အပျက်အစီးတွေအတွက် လျော်ကြေးမပေးနိုင်ဘူး
Vol. 23 Ch. 319
ယဲ့ကုန်းသည် ကုန်းရီကိုင်ဆောင်ထားသော ဓားကို တအံ့တသြစိုက်ကြည့်နေမိသည်။ သူသည် ဤဓား၏ကိုယ်စားပြုမှုကို ကောင်းကောင်းနားလည်ထားပြီး ၎င်း၏နောက်တွင် အစွမ်းထက်အာဏာရှိကြောင်း သိထားသည်။ မုန်တိုင်းဓားသည် အလယ်အင်ပါယာ၏နံပတ်တစ်ဂိုဏ်းဖြစ်သော မုန်တိုင်းအိမ်တော်၏ရတနာဖြစ်ကာ နတ်ဝိဇ္ဇာတစ်ယောက်နှင့် ဆန်းကျယ်ဝိဇ္ဇာရာချီရှိသော အင်အားတစ်ခု၏ ကိုယ်စားပြုဖြစ်သည်။ ၎င်းက မဟာအရှေ့ပိုင်းတိုက်ကြီး၏ တိုင်းပြည်ငါးဆယ်ကျော်နှင့် ဂိုဏ်းပေါင်းသုံးရာကျော်ကို တိုက်ရိုက်အမိန့်ပေးနိုင်စွမ်းရှိသောကြောင့် အဖိုးတန်ရတနာတစ်ခုဖြစ်သည်။
၎င်းကား မုန်တိုင်းအိမ်တော်သခင်၏ သင်္ကေတလည်း ဖြစ်သည်။
"မုန်တိုင်းအိမ်တော်သခင်က ကုန်းရီကို အာဏာလွှဲပေးတော့မလို့လား။ သမီး အဖေက မင်းကိုမချစ်တာ မဟုတ်ပါဘူး။ ကုန်းရီနဲ့လက်ထပ်ပြီးရင် မင်းက မုန်တိုင်းအိမ်တော်လိုအင်အားစုကြီးရဲ့ ဘုရင်မဖြစ်လာလိမ့်မယ်။ ရှီဝူယဲ့မျိုးနွယ်လိုမျိုး နိမ့်ကျတဲ့မျိုးနွယ်နဲ့ မထိုက်တန်ဘူး"
ယဲ့ကုန်းက ယဲ့ချန်နှင့်ကုန်းရီကိုကြည့်ပြီး စဥ်းစားခန်းဝင်နေသည်။
မဟူရာဂိုဏ်းနှင့် နတ်ဆရာဂိုဏ်း၏အကြီးအကဲများကလည်း မုန်တိုင်းဓား မည်မျှအစွမ်းထက်ကြောင်း သိထားသဖြင့် မျက်နှာများ သွေးဆုတ်ဖြူရော်ကုန်သည်။ အကယ်၍ ယဲ့ချန်သေဆုံးသွားလျှင် ဝင်မစွက်ဖက်ရဟူသော အမိန့်ရှိနေသဖြင့် သူတို့အနေဖြင့် ကယ်တင်ရန် ခက်ခဲပေလိမ့်မည်။ ယဲ့ချန်၏အသက်အရွယ်နှင့် ကျင့်ကြံဆင့်အရ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်၏ တပည့်ဖြစ်နိုင်ချေ အလွန်များသည်။ သူသေသွားလျှင် ဖြစ်လာမည့်အကျိုးဆက်များက မတွေးဝံ့စရာပင်ဖြစ်သည်။ သို့သော် ဤနေရာတွင် နတ်ဘုရင်တစ်ယောက်ရှိနေသဖြင့် ယဲ့ချန်အရေးမလှချိန်တွင် ထိုနတ်ဘုရင် ထွက်ပေါ်လာပါစေဟု ဆုတောင်းလိုက်မိကြသည်။
"မင်းအခု ငါ့ကိုတောင်းပန်ရင် နောက်မကျသေးဘူး။ မုန်တိုင်းဓားက အသုံးပြုလိုက်တာနဲ့ သွေးမသောက်ရရင် ရပ်မှာမဟုတ်ဘူး"
