မုန်တိုင်းဓား
Vol. 23 Ch. 318
မီးတောက်နီဂိုဏ်းကို သုတ်သင်ပစ်မည်ဟူသော စကားက ယဲ့ကုန်း၏နားထဲသို့ မိုးချုန်းသံပမာ ကျယ်လောင်စွာ မြည်ဟီးသွားခဲ့သည်။ လက်ရှိတွင် သူက အခြေအနေကို လက်ခံနိုင်ခြင်းမရှိပေ။ ရှီဝူယဲ့မျိုးနွယ်က မဟူရာဂိုဏ်းနှင့် နတ်ဆရာဂိုဏ်းကို ရတနာတစ်ခုခုဖြင့် ဆွဲဆောင်ထားသည်ဟု ထင်ထားသော်လည်း ထိုအကြီးအကဲငါးယောက်လုံးက ယဲ့ချန်၏အမှုတော်ကို ပျော်ပျော်ကြီးထမ်းရွက်နေကြသည်။ ယဲ့ချန်က မဟူရာဂိုဏ်းနှင့်နတ်ဆရာဂိုဏ်းထက် ပို၍အဆင့်မြင့်နေပုံပေါ်သည်။
အကယ်၍ ယဲ့ချန်က ထိုစကားကို စင်မြင့်ပေါ်တွင် တစ်ကိုယ်တော်ရပ်၍ပြောမည်ဆိုလျှင် ယဲ့ကုန်းက သေသည်အထိလှောင်ပြောင် ရယ်မောမိပေလိမ့်မည်။ ရှီဝူယဲ့မျိုးနွယ်ကဲ့သို့ အင်အားစုလေးက ဂိုဏ်းကြီးနှစ်ခုကို မည်ကဲ့သို့အမိန့်ပေးနိုင်ပါမည်နည်း။ သို့သော်လည်း အကြီးအကဲငါးယောက်၏ အမူအရာများအရ ယဲ့ချန်၏အဆင့်အတန်းကို သူကပြန်၍ ဆန်းစစ်ရမည့်ပုံဖြစ်သည်။ သူက ခေါင်းပေါက်ထွက်မတတ် စဥ်းစားနေသော်လည်း ရှီဝူယဲ့မျိုးနွယ်က ဂိုဏ်းကြီးနှစ်ခုကို ဤသို့အမိန့်ပေးနိုင်သော အကြောင်းအရင်းကို တွေးမရခဲ့ပေ။
သိုင်းပြိုင်ပွဲသို့ တက်ရောက်လာကြသော ကိုယ်စားလှယ်များလည်း ယဲ့ချန်ကို မင်သက်စွာစိုက်ကြည့်နေကြသည်။ ရှီဝူယဲ့မျိုးနွယ်က အစွမ်းထက်မျိုးနွယ်ကြီးတစ်ခု ဖြစ်နိုင်သည်။ သို့မဟုတ်လျှင် ယဲ့ချန်က လူပုံအလယ်တွင် ဤစကားမျိုးကို လက်လွတ်စပယ်ပြောမည် မဟုတ်ပေ။
လူနည်းစုကသာ ရှီဝူယဲ့မျိုးနွယ်သည် အတိတ်၌ အလွန်အားနည်းကြောင်း၊ သူတို့နင်းခြေနိုင်သော မျိုးနွယ်တစ်ခုဖြစ်ကြောင်းကို သိထားသည်။
ယဲ့ကုန်းက ဘေးကြပ်နံကြပ်အခြေအနေတွင် ပိတ်မိနေသည်။ အကယ်၍ ယဲ့ချန်ပြောသည့်အတိုင်း အမှန်တကယ်ဖြစ်လာလျှင် သူက ရန်မစရဲပေ။ အကယ်၍ သူက ယဲ့ချန်ကိုမဖမ်းမိလျှင် ပေးဆပ်ရမည့်တန်ဖိုးက ကြီးမားသွားနိုင်သည်။ ထို့အပြင် အလယ်အင်ပါယာတွင် မီးတောက်နီဂိုဏ်းချုပ် မျက်နှာပျက်ရပေလိမ့်မည်။
