မင်း ငါ့ကို ထိရဲသလား
Vol. 23 Ch. 317
ဂိုဏ်းအသီးသီး၏ ကိုယ်စားလှယ်များက ဤစကားကိုကြားသောအခါ မီးတောက်နီဂိုဏ်း၏ရည်ရွယ်ချက်ကို ချက်ချင်းသဘောပေါက်သွားကြသည်။ မီးတောက်နီဂိုဏ်းနှင့် မုန်တိုင်းအိမ်တော်က လက်ထပ်ပွဲအကြောင်းပြု၍ မဟာမိတ်ဖြစ်ကြောင်းကို ကြေညာလိုခြင်းဖြစ်သည်။ သိုင်းပြိုင်ပွဲက ဟန်ပြသာဖြစ်ပြီး ဤတိုက်ပွဲကသာ အစစ်အမှန်ပြပွဲဖြစ်နိုင်သည်။ ယဲ့ဖန်းသည် အလယ်အင်ပါယာ၏ နံပတ်တစ်ပါရမီရှင် ကုန်းရီကိုနိုင်စရာ အကြောင်းမရှိသောကြောင့် သူ၏စိန်ခေါ်မှုက အပေါ်ယံသာဖြစ်သည်။
မီးတောက်နီဂိုဏ်းနှင့် မုန်တိုင်းအိမ်တော်သာ မဟာမိတ်ဖြစ်သွားလျှင် အလယ်အင်ပါယာ၏ စွမ်းအားမျှခြေက ပြောင်းလဲသွားပေမည်။ မီးတောက်နီဂိုဏ်းနှင့် ကောင်းမွန်သောဆက်ဆံရေးမရှိသည့် ဂိုဏ်းကိုယ်စားလှယ်များ၏မျက်နှာများ မည်းနက်ကုန်သည်။ အရှက်မဲ့သောယဲ့ကုန်းက မုန်တိုင်းအိမ်တော်၏အကူအညီကိုယူရန် ဤနည်းလမ်းကို အသုံးပြုခဲ့သည်။ သူ၏လှပသော သမီးကြောင့် မီးတောက်နီဂိုဏ်းကို ရန်စ၍မရနိုင်စေရန် စီစဥ်ခဲ့ခြင်းဖြစ်သည်။
"အစ်ကိုဖန်းက အားနာလွန်းနေပါပြီ။ ဒီလိုဆိုမှတော့ တိုက်ခိုက်ကြတာပေါ့"
ကုန်းရီက ယဲ့ကုန်းနှင့်ယဲ့လော့ကို တစ်ချက်ကြည့်ကာ ပျော်ရွှင်စွာပြုံးလိုက်သည်။
ယဲ့ကုန်းက တည်ငြိမ်နေသော်လည်း ယဲ့လော့မှာ ဒေါသထွက်လွန်းသဖြင့် သတိလစ်လုနီးပါးဖြစ်နေသည်။ သူမ၏ဖခင်က ဆက်တိုက်ငြင်းပယ်ခဲ့သော လက်ထပ်ပွဲကို သူမ၏ဆန္ဒမပါဘဲ အတင်းအကျပ်စီစဥ်နေပြီဖြစ်သည်။
"အတိတ်မှာ ငါ့ကို ရှီဝူယဲ့မျိုးနွယ်က ကြင်ကြင်နာနာဆက်ဆံခဲ့တယ်။ အလယ်အင်ပါယာကိုရောက်ရောက်ချင်း တစ်နှစ်အတွင်းမှာ ငါ့အဖေက ဒီလောက်ရက်စက်ရသလား"