ကုန်းရီ၏အကြည့်က သားကောင်ကိုချောင်းမြောင်းနေသည့် လင်းယုန်တစ်ကောင်ပမာ စူးရှနေသည်။ သူ၏လက်ထဲရှိဓားက တဆတ်ဆတ်တုန်ခါနေသဖြင့် ပတ်ဝန်းကျင်တွင် ချီစွမ်းအင်များ လှိုင်းထန်နေသည်။ မုန်တိုင်းဓားတွင် အစွမ်းထက်လက်နက်ဝိညာဥ်တစ်ခုရှိနေပြီး ၎င်းက အဆင့်ရှစ်အထက်ဖြစ်နိုင်သည်။ မုန်တိုင်းအိမ်တော်၏ အမွေခံရတနာဖြစ်သောကြောင့် ၎င်း၏အဆင့်က လုံးဝနိမ့်မည်မဟုတ်ပေ။
"မုန်တိုင်းဓားတဲ့လား စမ်းကြည့်ရသေးတာပေါ့"
ယဲ့ချန်သည် ငရဲဖြိုခွဲဓားက မုန်တိုင်းဓားကိုမယှဥ်နိုင်ကြောင်း သိသောကြောင့် အချက်ပြလိုက်သည်။
"အစ်ကိုကြီး ဖမ်းလိုက်"
လူအုပ်ထဲတွင်ရှိနေသော ရှောင်ရိက နဂါးပြာဓားမြှောင်ကို ယဲ့ချန်ထံ ပစ်ပေးလိုက်သည်။ ၎င်းက လက်မအနည်းငယ်သာရှည်သော သာမန်ဓားမြှောင်ပုံစံဖြစ်ကာ ယဲ့ချန်က ညာလက်နှင့် ဖမ်းယူလိုက်သည်။
"မင်းက မုန်တိုင်းဓားကို ဒီရိုးရိုးဓားတိုလေးနဲ့ ယှဥ်မလို့လား"
ကုန်းရီက လှောင်ပြောင်ကဲ့ရဲ့လိုက်သည်။ စင်အောက်တွင်ရှိနေသော ပရိသတ်များကလည်း ယဲ့ချန်ကို ထူးဆန်းစွာစိုက်ကြည့်နေကြသည်။
"ဓားမြှောင်လေးတစ်လက်က မုန်တိုင်းဓားကို ဘယ်လိုယှဥ်နိုင်မှာလဲ"
လူတိုင်းက ယဲ့ချန်ကိုသနားဟန်ဖြင့် စုတ်သပ်လိုက်ကြသည်။ မုန်တိုင်းဓားသည် အလယ်အင်ပါယာတွင် ထိပ်တန်းလက်နက်သုံးခုအတွင်းမှ တစ်ခုဖြစ်ကာ သာမန်ဝိညာဥ်လက်နက်များယှဥ်နိုင်သော ရတနာမဟုတ်ပေ။ အဆင့်ခြောက်ဝိညာဥ်လက်နက်များသည်ပင် မုန်တိုင်းဓား၏ ခုတ်ချက်အောက်တွင် ပြတ်ထွက်သွားရသည်ချည်းသာဖြစ်သည်။ ၎င်း၏ဓားသွားက ဆောင်းဦးရေကန်ကဲ့သို့ ပြာလဲ့လဲ့အရောင်တောက်ပနေသော်လည်း အဆုံးမဲ့စွမ်းအားကို ထုတ်ဖော်နိုင်စွမ်းရှိသည်။
