ကောင်းကင်တုန်ခါဆေးအိုးကို ထုတ်သုံးခြင်း
Vol. 23 Ch. 320
"သူက ကုန်းရီကို မယှဥ်နိုင်ဘူးလား"
"အံ့သြစရာမရှိပါဘူး။ ကုန်းရီရဲ့ကျင့်ကြံဆင့်နဲ့ မုန်တိုင်းဓား တွဲဖက်လိုက်ရင် ဆန်းကျယ်ဝိဇ္ဇာတွေတောင် ယှဥ်နိုင်မှာမဟုတ်ဘူး"
ပရိတ်သတ်များဆွေးနွေးနေစဥ် ရှေးဟောင်းသားရဲကြီးတစ်ကောင်၏ဟိန်းသံကြီး ထွက်ပေါ်လာသည်။ ပြင်းထန်သော လခြမ်းဓားအလင်းတစ်ခုက ရေချီများကို ပိုင်းဖြတ်ထွက်ပေါ်လာသောကြောင့် ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာကာ ပတ်ဝန်းကျင်ကို ကာကွယ်ထားသော အစီအရင်အလင်းများပင် တုန်ခါသွားသည်။
"ဘုရားရေ အစွမ်းထက်လှချည်လား။ ဒီစွမ်းအင်တွေက ကောင်းကင်ဝိဇ္ဇာနှစ်ယောက်ရဲ့တိုက်ပွဲက ထွက်ပေါ်လာတာတဲ့လား"
ကုန်းရီဖြစ်စေ ယဲ့ချန်ဖြစ်စေ နှစ်ယောက်လုံးက လူငယ်မျိုးဆက်များတွင် အစွမ်းထက်ထိပ်သီးပါရမီရှင်များဖြစ်ကြောင်း သံသယဝင်ရန်မလိုချေ။ အနာဂတ်တွင် သူတို့က ကျင့်ကြံခြင်းလမ်းစဥ်၏ထိပ်ဆုံးတွင် သေချာပေါက်ရပ်တည်နိုင်ကြပေလိမ့်မည်။ ယနေ့တွင် သူတို့ထုတ်ဖော်ပြသလာသော စွမ်းအားက အစွမ်းထက်ဖြစ်တည်မှုကြီးများ၏တိုက်ပွဲကဲ့သို့ ထင်မှတ်ရသည်။
"ဘုန်း ဘုန်း ဘုန်း"
လေထဲတွင် ပေါက်ကွဲသံများ ပြင်းထန်စွာထွက်ပေါ်နေသည်။ ကောင်းကင်ချီစွမ်းအင်များ တောက်ပစွာထွက်ပေါ်နေ၍ ရေချီနှင့်ဓားအလင်းက အားပြိုင်နေသည်။ ပုံရိပ်နှစ်ခုက ကောင်းကင်တွင် လျင်မြန်စွာတိုက်ခိုက်နေကြပြီး လှုပ်ရှားမှုများက လျင်မြန်လွန်းသဖြင့် ဓားကွက်များမှာ ကကြိုးဆင်နေသကဲ့ပင် လှပနေခဲ့သည်။
ယဲ့ချန်က နဂါးပြာဓားမြှောင်ကိုအသုံးပြု၍ ကုန်းရီ၏မုန်တိုင်းဓားကို ရင်ဆိုင်နေသည်။ ထိုအချိန်တွင် သူက ဘယ်လက်သီးဖြင့် ရုတ်တရက်ထိုးနှက်လိုက်သည်။ ထိုလက်တွင် တပ်ဆင်ထားသော ကောင်းကင်မီးလက်မောင်းကာက တောက်ပလင်းလက်လာ၍ မီးစွမ်းအင်တန်းတစ်ခု ထုတ်ဖော်လာသည်။ ယဲ့ချန်၏ ဘယ်လက်သီးထိုးချက်က တိမ်နီကောင်းကင်သိုင်းကွက်နှင့် အစွမ်းချင်းတူညီနေသည်။ ယဲ့ချန်က ဓားမြှောင့်ဖြင့် တိုက်ခိုက်နေရင်း လက်သီးဖြင့်ထိုးလာမည်ကို ကုန်းရီက မျှော်လင့်မထားပေ။ ညာလက်က ခံစစ်ကိုအသုံးပြုနေချိန်တွင် ဘယ်လက်မှ သေစေနိုင်သောစွမ်းအားမျိုးဖြင့် တိုက်စစ်ဆင်လာသောအခါ ရှောင်တိမ်းရန် အချိန်မရှိတော့ပေ။
ဘန်းခနဲမြည်သံနှင့်အတူ ယဲ့ချန်၏လက်သီးက ကုန်းရီကိုထိမှန်သွားကာ မီးအလင်းတန်းကြီး၏ ဝါးမျိုခြင်းခံလိုက်ရသည်။
"ကုန်းရီ ရှုံးသွားပြီလား"