ထိုအချိန်တွင် ယဲ့လော်၏အကြည့်က ယဲ့ချန်ထံရောက်နေပြီး မျက်ရည်များ ကင်းစင်သွားပြီဖြစ်သည်။ လက်ရှိတွင် ယဲ့ချန်က သူမကိုကယ်တင်စောင့်ကြပ်ပေးရန် ကောင်းကင်မှဆင်းသက်လာသော နတ်စစ်သူကြီးတစ်ယောက်နှင့် တူညီနေသည်။ သူမ၏ကံကြမ္မာကို ယဲ့ချန်နှင့်အတူ လက်တွဲရင်ဆိုင်ရန် ဖြည်းညှင်းစွာထရပ်လိုက်သည်။
"ဟိုကောင် ငါ အားနည်းသူတွေကို အနိုင်မကျင့်တတ်ဘူး။ ဒါပေမယ့် မင်းက လော့အာကို လက်ထပ်ချင်တယ်ဆိုမှတော့ ငါ့ကိုနိုင်ရင် ခွင့်ပြုပေးမယ်။ တကယ်လို့ မင်းရှုံးရင် ဒီနေရာက အမြီးကုပ်ထွက်သွားပြီး မင်းအမေနို့ပြန်စို့နေလိုက်"
ယဲ့ချန်က မုန်တိုင်းအိမ်တော်သခင်လေး ကုန်းရီကိုကြည့်၍ အေးစက်စွာ စိန်ခေါ်လိုက်ခြင်းဖြစ်သည်။
"မင်း တကယ်ပြောတာလား"
ကုန်းရီကလည်း ယဲ့ချန်ကို အေးစက်စက်ပြန်ကြည့်လာခဲ့သည်။
"ဟုတ်တယ်"
"ငါက မင်းကို လော့အာနဲ့လက်ထပ်ဖို့ သဘောတူရင်တောင် လော့အာလက်မခံရင် ဘာမှဆက်ဖြစ်လာမှာမဟုတ်ဘူး။ မင်းက ငါ့လော့အာကိုလုယူချင်တယ်ဆိုမှတော့ သင်ခန်းစာပေးရမှာပေါ့"
ယဲ့ချန်က ခေါင်းညိတ်လိုက်ပြီး စိတ်ထဲတွင် လှောင်ပြုံးပြုံးနေခဲ့သည်။
"ဒီကောင့်အသက်အရွယ်နဲ့ ငါ့ကိုနိုင်ဖို့ မဖြစ်နိုင်ဘူး။ ငါက ကောင်းကင်ဝိဇ္ဇာအလယ်အဆင့်ကိုရောက်နေတဲ့ အလယ်အင်ပါယာရဲ့ နံပတ်တစ်ပါရမီရှင်ကွ"
ကုန်းရီကလည်း ဆယ်ကျော်သက်အရွယ်ဖြစ်သော ယဲ့ချန်ကိုကြည့်၍ ထပ်တူတွေးနေခြင်းဖြစ်သည်။ သူက ယဲ့ချန်၏နောက်ခံကို ကြောက်လန့်ခြင်းမရှိလျှင် တိုက်ခိုက်ပြီးဖြစ်ပေလိမ့်မည်။
"သိုင်းပညာပြိုင်ပွဲမှာ ခြေလက်တွေက မျက်လုံးမပါဘူး"
ကုန်းရီက ယဲ့ချန်ကို သတိပေးလိုက်သည်။ သိုင်းပြိုင်ပွဲကိုကြည့်နေသည့် ပရိသတ်များစွာရှိသောကြောင့် မတော်တဆမှုတစ်ခုခုဖြစ်ပွားလျှင် ယဲ့ချန်၏နောက်ခံကိုဖြေရှင်းရန် သက်သေယူလိုက်ခြင်းဖြစ်သည်။
"ဒါပေါ့"
ယဲ့ချန်က တစ်ချက်ပြုံး၍ ခေါင်းညိတ်သဘောတူလိုက်၏။
"အရမ်းကောင်းတယ်"
ယဲ့ချန် သဘောတူလိုက်သောအခါ ကုန်းရီက ရှေ့သို့ပြေးတက်လာပြီး လက်နှစ်ဖက်ဖြင့် အစွမ်းကုန်ကုတ်ချလိုက်သည်။
"သိမ်းငှက်မုန်တိုင်းသိုင်း"