ရှီဝူယဲ့မျိုးနွယ်ဝင်များကလည်း တိုက်ပွဲကို စောင့်ကြည့်နေကြသည်။ ယဲ့ချန်က ကုန်းရီကို လက်ရည်တူယှဥ်ပြိုင်နိုင်နေသောအခါ သူတို့က အနည်းငယ်အံ့သြသွားပြီး မျိုးနွယ်ခေါင်းဆောင်က ကောင်းကင်ဝိဇ္ဇာဖြစ်ကြောင်း သိလိုက်ရသည်။ ယဲ့ချန်က အသာစီးမှတိုက်ခိုက်နိုင်သည်ကို သူတို့က ဂုဏ်ယူနေချိန်တွင် ကုန်းရီက မုန်တိုင်းဓားကို ထုတ်ဖော်လာသည်။ ပတ်ဝန်းကျင်မှစကားသံများကြောင့် ၎င်းက အစွမ်းထက်ရတနာတစ်ခုဖြစ်ကြောင်း သိလိုက်ရသောအခါ အားလုံးက ယဲ့ချန်ကို စိတ်ပူနေကြသည်။
ထိုအချိန်တွင် ယဲ့ချန်သည် ကောင်းကင်ချီကို နဂါးပြာဓားမြှောင်အတွင်း ထည့်သွင်းလိုက်သည်။ ၎င်းကအနည်းငယ်တုန်ခါသွားပြီး နဂါးဟိန်းသံနှင့်ဆင်တူသော ဟိန်းသံကြီးတစ်ခုထွက်ပေါ်လာကာ စွမ်းအင်လှိုင်းများ ထုတ်ဖော်လိုက်သည်။ ကြောက်မက်ဖွယ်ဖိအားကြောင့် ကောင်းကင်ဝိဇ္ဇာအဆင့်အောက်မှ ကျင့်ကြံသူအားလုံး ဖြူဖပ်ဖြူရော်ဖြစ်သွားကာ ဆန်းကျယ်ဝိဇ္ဇာများသည်ပင် လေးနက်ကုန်သည်။
ကြောက်မက်ဖွယ်စွမ်းအားကို ထုတ်ဖော်နိုင်သဖြင့် နဂါးပြာဓားမြှောင်ကလည်း အစွမ်းထက်ကြောင်း လူတိုင်း သိလိုက်ကြသည်။ သာမန်ဓားမြှောင်နှင့်တူသော ဓားမြှောင်လေးက အစွမ်းထက်ဝိညာဥ်လက်နက်ဖြစ်နေမည်ဟု မည်သူမှ မျှော်လင့်မထားခဲ့ပေ။
ယဲ့ချန်သည် နဂါးပြာဓားမြှောင်ကို ယခုမှစတင်အသုံးပြုခြင်းဖြစ်သောကြောင့် လက်နက်နှင့် ကျွမ်းဝင်ခြင်းမရှိပေ။ သူက အတွင်းရှိကြောက်မက်ဖွယ်စွမ်းအားကို ခံစားနေရပြီး ၎င်းက သူ၏ဆန္ဒကို မနာခံလိုဟန်ဖြင့် လက်အတွင်းမှ ရုန်းကန်နေခဲ့သည်။ ယဲ့ချန်က ကောင်းကင်ချီကိုလည်ပတ်၍ ဓားမြှောင်ကို အားသုံးဖိနှိပ်လိုက်သောအခါ ၎င်းကတောက်ပလာပြီး စွမ်းအင်များ စိမ့်ထွက်လာခဲ့သည်။
သူက လေပေါ်သို့ခုန်တက်၍ ဓားမြှောင်ကို တစ်ချက်ယမ်းလိုက်သည်။ နဂါးပြာဓားမြှောင်အတွင်းမှ ဓားအလင်းတစ်ချက် ပြေးထွက်သွားသောကြောင့် ၎င်းက ရန်သူများကို အဝေးမှတိုက်ခိုက်နိုင်စွမ်းရှိနေသည်။ ဤကား ဓားတိုတစ်လက်အတွက် အလွန်အသုံးဝင်သော စွမ်းရည်ဖြစ်၏။
"လာစမ်း မင်းရဲ့မုန်တိုင်းဓားနဲ့ ငါ့ရဲ့နဂါးပြာဓားမြှောင် ဘယ်တစ်ခုက ပိုအစွမ်းထက်သလဲ ကြည့်ရအောင်"
ယဲ့ချန်က လေထဲတွင် တည်ငြိမ်စွာရပ်၍ စိန်ခေါ်လိုက်သည်။