မီးတောက်နီဂိုဏ်းတွင် ယဲ့လော့ကိုကောင်းစွာဆက်ဆံသူမှာ သူမ၏မိခင် တစ်ယောက်တည်းသာဖြစ်သည်။ ယဲ့လော့က သူမကိုရိုသေလေးစား၍ ချစ်ခင်သော်လည်း ဖခင်ကိုမူ ထပ်ကာထပ်ကာဖိအားပေးခြင်းအတွက် မချစ်ခင်ခဲ့ပေ။ ကုန်းရီနှင့်လက်ထပ်ခြင်းကို ဖိအားပေးနေသော ယဲ့ကုန်းအပေါ် သူမ၏ခံစားချက်များ အေးစက်လာခဲ့သည်။ ဖခင်တစ်ယောက်က သမီးအရင်းကို ဂိုဏ်း၏အကျိုးစီးပွားအတွက် ထိုးကျွေးခြင်းက စက်ဆုပ်စရာပင်ဖြစ်သည်။
ယဲ့လော့က အဝေးရှိယဲ့ချန်ကိုကြည့်ပြီး မျက်ရည်များ စီးကျလာသည်။ သူမတို့နှစ်ယောက်က ဤဘဝတွင် ဆုံစည်းနိုင်ခွင့်မရှိဘဲ နောက်ဘဝမှသာ ပေါင်းဖက်နိုင်ပေလိမ့်မည်။ အကယ်၍ ယဲ့ကုန်းသာ ဆက်လက်ဖိအားပေးနေလျှင် ကိုယ့်ကိုကိုယ်သတ်သေရန် ယဲ့လော့က ဆုံးဖြတ်လိုက်ပြီဖြစ်သည်။
ကုန်းရီက သိုင်းစင်မြင့်ပေါ်တက်လာပြီး ယဲ့ဖန်းနှင့် အရိုအသေပေးလိုက်ကြသည်။
"အစ်ကိုဖန်း သင်ပြပေးပါဦး"
ကုန်းရီ၏မျက်နှာထက်တွင် အောင်နိုင်သူအပြုံးမျိုး ရှိနေခဲ့သည်။ သူက ယဲ့ချန်ကိုပင် အပေါ်စီးမှစိုက်ကြည့်နေခဲ့သည်။
"ဒီနှစ်ကောင်က တော်တော်သရုပ်ဆောင်ကောင်းတာပဲ။ ဒါနဲ့ ယဲ့လော့က ဘာလို့ ဒီနေရာကို ခဏခဏကြည့်နေရတာလဲ။ အရမ်းခန့်ညားတဲ့ ငါ့ရုပ်ရည်မှာ ကျရှုံးသွားတာလား။ ငါ့ကို ယဲ့လော့ကြိုက်နေပြီလား"
ယဲ့ချန်၏ဘေးတွင်ရပ်နေသော မိုပိုင်က စင်မြင့်ပေါ်ရှိနှစ်ယောက်ကို ကဲ့ရဲ့လိုက်ပြီး သူ့ကိုယ်သူ အလွန်အထင်ကြီးနေခဲ့သည်။
ကုန်းရီနှင့်ယဲ့ဖန်း၏ ဟန်ပြတိုက်ပွဲ စတင်တော့မည်အချိန်တွင် ယဲ့ချန်က စင်မြင့်ပေါ်သို့ ရုတ်တရက်ခုန်တက်လိုက်သည်။
"ဘာတွေဖြစ်ကုန်တာလဲ။ ဒီကောင်က ဘယ်သူလဲ"
ပရိတ်သတ်များက ယဲ့ချန်၏လုပ်ရပ်ကြောင့် မင်သက်ကုန်သည်။
"မင်းတို့နှစ်ယောက်က တိုက်ခိုက်ရမယ့်အစား စောက်စကားများနေတယ်။ စကားပြောရတာ တော်တော်ပျော်နေကြတာလား။ မင်းကကုန်းရီ ဟုတ်တယ်မလား။ မင်းလိုကောင်က ငါ့မျိုးနွယ်ရဲ့လော့အာကို လက်ထပ်ချင်တယ်ပေါ့။ မင်းမျက်နှာမင်း မှန်ထဲပြန်ကြည့်စမ်း။ ငါ့ခွင့်ပြုချက်ကိုရော တောင်းပြီးပြီလား"