ကုန်းရီ၏ညာလက်မှ ကောင်းကင်ချီများက သိမ်းငှက်လက်သည်းသဏ္ဍာန်ဖြင့် ထွက်ပေါ်လာကာ ယဲ့ချန်ထံ ကျဆင်းလာခဲ့သည်။ ၎င်းက ထက်ရှလွန်းသဖြင့် လေထုကိုပိုင်းဖြတ်လာသော ဓားသွားပမာ ထင်မှတ်ရသည်။
ဤသိုင်းကွက်သည် မုန်တိုင်းအိမ်တော်၏ လူသိများသော အဆင့်ရှစ်သိုင်းတစ်ခုဖြစ်သည်။ ၎င်းကအလွန်အစွမ်းထက်ပြီး အိမ်တော်သခင်ကို အတိတ်တွင်ကျော်ကြားစေခဲ့သော သိုင်းတစ်ခုလည်းဖြစ်သည်။ ကုန်းရီက ကောင်းကင်ဝိဇ္ဇာအလယ်အဆင့်သာဖြစ်သော်လည်း သိမ်းငှက်မုန်တိုင်းသိုင်းကွက်ကို အသုံးပြုထားလျှင် ကောင်းကင်ဝိဇ္ဇာထိပ်ဆုံးအဆင့်များပင် ထိပ်တိုက်ရင်မဆိုင်ရဲချေ။
ကုန်းရီသည် ယဲ့ချန်အကြောင်းကို များစွာမသိသော်လည်း ယဲ့လော့နှင့်ဆက်ဆံရေးတစ်ခုရှိကြောင်း ရိပ်မိထားသည်။ ထို့ကြောင့် သူက ယဲ့ချန်ကိုသတ်ရန်အတွက် များစွာစဥ်းစားမနေခဲ့ပေ။
သိမ်းငှက်မုန်တိုင်းသိုင်းကွက်မှ ထွက်ပေါ်လာသော ပေါက်ကွဲသံက ကြည့်ရှုနေသူများကို တုန်ယင်သွားစေသည်။ ကုန်းရီက သိုင်းကွက်ကို ရှစ်ဆယ်ရာခိုင်နှုန်းအထိ ပြည့်စုံအောင်ကျင့်ကြံထားပြီး အချိန်ထပ်ပေးလိုက်လျှင် အလယ်အင်ပါယာရှိလူငယ်များ သူ့ကိုယှဥ်နိုင်စွမ်းရှိမည် မဟုတ်တော့ပေ။
ကုန်းရီ၏ပြိုင်ဘက်ဖြစ်သော ယဲ့ချန်က အသက်နှစ်ဆယ်ပင်မပြည့်သေးသောအခါ ကိုယ့်နေရာကိုယ်မသိဘဲ စိန်ခေါ်ခြင်းဖြစ်ကြောင်း လူတိုင်းက ကောက်ချက်ချလိုက်ကြသည်။
ကုန်းရီက ယဲ့ချန်ကို တိုက်ခိုက်လိုက်သောခဏတွင် ယဲ့လော့က အသက်ရှူရပ်သွားခဲ့သည်။ သူမက ယဲ့ချန်အကြောင်းကို ကောင်းစွာသိထားခဲ့သဖြင့် ကောင်းကင်ဝိဇ္ဇာအလယ်အဆင့်တစ်ယောက်ကိုမယှဥ်နိုင်ဟု ထင်မှတ်နေခဲ့သည်။ ဤနှစ်များအတွင်း သူမက ကြိုးကြိုးစားစားကျင့်ကြံ၍ လျင်မြန်စွာတိုးတက်လာခဲ့သော်လည်း ကုန်းရီနှင့်ယှဥ်လျှင် များစွာကွာခြားနေဆဲပင်ဖြစ်သည်။ သူမတို့ခွဲခွာရသော နှစ်များတွင် ယဲ့ချန်က ကောင်းကင်ဝိဇ္ဇာထိပ်ဆုံးအဆင့်သို့ရောက်နေမည်ဟု အိပ်မက်ပင် မက်ဖူးမည်မဟုတ်ပေ။
"သတိထား"
