းထန်လာသည်။
"မီးတောက်နီဂိုဏ်းက တော်တော်အထင်ကြီးစရာကောင်းလာပြီ။ အသက်၂၅နှစ်အရွယ် လူငယ်လေးတစ်ယောက်က ကောင်းကင်ဝိဇ္ဇာအဆင့်ကို ရောက်နေပြီ။ သူက မီးတောက်နီဂိုဏ်းလူငယ်မျိုးဆက်မှာ အစွမ်းအထက်ဆုံးပါရမီရှင် ဖြစ်နိုင်တယ်"
"အံ့သြစရာကောင်းတယ်။ တစ်ခုခုမမှားရင် သူက သက်တမ်းတလျှောက်လုံးမှာ သေချာပေါက် ဆန်းကျယ်ဝိဇ္ဇာထိပ်ဆုံးအဆင့်ကို ရောက်လိမ့်မယ်။ နတ်ဝိဇ္ဇာအဆင့်ကိုရောက်ဖို့တောင် သူ့မှာ အခွင့်အရေးတစ်ခုရှိတယ်။ ဒီအခွင့်အရေးက ဖြစ်လာနိုင်ချေအရမ်းနည်းပေမယ့် သူက နတ်ဝိဇ္ဇာအဆင့်နားကို နီးကပ်နေပြီ"
"ကျန်တဲ့တပည့်တွေထဲမှာလည်း မြေဝိဇ္ဇာအယောက်နှစ်ဆယ်ကျော် ရှိတယ်။ ဒီလူတွေထဲမှာ ရှစ်ယောက်က ယဲ့မျိုးနွယ်ဝင်တွေဖြစ်တယ်။ မီးတောက်နီဂိုဏ်းရဲ့ယဲ့ မျိုးနွယ်တွေကို သွားရှုပ်လို့မရဘူး"
သိုင်းပြိုင်ပွဲကိုကြည့်နေသော ပရိတ်သတ်များကြားတွင် တီးတိုးဆွေးနွေးနေကြသည်။ ဆန်းကျယ်ဝိဇ္ဇာတစ်ယောက်ဖြစ်သော ယဲ့ကုန်းက ဤစကားများကို ကြားသောအခါ မောက်မာစွာပြုံးလိုက်၏။ ကောင်းကင်ဝိဇ္ဇာအဆင့် ယဲ့မျိုးနွယ်ဝင်တစ်ယောက်အပြင် မြေဝိဇ္ဇာများထဲတွင်လည်း သူ၏မျိုးနွယ်၀င်များရှိနေသောကြောင့် ယဲ့မျိုးနွယ်၏ ဂုဏ်ကျက်သရေကို မြင့်တက်စေခဲ့သည်။
အတိတ်တွင် ယဲ့မျိုးနွယ်သည် ရှီဝူအင်ပါယာမှ ထွက်လာပြီးနောက် မီးတောက်နီဂိုဏ်းအတွင်း ဝင်ရောက်ခဲ့သည်။ သူတို့က ရည်မှန်းချက်ကြီးမားစွာဖြင့် မီးတောက်နီဂိုဏ်း၏ထိပ်ဆုံးသို့ ကြိုးစားတက်ရောက်ခဲ့ကြသည်။ ဖြည်းဖြည်းချင်း အင်အားတောင့်တင်းလာသော ယဲ့မျိုးနွယ်က ယနေ့တွင် အောင်မြင်မှုရရှိလာခဲ့သည်။ ယဲ့ကုန်းက ဤအချက်ကို အလွန်ဂုဏ်ယူပြီး မောက်မာလာသောကြောင့် ရှီဝူယဲ့မျိုးနွယ်ကို အထင်သေးခြင်းဖြစ်လေသည်။
လက်ရှိတွင် ရှီဝူယဲ့မျိုးနွယ်က အလယ်အင်ပါယာသို့လာရောက်ကာ သူတို့ကို စိန်ခေါ်ခဲ့သည်။ အလယ်အင်ပါယာယဲ့မျိုးနွယ်ဝင်တစ်ယောက်ကိုပင် ရိုက်နှက်လိုက်သောကြောင့် သူက ယမ်းပုံမီးကျဒေါသထွက်နေသည်။
"ဟေ့ မင်းပါလား တော်တော်အစွမ်းထက်တဲ့ကောင်။ မင်းရောက်ရောက်ချင်းတုန်းက မီးတောက်နီဂိုဏ်းသားဖြစ်ပြီး အခုကျတော့ ငါတို့နတ်ဆရာဂိုဏ်းသား ဖြစ်လာပြန်ပြီလား"
မိုပိုင်က ယဲ့ချန်ကိုမြင်သောအခါ ချက်ချင်းအနားကပ်လာခဲ့သည်။
"ဒါပေါ့ကွာ"
ယဲ့ချန်က ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြလိုက်၏။
"အံ့သြစရာကောင်းတယ်။ ဂိုဏ်းတူယောကျ်ားတပည့်တွေ အချင်းချင်းတိုက်ခိုက်နေတာကို ကြည့်ရတာ ပျင်းစရာကြီးကွာ။ မီးတောက်နီဂိုဏ်းချုပ်သမီး ယဲ့လော်က တကယ့်အလှနတ်ဘုရားမလေးကွ။ ဒါပေမယ့် ကုန်းရီလက်ဦးသွားပြီဆိုတော့ နှမြောစရာကောင်းတယ်"
မိုပိုင်က စိတ်ပျက်စွာ ရေရွတ်လိုက်သည်။