ထိုအချိန်တွင် ဓားအလင်း ထိမှန်သွားသောနေရာရှိ အဆောက်အအုံကြီးတစ်ခုက ခေါင်မိုးမှအုတ်မြစ်အထိ ဒေါင်လိုက်နှစ်ခြမ်းကွဲထွက်သွား၍ ဝုန်းခနဲပြိုကျသွားလေသည်။ ဂိုဏ်းကိုယ်စားလှယ်များမှာ ဓားမြှောင်၏အစွမ်းကြောင့် မျက်လုံးပြူးသွားကြသည်။ အဝေးမှတိုက်ခိုက်ရုံဖြင့် အဆောက်အအုံကြီးတစ်ခုကို ပြိုကျသွားစေနိုင်သည်။ ဤနေရာတွင် တိုက်ပွဲဖြစ်ပွားလျှင် ပတ်ဝန်းကျင်က စုတ်ပြတ်သွားနိုင်သည်။
"စိတ်တော့မကောင်းဘူး။ ငါက နဂါးပြာဓားမြှောင်နဲ့ သိပ်အသားမကျသေးဘူး။ ဒါပေမယ့် တိုက်ပွဲကြောင့်ဖြစ်တဲ့ အပျက်အစီးတွေကို လျော်ကြေးပေးမယ်မထင်နဲ့"
ယဲ့ချန်၏အသံက ရှင်းလင်းပြတ်သားသောကြောင့် သိုင်းပြိုင်ပွဲသို့ ရောက်ရှိနေသူများအားလုံး ပီသစွာကြားလိုက်ရသည်။
ယဲ့ကုန်း၏မျက်နှာ ချက်ချင်းပျက်သွားသည်။ တိုက်ပွဲကြောင့် ပျက်စီးမှုများဖြစ်လျှင် ထိခိုက်ရမည့်သူမှာ မီးတောက်နီဂိုဏ်းဖြစ်သည်။ ယဲ့ချန်၏နောက်ခံကြောင့် သူက ကြောက်စိတ်များဖြစ်ပေါ်နေသဖြင့် တိုက်ခိုက်ရန်လည်း သတ္တိမရှိချေ။ အကယ်၍ သူက အစွမ်းထက်ရန်သူတစ်ယောက်ကို ထပ်မံရန်စမိလျှင် ဂိုဏ်းက နောက်တစ်ကြိမ် ကပ်စိုက်သွားနိုင်လေသည်။
ယဲ့ကုန်းက အလွန်လှပသော ယဲ့လော့ကို တစ်ချက်ကြည့်လိုက်သည်။ မူလတွင် သူက ရှီဝူယဲ့မျိုးနွယ်ကို ဂရုစိုက်စရာမလိုဟု တွေးထားခဲ့သော်လည်း ၎င်းမျိုးနွယ်၏စွမ်းအားရှေ့တွင် ပုရွက်ဆိတ်တစ်ကောင်ပမာ ခံစားနေရသည်။
မီးတောက်နီဂိုဏ်းအနေဖြင့် နှစ်ဖက်လုံးတွင် တစ်ဖက်ဖက်ကို စော်ကားမိပေလိမ့်မည်။ ဤတိုက်ပွဲအပြီးတွင် မုန်တိုင်းအိမ်တော်နှင့် လက်ထပ်ပွဲမဟာမိတ်က ပျက်စီးသွားမည်ဖြစ်သည်။ အကယ်၍ ကုန်းရီကဆန္ဒရှိလျှင်ပင် အိမ်တော်သခင်က လက်ခံတော့မည်မဟုတ်ပေ။ မုန်တိုင်းအိမ်တော်၏ အထောက်အပံ့သာမရှိလျှင် မီးတောက်နီဂိုဏ်းက နောက်တစ်ဖန် နိမ့်ကျသွားနိုင်သည်။
"တောင်ကာကွယ်ရေးအစီအရင် အသက်ဝင်စမ်း"
ယဲ့ကုန်းက အားကိုးရှာတတ်သော်လည်း အစွမ်းထက်သူတစ်ဦးဖြစ်နေဆဲပင်။ လက်ရှိတွင် သူ၏ဂိုဏ်းပျက်စီးသွားမည်ကို လက်ပိုက်ကြည့်မနေနိုင်ချေ။