အကြီးအကဲငါးယောက်လုံးက စိုးရိမ်တကြီးပြောလိုက်ကြသည်။ အကယ်၍ ယဲ့ချန်ထိခိုက်သွားလျှင် ခြင်္သေ့ဘုရင်ကို မည်သို့ရှင်းပြရမည်ကို သူတို့မသိပေ။ ယဲ့ချန်က ခြင်္သေ့ဘုရင်တံဆိပ်ကိုပိုင်ဆိုင်ထားသော်လည်း သူတို့၏အမြင်တွင် များစွာသန်မာခြင်းမရှိပေ။ သူက အလယ်အင်ပါယာလူငယ်မျိုးဆက်၏ နံပတ်ပါရမီရှင် ကုန်းရီကိုနိုင်ရန် အကြောင်းမရှိပေ။
"ဒါက အလယ်အင်ပါယာရဲ့ နံပတ်တစ်လူငယ်ပါရမီရှင်ဆိုတာပေါ့။ ရေတွင်းထဲမှာပျော်ပါးနေတဲ့ ဖားတစ်ကောင်ထက် မပိုဘူး"
ယဲ့ချန်က နေရာတွင် သွေးအေးအေးရပ်နေခဲ့သည်။
"လျှာစောင်းထက်တဲ့ကောင် သေစမ်း"
ကုန်းရီ၏မျက်နှာက မည်းနက်သွားခဲ့သည်။
ထိုအချိန်တွင် ယဲ့ချန်၏ကိုယ်တွင်းမှ မီးတောက်ချီများပြန့်ထွက်လာပြီး တိမ်နီကောင်းကင်သိုင်းကွက် ထွက်ပေါ်လာသည်။
"ဘုန်း"
မီးတောက်ချီနှင့်ရေချီ ထိပ်တိုက်ရင်ဆိုင်သွားချိန်တွင် နားကွဲမတတ်ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ သိုင်းပြိုင်ပွဲစင်မြင့်က အလယ်မှနှစ်ပိုင်းပြတ်ထွက်လုနီးပါး ဖြစ်သွားခဲ့သည်။ စင်မြင့်အစွန်းတွင်ရပ်နေသော ယဲ့ဖန်းမှာ ထွက်ပေါ်လာသောတန်ပြန်အားကြောင့် နောက်သို့ ကြောက်လန့်တကြားဆုတ်လိုက်ရသည်။ သူ၏ကိုယ်တွင်းရှိ သွေးနှင့်ချီကဗြောင်းဆန်သွား၍ ကောင်းကင်ဝိဇ္ဇာတစ်ယောက်ဖြစ်သော်လည်း စွမ်းအားအရာတွင် တိုက်ခိုက်နေသူနှစ်ယောက်နှင့် အလွန်ကွာခြားနေခဲ့သည်။ အကယ်၍ သူက စင်မြင့်ပေါ်တွင်ဆက်နေလျှင် တိုက်ပွဲကြားတွင် အသားပြားဖြစ်သွားနိုင်သောကြောင့် အလျင်စလိုခုန်ချ ထွက်ပြေးသွားရသည်။
မုန်တိုင်းအိမ်တော်၏ အကြီးအကဲသုံးယောက်သည် ကုန်းရီ၏အစွမ်းကို ကောင်းစွာသိထားကြသည်။ လူငယ်မျိုးဆက်တွင် ကုန်းရီ၏စွမ်းအားက အသက်နှင့်မလိုက်အောင် များပြားနေသဖြင့် အစွမ်းကို ထိန်းချုပ်ထားရသည်။ သို့သော် ယနေ့တွင် သူ့ထက်ပို၍ ငယ်ရွယ်သူတစ်ယောက်က ကုန်းရီကို လက်ရည်တူတိုက်ခိုက်နိုင်နေခဲ့သည်။
"မုန်တိုင်းချပ်ဝတ်"
ကုန်းရီ၏ခန္ဓာကိုယ်ကို အပြာရောင်ရေချီများက သံချပ်ဝတ်တစ်ခုပမာ ကာကွယ်သွားခဲ့သည်။ နေရောင်အောက်တွင် ၎င်းက တလက်လက်တောက်ပနေသည်။
"ဒါက မုန်တိုင်းချပ်ဝတ်လား"
"ကုန်းရီရဲ့သိုင်းပညာနဲ့ အိမ်တော်သခင်ယှဥ်ရင် ဘယ်လိုနေမလဲ"