စင်မြင့်ပေါ်သို့ရောက်သောအခါ ယဲ့ချန်က လက်ကိုနောက်ပစ်၍ လှောင်ပြုံးတစ်ချက်နှင့် ကုန်းရီကို ငေါက်ငမ်းလိုက်သည်။
"မင်းဘယ်သူလဲ။ ငါနဲ့လော့အာလက်ထပ်ဖို့ ဘာကြောင့် မင်းရဲ့ခွင့်ပြုချက်လိုအပ်တာလဲ"
ယဲ့ချန်၏စကားက ရိုင်းပျသောကြောင့် ကုန်းရီက ဒေါသထွက်သွားခဲ့သည်။
"မင်းလိုကောင်မျိုးက ငါ့အကြောင်းသိဖို့ မတန်ဘူး။ လော့အာလို့ခေါ်စရာ စောက်ကြောင်းလည်းမရှိဘူး"
ယဲ့ချန်က နှာခေါင်းရှုံ့လိုက်သည်။ ကုန်းရီ၏မျက်နှာက အလွန်ရှုံ့မဲ့နေသည်။ သူက ယဲ့ချန်ကို စကားဖြင့်နှိပ်ကွပ်ချင်သော်လည်း ယဲ့ချန်က ပို၍အစွမ်းထက်နေခဲ့သည်။ ကုန်းရီက မျိုးနွယ်ကြီးတစ်ခုတွင် ကောင်းစွာကြီးပြင်းလာသူဖြစ်သောကြောင့် စကားဖြင့်စော်ကားရာတွင် ယဲ့ချန်ကို မမီပေ။ လက်ရှိတွင် သူက ပြောစရာစကားရှာမရ ဖြစ်နေခဲ့သည်။
"မင်းက ယဲ့ကုန်း ဟုတ်လား။ မင်းကို လော့အာရဲ့ဖခင်အနေနဲ့ လေးစားပြီး မစော်ကားချင်ဘူး။ ဒါပေမယ့် မင်းက တော်တော်အရှက်မဲ့တယ်။ လော့အာကိုလက်ထပ်ပေးချင်ရင် ရှီဝူယဲ့မျိုးနွယ်ရဲ့ခွင့်ပြုချက်ကို တောင်းပြီးပြီလား"
ယဲ့ချန်၏အကြည့်က ယဲ့ကုန်းထံ အေးစက်စွာ ကျရောက်သွားပြန်သည်။ ရှီဝူယဲ့မျိုးနွယ်အကြောင်းကိုမသိသော ဂိုဏ်းကိုယ်စားလှယ်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။
"ကြည့်ရတာ မီးတောက်နီဂိုဏ်းရဲ့ယဲ့မျိုးနွယ်က ရှီဝူအင်ပါယာမှာ မျိုးနွယ်ခွဲတစ်ခုရှိမယ်ထင်တယ်။ သူကလည်း ယဲ့မျိုးနွယ်ဝင်တစ်ယောက် ဖြစ်ရမယ်"
"ရှီဝူအင်ပါယာအကြောင်းကို ငါ ကြားဖူးပါတယ်။ ဒါပေမယ့် ဒါက သေးငယ်တဲ့တိုင်းပြည်လေးတစ်ခုဖြစ်ပြီး အစွမ်းထက်ကျင့်ကြံသူ မရှိပါဘူး"
"ငါ့သမီးကို ငါ စိတ်တိုင်းကျ လက်ထပ်ပေးနိုင်တယ်။ ဘယ်သူမှ ငါ့ကိုတားလို့မရဘူး။ မင်းက ဘယ်ကောင်လဲ ခွေးကောင်"