ယဲ့ကုန်း၏စကားသံက မီးတောက်နီဂိုဏ်းတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားခဲ့သည်။ ကျယ်လောက်သော တော်လဲသံကြီးတစ်ခု ထွက်ပေါ်လာကာ အလင်းတန်းများက ဂိုဏ်းအနှံ့တောက်ပလာသည်။
"ယဲ့ကုန်းက တောင်ကာကွယ်ရေးအစီအရင်ကို အသက်သွင်းလိုက်ပြီ"
"မီးတောက်နီဂိုဏ်းရဲ့ ဒီအစီအရင်က နှစ်သောင်းချီအောင် လက်ဆင့်ကမ်းလာတယ်လို့ကြားတယ်။ အရင်နှစ်တွေက ဒီအစီအရင်အလုပ်လုပ်နေတာ ရပ်သွားပြီတဲ့။ ဒါပေမယ့် ပြန်ပြီးအသက်ဝင်လာနိုင်မယ်လို့ မထင်မထားဘူး။ ဒီအစီအရင်နဲ့ဆိုရင် အစွမ်းထက်ကျင့်ကြံသူတွေတောင် ဖောက်ဝင်နိုင်မှာမဟုတ်ဘူး"
"ယဲ့ကုန်းက ခရမ်းရောင်မီးသလင်းကျောက်တစ်တုံးကို စျေးကြီးကြီးပေးပြီး ဝယ်လိုက်တာလို့ သတင်းထွက်လာသေးတယ်။ အစီအရင်ကို ဒီကျောက်နဲ့ စွမ်းအားထောက်ပံ့နေတာ ဖြစ်ရမယ်"
"ဘာဖြစ်ဖြစ် မုန်တိုင်းအိမ်တော်နဲ့ မီးတောက်နီဂိုဏ်းကြားထဲမှာ ဒီနေ့ အက်ကြောင်းထင်သွားပြီ။ ယဲ့လော့က ကုန်းရီကိုလက်ထပ်မယ်ဆိုရင်တောင် အိမ်တော်သခင်က သေချာပေါက်လက်ခံမှာမဟုတ်ဘူး။ ယဲ့ကုန်းကလည်း ဒီအစီအရင်ကိုထုတ်ပြီး သူ့ဂိုဏ်းကို အနိုင်ကျင့်ရမလွယ်ဘူးဆိုတာ ထုတ်ပြနေပြီ"
ကျင့်ကြံသူများက ဆွေးနွေးနေကြစဥ် ကာကွယ်ရေးအစီအရင်က တိုက်ပွဲစင်မြင့်မှအပ တစ်ဂိုဏ်းလုံးကို ဖုံးအုပ်သွားခဲ့သည်။ ယဲ့ချန်ရောကုန်းရီပါ အစီအရင်အပြင်သို့ ရောက်နေကြသဖြင့် တိုက်ပွဲက မည်မျှပြင်းထန်ပါစေ မီးတောက်နီဂိုဏ်းက ထိခိုက်မည်မဟုတ်ပေ။
"ကြည့်ရတာ မီးတောက်နီဂိုဏ်းမှာလည်း ဝှက်ဖဲတွေရှိတယ်ပေါ့"
ယဲ့ချန်က ဤသို့တွေးတော၍ ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။ ကောင်းကင်ထက်တွင် ထောင်ချီသောဓားများ လှည့်ပတ်ပျံသန်းနေကာ ကြီးမားသောဖိအားတစ်ခုက ဂိုဏ်းအတွင်း သက်ရောက်နေသည်။ ဤတောင်ကာကွယ်ရေးအစီအရင်က အစွမ်းထက်အစီအရင်တစ်ခုပင်။ အကယ်၍ ယဲ့ကုန်းက ၎င်းကိုသုံးပြီး တိုက်ခိုက်လာလျှင် ယဲ့ချန်သေလိမ့်မည်။ သို့သော်လည်း မီးတောက်နီဂိုဏ်းအတွက် အကျိုးမရှိဘဲ ကပ်ဘေးကိုသာ ခေါ်ဆောင်မိမည်ဖြစ်သောကြောင့် ယဲ့ကုန်းက လုပ်ရဲမည်မဟုတ်ပေ။