"ဒီလောက်အစွမ်းထက်တဲ့သိုင်းကွက်နဲ့ အထိုးခံလိုက်ရမှတော့ မသေရင်တောင် ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားမှာ သေချာတယ်"
ယဲ့လော့က ကောင်းကင်သို့မော့ကြည့်ပြီး လက်ချောင်းလေးများကို တင်းကျပ်စွာဆုပ်ထားသဖြင့် ချွေးတပေါက်ပေါက်စီးကျနေသည်။ သူမက ယဲ့ချန်အနိုင်ရပါစေဟု ဆက်တိုက်ဆုတောင်းနေသည်။ ယဲ့ချန်၏မီးတောက်များက ကုန်းရီကို ဝါးမျိုသွားသောအခါ သူမက အလွန်ပျော်ရွှင်သွားလေသည်။
သူမနှင့်ယဲ့ချန် ခွဲခွာရချိန်တွင် သူက အဆင့်ကိုးကျင့်ကြံသူတစ်ယောက်သာဖြစ်သော်လည်း ယနေ့တွင် ကုန်းရီကဲ့သို့ပါရမီရှင်တစ်ယောက်နှင့် တိုက်ခိုက်နိုင်နေပြီဖြစ်သည်။ သူမကိုယ်တိုင်လည်း ယဲ့ချန်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာသည်ဟု ခံစားနေရသည်။ ယဲ့လော့က တစ်နေ့တွင် ယဲ့ချန်ကဲ့သို့ သန်မာလာရမည်ဟု ခိုင်မာစွာဆုံးဖြတ်လိုက်သည်။
ကောင်းကင်တွင် ရေချီများ ပြန်လည်ထွက်ပေါ်လာသောအခါ ယဲ့လော့၏စိတ်များ လေးလံသွားကာ မယုံနိုင်ဟန်ဖြင့် တိုက်ပွဲကို ဆက်လက်စောင့်ကြည့်နေခဲ့သည်။
မုန်တိုင်းအိမ်တော်၏ အကြီးအကဲသုံးယောက်က ဝမ်းမြောက်ဝမ်းသာဖြစ်သွားကြသည်။
"ငါတို့သခင်လေးက ဒီလောက်လွယ်လွယ်နဲ့ ရှုံးမှာမဟုတ်ဘူး"
တစ်ယောက်က အနည်းငယ်ပြုံး၍ ယုံကြည်မှုရှိစွာ ကြုံးဝါးလိုက်သည်။
ကုန်းရီကိုယ်ပေါ်တွင် တောက်လောင်နေသော မီးတောက်များငြိမ်းသွားချိန်တွင် အပြာရောင်ချပ်ဝတ်တစ်ခုကို ဝတ်ဆင်လျက် ထွက်ပေါ်လာခဲ့သည်။ ၎င်းက ရေချီများနှင့်ဖွဲ့စည်းထားသော မုန်တိုင်းချပ်ကာဖြစ်သည်။
"မုန်တိုင်းချပ်ဝတ်က ဒီလောက်လွယ်လွယ်နဲ့ မပျက်စီးနိုင်ဘူး။ မုန်တိုင်းဓားနဲ့ တွဲဖက်အသုံးချရင် အနည်းဆုံးလေးငါးဆအထိ အစွမ်းထက်လာလို့ မင်း ထိုးဖောက်နိုင်မှာမဟုတ်ဘူး။ အရှုံးပေးစမ်း"
ကုန်းရီက အေးစက်စက် အမိန့်ပေးလိုက်သည်။ သူ၏ဘေးတွင် စုဝေးနေသောရေချီများက မုန်တိုင်းဓားနှင့်ဆင်တူသော ဓားရှည်များအဖြစ် အသွင်ပြောင်းလာကြသည်။ ထို့နောက် ရေချီဓားဆယ်လက်ကျော်က ကုန်းရီ၏ခန္ဓာကိုယ်ကို လှည့်ပတ်ပျံသန်းလျက် ထွက်ပေါ်လာခဲ့သည်။
"မင်းက ငါ့ကို ဒီအခြေအနေအထိ ဖိအားပေးနိုင်ခဲ့တာ ဂုဏ်ယူသင့်တယ်။ မင်းကို မုန်တိုင်းအိမ်တော်ရဲ့ လျှို့ဝှက်သိုင်းပညာထုတ်ပြလိုက်မယ်"
"ရေဝိညာဥ်ဓားသိုင်း"
ရေချီများမှ ဖြစ်ပေါ်လာသော ဓားများက တစ်ချောင်းစီမှ သုံးချောင်းအထိ ကွဲထွက်သွားကြသည်။ ထို့နောက် ဓားဦးများက ယဲ့ချန်ရှိရာသို့ ဦးတည်ချိန်ရွယ်နေခဲ့ကြသည်။
"မုန်တိုင်းချပ်ဝတ်က ထိုးဖောက်မရနိုင်ဘူးလား"