ယဲ့ကုန်းက ထိုင်နေရာမှခါးမတ်သွားပြီး ဒေါသတကြီးအော်ဟစ်လိုက်သည်။ သူ၏ကိစ္စကိုဖျက်ဆီးနှောင့်ယှက်ရန် ယဲ့ချန်ထွက်ပေါ်လာမည်ဟု မျှော်လင့်မထားပေ။ ဂိုဏ်းကြီးတစ်ခု၏ခေါင်းဆောင်အနေဖြင့် သူက ဤစော်ကားမှုကို လုံးဝသည်းမခံနိုင်ပေ။ အကယ်၍ ဤနေရာတွင် လူများစွာရှိမနေပါက သူ၏ဒေါသကို ယဲ့ချန်အပေါ် ဖောက်ခွဲပြီးဖြစ်ပေလိမ့်မည်။ လက်ရှိတွင် သူက လူငယ်တစ်ယောက်ကိုအနိုင်ကျင့်သည်ဟု အထင်သေးမခံရစေရန် ဒေါသကို ထိန်းချုပ်ထားသည်။
"ကျန်တဲ့လူတွေက မင်းကိုပြောခွင့်မရှိပေမယ့် ရှီဝူယဲ့မျိုးနွယ်က ပြောနိုင်တယ်။ တော်တော်စောက်ကျိုးနည်းတဲ့လူ မင်းတို့ဒုက္ခရောက်တုန်းက လော့အာကို ရှီဝူယဲ့မျိုးနွယ်မှာ ပစ်ထားခဲ့တယ်။ အခု သူမအရွယ်ရောက်လာတော့ အတင်းအကျပ်ပြန်ခေါ်တယ်။ ကောင်းကောင်းမွန်မွန်ဆက်ဆံရင် ကိစ္စမရှိဘူး။ အခုတော့ တစ်နှစ်အတွင်းမှာတင် မီးတောက်နီဂိုဏ်းအတွက် လော့အာရဲ့ပျော်ရွှင်မှုကို ထိုးကျွေးဖို့လုပ်နေပြီ။ ဒီကမ္ဘာမှာ မင်းလိုဖခင်မျိုးရှိပါ့မလား။ မင်းက လော့အာရဲ့အဖေဖြစ်ဖို့ မထိုက်တန်ဘူး"
ယဲ့ချန်က ယဲ့ကုန်းကိုစိုက်ကြည့်၍ တစ်လုံးချင်းပြောလိုက်သည်။
"ယဲ့လော့က ငါ့သမီးကွ။ ရှီဝူယဲ့မျိုးနွယ်က တော်တော်သတ္တိရှိနေတယ်ပေါ့။ ငါ့ဂိုဏ်းထဲမှာတောင်လာပြီး ပြဿနာရှာရဲတယ်။ မီးတောက်နီဂိုဏ်းက မင်းတို့ကိုရှင်းပစ်ချင်ရင် လွယ်လွယ်လေးကွ။ မသေချင်ရင် ဘေးဖယ်စမ်း"
ယဲ့ကုန်းက ဒေါသထွက်လွန်းသဖြင့် နားနှစ်ဖက်မှ မီးခိုးများထွက်နေသယောင် ခံစားနေရသည်။
"ရှီဝူယဲ့မျိုးနွယ်ကို ရှင်းပစ်ချင်တာလား။ လာစမ်းပါ။ မင်းတို့ကို အချိန်တိုင်းကြိုဆိုတယ်။ မင်းက လော့အာကို မွေးရုံသာမွေးပြီး ငါတို့က သူမကို အသက်၁၆နှစ်အထိ ကျွေးမွေးပျိုးထောင်လာခဲ့တယ်။ ဘယ်သူက ပိုပြီးရင်းနှီးလဲ။ ရှီဝူယဲ့မျိုးနွယ်က ဒီလက်ထပ်ပွဲကို သဘောမတူဘူး။ မင်းက လော့အာရဲ့ဆန္ဒကိုတောင် မမေးဘူး။ သူမလက်မခံချင်ဘူးဆိုရင် ငါတို့က ကာကွယ်ပေးမယ်။ မုန်တိုင်းအိမ်တော်က ဝင်ပြီးစွက်ဖက်ချင်ရင်လည်း လာခဲ့စမ်း"