"အတိတ်တုန်းက အိမ်တော်သခင်ရဲ့ဒီသိုင်းပညာကို ဘယ်သူမှမထိုးဖောက်နိုင်ခဲ့ဘူး။ ဆန်းကျယ်ဝိဇ္ဇာထိပ်ဆုံးအဆင့်မှာ သူက အဆင့်တူကျင့်ကြံသူ၁၂ယောက်ကို ဆက်တိုက်သတ်ဖြတ်နိုင်ခဲ့တယ်။ ဒီသိုင်းပညာကို ကုန်းရီလည်းတတ်မြောက်နေမယ်လို့ မထင်ထားဘူး။ ဒီလိုဆိုရင် သူက ဆန်းကျယ်ဝိဇ္ဇာအဆင့်အောက်မှာ ပြိုင်ဘက်ကင်းဖြစ်နေပြီ"
ကြည့်ရှုနေသူများက တအံ့တသြ ဆွေးနွေးလိုက်ကြသည်။
"ဘုန်း"
ယဲ့ချန်၏လောကအမျက်သိုင်းပညာက ကုန်းရီ၏ခန္ဓာကိုယ်ကို ထိမှန်သွားကာ မုန်တိုင်းချပ်ကာပေါ်တွင် လှိုင်းတွန့်များ ဖြစ်ပေါ်စေခဲ့သည်။
"ဒီနေ့ မင်းက ငါ့ကို မုန်တိုင်းချပ်ကာထုတ်သုံးရအောင် ဖိအားပေးနိုင်ခဲ့တယ်။ မင်းသေရင်တောင် ဂုဏ်ယူလို့ရနေပြီ"
ကုန်းရီက အေးစက်စက်လှောင်ပြောင်၍ ယဲ့ချန်၏လည်ပင်းကို ခြေဖြင့် လှမ်းခတ်သည်။ ဤကန်ချက်က ပြင်းထန်လွန်းသဖြင့် လေထဲတွင် ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။
မုန်တိုင်းအိမ်တော်အကြီးအကဲသုံးယောက်က အချင်းချင်းစိုးရိမ်စွာ ကြည့်လိုက်ကြသည်။ ကုန်းရီ၏ပြိုင်ဘက်မှာ နောက်ခံမသိရသူဖြစ်သည်။ အကယ်၍ သူတို့၏သခင်လေးသာ တစ်ဖက်လူကိုသတ်မိလျှင် မုန်တိုင်းအိမ်တော်အတွက် ပြဿနာဖြစ်လာနိုင်သည်။ သိုင်းပြိုင်ရာတွင် မျိုးစုံဖြစ်နိုင်သည်ဆိုသော်လည်း တစ်ဖက်လူ၏နောက်ခံက လုံးဝအကျိုးအသင့်အကြောင်းသင့် စဥ်းစားနေမည်မဟုတ်ချေ။ သို့သော်လည်း ကုန်းရီက ယဲ့ချန်ကို သတ်ဖြတ်လိုသောရည်ရွယ်ချက်ဖြင့် တိုက်ခိုက်နေပြီဖြစ်သည်။ သူက ငယ်ရွယ်ဒေါသကြီးသောကြောင့် အမြင်ကျဥ်းသည်။ ထို့အပြင် ဝန်တိုစိတ်ကလည်း ဆင်ခြင်ဉာဏ်ကို ဖုံးလွှမ်းနေပြန်သည်။ ထို့ကြောင့် ယဲ့ချန်ရှုံးနိမ့်သွားလျှင် သူတို့သုံးယောက်က ဝင်ရောက်ကယ်တင်ရန် ဆုံးဖြတ်လိုက်ကြသည်။ မဟုတ်လျှင် အဆုံးမရှိသောပြဿနာများ ပေါ်လာနိုင်ပေသည်။
ကုန်းရီ၏ခြေထောက်ကို ရိပ်ခနဲမြင်လိုက်ရချိန်တွင် ယဲ့ချန်က ဘယ်လက်ကိုမြှောက်၍ ပေါ့ပေါ့ပါးပါးကာကွယ်လိုက်သည်။
"မင်းက ငါ့ကန်ချက်ကို လက်နဲ့ကာကွယ်ချင်နေတာလား။ မင်းတော့ သေပြီ"
.