ယဲ့ချန်က အေးစက်စက်ပြုံး၍ အပူအပင်မရှိဟန်ဖြင့် ကောင်းကင်ဓားပျံနှစ်ချောင်းဖန်တီးကာ ပစ်ခတ်လိုက်သည်။ ၎င်းတို့က လေကိုထိုးဖောက်၍ ကုန်းရီထံ တည့်မတ်စွာဝင်ရောက်သွားကြသည်။
ကောင်းကင်ချီဖြင့် လက်နက်များဖန်တီးနိုင်ရန် ရှေးဟောင်းသိုင်းပညာများသာ စွမ်းဆောင်နိုင်သည်။ ကုန်းရီက ယဲ့ချန်၏ကောင်းကင်ဓားပျံများကို ရင်ဆိုင်ရန် သူ၏ညာလက်ဖြင့် ရေဓားများကို အမိန့်ပေးလိုက်သည်။ ဓားဆယ်လက်ကျော်က ရှေ့ထွက်လာ၍ ကောင်းကင်ဓားပျံနှစ်လက်ကို ထိပ်တိုက်ရင်ဆိုင်သည်။
သို့သော် ၎င်းတို့က ကောင်းကင်ဓားပျံများနှင့်အတွေ့တွင် တဘန်းဘန်းပေါက်ကွဲကုန်သည်။ ကောင်းကင်ဓားပျံနှစ်လက်က အရှိန်ပင်မလျော့သွားသောကြောင့် ကုန်းရီက အလွန်ထိတ်လန့်သွားသည်။ ယဲ့ချန်၏ဓားပျံများက သူ၏ရေဝိညာဥ်ဓားသိုင်းထက် ပို၍အစွမ်းထက်ကြောင်း သိသာနေသည်။
မကြာခင် ထိမှန်ခံရတော့မည်ဖြစ်သော ကုန်းရီက ဓားပျံများကို အလျင်စလိုရှောင်တိမ်းလိုက်သည်။ ဤဓားပျံများက ရေဓားများကိုပင် ဖျက်ဆီးနိုင်သောကြောင့် မုန်တိုင်းချပ်ဝတ်ကိုလည်း ထိုးဖောက်နိုင်ပေလိမ့်မည်။ ကုန်းရီက ကြောက်လန့်တကြားထွက်ပြေးနေပြီး လွဲချော်သွားသော ဓားပျံနှစ်လက်က လေထဲတွင် ရုတ်တရက်ပြန်ကွေ့လာကာ သူ့နောက်တွင် ကပ်ပါလာခဲ့သည်။
ယဲ့ချန်က ကောင်းကင်ဓားပျံနှစ်လက်ကို ထိန်းချုပ်၍ ကုန်းရီကိုသတ်ဖြတ်ခါနီးတွင် ကောင်းကင်ပေါ်ရှိရေဓားများစွာက သူ့ထံ မိုးရွာသကဲ့သို့ တဖွဲဖွဲကျဆင်းလာသည်။ အကယ်၍ သူကသာ ကောင်းကင်ဓားပျံများကို ဆက်လက်ထိန်းချုပ်နေလျှင် ဤဓားများက သူ၏ခန္ဓာကိုယ်ကို တိုက်ရိုက်ထိမှန်သွားပေလိမ့်မည်။
"ခွေးကောင် ကံကောင်းသွားတယ်။ ပေါက်ကွဲစမ်း"
ယဲ့ချန်က ကြုံးဝါးလိုက်သောအခါ ကုန်းရီကိုထိမှန်ရန် နီးကပ်နေသော ကောင်းကင်ဓားပျံနှစ်လက် ချက်ချင်းပေါက်ကွဲသွားခဲ့သည်။
"ဘန်း ဘန်း"
ပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာသော စွမ်းအင်များက ကုန်းရီ၏ကျောပြင်ကို ထိမှန်သွားခဲ့သည်။ မုန်တိုင်းချပ်ဝတ်က ပေါက်ကွဲမှု၏စွမ်းအင်အများစုကို ချေဖျက်ပေးခဲ့သော်လည်း အနည်းစုကပင် ကုန်းရီကို ဒဏ်ရာရသွားစေသည်။ သူက သွေးများအန်ချ၍ မီတာဒါဇင်ချီအောင် ဒလိမ့်ကောက်ကွေး လွင့်ထွက်သွားခဲ့သည်။
ကျဆင်းလာသော ရေဓားများကိုကာကွယ်ရန်အတွက် ယဲ့ချန်က ကောင်းကင်ချီများကို ညာလက်၌စုစည်းကာ မြေပြင်ကို ရိုက်ချလိုက်သည်။
"လိပ်နက်ဒိုင်းကာ"