ယဲ့ချန်က ဂိုဏ်းကြီးနှစ်ခုလုံးကို တပြိုင်နက်ရန်စပြီး စိန်ခေါ်လိုက်သည်။
"လော့အာ နင်ကိုယ်တိုင် ပြောလိုက်စမ်း"
ဂိုဏ်းချုပ်တစ်ယောက်ဖြစ်သော ယဲ့ကုန်းမှာ ရုတ်တရက်ထွက်ပေါ်လာသည့် ယဲ့ချန်၏အထင်သေးခြင်းကို ခံနေရသဖြင့် စိတ်လွတ်လုနီးပါးဖြစ်နေသည်။ သူက ယဲ့လော့ကို အမိန့်ပေးလိုက်သည်။
ယဲ့လော့၏မျက်နှာထက်တွင် မျက်ရည်များ စီးကျနေသည်။ သူမ၏ရင်ထဲတွင် အလွန်နာကျင်နေမိသည်။ သူမက ကုန်းရီကို လက်မထပ်ချင်သော်လည်း ယဲ့ချန်နှင့်ယဲ့မျိုးနွယ်ကို မထိခိုက်စေလိုပေ။ မီးတောက်နီဂိုဏ်း၏အစွမ်းကို သူမက ကောင်းစွာသိထားပြီး ရှီဝူယဲ့မျိုးနွယ်ကယှဥ်နိုင်မည်မဟုတ်ဟု ထင်မှတ်နေသည်။ ထို့အပြင် မီးတောက်နီဂိုဏ်း၏နောက်တွင် နံပတ်တစ်ဂိုဏ်းဖြစ်သော မုန်တိုင်းအိမ်တော်လည်း ရှိနေသည်။ သို့သော်လည်း ယဲ့လော့က သေရမည်ဆိုလျှင်ပင် ယဲ့ချန်နှင့်အတူ လိုက်ပါသွားမည်ဖြစ်လေသည်။
ယဲ့ကုန်းသည် တိတ်ဆိတ်နေသော ယဲ့လော့ကြောင့် ဒေါသပိုထွက်လာပြီး ထိုင်ခုံလက်ရန်းကို ဘန်းခနဲချေမွပစ်လိုက်သည်။ မုန်တိုင်းအိမ်တော်မှလွဲလျှင် အခြားဂိုဏ်းများက ဤပြပွဲကို ပျော်ပျော်ကြီးစောင့်ကြည့်နေကြသည်။ သူတို့သည် မုန်တိုင်းအိမ်တော်နှင့် မီးတောက်နီဂိုဏ်း မဟာမိတ်ဖြစ်သွားမည်ကို မလိုလားသောကြောင့် တစ်စုံတစ်ယောက်က ပြဿနာထရှာသောအခါ ကျယ်လောင်စွာဆွေးနွေးရင်း အားပေးနေကြသည်။
"ဒါဆိုရင် ယဲ့ကုန်းက သူ့သမီးကို အပြင်မှာ၁၆နှစ်လုံးလုံး ပစ်ထားတာပေါ့။ ရှီဝူယဲ့မျိုးနွယ်က သူမကို စောင့်ရှောက်ပေးခဲ့တယ်။ ဒါဆိုရင် လက်ထပ်ပွဲကို သူတို့က ကန့်ကွက်ခွင့်ရှိတာပေါ့"
"မင်းကချမ်းသာလာပြီဆိုရင် လူတိုင်းက ဆွေမျိုးတော်ချင်ကြတာပဲ"
ဂီတဂိုဏ်း၏အကြီးအကဲတစ်ယောက်က ပြောလိုက်သည်။ လူတိုင်းက လက်ရှိတွင် အမှန်တရားကို သိသွားကြပြီဖြစ်သည်။ ယဲ့ကုန်းက မုန်တိုင်းအိမ်တော်ကို ဖားယားနေစဥ် ရှီဝူယဲ့မျိုးနွယ်က အားနည်းနေခြင်းဖြစ်သည်။ သူက ယဲ့လော့ကို ပြန်လည်ခေါ်ဆောင်ပြီး တစ်နှစ်အတွင်းမှာပင် မုန်တိုင်းအိမ်တော်နှင့် မဟာမိတ်ဖြစ်စေရန် လက်ထပ်ပွဲကို အတင်းအကျပ်စီစဥ်ခဲ့သည်။