"နောက်ဆုံးတော့ အေးအေးဆေးဆေး တိုက်ခိုက်လို့ရပြီပေါ့"
ယဲ့ချန်၏အကြည့်က ကုန်းရီထံ ပြန်လည်ကျရောက်သွားခဲ့သည်။
ကုန်းရီကလည်း ပတ်ဝန်းကျင်ကို စစ်ဆေးနေသည်။ မီးတောက်နီဂိုဏ်း၏ အဆောက်အအုံများကို အစီအရင်နှင့်ကာကွယ်ထားပြီး လေထဲတွင် ဓားပျံများ တည်ရှိနေသည်။ ၎င်းတို့က ကျူးကျော်သူများကို ခဏအတွင်းသတ်ဖြတ်နိုင်ပြီး အစီအရင်၏ကာကွယ်နိုင်စွမ်းကို မုန်တိုင်းအိမ်တော်ပင် ထိုးဖောက်နိုင်မည်မဟုတ်ချေ။
မုန်တိုင်းအိမ်တော်၏ သခင်လေးဖြစ်သောကြောင့် ကုန်းရီလည်း အခြေအနေအမှန်ကို ရိပ်စားနိုင်ခဲ့သည်။ မူလတွင် မီးတောက်နီဂိုဏ်းသည် မုန်တိုင်းအိမ်တော်ကိုမှီခိုနေရပြီး ယဲ့လော်နှင့်သူ လက်ထပ်ပြီးလျှင် ဆက်ဆံရေးက ပို၍ခိုင်မြဲလာပေလိမ့်မည်။ သို့သော် ယနေ့ဖြစ်ရပ်ကြောင့် သူ၏ဖခင် အိမ်တော်သခင်က လက်ထပ်ပွဲကို သေချာပေါက်ကန့်ကွက်မည်ဖြစ်ကာ မီးတောက်နီဂိုဏ်းအပေါ် စိတ်ပျက်သွားနိုင်သည်။ သူက ဒေါသတကြီးနှင့်ပင် တိုက်ခိုက်လာနိုင်ချေရှိသည်။ ယဲ့ကုန်းက တောင်ကာကွယ်ရေးအစီအရင်ကို အသက်သွင်းလိုက်ခြင်းသည် မီးတောက်နီဂိုဏ်းသည်လည်း ခုခံနိုင်စွမ်းရှိကြောင်း ပြသလိုက်ခြင်းဖြစ်သောအခါ ဂိုဏ်းနှစ်ခုကြားတွင် အက်ကြောင်းထင်သွားလေသည်။
"မင်းရဲ့နောက်ခံဘာဖြစ်ဖြစ် မုန်တိုင်းအိမ်တော်က ဂရုမစိုက်ဘူး။ မုန်တိုင်းအိမ်တော်က အလယ်အင်ပါယာမှာ နံပတ်တစ်အဖြစ် နှစ်ပေါင်းများစွာအုပ်စိုးနိုင်ခဲ့တာဟာ ဂိုဏ်းတစ်ခုလောက် မရိုးရှင်းဘူး။ ဒီနေ့ ငါ မင်းကိုသတ်မယ်။ ယဲ့ကုန်းက ယဲ့လော့ကို ငါ့ဆီဆက်သရမယ်။ ယဲ့လောက ငါ ကုန်းရီအပိုင် ဖြစ်လာလိမ့်မယ်"
ကုန်းရီက မောက်မာစွာရယ်မော၍ ပြောလိုက်သည်။
သူ၏စကားကိုကြားသောအခါ ယဲ့ချန်၏ ဒေါသမီးပွားများ တဟုန်းဟုန်းတောက်လောင်ကုန်သည်။ လော့အာက အလဲအလှယ်လုပ်စရာ ကုန်ပစ္စည်းတစ်ခုမဟုတ်ဘဲ ကြင်နာသနားတတ်သော နတ်မိမယ်လေးတစ်ပါးဖြစ်သည်။ ယဲ့ချန်သိသော လော့အာက မည်သူ့ကိုမှမမှီခိုဘဲ လွတ်လပ်ခြင်းကို မြတ်နိုးသူဖြစ်သည်။