ကောင်းကင်ချီများ ပြန့်ထွက်လာ၍ ယဲ့ချန်၏ပတ်လည်တွင် ကြီးကျယ်ခမ်းနားပြီး ရှေးခေတ်ဟောင်းသားရဲအရှိန်အဝါကို ပိုင်ဆိုင်ထားသော ဧရာမလိပ်ကြီးတစ်ကောင်၏ပုံရိပ် ထွက်ပေါ်လာခဲ့သည်။
ရေချီမှဖြစ်ပေါ်လာသော ဓားများက လိပ်နက်ဒိုင်းကာနှင့်အတွေ့တွင် ပေါက်ကွဲသွားကာ ပျက်စီးကုန်သည်။ တရစပ်ကျဆင်းလာသော ဓားမိုးအောက်တွင် လိပ်ကြီးက အနည်းငယ်ထိခိုက်ခြင်း မရှိပေ။
ဤမြင်ကွင်းကို မြင်နေသူတိုင်းက မယုံနိုင်ဟန်ဖြင့် မျက်လုံးများ ပြူးကျယ်နေကြသည်။ မုန်တိုင်းအိမ်တော်၏ လျှို့ဝှက်သိုင်းပညာပင် မထိုးဖောက်နိုင်သော ဤသိုင်းပညာ၏အစွမ်းကို လူတိုင်း အံ့သြနေကြသည်။ ကုန်းရီသည်လည်း ယဲ့ချန်ကို အမြင်သစ်ဖြင့် ကြည့်လိုက်မိသည်။ ဤမျှအစွမ်းထက်သော သိုင်းပညာတစ်ခု၏အဆင့်ကို တွက်ချက်ဖော်ပြရန် နည်းလမ်းမရှိချေ။
မုန်တိုင်းအိမ်တော်၏ အကြီးအကဲသုံးယောက်က ထိုင်နေရာမှ ပြိုင်တူထရပ်လိုက်မိကြသည်။ ရေဝိညာဥ်ဓားသိုင်းက မုန်တိုင်းအိမ်တော်၏ အမွေခံဓားသိုင်းဖြစ်ကာ အထူးမျိုးနွယ်ဝင်များသာ ကျင့်ကြံခွင့်ရှိသည်။ အတိတ်တွင် ရေဝိညာဥ်ဓားသိုင်းကို ကျင့်ကြံနိုင်သူအားလုံးက မုန်တိုင်းအိမ်တော်၏သမိုင်း၌ အစွမ်းထက်ကျင့်ကြံသူများ ဖြစ်ခဲ့ကြသည်။ ဤဓားသိုင်းသည် ရပ်တန့်မရနိုင်ဟု ကျော်ကြား၏။ ကုန်းရီက ကျင့်ကြံဆင့်နိမ့်ကျ၍ စွမ်းအားလိုအပ်နေသော်လည်း ဆန်းကျယ်ဝိဇ္ဇာများကို ရေဝိညာဥ်ဓားသိုင်းဖြင့် သတ်ဖြတ်နိုင်ရန်က အကြောင်းမဟုတ်ပေ။
လက်ရှိတွင် မုန်တိုင်းအိမ်တော်၏ အစွမ်းထက်ဓားသိုင်းက အမည်မသိရသော သိုင်းကွက်၏တားမြစ်ခြင်း ခံလိုက်ရသည်။ ဤလိပ်နက်ကြီးက အစွမ်းထက်ရှေးဟောင်းသိုင်းပညာပင် ဖြစ်နိုင်သည်။
အကြီးအကဲသုံးယောက်က သူတို့၏သခင်လေးကို ကြည့်လိုက်သောအခါ ကောင်းကင်ဓားပျံများပေါက်ကွဲခြင်းသည် မုန်တိုင်းချပ်ဝတ်ကို ထိုးဖောက်နိုင်ကြောင်း သိလိုက်ရပြန်သည်။ ကုန်းရီ၏အဝတ်အစားများ စုတ်ပြဲနေပြီး သနားစရာကောင်းနေသကဲ့သို့ မုန်တိုင်းချပ်ဝတ်သည်ပင် အရောင်များ မှိန်ဖျော့နေ၏။
"မဖြစ်နိုင်ဘူး။ ငါက ဘာလို့ရှုံးရမှာလဲ"
ကုန်းရီက အမှန်တရားကို လက်မခံနိုင်ဟန်ဖြင့် ကြုံးဝါးလိုက်သည်။ အဆင့်တူချင်းတွင် မည်သည့်သိုင်းကွက်မဆို ထိုးဖောက်ရနိုင်သော သူ၏မုန်တိုင်းချပ်ဝတ်ကို ဆယ်ကျော်သက်တစ်ယောက်က ချိုးဖျက်နိုင်ခဲ့သည်။ သူအမြဲဂုဏ်ယူခဲ့ရသော ဓားသိုင်းကိုလည်း တစ်ဖက်လူက ရာနှုန်းပြည့်ကာကွယ်နိုင်ခဲ့သည်။ သူက အလယ်အင်ပါယာ၏နံပတ်တစ် လူငယ်ပါရမီရှင်အဖြစ် အမြဲတစေဂုဏ်ယူခဲ့ရသော်လည်း ယနေ့တွင် ရိုက်ချိုးဖျက်ဆီးခံလိုက်ရလေသည်။