"မောက်မာတဲ့ခွေးကောင် မင်းက ငါ့ဂိုဏ်းထဲမှာ လာရမ်းကားရဲတယ်ပေါ့။ ဒီကောင့်ကို ဖမ်းလိုက်ကြစမ်း"
ယဲ့ကုန်းက အခြားဂိုဏ်းများ၏ ဆွေးနွေးသံများကိုကြားသောအခါ ထိန်းချုပ်ထားသော ဒေါသများ လွတ်ထွက်ကုန်သည်။
မီးတောက်နီဂိုဏ်း၏ ဆန်းကျယ်ဝိဇ္ဇာများ ပြေးထွက်လာသော်လည်း အကြီးအကဲငါးယောက်က ပို၍လျင်မြန်နေသည်။ ဆန်းကျယ်ဝိဇ္ဇာငါးယောက်က စင်မြင့်၏ပတ်လည်တွင် နေရာယူလိုက်ကြသည်။
"သခင်လေးယဲ့ကိုထိရဲရင် နတ်ဆရာဂိုဏ်းရဲ့ ရန်သူဖြစ်မယ်"
"သခင်လေးယဲ့ကိုထိရဲရင် မဟူရာဂိုဏ်းရဲ့ ရန်သူဖြစ်မယ်"
မူတုန်းယွင်နှင့်ချူးပိုင်က ပြိုင်တူအော်ဟစ် သတိပေးလိုက်ကြသည်။ သူတို့အားလုံးက မီးတောက်နီဂိုဏ်း၏အကြီးအကဲများကို တိုက်ခိုက်ရန် ကောင်းကင်ချီများပင် ထုတ်ဖော်လိုက်ကြသည်။
ထိုခဏတွင် ဂိုဏ်းကိုယ်စားလှယ်များ ကြောင်အသွားခဲ့သည်။ မဟူရာဂိုဏ်းရော နတ်ဆရာဂိုဏ်းပါ ယဲ့ချန်ကိုထောက်ပံ့ပေးရန် ထွက်ပေါ်လာသောကြောင့် သရုပ်မှန်ကို သိလိုစိတ်များ ဖြစ်ပေါ်လာကြသည်။
လူတိုင်း၏ရင်ထဲတွင် မေးခွန်းများပြည့်နှက်နေစဥ် ရန်ယွင်အမတ်သည် ဂိုဏ်းကြီးနှစ်ခု၏လုပ်ရပ်ကြောင့် တစ်ခုခုကို သဘောပေါက်သွားခဲ့သည်။ စင်မြင့်ပေါ်တွင်ရှိနေသော လူငယ်လေးက ခြင်္သေ့ဘုရင်နန်းတော်မှဖြစ်သောကြောင့် ဂိုဏ်းကြီးနှစ်ခုလုံးကို ပြိုင်တူလှုပ်ရှားစေနိုင်ခြင်းဖြစ်သည်။ ခြင်္သေ့ဘုရင်နန်းတော်မှ ကျင့်ကြံသူတစ်ယောက်ဆိုလျှင် သူကိုယ်တိုင်လည်း ထောက်ပံ့ပေးရန်မှတစ်ပါး ရွေးစရာမရှိချေ။
"သခင်လေးယဲ့ကိုထိရဲရင် ငါရန်ယွင်အမတ်ရဲ့ ရန်သူဖြစ်မယ်"
ရန်ယွင်က ဖြည်းညှင်းစွာမတ်တပ်ရပ်၍ တစ်လုံးချင်းပြောလိုက်သည်။