ကုန်းရီက ဤသို့တွေးမိလိုက်သည်။ သို့သော်လည်း အမှန်တကယ်၌ သူ၏ကန်ချက်ကြောင့် ယဲ့ချန်က အနည်းငယ်သာနောက်ဆုတ်သွားရပြီး သူကိုယ်တိုင်က ခြေလှမ်းများစွာ ဆုတ်ပေးလိုက်ရ၏။
"မဖြစ်နိုင်ဘူး"
ကုန်းရီက လက်မခံနိုင်ဟန်ဖြင့် အော်ဟစ်လိုက်သည်။ သူ၏ကန်ချက်က သံမဏိကို ကြေမွသွားစေနိုင်သည့် အစွမ်းမျိုးရှိသောကြောင့် ယဲ့ချန်၏လက်ကျိုးသွားကာ လည်ပင်းထံကျရောက်သွားမည်ဟု ထင်မှတ်ထားခဲ့သည်။ သို့သော်လည်း ယဲ့ချန်က အလွယ်တကူကာကွယ်လိုက်နိုင်သည်။
ယဲ့ချန်၏လက်တလျှောက်တွင် ကောင်းကင်မီးလက်မောင်းကာက ဖုံးအုပ်ကာကွယ်ထားသည်။ သူက ၎င်းကိုအသုံးပြု၍ ကုန်းရီ၏ကန်ချက်ကို ခုခံလိုက်သောအခါ ထိခိုက်မှုလုံးဝမရှိပေ။ ဤရတနာက အမှန်တကယ်အစွမ်းထက်ပေသည်။
ပရိသတ်များကလည်း မင်သက်ကုန်သည်။ ကောင်းကင်မီးလက်မောင်းကာက အင်္ကျီလက်စအောက်တွင်ဖုံးအုပ်နေသဖြင့် သူတို့က မမြင်နိုင်ချေ။ လူတိုင်းက ကုန်းရီ၏ကန်ချက်စွမ်းအားကို အာရုံခံနိုင်သော်လည်း ယဲ့ချန်က အလွယ်တကူခုခံနိုင်မည်ကို မျှော်လင့်မထားကြပေ။ ဤကား သိုင်းပညာရပ်တစ်ခုပင် ဖြစ်နိုင်သည်။
"မုန်တိုင်းအိမ်တော်က ဒီလောက်ပဲလားကွ။ မင်းတတ်ထားသမျှ အကုန်ထုတ်သုံးစမ်း"
ယဲ့ချန်က ကုန်းရီကို အထက်စီးမှဆက်ဆံလိုက်ခြင်းဖြစ်သည်။ ကောင်းကင်ဝိဇ္ဇာများကြားတွင် ကုန်းရီက အစွမ်းထက်သူဖြစ်သော်လည်း ယဲ့ချန်က သူ့ထက် အဆင့်ငယ်တစ်ဆင့်မြင့်သည်။ သို့သော် ကုန်းရီတွင် သင်ကြားပြသပေးမည့်သူများစွာရှိပြီး သူက တစ်ကိုယ်တော်လေ့ကျင့်ခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့် မုန်တိုင်းအိမ်တော်သခင်လေးကို လေ့ကျင့်ဘက်အဖြစ် သဘောထားကာ စကားဖြင့် ရန်စနေခြင်းဖြစ်သည်။
"မင်းကများ မုန်တိုင်းအိမ်တော်ကို အထင်သေးရဲတယ်။ ကောင်းပြီလေ။ တောင်းဆိုမှတော့ ဖြည့်ဆည်းပေးရတာပေါ့"
ကုန်းရီ၏မျက်နှာက ခရမ်းချဥ်သီးပုပ်ကဲ့သို့ ရှုံ့တွနေသည်။ သူက သိုလှောင်အိတ်အတွင်းမှ အပြာရောင်ဓားရှည်တစ်လက်ကို ဖြည်းညှင်းစွာဆွဲထုတ်လိုက်၏။ ဤဓားကား ရေဖြင့်ပြုလုပ်ထားသယောင် ထင်မှတ်ရပြီး နေ့အလင်းရောင်ကြောင့် တံလျှပ်များပင် ဖြစ်ပေါ်နေသည်။
"မုန်တိုင်းဓား"
"အိမ်တော်သခင်က ကုန်းရီကို သူ့နေရာလွှဲပေးတော့မလို့လား"
လူတိုင်း ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။ အခြားအင်အားစုများမှ ကျင့်ကြံသူများသာမက မုန်တိုင်းအိမ်တော်၏ အကြီးအကဲသုံးယောက်ပင် ဤမြင်ကွင်းကြောင့် မျက်လုံးပြူးသွားကြလေသည်။