ယဲ့လော့သည်လည်း ယဲ့ချန်ကို အံ့သြစွာစိုက်ကြည့်နေမိသည်။ ယဲ့ချန်၏သွေးကြောများ ပြန်လည်ကောင်းမွန်လာသည်မှာ တစ်နှစ်သာရှိသေးကြောင်း သူမက အသိဆုံးဖြစ်သည်။ ယဲ့ချန်၏စွမ်းရည်များက သူမနှင့်ယှဥ်လျှင် များစွာအဆင့်မြင့်နေပြီဖြစ်သည်။
ဂိုဏ်းကြီးနှစ်ခုမှ အကြီးအကဲငါးယောက်သည်လည်း အလွန်စိတ်လှုပ်ရှားသွားကြသည်။ ဤလူငယ်လေးတွင် ကြီးမားသောနောက်ခံရှိကြောင်း သေချာနေသည်။ ကောင်းကင်ဓားပျံများဖြစ်စေ လိပ်နက်ပုံရိပ်ကြီးဖြစ်စေ နှစ်ခုလုံးမှာ ရှေးဟောင်းအစွမ်းထက်ကျင့်စဥ်များဖြစ်သည်။ အထူးနောက်ခံတစ်ခုကို ပိုင်ဆိုင်ထားခြင်းမရှိလျှင် ဤသို့ကျင့်စဥ်များ အမွေခံနိုင်စရာ လုံးဝမရှိပေ။ ခြင်္သေ့ဘုရင်ထုံတန်က ယဲ့ချန်ကို သူ၏တံဆိပ်ပေးခဲ့ခြင်းမှာ အံ့သြစရာမဟုတ်တော့ပေ။
"ဟား ဟား မင်းရဲ့လျှို့ဝှက်ဓားသိုင်းက ပျော့လှချည်လား။ ဒီလိုတိုက်ကွက်မျိုးလေးကိုများ လျှို့ဝှက်ဓားသိုင်းတဲ့"
ယဲ့ချန်က ကုန်းရီ၏စိတ်ဓာတ်ကိုပါ ရိုက်ချိုးရန် စကားဖြင့် တိုက်ခိုက်လိုက်သည်။
ကုန်းရီမှာ ဤစကားများကြောင့် ဒေါသထွက်လွန်းသဖြင့် သွေးအန်မတတ်ဖြစ်သွားလေသည်။
"ငါ့လိပ်နက်ဒိုင်းကာက ရှေးဟောင်းအမွေခံ သိုင်းပညာတစ်ရပ်ဖြစ်တယ်။ မင်းရဲ့အမှိုက်ဓားသိုင်းက ဖျက်ဆီးနိုင်မယ်များထင်နေလား။ အစုတ်အပြတ် ရေဝိညာဥ်ဓားသိုင်းကို အကြိမ်ငါးဆယ်လောက် ဆက်တိုက်သုံးရင်တောင် ငါ့လိပ်နက်ဒိုင်းကာက နည်းနည်းတောင်ထိခိုက်မှာမဟုတ်ဘူး"
ယဲ့ချန်က အညှာအတာကင်းမဲ့စွာဖြင့် တစ်ဖက်လူ၏ယုံကြည်မှုကိုပါ စကားဖြင့် ထိုးနှက်နေသည်။ ရေဝိညာဥ်ဓားသိုင်း၏ တိုက်ခိုက်မှုအောက်တွင် လိပ်နက်ဒိုင်းကာမှာ ခြစ်ရာပင်မထင်သောကြောင့် ၎င်း၏အစွမ်းက သူထင်ထားသည်ထက်ပင် ကျော်လွန်နေခဲ့သည်။ အကယ်၍ သူသာ ဆန်းကျယ်ဝိဇ္ဇာအဆင့်သို့ တက်ရောက်နိုင်ခဲ့လျှင် လိပ်နက်ဒိုင်းကာကို ထုတ်ဖော်လိုက်ပါက နတ်ဝိဇ္ဇာများပင် အလွယ်တကူထိုးဖောက်နိုင်မည် မဟုတ်ပေ။
ယဲ့ချန်၏စကားကို ကြားသောအခါ ဂိုဏ်းအသီးသီး၏ကိုယ်စားလှယ်များက မျက်နှာပျက်သွားကြသည်။ အကယ်၍ မုန်တိုင်းအိမ်တော်၏ ရေဝိညာဥ်ဓားသိုင်းက အမှိုက်ဆိုလျှင် သူတို့ဂိုဏ်း၏သိုင်းပညာများဆိုလျှင် ပြောစရာစကားပင် မရှိနိုင်ချေ။
"မင်း"
ကုန်းရီမှာ ဒေါသထွက်လွန်း၍ မျက်နှာတစ်ခုလုံး မီးများတောက်လောင်နေသကဲ့သို့ အနီရောင်တောက်နေသည်။ သူက ယဲ့ချန်ကို ပြေးဝင်တိုက်ခိုက်ချင်သော်လည်း တစ်ဖက်လူ၌ ဒဏ်ရာလုံးဝမရှိချေ။ ထို့အပြင် သူက ယဲ့ချန်၏လိပ်နက်ဒိုင်းကာကို ထိုးဖောက်နိုင်စွမ်းမရှိသဖြင့် တိုက်ခိုက်လျှင်လည်း အကျိုးမရှိချေ။