လူတိုင်းတအံ့တသြဖြစ်နေစဥ် ကုန်းရီနှင့် မုန်တိုင်းအိမ်တော် အကြီးအကဲသုံးယောက်က မျက်မှောင်ကြုတ်သွားကြသည်။ ဂိုဏ်းကြီးနှစ်ခုကာကွယ်မှုအပြင် တော်ဝင်မျိုးနွယ်ဖြစ်သော ရန်ယွင်အမတ်ကပါ ယဲ့ချန်အတွက် ဤပြဿနာအတွင်း ဝင်ရောက်လာခဲ့သည်။ မဟူရာဂိုဏ်း၊ နတ်ဆရာဂိုဏ်းနှင့် အမတ်ရန်ယွင်၏အင်အားစု စုစုပေါင်းအင်အားစုသုံးခုတွင် ဆန်းကျယ်ဝိဇ္ဇာဆယ်ယောက်ကျော် ရှိနေသည်။ ထို့အပြင် သူတို့၏နောက်တွင်လည်း နောက်ခံဂိုဏ်းကိုယ်စီ ရှိနေကြသေးသည်။ ဤအချက်ကြောင့် ယဲ့ချန်၏အဆင့်အတန်းက လူတိုင်း၏မျက်လုံးထဲတွင် ရုတ်တရက်မြင့်တက်လာခဲ့သည်။
ကုန်းရီမှာ ဒေါသကိုထိန်းချုပ်ထားရသဖြင့် နှုတ်ခမ်းများပင် အရောင်ပြောင်းလာသည်။ မုန်တိုင်းအိမ်တော်၏ သခင်လေးတစ်ယောက်အနေဖြင့် နာမည်မရှိသောယဲ့ချန်ကို အလွယ်တကူချေမွနိုင်မည်ဟု မျှော်လင့်ထားသည်။ သို့သော်လည်း ယဲ့ချန်ဘက်တွင် အင်အားစုသုံးခုက မားမားမတ်မတ်ရှိနေသောကြောင့် မုန်တိုင်းအိမ်တော်သခင်လေးဆိုသော အဆင့်အတန်းထက် မြင့်မားနေပြီဖြစ်သည်။ သူက ယဲ့လော့နှင့်ယဲ့ချန်၏အကြည့်များကို ပြန်တွေးမိလိုက်လျှင် စိတ်ပျက်နေပြီဖြစ်သည်။ ထိုနှစ်ယောက်၏အမြင်တွင် သူ၏အဆင့်အတန်းက လုံးဝအရေးမပါကြောင်း ပေါ်လွင်နေသည်။
ယဲ့ချန်သည် ဤကိစ္စအတွင်းပါဝင်လာမည်ဟု မျှော်လင့်မထားသော ရန်ယွင်အမတ်ကို တစ်ချက်လှမ်းကြည့်သည်။ ရန်ယွင်အမတ်က ခြင်္သေ့ဘုရင်နန်းတော်၏လက်အောက်မှဖြစ်ကြောင်း သူခန့်မှန်းနိုင်သဖြင့် ထုံတန်၏လွှမ်းမိုးနိုင်စွမ်းကို စိတ်ထဲမှအံ့သြနေခဲ့သည်။
"ယဲ့ကုန်း မင်း ငါ့ကိုထိရဲသလား။ ထိရဲရင် မီးတောက်နီဂိုဏ်းတစ်ခုလုံးကို သွေးနဲ့ဆေးပစ်မယ်။ မင်းရဲ့နိမ့်ကျတဲ့မီးတောက်နီဂိုဏ်းက လူတိုင်းကိုအထင်သေးနိုင်တယ်လို့ ထင်နေတာလား။ မုန်တိုင်းအိမ်တော်ကရော မင်းကိုကာကွယ်ပေးနိုင်မယ်လို့ ထင်သလား"
ယဲ့ချန်က မတ်မတ်ရပ်၍ ယဲ့ကုန်းကိုလက်ညှိုးထိုး စိန်ခေါ်လိုက်လေသည်။