"ကုန်းရီက လော့အာကို ငါ့ခွင့်ပြုချက်မရှိဘဲ လက်ထပ်ရဲမှာလား"
ယဲ့ချန်၏မျက်နှာက ချက်ချင်းတင်းမာ အေးစက်သွားခဲ့သည်။
မိုပိုင်၏ ပေါက်ပေါက်ဖောက်နေသော စကားများကိုကြားသောအခါ အကြီးအကဲမူတုန်းယွင်က ယဲ့ချန်စိတ်ဆိုးမည်ကို စိုးရိမ်နေခဲ့သည်။ ထို့ကြောင့် ယဲ့ချန်၏မျက်နှာ မည်းနက်သွားသောအခါ သူက မိုပိုင်ကိုရပ်တန့်ရန် မျက်ရိပ်မျက်ခြည်ပြလိုက်သည်။
"အကြီးအကဲမူ ခင်ဗျားမျက်လုံးထဲ သဲဝင်လို့လား"
မိုပိုင်က မေးလိုက်သည်။ မူတုန်းယွင်မှာ မိုပိုင်ကိုဖြတ်မရိုက်မိစေရန် အတော်စိတ်ထိန်းလိုက်ရသည်။ သူက စိတ်ပျက်လွန်းသဖြင့် မျက်ဖြူစိုက်သွားနိုင်ချေရှိသည်။
နောက်ဆုံးတွင် ပြိုင်ပွဲစင်မြင့်ပေါ်တွင် အနိုင်ရသူတစ်ဦး ထွက်ပေါ်လာခဲ့သည်။ သူက လှံတစ်ချောင်းကို ကိုင်ဆောင်ထားပြီး မောက်မာစွာရပ်နေခဲ့သည်။ မီးတောက်နီဂိုဏ်းသည် ဤသိုင်းပြိုင်ပွဲကို ကျင်းပရသောအကြောင်းအရင်းမှာ တပည့်များ၏စွမ်းအားကို အပြင်လူများထံ ပြသလိုခြင်းဖြစ်သည်။
"ပြီးသွားပြီလား။ ဒီကောင်ယဲ့ဖန်းက အသက်နှစ်ဆယ့်ငါးနှစ်အရွယ် ကောင်းကင်ဝိဇ္ဇာစဦးအဆင့်ဆိုတော့ မီးတောက်နီဂိုဏ်းတပည့်တွေထဲမှာ ယှဥ်နိုင်သူ မရှိလောက်တော့ဘူး။ ပြိုင်ပွဲက ပျင်းစရာကောင်းလိုက်တာကွာ။ ခရမ်းရောင်ပိုးဂိုဏ်းချုပ်ကို ကြည့်လိုက်စမ်း။ သူမက အသက်ခြောက်ဆယ်ကျော်ပေမယ့် ခန္ဓာကိုယ်နဲ့မျက်နှာကို ကောင်းကောင်းထိန်းသိမ်းထားတော့ အပျိုလေးအတိုင်း လှချက်ကွာ။ ကောက်ကြောင်းတွေက ရှယ်ကြီးဟေး"
မိုပိုင်က ပြိုင်ပွဲအကြောင်း မှတ်ချက်ပေးလိုက်ပြီးနောက် အမျိုးသမီးကျင့်ကြံသူတစ်ယောက်ကို တဏှာမျက်လုံးများနှင့် စိုက်ကြည့်နေခဲ့သည်။
မိုပိုင်၏စကားကြောင့် ယဲ့ချန်က ဆွံ့အသွားရသည်။ ကြည့်ရသည်မှာ ဤဖက်တီးက အမှန်အကန် နှာဘူးတစ်ယောက်ဖြစ်နိုင်သည်။ ယဲ့ချန်၏အကြည့်က ယဲ့ကုန်းထံ ရောက်သွားသည်။ ဤပြိုင်ပွဲ၏ရည်ရွယ်ချက်က မရိုးရှင်းဘဲ ဂိုဏ်းအသီးသီးမှကိုယ်စားလှယ်များစွာကို ဖိတ်ကြားထားသောကြောင့် တစ်ခုခု စီစဥ်ထားပုံပေါ်သည်။
ထိုအချိန်တွင် ပြိုင်ပွဲ၏အနိုင်ရသူဖြစ်သော ယဲ့ဖန်းက ပရိတ်သတ်နေရာတွင် ထိုင်နေသော ကုန်းရီထံ စကားလှမ်းပြောလိုက်သည်။
"အစ်ကိုရီ အစ်ကို့ပါရမီအကြောင်း ကြားဖူးတာကြာပါပြီ။ အသက်ငယ်ငယ်နဲ့ ကောင်းကင်ဝိဇ္ဇာအလယ်အဆင့်ကို ရောက်နေပြီ။ အစ်ကိုက ဂိုဏ်းတူညီမလေးယဲ့လော့ကို စိတ်ဝင်စားနေတယ်လို့ ကြားတယ်။ အစ်ကို့ရဲ့ယောက်ဖအနေနဲ့ လမ်းညွှန်သင်ကြားပေးစေလိုပါတယ်။ တကယ်လို့ အစ်ကိုက ကျော်သလောက်အစွမ်းမထက်ဘူးဆိုရင် ညီမလေးနဲ့လက်ထပ်ဖို့ ခဲယဥ်းပါလိမ့်မယ်"
ယဲ့ဖန်းက ရယ်ရယ်မောမောပြောဆို၍ ကုန်းရီကို စိန်ခေါ်လိုက်လေသည်။