"မင်းမှာ ဘာလှည့်ကွက်တွေရှိရှိ ထုတ်သုံးစမ်း။ မုန်တိုင်းအိမ်တော်က ဒီလောက်ပဲဆိုရင် အိမ်ပြန်ပြီး နို့ပြန်သောက်နေလိုက်။ ဒီလောက်ခွန်အားလေးနဲ့ အလယ်အင်ပါယာရဲ့ နံပတ်တစ်လူငယ်ပါရမီရှင်တဲ့လား။ အလယ်အင်ပါယာရဲ့ အဆင့်အတန်းတွေက တော်တော်နိမ့်ကျသွားတယ်။ မင်းလိုကောင်ကများ လော့အာကို လက်ထပ်ချင်သေးတယ်။ ငန်းသားစားချင်နေတဲ့ ဖားပြုတ်ကုန်းရီ"
ယဲ့ချန်၏စကားသံက ရက်စက်စွာ ထွက်ပေါ်လာပြန်သည်။
ကုန်းရီမှာ ဘဝတလျှောက်လုံး ဤမျှလှောင်ပြောင်မခံရဖူးသောကြောင့် ဒေါသူပုန်ထနေကာ တစ်ကိုယ်လုံးတုန်ယင်နေသည်။
"မင်း သေရမယ်"
ကုန်းရီက ကောင်းကင်သို့မော့ကြည့်၍ အော်ဟစ်ကြုံးဝါးလိုက်သည်။ ဝိညာဥ်တံခါး၊ အသက်တံခါးစသော သွေးကြောဆုံချက်ရှစ်ခုကို သူက ဖောက်ခွဲလိုက်သောကြောင့် သွေးများ ပန်းထွက်လာသည်။ မုန်တိုင်းချပ်ဝတ်ပေါ်တွင် သွေးများစွန်းထင်းသွား၍ သွေးရောင်ပြောင်းသွားခဲ့သည်။ ထို့နောက် ပြင်းထန်သော အရှိန်အဝါကြီးတစ်ခုက ကုန်းရီထံမှ လွတ်မြောက်လိုဟန်ဖြင့် ထွက်ပေါ်လာလေသည်။
သွေးအရှိန်အဝါကြီးက ကျင့်ကြံသူတိုင်းကို မျက်လုံးပြူးသွားစေပြန်သည်။ ကုန်းရီ၏ ခန္ဓာကိုယ်ပတ်လည်တွင် သွေးနီရောင်အလန်းတန်းများ ယှက်သန်းနေသဖြင့် ငရဲမှတက်လာသော မိစ္ဆာတစ်ကောင်ပမာ ထင်မှတ်ရသည်။
"ဒါကလည်း လျှို့ဝှက်သိုင်းပညာလား။ ကြမ်းလှချည်လား"
မုန်တိုင်းအိမ်တော်တွင် နောက်ထပ်ဝှက်ဖဲတစ်ခု ထပ်မံထွက်ပေါ်လာသဖြင့် အခြားဂိုဏ်းများအားလုံး ထိတ်လန့်ကုန်သည်။
မုန်တိုင်းအိမ်တော်၏ အကြီးအကဲသုံးယောက်ကမူ သွေးအရှိန်အဝါ ထွက်ပေါ်လာလာချင်း ကြောက်လန့်တကြားနှင့် အကြည့်ချင်း ဖလှယ်လိုက်၏။
"မကောင်းတော့ဘူး။ သခင်လေးက သွေးကောင်းကင်ဓားသိုင်းကို ထုတ်သုံးလိုက်ပြီ"
"ဒီကျင့်စဥ်က အစွန်းနှစ်ဖက်ပါတဲ့ ဓားလိုမျိုးဖြစ်တယ်။ သခင်လေး ထိခိုက်သွားရင် ငါတို့တော့သေပြီ"
"ယဲ့ကုန်း သိုင်းလေ့ကျင့်ကွင်းရဲ့အစီအရင်ကို ရုတ်သိမ်းပေးစမ်း။ မုန်တိုင်းအိမ်တော်သခင်လေးက မီးတောက်နီဂိုဏ်းထဲမှာ တစ်ခုခုဖြစ်သွားရင် ငါတို့က သေချာပေါက်လက်စားချေမယ်"
သူတို့က ယဲ့ကုန်းကို ချက်ချင်းအော်ဟစ် သတိပေးလိုက်ကြသည်။
"တောင်ကာကွယ်ရေးအစီအရင် ရုတ်သိမ်းမယ်"
ယဲ့ကုန်းက ကြောက်စိတ်ကြောင့် တုန်ယင်သွားကာ အမိန့်ကို ချက်ချင်းနာခံလိုက်သည်။ သိုင်းပြိုင်ပွဲကျင်းပရာ ကွင်းပြင်ကိုကာကွယ်ထားသော အစီအရင်အလင်းတန်းများက ဖြည်းညှင်းစွာ ပျောက်ကွယ်သွားခဲ့၏။ ကောင်းကင်သို့ထိုးတက်နေသော သွေးနီရောင်အလင်းကို မြင်သူတိုင်းက တုန်လှုပ်နေကြသည်။