အတိတ်တွင် ယဲ့ချန်၏ကျင့်ကြံဆင့် ပျက်စီးသွားချိန်တွင် သူမက တစ်ရက်ပင်မနားဘဲ ကြိုးစားကျင်ကြံခဲ့သည်။ ယဲ့ချန်က သူမကို အနာဂတ်တွင် ကာကွယ်ပေးမည်ဟု ကတိပေးသောအခါ သူမက ဤသို့ပြန်ပြောခဲ့သည်။
"ငါက အစ်ကိုကြီးရဲ့ကာကွယ်ပေးမှုအောက်မှာ မနေချင်ဘူး။ ငါတို့နှစ်ယောက်က လေနဲ့မိုးကို အတူတူရင်ဆိုင်ပြီး မုန်တိုင်းကျလာရင်လည်း လက်တွဲသွားမယ့် သစ်ပင်နှစ်ပင်လို အတူတူကြီးပြင်းချင်တယ်"
ယဲ့ချန်၏သွေးကြောများ ပျက်စီးနေချိန်တွင် ယဲ့လော့က သူမ၏ကောင်းကင်ချီများဖြင့် နေ့စဥ်အသက်ဆက်ပေးခဲ့သည်။ ဤအကြောင်းအရင်းကြောင့်သာ သူမ၏ကျင့်ကြံဆင့်က လက်ရှိအခြေအနေအထိ နိမ့်ကျနေရခြင်းဖြစ်သည်။ ယဲ့ချန်က သူ့အပေါ် ဤမျှကောင်းမွန်သော မိန်းကလေးအား အခြားသူများအမြတ်ထုတ်မည်ကို လုံးဝလက်မခံနိုင်ပေ။
"မင်းရဲ့စကားကြောင့် မင်း သေရတော့မယ်"
ယဲ့ချန်က ပြောပြောဆိုဆိုနှင့် နဂါးပြာဓားမြှောင်ကို ဝှေ့ယမ်းလိုက်သည်။ လခြမ်းသဏ္ဍာန် ဓားအလင်းတစ်ခုက အလွန်ထက်ရှစွာဖြင့် လေကို ပိုင်းဖြတ်ထွက်ပေါ်လာသည်။
ကုန်းရီကလည်း မုန်တိုင်းဓားကိုမြှောက်ကာ ရေပြင်ညီပိုင်းချလိုက်သည်။ ကောင်းကင်ထက်တွင် ရေစက်များ လွင့်ပျံသွားခဲ့သည်။
"မုန်တိုင်းဓားသိုင်း လှိုင်းခွဲဓားချက်"
ရေချီများက ယဲ့ချန်ထံ ဒီရေပမာကြမ်းကြမ်းတမ်းတမ်းဝင်ရောက်လာကာ သေစေလောက်သောစွမ်းအားကို သယ်ဆောင်ထားကြသည်။
"ဘန်း ဘန်း ဘန်း"
ဓားအလင်းကွေးများနှင့် ရေချီများက ကောင်းကင်တွင် ထိပ်တိုက်တွေ့ဆုံသွားကြသည်။
သိုင်းပြိုင်ပွဲကွင်းပြင်ရှိ ကျင့်ကြံသူများက တိုက်ပွဲကို စိုက်ကြည့်နေကြသော်လည်း နေအလင်းရောင်ပင် တိုက်ပွဲစွမ်းအားကြောင့် ဖုံးကွယ်ခံလိုက်ရသည်။ ကုန်းရီ၏မုန်တိုင်းဓားမှ ထွက်ပေါ်လာသော ရေချီအလင်းများအောက်တွင် ယဲ့ချန်ရော ကုန်းရီပါ ပျောက်ကွယ်နေခဲ့လေသည်။