ယဲ့လော့၊ ယဲ့ကျန့်လုံ၊ ယဲ့မုန့်၊ ယဲ့ရွှမ်၊ ရှောင်ရိ၊ အကြီးအကဲငါးယောက်နှင့် ရန်ယွင်အမတ်က စိုးရိမ်သွားကြသည်။ အထူးသဖြင့် အကြီးအကဲငါးယောက်နှင့် ရန်ယွင်အမတ်သည် သွေးကောင်းကင်ဓားသိုင်းနှင့် ၎င်း၏ကြောက်မက်ဖွယ်ကောင်းပုံကို ကြားဖူးထားပြီးဖြစ်သည်။
ကုန်းရီက ယဲ့ချန်ကို သူနှင့်အတူဆွဲချရန် အစွမ်းကုန်ထုတ်သုံးနေပြီဖြစ်သည်။
ယဲ့ချန်သည် ကောင်းကင်ထက်တွင် မြင့်တက်နေသော ကုန်းရီကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။ သွေးအရှိန်အဝါကြီးက သူ့ကို ပို၍လေးနက်စေသည်။
ကုန်းရီ၏မျက်လုံးများက မိစ္ဆာများကဲ့သို့ ရဲရဲနီနေသည်။ သူက မုန်တိုင်းဓားကို မြှောက်လိုက်သောအခါ သွေးနီရောင်ပြောင်းလဲသွားပြီး ကောင်းကင်ချီများ ထွက်ပေါ်လာခဲ့သည်။ ဓားစွမ်းအင်များက မီတာဒါဇင်ချီရှည်သော သွေးနီရောင်ဓားများအဖြစ် ပြောင်းလဲသွားကြ၏။
"သွေးကောင်းကင်ဓားသိုင်း"
ကုန်းရီက ဒေါသတကြီးအော်ဟစ်ကြုံးဝါး၍ ယဲ့ချန်ကို ဓားနှင့်ပိုင်းချလိုက်သည်။ အနီရောင်ဓားချက်က ကောင်းကင်ကိုပင် နှစ်ခြမ်းခွဲပစ်လိုက်သယောင် ထင်မှတ်ရသည်။
ကြီးမားလေးလံသော ဖိအားကြီးတစ်ရပ်က လောကသို့ ကျဆင်းလာခဲ့သည်။ ယဲ့ချန်မှာ နေရာတွင် အေးခဲသွားသကဲ့သို့ခံစားလိုက်ရပြီး သွေးကောင်းကင်ဓားသိုင်း၏ ပိုင်နက်အတွင်း ရောက်ရှိနေခဲ့သည်။ အကယ်၍ သူက လွတ်မြောက်ရန် ကြိုးစားလျှင်ပင် အနီရောင်ဓားကြီးများ၏ စက်ကွင်းအတွင်းမှ လွတ်မြောက်ရန် မဖြစ်နိုင်ခဲ့ပေ။
ယဲ့ချန်ကို ဓားအလင်းတစ်ခုသာ ထိမှန်သွားလျှင် သေချာပေါက်သေရပေလိမ့်မည်။
"သေမြေကြီးရှင်ရွှေထီး ချကြတာပေါ့"
ယဲ့ချန်က စိတ်အတွင်းရှိ ဓားပျံကိုအသက်သွင်း၍ ကောင်းကင်ချီများစွာကို ညာလက်ဝါးထံ ပို့ဆောင်လိုက်သည်။ ယဲ့ချန်၏ပတ်လည်တွင် ရှိနေသော လိပ်နက်ပုံရိပ်ကြီးမှာ နောက်ထပ်လက်ဝါးတစ်ချက်နှင့်အတူ လေးငါးဆခန့် ကြီးထွားလာခဲ့သည်။
သွေးကောင်းကင်ဓားသိုင်းနှင့် လိပ်နက်ဒိုင်းကာက ထိပ်တိုက်ရင်ဆိုင်သွားကြသည်။
"ဝုန်း"
ကမ္ဘာမြေတစ်ခွင် တုန်ခါသွားပြီး မီးတောက်နီဂိုဏ်း တည်ဆောက်ထားသော တောင်တန်းကြီးပေါ်တွင် ငလျင်များပင် ဖြစ်ပေါ်လာခဲ့သည်။
သွေးကောင်းကင်ဓားသိုင်းတွင် ကောင်းကင်၏အစွမ်းမျိုး ပါဝင်နေသောကြောင့် ယဲ့ချန်ကိုကာကွယ်ပေးထားသော လိပ်နက်ဒိုင်းကာက ပြင်းပြင်းထန်ထန်တုန်ခါနေပြီး စတင်ပါးလွှာလာခဲ့သည်။
"တော်တော်အစွမ်းထက်တဲ့ ဓားသိုင်းပါလား"
ယဲ့ချန်သည် ရင်ဘတ်မှနာကျင်မှုကို ခံစားလိုက်ရသည်။ သူ၏ကိုယ်တွင်း၌ သွေးများဗြောင်းဆန်နေပြီး နှုတ်ခမ်းထောင့်မှပင် စတင်စီးကျလာ၏။
"မင်း သေရမယ်"
ကုန်းရီက အော်ဟစ်ကြုံးဝါး၍ မုန်တိုင်းဓားကို အောက်သို့အားကုန်သုံးကာ ဖိချလိုက်သည်။
ယဲ့ချန်ကိုကာကွယ်ပေးထားသော လိပ်ကြီးပေါ်တွင် ပင့်ကူအိမ်ကဲ့သို့ အက်ကြောင်းများ ပြည့်နှက်ကုန်သည်။ အကယ်၍ လိပ်နက်ဒိုင်းကာပျက်စီးသွားပြီး အနီရောင်မုန်တိုင်းဓား ကျဆင်းလာလျှင် ယဲ့ချန်က အလောင်းပင် ကျန်မည်မဟုတ်ပေ။
"ငါ့ကောင် မင်း အာချောင်လိုက်တာ အခုပြဿနာ တက်နေပြီမလား"
ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်အတွင်းမှ ခြင်္သေ့ကြီး၏စကားသံ ထွက်ပေါ်လာခဲ့သည်။
"ဆရာခြင်္သေ့ ကျုပ်ကို လှောင်မနေပါနဲ့။ တစ်ခုခုကူညီ စဥ်းစားပေးပါဦး"
ယဲ့ချန်က လိပ်နက်ဒိုင်းကာ ပျက်စီးမသွားစေရန် အားကုန်တောင့်ခံထားရင်း ပြောလိုက်၏။ ၎င်း၏စွမ်းအားက ဆက်တိုက်ကျဆင်းနေပြီး အထွတ်အထိပ်မှတဆင့် စွမ်းအင်တစ်ဝက်၊ တစ်ဝက်မှတဆင့် ဆယ်ပုံတစ်ပုံအထိ ကျဆင်းလာသည်။ ၎င်းက ပြိုကွဲလုနီးပါးဖြစ်နေသော်လည်း ဝိညာဥ်စစ်သည်တော်ကိုလည်း ထုတ်ဖော်တိုက်ခိုက်ရန် အချိန်အခါမသင့်ချေ။
"အခြားနည်းလမ်းမရှိတော့ဘူး။ ကောင်းကင်တုန်ခါဆေးအိုးကို ထုတ်လိုက်ပေတော့"
ခြင်္သေ့ကြီးက ညွှန်ကြားလိုက်သည်။ ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်သော်လည်း ခြင်္သေ့ကြီး၏စကားကို ယုံကြည်သောကြောင့် ဆေးအိုးလေးကို ထုတ်ယူလိုက်၏။
"ကောင်းကင်တုန်ခါဆေးအိုး သွားစမ်း"
ယဲ့ချန်က ၎င်းကို ကောင်းကင်ပေါ်သို့ပစ်ထုတ်လိုက်သောအခါ သုံးမီတာအမြင့်နှင့် ကီလိုဂရမ်သောင်းချီလေးသော ဆေးအိုးကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထို့နောက် ကောင်းကင်တုန်ခါဆေးအိုးက သွေးကောင်းကင်ဓားထံ ပျံသန်းဝင်ရောက်သွားသည်။
မိုးချုန်းသကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံတစ်ချက်နှင့်အတူ ရတနာနှစ်ခု အချင်းချင်းထိမှန်သွားကြသည်။ ကောင်းကင်တုန်ခါဆေးအိုး၏ပတ်လည်တွင် မီးတောက်များ တောက်လောင်နေသည်။ မီးတောက်များက ကြောက်မက်ဖွယ်ရှေးဟောင်းသားရဲကြီးအဖြစ် အသွင်ပြောင်းကာ ဆေးအိုးကို လှည့်ပတ်နေသည်။ ပေါက်ကွဲသံက ဧရာမခေါင်းလောင်းကြီးကို တီးခတ်လိုက်သကဲ့သို့ ကုန်းမြေတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားလေသည်။